“လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည့်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ” ကို သိမ်းဆည်းခံမြေယာ ကိစ္စများ ဖြေရှင်းရေး အတွက်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်အစိုးရ၏ ဆုံးဖြတ်ချက်သည် ကောင်းမွန်သည့် ခြေလှမ်းတရပ် ဖြစ်သော်လည်း၊ ကော်မတီအသီးသီး တပြေးညီ အသက်ဝင်လှုပ်ရှားကာ ရည်မှန်းချက်၊ မူဝါဒတို့နှင့် အညီ ဆောင်ရွက်ရေး အတွက် သာမန်လုပ်ရိုးလုပ်စဉ် ထက်ပိုသည့် အားစိုက်ထုတ်မှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။
ဆယ်စုနှစ်များစွာ ရှည်လျားခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့်ရာတွင် နိုင်ငံတော်အစိုးရသစ် လက်ဆင့်ကမ်း ယူခဲ့ရသည့် ဆိုးမွေများ အနက် သိမ်းဆည်းခံ မြေယာပြဿနာသည် အလေးအနက်ပြု ဖြေရှင်းရမည့် အရေးကြီး တာဝန်များစွာထဲမှ တခုဖြစ်ပါသည်။
ယခင် လွှတ်တော်သက်တမ်း ဖြစ်သည့် ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင် အစီရင်ခံစာများ အရ တပ်မတော်၊ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ ၁၉၈၀ မှ ၂၀၀၀ ခုနှစ် ကာလအတွင်း သိမ်းဆည်းခဲ့သည့် မြေဧကပေါင်း ၅၀၀၀၀၀ ကျော် ရှိပြီး၊ အများစုမှာ အကြီးစား စိုက်ပျိုးရေး လုပ်ငန်းစီမံကိန်းများ အတွက် ဖြစ်သည်။ သိမ်းဆည်းခံ မြေဧက အရေအတွက်မှာ သန်းနှင့် ချီပြီး ရှိနိုင်သည် ဟု အခြားသော ခန့်မှန်းမှုများလည်း ရှိပါသည်။
မြေယာအခွင့်အရေးနှင့် ဥပဒေရေးရာ စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည့် NAMATI ၏ အချက်အလက်များ အရ ယင်းကာလ မြေယာသိမ်းဆည်းခံရသူများ၏ ၇၀ ရာခိုင်နှုန်းကျော်တွင် သိမ်းဆည်းခံ မြေမှလွဲပြီး၊ အခြား အသုံးပြုနိုင်သည့် စိုက်ပျိုးမြေများ မရှိကြပါ။
ရလဒ်အားဖြင့် မြေယာသိမ်းဆည်းခံရသူ အများစုသည် သေချာရေရာမှု မရှိသည့် အသက်မွေးဝမ်းကျောင်း အလုပ်များနှင့် ကျပန်း အလုပ်များကို လုပ်ကိုင်စားသောက်ရသော ပိုမိုခက်ခဲကြမ်းတမ်းသည့် ဘဝအခြေအနေသို့ ရောက်ရှိခဲ့ပြီး၊ ၎င်းတို့၏ မြေများသို့ ဝင်ရောက်လုပ်ကိုင်သည့် အခါ ရာဇဝတ်မှု၊ တရားမမှုတို့ဖြင့် တရားစွဲဆို အရေးယူခြင်း ခံကြရပါသည်။
ဒီမိုကရေစီနည်းကျ လူထုမှ တင်မြှောက်သော အစိုးရအဖြစ် အသွင် ကူးပြောင်းသွားသည့် အချိန်တွင် မြေယာ သိမ်းဆည်းခံရသူ အများစုက သူတို့၏ မြေကို ပြန်လည် ရရှိလိမ့်မည် ဟု မျော်လင့်ချက်ထားကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော်အာဏာ လွှဲပြောင်းရယူပြီး လပိုင်းအတွင်းတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ အား ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ထားသော လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပေးခဲ့သည်။ ယင်းဗဟိုကော်မတီသည် သိမ်းဆည်းခံ မြေယာကိစ္စရပ်များကို စိစစ်ကာ ပြည်သူတို့၏ နစ်နာမှုများအား ဆောလျင်စွာ ဖြေရှင်းပေးရေး အဆင့်ဆင့်သော အောက်ခြေ ကော်မတီများ ဖွဲ့စည်းကာ လုပ်ဆောင်ရန် တာဝန် အပ်နှင်းခံခဲ့ရသည်။
အသစ်ဖွဲ့စည်းလိုက်သည့် ဗဟိုကော်မတီသည် တောင်သူလယ်သမားရေးရာ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒေသခံရပ်မိရပ်ဖ ကိုယ်စားပြုသူများ၊ လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်မှ တာဝန်ရှိသူနှင့် အတူအောက်ခြေကော်မတီအဆင့်ဆင့်တွင် ထည့်သွင်းဖွဲ့စည်းမှုဖြင့် ယခင်သမ္မတ ဦးသိန်းစိန်လက်ထက် မြေယာအမှုကိစ္စရပ်များ ဖြေရှင်းမှု စနစ်ထက် ပိုမိုသာလွန်သည့် ပထမခြေလှမ်းအား စတင်ခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ဤ ပဏာမ ခြေလှမ်းမှာ အပြုသဘောဆောင်သော အထူးကောင်းမွန်သည့် လက္ခဏာတရပ် ဖြစ်ပါသည်။ သို့ရာတွင် အဓိပ္ပာယ်ပြည့်ဝသည့် ယင်းခြေလှမ်း အပေါ် အလေးထားမှု အားနည်းသည့် အခါ စစ်မှန်သော တိုးတက်ဖြစ်ထွန်းမှုထက် အပြ သဘောလုပ်ဆောင်သည့် အလေ့အထတို့၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ကြုံတွေ့ရပါသည်။
ကော်မတီ၏ ဖွဲ့စည်းမှုပုံစံသည် သဘောတရားအားဖြင့် ကြည့်လျှင် ရိုးရှင်းပါသည်။ ဗဟိုကော်မတီသည် မူဝါဒရေးရာနှင့် လမ်းညွန်လုပ်ထုံးလုပ်နည်းများအား ချမှတ်ပေးပြီး၊ တောင်သူလယ်သမားရေးရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များသည် ဗဟိုအဆင့်တွင် မပါဝင်ပါ။ ပြည်နယ်နှင့် တိုင်းအဆင့်ကော်မတီသည် ရရှိသည့် အမှုများအား စိစစ်ကာ လိုအပ်ချက်အလိုက် သက်ဆိုင်ရာ ခရိုင်အဆင့် ကော်မတီများသို့ လွှဲပြောင်းပေးပါသည်။
မြို့နယ်နှင့် ကျေးရွာအုပ်စု အဆင့် ကော်မတီများက စိစစ်ရမည့် အမှုများ အတွက် မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည်။ ကွင်းဆင်းစုံစမ်း စစ်ဆေးမှုများကို ကော်မတီဝင် အသီးသီးဖြစ်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဝန်ထမ်းများ အဆင့်အလိုက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူတကွ လုပ်ဆောင်ကြသည်။ ယင်းနောက် စုံစမ်းစစ်ဆေးတွေ့ရှိမှု ရလဒ် အစီရင်ခံစာများအား ပြည်နယ်နှင့် တိုင်းကော်မတီ အထိ အဆင့်ဆင့်ပေးပို့ တင်ပြကြပါသည်။
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည့်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ အတွင်း ထုတ်ပြန်ချက်အရ၊ ကော်မတီသည် ယခင်အစိုးရလက်ထက် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ မြေ ပြန်လည် အပ်နှံထားသော အမှုပေါင်း ၁၆၆၇ မှု၏ စွန့်လွှတ်မြေများအား သက်ဆိုင်သူများ ထံသို့ လွှဲပြောင်းပေးအပ်မှုအား ကနဦး လုပ်ဆောင်ခဲ့သည်။ ၎င်းအပြင်ကော်မတီအနေဖြင့် ၂၀၁၆ ခုနှစ်မတ်လမှ ၂၀၁၇ ခုနှစ် မတ်လအတွင်း (လွှဲပြောင်း+အသစ်) အမှုပေါင်း ၁၀၈၉၁ လက်ခံရရှိခဲ့သည်။ လက်ခံခဲ့သည့် အမှုများထဲမှ ၂၀၅၇ မှုအား ကော်မတီမှ ဖြေရှင်းပေးခဲ့ကာ၊ ၎င်းတို့အနက်မှ ၁၁၀ မှုအား မြေပြန်လည် စွန့်လွှတ်ရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
သို့ရာတွင် အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အများပြည်သူတို့မှ ရှင်းလင်းစွာ နားလည်မှု နည်းပါးနေသေးရာ၊ ပြည်သူတို့ ပိုမို သိရှိနိုင်စေရေး အစီအစဉ်များလည်း အထူး အားကောင်းရန် လိုအပ်ပါသည်။ အချို့သော ကော်မတီအဖွဲ့ဝင်များက သတင်းစာ၊ ဂျာနယ်များ၊ လူမှုကွန်ရက် မီဒီယာများတွင် အလျဉ်းသင့်သလို ရေးသားဖော်ပြပေးမှုများ ရှိနေသည် မှန်သော်လည်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပိုမို စနစ်ကျထိရောက်သည့် နည်းလမ်းဖြင့် သတင်းအချက်အလက် ဖြန့်ဝေမှု မလုံလောက်သေးပါ။
အလားတူပင် တရားမျှတမှုကို နှစ်ပေါင်းများစွာ တောင့်တ စောင့်ဆိုင်းနေကြသော နစ်နာသည့် ပြည်သူ အများစုအနေဖြင့် ကော်မတီသို့ ၎င်းတို့ တင်ပြထားသည့်အမှုကိစ္စနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေး ဆောင်ရွက်နေမှု အခြေအနေကို ပုံမှန် မသိကြပါ။ ထို့ကြောင့် အမှု၏ တိုးတက်မှုနှင့် နောက်ဆုံးအခြေအနေကို သိရှိနိုင်ရေး အတွက် ချဉ်းကပ်မှု နည်းလမ်းမျိုးစုံဖြင့် ကြိုးစား လုပ်ဆောင်ကြပါသည်။
အမှု အချက်အလက်များအရ အမှုများ၏ ၅၀ ရာခိုင်နှုန်းကျော် သည် ကော်မတီတခုထက် ပိုကာ တချိန်တည်းတွင် ပေးပို့တိုင်ကြား ကြပါသည်။ ရလဒ်အားဖြင့် မူလကပင် စွမ်းဆောင်ရည် မြှင့်တင်ပံ့ပိုးမှု လိုအပ်နေသည့် ကော်မတီထံသို့ တူညီသည့် အမှုတိုင်ကြားလွှာများ ထပ်တလဲလဲ ရောက်ရှိသွားကာ ကော်မတီ လုပ်ငန်းစဉ်အား ပိုမို ဝန်ပိရှုတ်ထွေးမှု ဖြစ်စေပါသည်။
အမှုများအား အရေးယူဖြေရှင်းရေး အတွက် လနှင့်ချီကာ စောင့်ဆိုင်းနေရသည့် ကြန့်ကြာမှုများလည်း ကော်မတီအဆင့်ဆင့် အကြား လုံလောက်သော ထိတွေ့ ဆက်သွယ်မှု မရှိသည့်အခါ ပေါ်ပေါက်ပါသည်။ ငြင်းပယ်လိုက်သည့် အမှုများနှင့် စပ်လျဉ်းပြီး သေချာခိုင်မာသော လက်ခံနိုင်ဖွယ်ရာ တုံ့ပြန်အကြောင်းပြချက်များ မရှိသည့်အခါ ပြဿနာ ဖြေရှင်းမှု ယန္တရားအပေါ် နစ်နာသူတို့နှင့် အများပြည်သူတို့ သံသယပေါ်ပေါက် စေပါသည်။
မြေပြင်တွင် လက်တွေ့ကြုံနေရသည့် အခက်အခဲများကို သုံးသပ်ကာ ပိုမို ရှင်းလင်းတိကျသည့် လမ်းညွှန်ချက်များအား ဗဟိုကော်မတီထံမှ စဉ်ဆက်မပြတ် ထုတ်ပြန်ပေးရန် လိုအပ်နေမှုများ၊ အရည်အသွေး မပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုများ၊ အကျိုးစီးပွားနှင့် ပတ်သက် ဆက်နွယ်မှုများသည် အမှုဖြေရှင်းမှုကို ကြန့်ကြာနှောင့်နှေးရန် အားပေးသော ယေဘုယျ အကြောင်းတရားများမှာ ဖြစ်လေ့ရှိပါသည်။
ကော်မတီသည် သိမ်းဆည်းခံ မြေယာပြဿနာ ရပ်များအား တရားမျှတမှုရှိစွာ ဖြေရှင်းရေး အတွက် ကြိုးပမ်းလုပ်ဆောင်ရခြင်း သာမက ဒီမိုကရေစီစနစ် ကူးပြောင်းကျင့်သုံးမှုနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အာဏာခွဲဝေ ကျင့်သုံးမှုတို့ အတွက်ပါ အလွန်အရေးကြီးသည့် စမ်းသပ်စစ်ဆေးမှုများကို ရင်ဆိုင် ဖြတ်သန်းနေရခြင်း ဖြစ်ပါသည်။
တောင်သူလယ်သမားရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တဦးက “တခါတရံမှာ ကော်မတီဥက္ကဋ္ဌက အမှုကိစ္စနဲ့ ပတ်သက်တဲ့ ကော်မတီရဲ့ သုံးသပ်အကြံပြုချက်ကို ကျနော့် လက်မှတ် ထိုးမထားဘဲ အထက်ကို တင်ပြလိုက် တာမျိုး ကြုံရတယ်။ ကော်မတီထဲမှာတော့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးက ပိုပြီး ပါဝါရှိတယ်၊ အမှုတွေ ရောက်လာရင်သူတို့က စသိရပြီး၊ သုံးသပ် အကြံပြုချက်တွေလည်း အချောသတ် ကြပါတယ်။ သူတို့နှစ်ဦးလုံးက အစိုးရ အရာရှိတွေလေ။ ကျနော်တို့ ဒီမိုကရေစီကျကျ လုပ်ဖို့ အလေးထားရင်တော့ အတွင်းရေးမှူးနေရာမှာ တောင်သူလယ်သမား ကိုယ်စားပြုသူလည်း ပါသင့်ပါတယ်” ဟုဆိုပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီအနေဖြင့် သိမ်းဆည်းခံ မြေယာကိစ္စများ ဖြေရှင်းရန် တာဝန်ယူထားရသော်လည်း မြေယာပြဿနာ ရှုထောင့်ကို ကျော်လွန်သည့် လက်တွေ့လုပ်ဆောင်မှု အခက်အခဲများ ရှိသည့် အတွက် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများကို တောင်သူလယ်သမားရေးရာ အရပ်ဘက် လူမှုအဖွဲ့အစည်းကိုယ်စားပြုသူများနှင့် လွှတ်တော် ကိုယ်စားလှယ်တို့ မပါဝင်တော့သည့် ဗဟိုကော်မတီသို့ တင်ပြကာ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းကြပါသည်။
ကော်မတီက စိစစ်ညှိနှိုင်းဖြေရှင်းပြီး မြေပြန်ပေးမည် ဆိုသည့် ဆုံးဖြတ်ချက် ရပြီဆိုလျှင်ပင် ဇာတ်လမ်းက မဆုံးသေးပါ။
၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်းတွင် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ရှမ်းကုန်းရွာမှ သိမ်းဆည်းခံ တောင်သူများသည် တောင်သူ လယ်သမားရေးရာ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ လွတ်တော်ကိုယ်စားလှယ် အပါအဝင် ကော်မတီအဖွဲ့ဝင် အားလုံးနှင့် အတူတကွ ကာလတခု ကြိုးစားလုပ်ဆောင်ခဲ့ပြီးနောက်၊ ၎င်းတို့၏ သိမ်းဆည်းခံ မြေများအား ပြန်လည် စွန့်လွှတ်ပေးတော့မည် ဟု သတင်းကြားခဲ့ရသည်။ သို့ရာတွင် လအတန်ကြာသည် အထိ လက်ဝယ်သို့ ပေးအပ်မှု မခံယူရသေးပါ။
မည်သို့ပင် ဖြစ်စေ၊ ယခုကဲ့သို့သော ကောင်းမွန်သော ရလဒ်တခုကို နစ်နာသည့် ပြည်သူများ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးတို့ ပူးပေါင်းလုပ်ဆောင်မှုဖြင့် ဖော်ဆောင်နိုင်ခဲ့ပြီ ဟူသော အချက်မှာ အားတက်စရာ လက္ခဏာပင် ဖြစ်ပါသည်။
ဤသို့ အများပါဝင်သည့် ဆုံးဖြတ်လုပ်ဆောင်မှုများတွင် ဆက်နွယ်ပတ်သက်သူများ အားလုံးက အပြုသဘောဆောင်သည့် အတွေးအခေါ် စိတ်သစ်လူသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု အလေ့အထများ အထူး လိုအပ်ပါ သည်။ ယခုကဲ့သို့ မြေယာအရေးကိစ္စရပ်များတွင် ပြည်သူတို့ ပါဝင်ဆွေးနွေး ဆုံးဖြတ်မှု အလေ့အထမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ပတ်ဝန်းကျင် ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ရှိခဲ့ပါသည်။
လက်ရှိအချိန်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည့်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အနေဖြင့် ကျော်လွှားရမည့် စိန်ခေါ်မှုများမှာ အများအပြား ကျန်ရှိနေရာ၊ သက်ဆိုင်ရာ ကော်မတီတွင် ပါဝင်သူများက ရည်မှန်းချက်၊ မူဝါဒများ အတိုင်း ပိုမိုအားစိုက် လုပ်ဆောင်ရဦးမည် ဖြစ်ပါသည်။
ကော်မတီအနေဖြင့် သိမ်းဆည်းခံ မြေယာကိစ္စရပ်များအား ထိရောက်မျှတစွာ စီမံခန့်ခွဲ ဖြေရှင်းပေးနိုင်ခဲ့မည် ဆိုပါက အလားတူ ရှုတ်ထွေးနက်နဲသော အရေးတကြီးကိစ္စရပ်များကို ဆောင်ရွက်ရာတွင်လည်း အစိုးရသည် ပြည်သူတို့နှင့် အတူ ပူးပေါင်း အဖြေရှာသော စစ်မှန်သည့် ဒီမိုကရေစီ အလေ့အထများ တိုးပွားလာစေရေး လမ်းပြပေးသည့် နမူနာကောင်းတခု အဖြစ်သမိုင်းတွင် ကျန်ရစ်မည် ဖြစ်ပါသည်။
(ရဲရင့်ထွန်းသည် Namati: Innovations in Legal Empowerment ၏ Program Manager တဦးဖြစ်ပြီး ဥပဒေရေးရာ ဆောင်းပါးများ ရေးသားလျှက် ရှိသည်။)