အမျိုးသားလွှတ်တော်မှာ သြဂုတ်လ ၃ ရက်နေ့က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ မကြာခင် စတင် ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းတွေ အပေါ် ဆွေးနွေး ဆုံးဖြတ် ကြတဲ့ပုံစံ (Process) တွေကတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ကွဲပြားကြပါတယ်။ အမျိုးသားလွှတ်တော်က ဥပဒေကြမ်းတခုကို လွှတ်တော်ကိုယ်စားလှယ်တွေက အရင် ဆွေးနွေးကြပြီးမှ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ကြားနာပွဲ ပြုလုပ်တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကတော့ ဥပဒေကြမ်း တခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှာ ကြားနာပွဲ အရင်လုပ်ပြီး ကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက်တွေကို လွှတ်တော်မှာ ဦးစွာ အစီရင်ခံ တင်ပြရတာ ဖြစ်ပါတယ်။ ပြီးမှ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ဆွေးနွေးကြပြီး အငြင်းပွားတဲ့ အချက်တွေကို တချက်ချင်းစီ မဲခွဲ ဆုံးဖြတ် အတည်ပြုရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ပြုပေးပို့လာတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့ လွှတ်တော်မှာ သြဂုတ်လ ၁ဝ ရက်နေ့က ဖတ်ကြားတင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ အနေနဲ့လည်း လာမယ့်သြဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲကနေ လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားတဲ့ NLD ပါတီရဲ့ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးအပေါ် သဘောထား နဲ့ အမျိုးသားလွှတ်တော်ရဲ့ အဆုံးအဖြတ်တွေ အရ ၆၆ (ဃ) ဖျက်သိမ်းရေးနဲ့ ဆက်သွယ်ရေး ဥပဒေပါ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ အခြားပုဒ်မများကို ပြင်ဆင်နိုင်ရေး ကိစ္စဟာ မျှော်လင့်ချက် နည်းလာခဲ့ပါတယ်။ လက်ရှိပြင်ဆင်ချက်တွေကလည်း အဖြစ်သဘောမျိုးဆန်ပြီး ထိရောက်တဲ့ပြင်ဆင်မှုတွေ မဟုတ်တာကို တွေ့ရပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာကို လေ့လာကြည့်တဲ့အခါ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်ကို ပြန်လည် ပြင်ဆင်သင့်ကြောင်း သဘောထားမှတ်ချက် ပေးထားတာ တခုပဲ ရှိပါတယ်။ အဲဒါကတော့ ပုဒ်မ ၈ဝ (ဂ) အနေနဲ့ အသစ်ထပ်တိုး ပြဋ္ဌာန်းမယ့် “ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပုဒ်မများ အဖြစ် သတ်မှတ်သည်” ဆိုတဲ့ စကားရပ်ကို ဖြုတ်ပစ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ဇယား (၂) အရ ပြစ်ဒဏ် ၃ နှစ်အောက် ပြစ်မှုများကို အာမခံ ပေးနိုင်တဲ့ ပုဒ်မများ အဖြစ်သတ်မှတ်ထားတာ ဖြစ်တဲ့ အတွက် ပြစ်ဒဏ် ၃ နှစ် အထိ ထောင်ဒဏ်အစား ၃ နှစ်အောက် ထောင်ဒဏ်အဖြစ် ပြင်ဆင်လိုတာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ အသရေဖျက်မှုတွေကို ရာဇဝတ်မှု အဖြစ် မသတ်မှတ်တော့ဘဲ တရားမမှု အဖြစ်သာ သတ်မှတ်ထားကြတဲ့ အချိန်မှာ ကျနော်တို့ ဆီမှာတော့ လူတယောက်ရဲ့ နှုတ်အားဖြင့် သော်လည်းကောင်း၊ စာအားဖြင့် သော်လည်း ပြောဆိုရေးသားမှု တခုအတွက် ထောင်ဒဏ် ၃ နှစ်နီးပါး ချနိုင်တဲ့ ဥပဒေရှိတာကကို ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာထဲမှာ ရာဇသတ်ကြီးပုဒ်မ ၄၉၉ မှာပါတဲ့ အသရေဖျက်မှုနဲ့ ဆိုင်တဲ့ ကင်းလွတ်ချက် ၁ဝ ချက်ကို ထည့်ပြောသွားတာ ရှိပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၄၉၉ ဆိုတာ အသရေဖျက်မှုကို အဓိပ္ပာယ် ဖွင့်ဆိုထားတာ ပါ။ အသရေပျက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စွပ်စွဲမှုကို ပြုရင် အဲဒီ ကင်းလွတ်ချက် ၁ဝ ချက်က လွဲရင် အသရေဖျက်တယ် လို့ သတ်မှတ်နိုင်၊ အရေးယူနိုင်ပါတယ်။ ကင်းလွတ်ချက် ၁ဝ ချက်နဲ့ ညီညွတ်ရင်တော့ တပါးသူကို အသရေပျက်စေတယ်ဆိုရင်တောင် အသရေဖျက်မှု မမြောက်ပါဘူး။ ကင်းလွတ်ချက် (၁ဝ) ချက်ကို အတိုချုပ်ပြောရရင်
(၁) အများပြည်သူအကျိုး အတွက် ပြုလုပ်ရန်၊ သို့တည်းမဟုတ် ကြေညာရန် လိုအပ်သည့် မှန်ကန်သော အရာကို စွပ်စွဲခြင်း။
(၂) ပြည်သူ့ဝန်ထမ်း၏ တာဝန်ဝတ္တရားဆိုင်ရာ အပြုအမူနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ လည်းကောင်း သဘောရိုးဖြင့် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြခြင်း။
(၃) အများပြည်သူဆိုင်ရာ ကိစ္စတွင် တဦးတယောက်၏ အပြုအမူနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စာရိတ္တနှင့် စပ်လျဉ်း၍ လည်းကောင်း သဘောရိုးဖြင့် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြခြင်း။
(၄) တရားရုံးများ၏ မှုခင်းဆောင်ရွက်ချက်ဆိုင်ရာ ကြေညာခြင်း။
(၅) တရားရုံးများတွင် စီရင်ဆုံးဖြတ်သည့် အမှု၏ အရည်အသွေး၊ သက်သေနှင့် အခြားသက်ဆိုင်သူများ၏ အပြုအမူများကို သဘောရိုးဖြင့် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြခြင်း။
(၆) လူအများ ဝေဖန်နိုင်ရန် အထင်အရှား ဆောင်ရွက်မှုတခုကို အတိအလင်း ဖော်ပြချက်၊ ဆောင်ရွက်သူ၏ အပြုအမူကို ဖော်ပြခြင်း။
(၇) တဦးတယောက်သော သူအပေါ်တွင် ဥပဒေနှင့်အညီ အခွင့်အာဏာရှိသူက သဘောရိုးဖြင့် အပြစ်ဆိုခြင်း။
(၈) တဦးတယောက် အကြောင်းကို အခွင့်အာဏာရှိသူအား သဘောရိုးဖြင့် ပြောဆိုစွပ်စွဲခြင်း။
(၉) တဦးတယောက်သောသူက မိမိအကျိုးကို သို့တည်းမဟုတ် အခြားသူ၏ အကျိုးကို ကာကွယ်စောင့်ရှောက် ရန် သဘောရိုးဖြင့် စွပ်စွဲခြင်း။(၁ဝ) သတိပေးခြင်းခံရသူ၏ အကျိုးအတွက်ဖြစ်စေ၊ အများပြည်သူ၏ အကျိုးအတွက်ဖြစ်စေ ရည်ရွယ်၍ သတိပေးခြင်း တို့သည် ပြစ်မှုမမြောက်ပါ။
စသည်ဖြင့် အတိအလင်း ဖော်ပြထားပါတယ်။ ဒီကင်းလွတ်ချက်တွေ ရှိတယ် ဆိုတာကို ဥပဒေကြမ်းကော်မတီက ထည့်သွင်း ပြောကြားခဲ့ပေမယ့် ပြင်ဆင်မယ့် ဥပဒေကြမ်းထဲမှာတော့ တရားဝင် ရည်ညွှန်းချက် ထည့်သွင်းပြဋ္ဌာန်းဖို့ မှတ်ချက် မပြုခဲ့တာကို တွေ့ရပါတယ်။
လက်ရှိ တည်ဆဲဖြစ်နေတဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာလည်း အဲဒီလို ရာဇသတ်ကြီးပုဒ်မ (၄၉၉) ကို ရည်ညွှန်းပြဋ္ဌာန်းထားခြင်း မရှိတဲ့ အတွက် ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေဟာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ သရေဖျက်မှုကို အမှုဖွင့် တိုင်ကြားလာတိုင်း ထင်သလို အရေးယူတာ၊ တရားစွဲတင်တာတွေကို ကြုံနေခဲ့ရတာ ဖြစ်ပါတယ်။
ဥပမာ- မြောက်ဒဂုံက ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြေကွက်အလွတ်တွေကို အကွက်ရိုက် ရောင်းနေတဲ့ အကြောင်း ဖေ့စ်ဘုတ်ပေါ် ဓာတ်ပုံရိုက် တင်ခဲ့တဲ့ ပြည်သူတဦးဟာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရပြီး အာမခံမရဘဲ ထောင်ထဲမှာ (၃) လလောက် သွားနေခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။
နောက်ပြီး မကွေးက သတင်းထောက် တယောက်ကလည်း အုပ်ချုပ်ရေးပိုင်းရဲ့ မတရားမှုတခု အကြောင်း သူများ ရေးထားတဲ့ ပို့စ်အောက်မှာ “မဖြစ်သင့်ပါ” လို့ Comment ဝင်ပေးခဲ့လို့ ၆၆ (ဃ) နဲ့ တရားစွဲခံရတာတွေ၊ ပုသိမ်မြို့နယ် NLD ဒုဥက္ကဌ ဦးစန်းရွှေက ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ အရက်ပုန်းဆိုင်တွေနဲ့ ပတ်သက်တဲ့အကြောင်းကို ဖေ့စ်ဘုတ်ပေါ် တင်ခဲ့လို့ ၆၆ (ဃ)နဲ့ တရားစွဲခံရတာတွေ၊ ခွေးချစ်သူများ အဖွဲ့တခုရဲ့ ငွေကြေးမသမာမှုကို ဖေ့စ်ဘုတ်ပေါ်တင်ခဲ့တဲ့ သင်္ကန်းကျွန်းမြို့နယ်က ကိုရှိုင်းထက်အောင်က ၆၆ (ဃ)နဲ့ တရားစွဲခံရပြီး အာမခံမရဘဲ ထောင်ထဲမှာ ၆ လကျော်ကြာ အချုပ်ခံခဲ့ရတာတွေ၊ တရားမဝင် ကုန်သွယ်မှုတွေ ပြုလုပ်နေတဲ့ ကျိုင်းတုံမြို့ နယ်စပ်ဝင်ပေါက်များနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေ သိရှိစေဖို့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားခဲ့တဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ နယ်စပ်ဝင်ပေါက်များ စစ်ဆေးရေး အထူးကိုယ်စားလှယ် ဦးမင်းအောင်ကို ၆၆(ဃ)နဲ့ တရားစွဲခံရတာတွေအပါအဝင် အခြားသော အမှန်တရားကို အများအကျိုးအတွက် ထုတ်ဖော်ပြောကြားမှုတွေအတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ စိတ်ထင်သလိုအရေးယူခံထားရတဲ့ အမှုတွေဟာ မရေတွက်နိုင်အောင် များပြားနေပါတယ်။
အကယ်၍သာ လက်ရှိပြင်ဆင်မယ့် ဥပဒေထဲမှာ “အသရေဖျက်မှု” ဆိုတာကို တိကျတဲ့ အဓိပ္ပာယ် ရှင်းလင်းဖွင့်ဆိုနိုင်ခြင်း မရှိခဲ့ဘူး ဆိုရင် (သို့မဟုတ်) ရာဇသတ်ကြီးပုဒ် (၄၉၉) ကို အတိအလင်း ညွှန်းဆိုနိုင်ခြင်း မရှိခဲ့ဘူး ဆိုရင် ၆၆ (ဃ) နဲ့ မတရားသဖြင့် တရားစွဲဆို ခံနေရမှုတွေကို ထိန်းချုပ်ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။
နောက်ထပ်သတိထားရမယ့်တချက်က ဝန်ကြီးဌာနဆီက ခွင့်ပြုချက် တောင်းရမယ် ဆိုတဲ့ကိစ္စပါ။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေကြမ်း ထဲမှာ –
“ဤဥပဒေအရ ပြစ်မှုတခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်” ဆိုတဲ့ အပိုဒ်ကို ဖြုတ်ထားခဲ့ပေမယ့် အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတို့က အဲဒီအချက်ကို ပြန်လည် ထည့်သွင်းခဲ့ပါတယ်။ အဲဒီအချက်ပြန်ထည့်တာကို ကြိုဆိုပေမယ့် ဝန်ကြီးဌာနရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ မေးခွန်းထုတ်စရာတွေအများကြီးရှိနေတာကိုတွေ့ရပါတယ်။
ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေ အရ ဆိုရင် စာရေးဆရာ ဗြိတိသျှကိုကိုမောင်နဲ့ The Voice သတင်းစာအယ်ဒီတာ ကိုကျော်မင်းဆွေတို့ အမှုတခုက လွဲရင် အခြားအမှုတွေ အားလုံးနီးပါးကို ဝန်ကြီးဌာနက အလွယ်တကူ ခွင့်ပြုပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။ ခွင့်ပြုချက်ပေးတယ် ဆိုတဲ့ နေရာမှာလည်း CID က ပေးပို့တဲ့ စာရွက်စာတမ်းတွေကိုပဲ ကြည့်ပြီး “အကြောင်းအရာ အချက်အလက် မှန်ကန်ခိုင်လုံပါက ဆက်လက် တရားစွဲဆိုနိုင်သည်” လို့ပဲ မျက်နှာလွှဲခဲပစ် ပုံစံမျိုး အကြောင်းပြန်ခဲ့တာ တွေချည်းပါပဲ။
ဖြစ်သင့်တာကတော့ ဝန်ကြီးဌာနက နောက်တခါ အဲဒီလိုမျိုးတွေ လုပ်လို့ မရအောင် စိစစ်တာ၊ ခွင့်ပြုချက် ပေးတာတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ ပါဝင်တဲ့ နောက်ဆက်တွဲ နည်းဥပဒေတွေကို ဒီဥပဒေ ပြင်ပြီးတာနဲ့ ဝန်ကြီးဌာနက တာဝန်ယူပြီး အမြန်ဆုံး ရေးဆွဲပေးဖို့ ပါပဲ။ အဲဒီလိုမှ မဟုတ်ရင် တရားစွဲလာသမျှ အမှုတိုင်းဟာ တရားရုံးကို အလွယ်တကူ ရောက်သွားနိုင်ပြီး အမှုမှန် ဆိုတာကလည်း ပေါ်ပေါက်ဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။
လက်ရှိ တွေ့ရသလောက်ကတော့ နောက်ဆုံး အဆုံးအဖြတ်ပေးတဲ့ တရားသူကြီးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နည်းပညာပိုင်း ဆိုင်ရာမှာ အားနည်း ချို့ယွင်းချက်တွေ အများကြီး ရှိနေပါတယ်။ ကျနော့်ရဲ့ ပုံရိပ်ကဗျာကို ၆၆ (ဃ) နဲ့ တရားစွဲ ခံခဲ့ရတုန်းကလည်း တရားလို ဖြစ်တဲ့ ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူးကို ကျနော့်ရှေ့နေက တရားခွင်မှာ “ဖေ့စ်ဘုတ်ကို Log In နဲ့ ဝင်လား၊ Log Out နဲ့ ဝင်လား၊ Log Alarm နဲ့ ဝင်လား” လို့ မေးတာကို ရဲတပ်ဖွဲ့မှူးက “တစ်ခါတလေ Log In နဲ့ ဝင်ပါတယ်၊ တခါတလေ Log Out နဲ့ ဝင်ပါတယ်၊ တခါတလေ Log Alarm နဲ့ ဝင်ပါတယ်” လို့ ဖြေခဲ့တာကိုလည်း အံံ့သြဖွယ် တွေ့ခဲ့ရဖူးပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ကြိုတင် ခွင့်ပြုချက် ဆိုတာဟာ ၆၆ (ဃ) မှာ အတော်လေး အရေးကြီးနေတာ ဖြစ်ပါတယ်။
လွှတ်တော်အနေနဲ့ ပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေဘက်က တစိုက်မတ်မတ်တောင်းနေတဲ့ ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးကို မလုပ်ဆောင်နိုင်သေးဘူး ဆိုရင်တောင် ပြီးစလွယ် ပြင်ဆင်မှုမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူက တခဲနက် ရွေးချယ်ထောက်ခံလိုက်တဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ လွှတ်တော်က ဥပဒေတခု ပြဋ္ဌာန်းတဲ့ အခါ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံ၊ အသံပေါင်းစုံကို နားထောင်တွက်ချက်ပြီး ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ လူ့ရပိုင်ခွင့်တွေကို အကာအကွယ် ပေးနိုင်တဲ့ ဥပဒေတခု ဖြစ်အောင် စွမ်းဆောင်ပြဖို့ လိုပါတယ်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည် ဖြစ်လာပြီးမှ ဒီဥပဒေက ပြည်သူတွေကို အကာအကွယ် မပေးနိုင်တဲ့ အပြင် အရင်လို စနစ်ဆိုးကြီးဆီကိုပဲ ဆက်ပြီး သံသရာလည်နေဦးမယ်ဆ ိုရင်တော့ လွှတ်တော်ကပဲ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ။
(မောင်ဆောင်းခသည် သမ္မတ ဦးသိန်းစိန်လက်ထက် ပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူတဦး ဖြစ်သည်။)