သူ့အတွေး သူ့အမြင်

အမျိုးသမီးတွေရဲ့ ဘဝအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေး

ဖွံ့ဖြိုးတိုးတက်မှု အတွက် ငြိမ်းချမ်းရေး ရရှိရေးဟာ မဖြစ်မနေ အရေးပါတဲ့ အချက်တချက်ပါ။ ငြိမ်းချမ်းရေးရမှ နိုင်ငံတနိုင်ငံ တည်ငြိမ်မှုရှိမှာ ဖြစ်ပြီး နိုင်ငံတည်ငြိမ်မှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာပါ တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း ကျမတို့ မြန်မာနိုင်ငံဟာ အရှည်ကြာဆုံးသော ပြည်တွင်းစစ်နဲ့ အတူ မငြိမ်းချမ်းမှုရဲ့ ဆိုးကျိုးတွေကို ခံစားနေရဆဲပါ။

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြောင့် အဓိက ထိခိုက်ခံစားရသူတွေ ဖြစ်ပါတယ်။ ခုထက်ထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားလို့ တိမ်းရှောင် ထွက်ပြေးနေရတဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ သူတို့ရဲ့ နေအိမ်တွေ၊ စိုက်ပျိုးရေး တောင်ယာတွေကို စွန့်ခွာခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေရ ပါတယ်။

စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေရသူပေါင်း ၁ သိန်းကျော် ရှိရာမှာ အထက်က ပြောခဲ့သလို အမျိုးသမီးနဲ့ ကလေးငယ် အရေအတွက်က ပိုများပါတယ်။ တချို့ စခန်းတွေမှာဆို စားသောက်ရေး အတွက်ပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ တလစာ ထောက်ပံ့ငွေဟာ ကျပ် သောင်းဂဏန်းလောက်ပဲ ရှိတာမို့ လုံလောက်တဲ့ ပမာဏ မဟုတ်ပါဘူး၊  တချို့ အမျိုးသမီး တွေဟာ ဆိုရင်လည်း ခင်ပွန်းဖြစ်သူက သေဆုံးသွားတာ ရှိတဲ့အတွက် ပိုပြီး ခက်ခက်ခဲခဲ ရပ်တည်နေရပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်ပါဘူး။ ဖြစ်သလို ကလေးမီးဖွားရတဲ့ တချို့အမျိုးသမီးတွေဟာ  အသက်ပါ ဆုံးရှုံးရတာတွေ ရှိနေပါတယ်။ အာဟာရ ပြည့်ပြည့်ဝဝ စားသောက်ရဖို့ ကလည်း လိုအပ်ချက်ကြီးတရပ် အနေနဲ့ ဆက်ရှိနေဆဲပါ။ ကလေးငယ်တွေဟာ တိမ်းရှောင် ထွက်ပြေးနေရတဲ့ ဖြစ်စဉ်ထဲမှာ မြေစာပင်တွေ ဆက်ဖြစ်နေပြီး ပညာရေးကို ဆုံးခန်းတိုင် ဆက်လက်သင်ယူဖို့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ကူညီလှူဒါန်းနေတဲ့ အလှူရှင်တွေ ရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လိုသလောက် မရောက်တာ တွေလည်း ရှိပါတယ်။ တဖက်က စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေကို တားဆီးခံရတဲ့ အခါမှာ အခြေအနေက ပိုဆိုးသွား ပါတယ်။ စားသောက်ရေးတင် မက ပါဘူး၊ မိုးရာသီဆို မိုးများရင် များသလောက် အမိုးအကာ မလုံလောက်မှုတွေပါ ရှိနေတာ တွေ့ရပါတယ်။ ရာသီဥတုကြောင့် ဖျားနာ နေမကောင်းဖြစ်သူတွေ ပိုများလာနိုင်တဲ့ အနေအထားပါ၊ ခိုက်ခိုက်တုန်အောင် ချမ်းအေးတဲ့ ဆောင်းရာသီမှာလည်း အနွေးထည်နဲ့ စောင် မလုံလောက်မှုတွေလည်း ရှိနေပါတယ်။

ဒီလို အခက်အခဲတွေတင် မကပါဘူး၊ မြေမြှုပ်မိုင်း အန္တရာယ်ကပါ ပဋိပက္ခ ဒေသတွေက အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝပေါ် ခြိမ်းခြောက် နေတာပါ၊ တောင်ယာသွားရင်း မိုင်းနင်းမိလို့ ခြေပြတ်၊ လက်ပြတ်ဖြစ်ရတဲ့ အမျိုးသမီးတွေ ရှိနေသလို အသက် သေဆုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။ ခုထက်ထိ မြေမြှုပ်မိုင်း ရှင်းလင်းရေးကို စနစ်တကျ မဆောင်ရွက်နိုင်သေးတာ ကြောင့် ဟင်းသီးဟင်းရွက် ခူးဆွတ်တာကအစ မလုံခြုံတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

နောက်ထပ် စိုးရိမ်စရာ အချက် တချက်ကတော့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရတဲ့ ကိစ္စပါ၊ ၂၀၀၀ ပြည့်နှစ်မှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၃၂၅)၊ အပိုဒ် ၁၀ မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်သော အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ရိုက်နှက်ညှဉ်းပန်းမှု အပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဌာန် မျိုးစုံ၏ အန္တရာယ်မှ ကင်းဝေးစေရေး အတွက် လက်နက်ကိုင်စစ်ပွဲများတွင် ပါဝင် ပတ်သက်သော အဖွဲ့အစည်းအားလုံးမှ အမျိုးသမီးများကို အထူးဂရုပြု စောင့်ရှောက်ရန် တောင်းဆိုချက်များ” ကို ဖော်ပြထားပါတယ်။

ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံကလည်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံ အနေနဲ့ အမျိုးသမီးတွေကို စောင့်ရှောက်ဖို့ တာဝန်ရှိ ပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုကျင့် ခံရတာတွေ ရှိသလို အဓမ္မ ပြုကျင့်ခံရတာတွေပါ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့် ဘယ်အဖွဲ့အစည်းကပဲ ကျူးလွန်တာ ဖြစ်ပါစေ၊ ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ကြိုးစားရမှာပါ။

အမျိုးသမီးတွေရဲ့ ဘဝအပေါ် နောက်ထပ် ရိုက်ခတ်မှု တခုကတော့ စစ်ပွဲကြောင့် ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရသူတွေဟာ လူကုန်ကူး ခံရနိုင်တဲ့ အန္တရာယ်ပါပဲ၊ နေ့စဉ် အသက်ရှင် ရပ်တည်ဖို့အတွက် လုံလောက်တဲ့ ဝင်ငွေလည်း မရှိသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးနေရင် လူကုန်ကူးမှုရဲ့ သားကောင် အလွယ်တကူ ဖြစ်သွားနိုင်ပါတယ်။ ရိုးသားတဲ့၊ ရိုးအ,တဲ့ မိန်းကလေးတွေဟာ လူမှောင်ခိုပွဲစားတွေရဲ့ မျက်စေ့ကျစရာ ဖြစ်လာပါတော့တယ်။ တရုတ်နိုင်ငံမှာ အလုပ် သွားလုပ်ရမယ်၊ လစားကောင်းကောင်း ရမယ်၊ ဝတ်ကောင်းစားလှ ဝတ်ရ၊ စားရမယ် ဆိုတဲ့ “မက်လုံး” တွေကို ယုံကြည်မိ သွားကြတာပါ။

တဖက်က ပြန်စဉ်းစားကြည့်ရင်လည်း ကိုယ့်ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်း နေရဖို့ လမ်းစမရှိ၊ ဝင်ငွေက မရှိ၊ နေ့တိုက်ပွဲ ဖြစ်မလား၊ ညတိုက်ပွဲဖြစ်မလား မသေချာတဲ့ အနေအထားမှာ ကောက်ရိုးမျှင်ကို တွယ်သလို တွယ်မိသွားအောင် အခြေအနေ တွေက တွန်းပို့လိုက်တာပါပဲ။

မိန်းကလေးငယ်တွေဟာ တရုတ်နိုင်ငံကို ရောက်တော့ သူတို့ ထင်ထားတာနဲ့ ဘာမှမဆိုင်ဘဲ ဇနီးမယား အဖြစ် ရောင်းစား ခံရပါတော့တယ်။ လူပွဲစားတွေက ပွဲစားခ မြိုးမြိုးမြက်မြက် ရသွားပေမယ့် မိန်းကလေးတွေ မှာတော့ လောကငရဲဆီ သက်ဆင်းရ ပါတော့တယ်၊ မှတ်ပုံတင် ပါသွားရင်တောင် မှတ်ပုံတင်ကို သိမ်းထားတာ၊ ထွက်မပြေး နိုင်အောင် အိမ်ထဲမှာ ပိတ်လှောင် ထားတာတွေ ဖြစ်လာပါတယ်။ တချို့ဆို တရုတ် ဇနီးမယား အဖြစ် ကလေးတွေ မွေးပေးပြီးမှ မနည်း လွတ်မြောက်အောင် ထွက်ပြေးလာရတာတွေ ရှိနေတာပါ။

မငြိမ်းချမ်းသေးသရွေ့ ဆိုးကျိုးတွေရဲ့ သက်ရောက်မှုက ကြီးမားနေဆဲဖြစ်လို့ “ငြိမ်းချမ်းရေး” ဟာ အမျိုးသမီးတွေရဲ့ ဘဝ အတွက် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်၊ ဆင်းရဲတွင်းထဲကို စစ်ပွဲတွေက ပိုတွန်းပို့နေဆဲဖြစ်ပြီး နေဖို့၊ စားဖို့တောင် အနိုင်နိုင် ဖြစ်နေလို့ သား၊ သမီးတွေကို ပညာရေး ဆုံးခန်းတိုင် သင်ကြားပေးဖို့ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။  တခါ အဲဒီကလေးတွေရဲ့ ပညာရေး တပိုင်းတစ ဖြစ်နေရင် သူတို့လေးတွေရဲ့ ဘဝ လူတလုံး သူတလုံး ဖြစ်လာဖို့ မလွယ်တော့ပါဘူး။

နေရပ်စွန့်ခွာပြီး ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေရတဲ့ အမျိုးသမီးတွေကို နိုင်ငံတွင်း နေရာချထားရေး ကိုလည်း စနစ်တကျ လုပ်ဆောင်သွားရမှာပါ။ ပြန်လာသူတွေ ရှိပေမယ့် စား၊ ဝတ်၊ နေရေး အခက်အခဲတွေ ရှိနေဆဲမို့ ပြန်လည် ထူထောင်ရေး အတွက် ရေရှည်အစီအမံတွေ ချမှတ် ဆောင်ရွက်သင့်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီး ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ “ငြိမ်းချမ်းရေး” ရရှိရေးဟာ တဖက်နဲ့ တဖက် ယုံကြည်မှု တည်ဆောက်နိုင်ရေး အပေါ် မူတည်နေတာကြောင့် အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြနိုင်မှသာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံစွာ ရှင်သန်နိုင်ခွင့် ရှိမှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်။ ။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)

Loading