ယခုနှစ်တွင် အာဆီယံ နှစ် ၅၀ ပြည့်ပြီ ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများ အားလုံး ဂုဏ်ယူနိုင်စရာ တခုလည်း ဖြစ်ပါသည်။ ဒေသတွင်းအဖွဲ့အစည်းက ပေးခဲ့ပြီးဖြစ်သော ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုများအပြင် စီးပွားရေး ပေါင်းစည်းခြင်းမှ တဆင့် ကျွန်ုပ်တို့ တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်သာမက နိုင်ငံရေး၊ လုံခြုံရေးနှင့် လူမှု ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများကလည်း ကြီးမားလှပါသည်။
ယနေ့အချိန်တွင် ရာစုနှစ်ဝက် သက်တမ်းရှိခဲ့ပြီ ဖြစ်သော အာဆီယံသည် စုစုပေါင်း ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံ ဖြင့် ကမ္ဘာပေါ်တွင် ဆဌမမြောက် အကြီးမားဆုံး စီးပွားရေး ဖြစ်နေပါသည်။ တဦးချင်းအလိုက် ပျမ်းမျှ ဂျီဒီပီက ၁၉၉၆ ခုနှစ်တွင် အမေရိကန် ၉၅၅ ဒေါ်လာမှ ၂၀၁၅ ခုနှစ်တွင် ၃၈၁၈ ဒေါ်လာအထိ တိုးလာခဲ့ပါသည်။ ၁၉၉၃ ခု နှစ်မှ စ၍ ကျွန်ုပ်တို့၏ ပျမ်းမျှ ဖွံ့ဖြိုးမှုနှုန်းက ၄.၇ ရာခိုင်နှုန်း ရှိခဲ့ပြီး အချို့ အာဆီယံနိုင်ငံများက ၆ ရာခိုင်နှုန်းထက်ပင် ကျော်လွန်ခဲ့ပါသည်။
လူဦးရေ သန်း ၆၃၀ (၆၅ ရာခိုင်နှုန်းမှာ အသက် ၃၅ နှစ် အောက်များဖြစ်ကြသည်) ရှိသော အာဆီယံက ၂၀၅၀ ခုနှစ် ရောက်သည့်အခါ ကမ္ဘာ၏ စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာရန် မျှော်မှန်းထားပါသည်။ လက်ရှိ အချိန်တွင် သန်း ၁၀၀ ဝန်းကျင်ခန့်ရှိပြီး အင်အားကောင်းစွာ တိုးပွားလာနေသည့် လူလတ်တန်းစားများက အာဆီယံကို အလွန် အကျိုးအမြတ် များပြားသော စားသုံးသူ ဈေးကွက်တခု ဖြစ်လာရန် ပြုလုပ်ပေးနေပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ၁၉၆၇ ခုနှစ် ဘန်ကောက် ကြေညာချက် (Bangkok Declaration) ဖြင့် အာဆီယံကို စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ကျွန်ုပ်တို့ လာခဲ့ရာလမ်းကို ပြန်လည်သုံးသပ်မှုပြုသင့်သည့် အချိန်ဖြစ်ရုံမက ကျွန်ုပ်တို့၏ နိုင်ငံများနှင့် ဒေသတွင်းတွင် စီးပွားရေးပေါင်းစည်းမှုများ ရှိလာခြင်း၏ သက်ရောက်မှုကိုလည်း သုံးသပ် ရမည် ဖြစ်ပါသည်။
ပေါင်းစည်းမှု လုပ်ငန်းစဉ်ကို ၁၉၉၃ ခုနှစ်တွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ(AFTA) ဖြင့် စတင်ခဲ့ပြီး အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြင့် ဆက်လက် အကောင်အထည်ဖော်ခဲ့ပါသည်။ ကောင်းစွာ သိထားပြီးဖြစ်သည့်အတိုင်း AEC သည် ၂၀၀၃ ခုနှစ်တွင် ပထမဆုံး သဘောတူညီချက်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာပါသည်။
AEC ကို စီးပွားရေးဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ရန်၊ ဒေသတွင်း ကုန်သွယ်ရေး ဖွံ့ဖြိုးမှု တိုးမြှင့်ရန်နှင့် ကုန်စည်များ၊ ဝန်ဆောင် မှုများ၊ ကျွမ်းကျင်အလုပ်သမားများနှင့် အရင်းအနှီးများ လွတ်လပ်စွာ စီးဆင်းခွင့် ပြုရန် ရည်ရွယ်ချက်များ နှင့် တည် ထောင်ခဲ့ပါသည်။
တခြားတဘက်တွင် AFTA က အာဆီယံကို တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ နှင့် နယူးဇီလန် ကဲ့သို့ သော ကုန်သွယ်ဖက်များနှင့် ဆက်ဆံရာတွင် (ကျွန်ုပ်တို့ဘက်မှ) ခိုင်မာ အားကောင်းမှု ရှိအောင် ပံံ့ပိုးပေးနိုင်ရန် ဖြစ်ပါ သည်။ ယခုအခါ အဆိုပါ နိုင်ငံများ နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ (FTAs) ရရှိ ပြီဖြစ်သည်။
ထို့ပြင် AEC အတွက် ဆောင်ရွက်ခဲ့သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ ဖယ်ရှားရေး၊ ကောင်းကင်တွင် လွတ်လပ်စွာ ပျံသန်းနိုင်ရေးနှင့် အခြားသော ကုန်သွယ်ရေး အထောက်အကူပြု ဆောင်ရွက်မှုများက ဒေသကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ အရင်းအနှီးများ၊ နည်းပညာနှင့် ကျွမ်းကျင်သူများ စီးဆင်းမှုတွင် ပိုမို၍ ဆွဲဆောင်မှု ရှိအောင် ပြုလုပ်ပေးခဲ့သည်။
နိုင်ငံတကာ ကော်ပိုရေးရှင်းများနှင့် အာဆီယံ ကုမ္ပဏီ ကြီး/ငယ် များက ဒေသတွင်းတွင် ကုန်ထုတ်လုပ်ရေးတွင် ဖြစ်စေ ဝန်ဆောင်မှုကဏ္ဍတွင် ဖြစ်စေ လုပ်ငန်းများ ဆက်လက်တိုးချဲ့နေပါသည်။
ယနေ့ အာဆီယံတွင် နိုင်ငံခြား ကုမ္ပဏီ ၂၅၀၀၀ ကျော်ရှိပါသည်။ ကမ္ဘာ့အဆင့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ အပါအဝင်ဖြစ်ပါသည်။
အာဆီယံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များအတွက် ဖွံဖြိုးဆဲနိုင်ငံများအတွင်း အကျိုးအမြတ် အရှိ ဆုံးနေရာများထဲမှ တခုဖြစ်ခဲ့ပါသည်။ အာဆီယံ အတွင်းသို့ FDI စီးဆင်းမှုက ၁၉၉၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၃.၅၄ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၆.၇၂ ဘီလီယံအထိ တိုးလာခဲ့သည်။ ၄ ဆ ကျော် တက်လာခြင်းဖြစ်ပါသည်။
AFTA စတင်သည့် အချိန်မှ စ၍ စုစုပေါင်း ကုန်သွယ်မှုက ၆ ဆနီးပါး တိုးလာခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၃၀ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၅၅ ထရီလီယံ ရှိလာခဲ့သည်။ အာဆီယံအတွင်း ကုန်သွယ်ရေးကလည်း အလားတူ ကာလအတွင်းတွင် ၆ ဆ ကျော်တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၂ ဘီ လီယံမှ အမေရိကန်ဒေါ်လာ ၅၂၁.၇ ဘီလီယံ ဖြစ်လာပါသည်။
မလေးရှားနိုင်ငံက AEC မှ အကျိုးအမြတ် အများဆုံးရရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မလေးရှားနိုင်ငံ ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းက အာဆီယံနှင့် ဖြစ်ပြီး တန်ဖိုး မလေးရှားရင်းဂစ် ၄၀၂.၆၅ ဘီလီယံ ရှိရာ ၁၉၉၃ ခုနှစ်တွင် မလေးရှား ရင်းဂစ် ၅၇.၉ ဘီလီယံသာ ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့် နိုင်ပါသည်။ ၂၀၁၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ နိုင်ငံခြား ပို့ကုန်စုစုပေါင်း၏ ၂၉ ရာခိုင်နှုန်းက အာဆီယံ နိုင်ငံများသို့ တင်ပို့ခြင်း ဖြစ်ပြီး အာဆီယံနိုင်ငံများမှ ပြန်လည်တင်သွင်း မှု က စုစုပေါင်း နိုင်ငံခြားမှ တင်သွင်းမှု၏ ၂၅ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ မှ မေလ အတွင်းတွင် အာဆီ ယံ နှင့် ကုန်သွယ်မှုက ၂၀၁၅ ခုနှစ်က အလားတူကာလနှင့် နှိုင်းစာလျှင် ၂၅.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တန်ဖိုး မလေး ရှား ရင်းဂစ် ၁၉၇.၉၇ ဘီလီယံ ရှိပါသည်။
အာဆီယံက အခွင့်အရေးများ တံခါးဖွင့်ပေးခဲ့ပါသည်။ နိုင်ငံတကာ ကုမ္ပဏီများ အတွက်သာမက မလေးရှားနိုင်ငံ အပါ အဝင် ဒေသတွင်းမှ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက်လည်း ဖြစ်ပါသည်။ အာဆီယံ အတွင်းတွင် လုပ်ငန်း လုပ်ကိုင်နေသော မလေးရှားကုမ္ပဏီ ၁၅၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရပါသည်။
ကျွနု်ပ်တို့၏ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ(SMEs) က သွားတိုက်ဆေးမှသည် မော်တော်ကား အစိတ်အပိုင်းများအထိ အားလုံးကို ဒေသတွင်းသို့ တင်ပို့ပေးနေပါသည်။
မလေးရှားဘဏ်များ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ကုမ္ပဏီများ၊ လေကြောင်းလိုင်းများက အာဆီယံတွင်းတွင် လူသိများသော နာမည်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ ဆောက်လုပ်ရေး ကုမ္ပဏီများက အခပေးလမ်းများ၊ ဟိုတယ်များ၊ ဒေသတွင်းမှ အုပ်ချုပ်ရေး မြို့တော်များနှင့် လေဆိပ်များ တည်ဆောက်ရန် စီမံကိန်းများ ရရှိခဲ့ကြပါသည်။
မလေးရှားနိုင်ငံသည် အစဉ်အလာအရ အရင်းအမြစ်ဖြစ်သော စင်ကာပူမှသာမက အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင် ငံတို့၏ ရင်းနှီးမြှုပ်နှံမှုများမှလည်း အကျိုးအမြတ်များ ရရှိနေပါသည်။ ဒေသတွင်းတွင် စီးပွားရေး ပတ်ဝန်းကျင် တိုးတက် ကောင်းမွန်လာရေး ဆက်လက်ဆောင်ရွက်မှုများက မလေးရှားကုမ္ပဏီများအတွက် ကြီးမားသော အခွင့် အရေးများ ပေးခဲ့ပါသည်။
AEC က ပြည့်စုံရန် ဝေးကွာနေဆဲ ဖြစ်ပါသည်။ ကုန်သွယ်ခွန် မဟုတ်သည့် အတားအဆီးများနှင့် ပွင့်လင်းမြင်သာမှု မရှိသော လုပ်ထုံးလုပ်နည်းများကို ဖယ်ရှားခြင်းနှင့် အမျိုးမျိုးကွဲပြားနေသော နိုင်ငံအလိုက် စံနှုန်းများကို ဟန်ချက်ညီမျှအောင်ပြုလုပ်ခြင်းကို ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
ကုန်သွယ်ရေးနှင့် ပတ်သက်သောမေးခွန်းများအပေါ် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းနိုင်ခဲ့လျှင် အဆိုပါ အတားအဆီး များကို တနေ့တွင် ဖယ်ရှားမည်မှာ သေချာပါသည်။ အလားအလာကောင်းသော အရိပ်အယောင်များလည်း ရှိပါသည်။ ပေါင်းစည်းမှု နက်ရှိုင်းရေး နှင့် အာဆီယံ၏ ယှဉ်ပြိုင်နိုင်မှု တိုးမြှင့်ရေးအတွက် AEC ၏ ၂၀၂၅ အစီအမံသစ်(AEC 2025 Blueprint) အသစ်ကို ကျင့်သုံးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် အာဆီယံက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်အစီအစဉ်(RCEP) သဘောတူညီချက်မှ တဆင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ဦးဆောင်နေပါသည်။ အကယ်၍ အကောင်အထည်ဖြစ်ခဲ့လျှင် RCEP က လူဦးရေ ၃.၅ ဘီလီယံ ရှိသည့် အကြီးမားဆုံး ဈေးကွက်ကို ဖန်တီးပါလိမ့်မည်။
အဆိုပါ သဘောတူညီချက်ရရှိရန် ညှိနှိုင်းခြင်းက အချိန်ယူရမည်မှာ သေချာပါသည်။ သို့သော်လည်း ပြည့်စုံ၍ အရည်အသွေး မြင့်မားသော သဘောတူညီချက်တခုအတွက် ပေးရသည့် အနည်းငယ်မျှသော အဖိုးအခသာ ဖြစ်ပါသည်။ RCEP လုပ်ငန်းစဉ်တွင် တစိတ်တပိုင်းဖြစ်ရန် မလေးရှားနိုင်ငံက ကတိပြုထားဆဲ ဖြစ်ပြီး ပြီးမြောက်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၁၉၆၇ ခုနှစ် ဘန်ကောက်ကြေညာချက်ပါ အဓိက ဦးတည်ချက်များကို အပြည့်အဝနားလည်ရေးအတွက် အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
အားလုံးကို ခြုံကြည့်မည် ဆိုလျှင် အာဆီယံ နှင့် စီးပွားရေးပေါင်းစည်းမှုက မလေးရှား၊ ကျွန်ုပ်တို့ အိမ်နီးချင်းနိုင်ငံများ နှင့် ကျွန်ုပ်တို့ ဒေသအတွက် ကောင်းချီး မင်္ဂလာများ ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ပါသည်။
ယနေ့အချိန်အထိ ကျွန်ုပ်တို့ဖြတ်သန်းခဲ့ရသည့် ခရီးလမ်းက မချောမွေ့ခဲ့သလို စိန်ခေါ်မှုများလည်း မကင်းခဲ့ပါ။ ၂၀၁၇ ခုနှစ်သည် အာရှ ဘဏ္ဍာရေး အကျပ်အတည်း နှစ် ၂၀ ပြည့်သည့်နှစ် ဖြစ်သည်ကိုလည်း ကျွန်ုပ်တို့ မမေ့သင်ပါ။
အမှန်စင်စစ်အားဖြင့် အာဆီယံ ရှေ့ဆက်သွားရမည့် ခရီးက ရှည်လျားပြီး ကြမ်းတမ်းပါလိမ့်မည်။ စီးပွားရေး ဖြစ်စေ အုပ်ချုပ်ရေး ဖြစ်စေ ပြုပြင်ပြောင်းလဲရေးများက မည်သည့်အခါတွင်မှ မလွယ်ကူခဲ့ပါ။ ထို့ပြင် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှ မရှိခြင်းများကို လျှော့ချရေးနှင့် စုံလင်ကွဲပြားသော ကျွန်ုပ်တို့ ဒေသတွင်းမှ ပြဿနာများတွင် တစိတ် တဝမ်းတည်း ရှိမှုကို ဖော်ဆောင်ရေးတို့တွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။
သို့သော်လည်း ကမ္ဘာ့ပထဝီ နိုင်ငံရေးနှင့် စီးပွားရေးဗဟိုက ကမ္ဘာ၏ ကျွန်ုပ်တို့ဖက်ခြမ်းသို့ ဦးတည်ပြောင်းရွှေ့ လာလျှင် ပင် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ယုံကြည်လေးစားမှုများဖြင့် စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ထားပါသည်။
အာဆီယံက ယခုအခါ လက်တွေ့တရားတခု ဖြစ်ပါသည်။ လျော့လျဲသော အဖွဲ့အစည်းတခု အဖြစ်မှသည် ထာဝရ ခိုင်မာသော ဒေသတွင်း အဖွဲ့အစည်း တခုအဖြစ်သို့ ပြောင်းလဲတိုးတက်လာခဲ့ပါသည်။ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု နှင့် တိုးတက်မှုများ ပေးခဲ့ပြီး ဖြစ်သလို ဒေသတွင်းမှ လူတိုင်းပါဝင်သည့် တိုးတက်မှုကိုလည်း ဆက်၍ ပေးသွားမည် ဖြစ်သည်။
နောက် နှစ် ၅၀ ခရီးတွင် အောင်မြင်တိုးတက်မှုများ ရရှိရန်သေချာစေရေး၊ ထိုနှစ်များမတိုင်မီ မျှော်မှန်းသည်ထက် ကျော်လွန်နိုင်ရေးတို့က အာဆီယံ ခေါင်းဆောင်များနှင့် ပြည်သူများ အပေါ်တွင်သာ တည်နေပါသည်။
(မစ္စတာ မူစတာပါ မိုဟာမက်သည် မလေးရှားနိုင်ငံ အစိုးရ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီး ဖြစ်သည်။ ဧရာဝတီသို့ ပေးပို့လာသော ၎င်း၏ Economic integration needed more than ever before as ASEAN turns 50 ကို ဘာသာပြန်ဆို ဖော်ပြသည်။)