အားလုံး သိပြီးကြတဲ့ အတိုင်း ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး ကျေးရွာမှာ ဘင်္ဂါလီ အကြမ်းဖက် သမားတွေရဲ့ သေနတ်တွေ၊ ဓားတွေနဲ့ သတ်ဖြတ်ခဲ့ တာကြောင့် ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသား ၇ ယောက် သေဆုံးခဲ့ပြီး ၁ ယောက်က အခုအချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အဲဒီ အကြမ်းဖက် သတ်ဖြတ်မှု အပြီး နောက်တရက် သြဂုတ်လ ၄ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဒေသတွင်း နယ်မြေ ရှင်းလင်းရေး လုပ်တဲ့ အချိန်မှာရသေ့တောင်မြို့နယ် အောက်နန်းရာ ကျေးရွာမှ ဘင်္ဂါလီ ၆၀၀ လောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပြန်လည် ဝိုင်းဝန် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး ကျေးရွာမှ ကျေးရွာသားတွေဟာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ နောက်ထပ် ရန်ပြုမှု၊ သတ်ဖြတ်ခံရမှုကို စိုးရိမ်တာကြောင့် ဘေးကင်းလုံခြုံရာ ကျေးရွာတွေကို ပြောင်းရွှေ့နေကြပြီ ဖြစ်ပါတယ်။
ရခိုင်အရေးကိစ္စဟာ အရင် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်က ရခိုင်တိုင်းရင်းသူ မသီတာထွေး အသတ်ခံခဲ့ရာက စတင်ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်တုန်းက သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပြီး ပြသနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြသနာရဲ့ ရှုပ်ထွေးနက်ရှိုင်းမှုကြောင့် အဖြေ မရှာနိုင်ခဲ့ပါဘူး။
အရင် သမ္မတဦးသိန်းစိန် လက်ထက်က ရခိုင်အရေးကိစ္စဟာ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပြသနာလို့ ပုံဖော်ခဲ့ ကြပေမယ့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်း ၁ နှစ် ကျော်လာတဲ့ အချိန်မှာ ယခင် ပြသနာနဲ့ မတူတော့ဘဲ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ ပြသနာတခု ဖြစ်ပေါ်လာခဲ့ ပါတယ်။ အလားတူ ရခိုင်အရေးကိစ္စဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်တဲ့ ပြသနာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်လည်း ဖြစ်၊ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က မဖြေရှင်းနိုင်တဲ့ ရခိုင်အရေးကိစ္စကို ဖြေရှင်းနိုင် လိမ့်မယ် လို့ အများက ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရ တာဝန်ယူပြီး ၁ နှစ်ကျော် အကြာမှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူတွေ ဆက်တိုက်ဆိုသလို သတ်ဖြတ်မှု ခံလာရတာ တွေ့ရပါတယ်။ ယနေ့အချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ အဲဒီ ရခိုင်အရေးကိစ္စကို ဘယ်လို အဖြေရှာမလဲ ဆိုတာ အများက မေးခွန်းထုတ်စရာပင် ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တာဝန်ရယူပြီးနောက် ရခိုင်အရေးကိစ္စကို အကြံပြုနိုင်ဖို့၊ နည်းလမ်း ရှာနိုင်ဖို့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၅ ရက်က ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန်က ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ဟာ လူ့အခွင့်အရေးကို ဇောင်းပေးနိုင်တာတွေ၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုတွေ ရှိလာနိုင်တာကြောင့် ရခိုင်အမျိုးသားပါတီ အပါအဝင်၊ နိုင်ငံရေးပါတီ တချို့နဲ့ ရခိုင်လူမှု အဖွဲ့အစည်းတွေက ကော်မရှင် အား အလိုမရှိကြောင်း ကန့်ကွက်ခဲ့ကြပါသေးတယ်။
တကယ်တော့ NLD အစိုးရအနေနဲ့ ကိုဖီအာနန်ကို ကော်မရှင်မှာ ဦးဆောင်စေခြင်းဟာ နိုင်ငံတကာဖိအား လျှော့ချပြီး ပြသနာကို ဖြေရှင်းဖို့ ထွက်ပေါက်တခုလို့ မှန်းဆထားခဲ့ပေမယ့် ယနေ့အချိန် အခါမှာ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဘင်္ဂါလီအရေး လှုပ်ရှားသူတွေ အတွက် ရခိုင်အရေး အပေါ် လွမ်းမိုးနိုင်ဖို့ နောက်ထပ် အခွင့်ကောင်းတခုလို ဖြစ်လာတာ တွေ့ရပါတယ်။
လက်ရှိ အနေအထားမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကတော့ ကော်မရှင်ရဲ့ အကြံပြုချက်တွေ ကို အကောင်အထည်ဖော်မယ်လို့ ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းက ကြားဖြတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာရဲ့ အကြံပြုချက်တွေကို တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ တုံ့ဆိုင်း နေတာကို တွေ့ပါတယ်။
အခုလို NLD အစိုးရ တာဝန်ယူပြီးနောက် ဖြေရှင်းဖို့ ကြိုးပမ်း နေချိန်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က လုံခြုံရေး ကွပ်ကဲမှု ဌာနချုပ်နဲ့ ရဲစခန်းတွေကို ဘင်္ဂါလီ အကြမ်းဖက်သမားတွေက အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံရပြီးနောက် တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေဟာ နယ်မြေ ရှင်းလင်းခဲ့ပါတယ်။ အဲဒီချိန်မှာ တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီတွေကို ရိုက်နှက်တာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ညှဉ်းဆဲသတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် လို့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ စွပ်စွဲပြစ်တင်မှု ခံနေရပါတယ်။ ဒါပေမယ့် အစိုးရကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တာဝန်ရယူချိန်မှာ နိုင်ငံတကာ အသိုင်းအဝန်းတွေ၊ လူအခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဘင်္ဂါလီအရေး ဆောင်ရွက်သူတွေက ရခိုင်အရေးကိစ္စ အပေါ် ဖိအားပေးဖို့ အခွင့်ကောင်းတခုလို့ ယူဆထားကြ သလို၊ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ကတော့ နိုင်ငံတကာရဲ့ ထောက်ခံမှု နဲ့ ဒေသတွင်း မတည်ငြိမ်မှု နဲ့ တရားဥပဒေ စိုးမိုးမှု ပျက်ပြားအောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးလာတာ တွေ့ရပါတယ်။
တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ဟာ ရခိုင်အရေးကိစ္စကို ထိထိရောက်ရောက် ကိုယ်တွယ်ဖို့ တွန့်ဆုတ်နေတာဟာ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပြင်းထန်တဲ့ နောက်ထပ် ဖိအားပေးမှုကြောင့် နိုင်ငံတကာ အလယ်မှာ သူမရဲ့ ပုံရိပ် ကျဆင်းမှာကို ထည့်သွင်းစဉ်းစားနေပုံ ရတယ်။
လက်ရှိ အနေအထားမှာတော့ ဘင်္ဂါ လီအကြမ်းဖက်သမားတွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေ အပါအဝင် အစိုးရ အုပ်ချုပ်ရေး ယန္တရားနဲ့ သတင်းပေးသူ လို့ ယူဆသူတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ အသတ်ခံရမှု၊ ဖမ်းဆီးခေါ်ဆောင် ခံရမှုတွေကြောင့် ပျောက်ဆုံးမှုတွေဟာ လက်ရှိအချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်္ဂါလီကျေးရွာတွေကို လွယ်ကူစွာဝင်၊ ထွက်သွားလာပြီး သတင်းရယူတာတွေ၊ တရားခံကို ဖမ်းဆီးတာတွေ၊ အုပ်ချုပ်ရေး အစီအမံတွေ ဆောင်ရွက်ဖို့ အခက်အခဲဖြစ်နေတဲ့ အနေအထားပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောဒေသ ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အာမခံချက်ပေးနိုင်တဲ့ လုံခြုံရေး အစီအမံတွေ တိုးမြှင့်ပေးဖို့ ဘူးသီးတောင်မြို့နယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ရခိုင်ပြည်နယ် လွတ်တော်မှာ အဆို တင်သွင်းခဲ့ပါသေးတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က မောင်တောဒေသ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်တာကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိဖို့ လွတ်တော်ကို တောင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှ ရွာသားတွေကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားရောက်ခဲ့တဲ့ ရခိုင်ပြည်နယ် လွတ်တော်ဥက္ကဌ ဦးစံကျော်လှ ကတော့ “ အခုလို လုံခြုံရေးနဲ့ ဆိုရင် ကျနော်တိုရဲ့ ပြည်သူတွေဟာ စိတ်လုံခြုံမှု မရနိုင်ဘူး၊ စိတ်လုံခြုံမှု မရတဲ့ အတွက် ဒေသကို စွန့်ခွာမယ်၊ အဲဒီလို တစတစနဲ့ နေရပ်စွန့်ခွာလာရင် ကျတော်တို့ နယ်မြေ ဆုံးရှုံးတဲ့ အထိ ဖြစ်သွားမယ်၊ ဆုံးရှုံးသွားပြီ ဆိုရင် ဒီနေရာကို ပြန်ရဖို့ ဆိုတာ မလွယ်တော့ဘူး၊ ကျနော်တို့ အများကြီး ပေးဆပ်ရလိမ့်မယ်” လို့ ပြောဆိုပါတယ်။
နောက်ထပ် စိုးရိမ်စရာ တခုကတော့ ၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်က ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြော ပေါ်မှာ အကြမ်းဖက် သင်တန်းတွေ ရှိနေတယ် လို့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်း ဆောင်ရွက်ရာ မှာ လိုဏ်ခေါင်းတခု၊ သေနတ်တွေ၊ ဂိုဒေါင်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိ ခဲ့ပြီး မျက်နှာဖုံးစွပ် ဘင်္ဂါလီအကြမ်းဖက် အမျိုးသား အလောင်း ၃ လောင်း အသေ ရရှိခဲ့ပါတယ်။
အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်စခန်းတွေကို ရှာဖွေတွေ့ရှိမှုတွေ၊ အကြမ်းဖက် သင်တန်းပေးမှုတွေ၊ နောက်ထပ်လည်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာနိုင်တဲ့ အထောက်အထားတွေ တွေ့ရှိတာကြောင့် ရခိုင်အရေးဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုပါ ခြိမ်းခြောက်လာတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ သုံးသပ်သူတွေ ရှိလာပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေက ရခိုင်ပြည်နယ်က ဒေသတချို့ကို စစ်အုပ်ချုပ်ရေးနဲ့ စီမံအုပ်ချုပ်ဖို့ အထိ လိုအပ်လာတယ် လို့ တောင်းဆိုလာခဲ့ပါတယ်။
“လက်ရှိ ရခိုင်ပြည်နယ်က ပြသနာဟာ အချုပ်အခြာအာဏာ ပြသနာ ဖြစ်တယ်” လို့ ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြု လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် သုတေသီ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
တဖက်မှာလည်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကျပ်အတည်း အောက်မှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ကြား သဘောထား မတူညီမှုတွေ ရှိတာကြောင့် ၎င်းတို့ ၂ ခုကြား အကဲစမ်း အားပြိုင်မှုတွေ ရှိနေကြသလား ဆိုတာ စဉ်းစားစရာ တခုပါ။ဒါကြောင့် NLD အစိုးရဟာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲ ဖြစ်နေတယ် လို့ ယူဆမိပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ မဟုတ်မမှန် ဝါဒဖြန့်မှုတွေ၊ လူ့အခွင့်အရေးကို တလွဲအသုံးချပြီး ဖိအားပေးမှု အပေါ် စိုးရိမ်မှုလွန်ကဲပြီး ပြသနာကို နောက်က လိုက် ဖြေရှင်းနေတာနဲ့ တနှစ်ကျော် သက်တမ်း ကုန်ဆုံးခဲ့ပြီး ရခိုင်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ တိကျပြတ်သားတဲ့ မူဝါဒ တခုကို ယနေ့အချိန်ထိ မချမှတ်နိုင်သေးတာ တွေ့ရပါတယ်။
ဒါကြောင့် NLD အစိုးရအနေနဲ့ လက်ရှိရခိုင်အရေးကိစ္စဟာ ဘင်္ဂါလီအကြမ်းဖက် တချို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိရှိနဲ့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက် ယိုယွင်းပျက်ပြားစေတဲ့ ပြသနာတခု ဖြစ်နေတာကြောင့် အစိုးရ၊ တပ်မတော်၊ ပြည်သူတွေ အားလုံး ပူးပေါင်းပြီး ပြသနာအပေါ် အဘက်ဘက်က စဉ်းစားသုံးသပ်ပြီး မဟာဗျူဟာမြောက် မူဝါဒ တခု ချတ်မှတ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြသနာရဲ့ ပကတိ အခြေအနေ အပေါ် ပိုမို သိရှိ နားလည်ပြီး ပြဿနာကို လက်တွေ့ကျကျ အဖြေရှာတဲ့ အခါ အထောက်အကူ ဖြစ်စေဖို့ သူမကိုယ်တိုင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသကို သွားရောက်သင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါတယ်။
(ထွန်းထွန်းနိုင်သည် ၂၀၁၃ ခုနှစ် ဖိလစ်ပိုင် တက္ကသိုလ်မှ မဟာဗျူဟာစီမံကိန်းရေးဆွဲရေး နှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကိုရရှိခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ရခိုင်နိုင်ငံရေး နှင့် မူဝါဒရေးရာ လေ့လာသုံးသပ်ချက် ဆောင်ပါးများ ရေးသားနေသူ ဖြစ်သည်။)