တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မြန်မာ့တပ်မတော်က ရှင်းလင်းနိုင်မလား

Joe Kumbun
နေပြည်တော်တွင် ကျင်းပခဲ့သော တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတခု / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော်က သူတို့၏ တပ်ဖွဲ့များ အင်အားတောင့်တင်းလာအောင် ဆောင်ရွက်နေကြောင်း သိသာထင်ရှားစွာ ပြသခဲ့ပြီး ဖြစ်သည်။ ဂျပန်၊ အိန္ဒိယ၊ ရုရှား၊ အစ္စရေး၊ ပါကစ္စတန် နှင့် ဥရောပ စသည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လတ်တလောပြည်ပ ခရီးစဉ် အများအပြားတွင် လက်နက်ဆိုင်ရာ သဘောတူညီမှုများ ရရှိရန် ကြိုးပမ်းခဲ့သည်။ မြန်မာ့တပ်မတော်က စစ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန် လက်ရှိ အသုံးပြုနေသည့် ခေတ်မမီ တော့သော စစ်လက်နက်ပစ္စည်းများနေရာတွင် ခေတ်မီလက်နက်များနှင့် အစားထိုးနိုင်ရန် ကြိုးစားနေသည်မှာ ထင်ရှား ပါသည်။

ကာကွယ်ရေး ဦးစီးချုပ်၏ လတ်တလောဆောင်ရွက်ချက်များ ကြောင့် မေးခွန်း အများအပြားထွက်ပေါ်လာခဲ့သည်။ မြန်မာ နိုင်ငံတွင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ရေး အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ် ရမည့် အချိန်တွင် မြန်မာ့တပ်မတော်က မည်သည့် အတွက်ကြောင့် စစ်ရေးစွမ်းဆောင်ရည် ခေတ်မီတိုးတက်လာရန် ဆောင်ရွက်နေပါသနည်း။ တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖယ်ရှားရန် ကြိုးစားနေခြင်း ဖြစ်ပါသလား။ ဤသို့ ဆိုလျှင် တပ်မတော်ကို မည်သူကထောက်ခံမည် နည်း။ ဤသို့မဟုတ်ဟု ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သော တပ်မတော်၏ မူဝါဒက မည်သို့ရှိပါသနည်း။

အဆိုပါ မေးခွန်းများကို ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်မှသာ ဖြေနိုင်မည် ဖြစ်သည့်အတွက် ကျနော့် အနေဖြင့် တပ်မတော်၏ ဆောင်ရွက်မှုများကို စောင့်ကြည့် လေ့လာ၍ ခန့်မှန်းကြည့်ဖို့ ဖြစ်လာခဲ့ရပါသည်။

တပ်မတော်၏ ဗျူဟာများ

လေ့လာချက်များအရ ဖြစ်နိုင်ချေ ရှိသော မြန်မာ့တပ်မတော်၏ ရည်မှန်းချက်တခုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖယ်ရှားရန် ဖြစ်ပါသည်။ သီရိလင်္ကာ တပ်မတော်က တမီလ်ကျား လက်နက်ကိုင်များကို အနိုင်ယူခဲ့ ခြင်းက မြန်မာ့တပ်မတော်ကို အားကျစေခဲ့သည်။ ထင်ရှားသည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး တဦးဖြစ်သော ဦးလှဆွေ (ဘူးလက်လှဆွေ) က ၂၀၁၃ ခုနှစ်တွင် ဘီဘီစီ သတင်းဌာန နှင့် အင်တာဗျူးလုပ်သည့် အချိန်တွင် တမီလ်ကျား အဖွဲ့ အရှုံးပေးသည့် အကြောင်းကို ထည့်သွင်းပြောဆိုခဲ့သည်။

အကယ်၍ မြန်မာတပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖယ်ရှားမည် ဆိုလျှင် ကွဲပြားခြားနားသည့် အဖွဲ့ များကို တဖွဲ့ပြီး တဖွဲ့၊ တဆင့်ပြီးတဆင့် ထိန်းချုပ်သွားမည် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များ အင်အားနည်းပါး သွားစေရန်အတွက် ၎င်းတို့၏ ကျော်ကြားသော ဖြတ်လေးဖြတ် ဗျူဟာ ဖြင့် ရိက္ခာ၊ ငွေကြေး၊ လူအင်အားစုဆောင်းခြင်း နှင့် သတင်းအချက်အလက် ဖြတ်တောက်ခြင်းများကို အကောင်အထည်ဖော်ခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အထောက်အပံ့ဖြစ်စေမည့် သဘာဝအရင်း အမြစ်များကို ပစ်မှတ် ထားခဲ့သည်။ တပ်မတော်က ရွှေ၊ ပယင်း၊ ကျောက်စိမ်း နှင့် ကျွန်းသစ်များ ကဲ့သို့ တန်ဖိုးကြီးသဘာဝ အရင်းအမြစ်များ ရှိသည့်နေရာများ တွင် ကြီးမားသော ထိုးစစ်များ ဆင်နွဲခဲ့သည်။ ပယင်းနှင့် ရွှေတွင်းများရှိသည့် ဒေသဖြစ်သော ကချင်ပြည်နယ်၊ တနိုင်း မြို့နယ် တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို တိုက်ခိုက်သည့် တပ်မတော် ၏ လတ်တလော ထိုးစစ်များက တပ်မတော်၏ ဖြတ်လေးဖြတ် ဗျူဟာကို ပြသနေသည့် ဥပမာတခု ဖြစ်သည်။

မြန်မာ့တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အင်အားနည်းစေရေး အတွက် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ကိုလည်း အသုံးပြုနေခဲ့သည်။ တပ်မတော်က အရပ်သားအများ အပြား အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ပတ်သက်မှုရှိသည်ဟု သံသယရှိသည့် တိုင်းရင်းသား လူနည်းစုများကို တရားစွဲဆို ခဲ့ သည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် ပြည်သူများကြားမှ ဆက်သွယ်ရေးကို နှောင့် နှေးစေပြီး တိုင်းရင်းသား အဖွဲ့များကို အားနည်းစေခဲ့သည်။

မြန်မာ့တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပေါ်တွင် မြေပြင်တပ်ဖွဲ့များ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပူးပေါင်း၍ ပြင်းထန်သော ထိုးစစ်များဆင်နွှဲခဲ့သည်။ ပြီးခဲ့သည့် ၅ နှစ် အတွင်းတွင် ပြင်း ထန်သော တိုက်ခိုက်မှုများကြောင့် KIA ၏ ဗျူဟာမြောက် စခန်းများဖြစ်သော ခရာဘွမ် (KIA ၏ ဌာနချုပ် ဖြစ် သော လိုင်ဇာ နှင့် ၅ မိုင်မျှသာဝေးသည့် ဗျူဟာမြောက်နေရာ)၊ ဘွမ်တောင်၊ ဖုန်ပျဉ်ဘွမ်၊ ဂီဒုန် နှင့် Lai Hpawng စသည့် စခန်း အများအပြား ဆုံးရှုံးခဲ့ရသည်။ ဖားကန့်မှ တပ်ရင်း ၆ နှင့် အင်းတော်ကြီးမှ တပ်မဟာ ၈ တို့ နေရာရွှေ့ပြောင်းခဲ့ရသည်။ ကိုး ကန့်ဒေသမှ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) မှာလည်း လတ်တလော တွင် ဗျူဟာကျသော စခန်းအများအပြား ဆုံးရှုံးခဲ့ရသည်။

အရှေ့ဘက် မျှော်ကြည့်ခြင်း

သို့သော်လည်း တိုင်းရင်းသား လက်ကိုင်အဖွဲ့များကို ဖယ်ရှားရေး ရည်ရွယ်ချက်သည် ပြင်ပမှ အကူအညီမပါဘဲ မပြည့်စုံနိုင် ကြောင်း မြန်မာ့ တပ်မတော်က သတိထားမိသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ဖြစ်သည်။ မြန်မာ့တပ်မတော်က တရုတ် နိုင်ငံ နှင့် ဆက်ဆံမှုတိုးမြှင့်လာခဲ့သည်မှာ ထိုရည်ရွယ်ချက်ဖြင့် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်တွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်၍ ဖြစ်သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ နှင့် ပတ်သက်၍ မှတ်သားလောက်စရာ မူဝါဒ ၂ ခု ကျင့်သုံးသည်။ ပထမ မူဝါဒမှာ မြန်မာ့တပ် မတော်ကို နိုင်ငံတကာ၏ အပြစ်ပေးခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က စစ်ဆေးခြင်း၊ အရေးယူခြင်းဟူသမျှ ပြုလုပ်နိုင်ခြင်း မရှိအောင် တရုတ်နိုင်ငံက သံတမန်ရေးအရ ကာကွယ်ပေးထား သည်။ ဥပမာအား ဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ လုံခြုံရေး ကောင်စီက စိုးရိမ်ကြောင်းဖော်ပြသည့် ကျေညာချက် အတို တစောင် ထုတ်ပြန်ရေးကို တရုတ် နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့က တားဆီးခဲ့ကြသည်။ မြန်မာနိုင်ငံ နှင့် ပတ်သက်သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် မူကြမ်းတခုကိုလည်း ၂၀၀၇ ခုနှစ် တွင် တရုတ်နိုင်ငံက ဗီတို အာဏာ သုံး၍ပယ်ချခဲ့သည်။

ဒုတိယ မူဝါဒမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထောက်ခံသူဖြစ်ရန် အလားအလာရှိသူမှန်သမျှ ကို တရုတ်နိုင်ငံမှ ဖယ်ထုတ်ရန် ဖြစ်သည်။ သမ္မတ ရှီကျင်ဖျင့်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုနှင့် အညီ တရုတ်ဗဟို အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး လုပ် ငန်း နှင့် (တခါတရံ ရှုပ်ထွေးသော စီးပွားရေးဆက်သွယ်မှုများမှ တဆင့် ဖြစ်သည့်) အခြားဖက်စပ်လုပ်ငန်းများ ကဲ့သို့သော စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံယရှိသော တောင်ပိုင်း ယူနန်ပြည်နယ်မှ တာဝန်ရှိသူများကို ဖိအားပေးခဲ့သည်။

Tengxun News ၏ အဆိုအရ တရုတ်အစိုးရက ထိပ်တန်းအရာရှိကြီး ၈ ဦးဖြစ်သည့် ကွန်မြူနစ်ပါတီ ဒုတိယ အတွင်းရေး မှူးဟောင်း Qiu He၊ ကူမင်း ဒုတိယ အမှုဆောင်မြို့တော်ဝန် Li Xi၊ ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးဟောင်း Shen Peiping၊ ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဟောင်းများ ဖြစ်သည့် Qin Guangrong နှင့် Bai Enpei၊ ကူမင်းမြို့ တော် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဟောင်းများ ဖြစ်သည့် Gao Jinsong နှင့် Zhang Tianxin တိုနှင့် ကူမင်း ဒုတိယ မြို့ တော်ဝန်ဟောင်း Xie Xinsong တို့ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းတွင် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိ ရသည်။ အဆိုပါ ပုဂ္ဂိုလ်များသည် KIA၊ MNDAA နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်ဟု တရုတ်အစိုးရက သံသယ ရှိခဲ့သည်။

၂၀၁၇ မတ်လ တွင် MNDAA ကို ငွေ ကြေးထောက်ပံ့ရာတွင် အသုံးပြုနေသော ငွေစာရင်းများကို တရုတ် အစိုးရပိုင် ဘဏ်တခု ဖြစ်သည့် တရုတ်စိုက်ပျိုးရေးဘဏ် (AgBank) က ဆိုင်းငံ့ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက် နေ့တွင် တရုတ် အာဏာပိုင်များက နယ်စပ်ဒေသမှ ဘဏ်ငွေစာရင်း (account) ၅၀၀၀ ကျော်ကို ပိတ်ပင်ခဲ့သည်။ နယ်စပ် ကုန် သွယ်ရေး တည်ငြိမ်မှုကို တိုးမြှင့်နိုင်ရေး အတွက် ငွေကြေးခဝါ ချမှု ၊ လောင်းကစား နှင့် ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ဖြစ်သည်ဟု သူတို့ကပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တရုတ်နိုင်ငံမှ လူများနှင့် စီပွားရေးလုပ်ခြင်းကို မြန်မာ့တပ်မတော်ကလည်း မလို လားပါ။ အဘယ်ကြောင့် ဆိုသော် တရားမဝင်ကုန်သွယ်မှုမှ ရရှိသည့် ဝင်ငွေများက တရားဝင်ငွေဖြူ ဖြစ်သွားမည်ကို စိုး ရိမ်သောကြောင့် ဖြစ်သည်။ထို့ကြောင့် တရုတ်နိုင်ငံက ပြန်ပြီး သိတတ်စေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်က မြန်မာ နိုင်ငံ အတွင်းမှ စီးပွားရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံက ကြီးမားစွာ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခြင်းလည်း ဖြစ်ကောင်း ဖြစ် နိုင်ပါသည်။ တရုတ်နိုင်ငံက ၎င်း၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို အကောင်အထည်ဖော်ရန် အရင်းအမြစ်များလိုအပ် နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံက ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူဒေသမှ စတင်သည့် ရေနံ နှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အပါအဝင် ရှမ်းပြည်နယ် မန်တုံ တွင် ရေအားလျှပ်စစ် စက်ရုံများတည်ဆောက်ခြင်း၊ ကချင် ပြည်နယ်မှ မြစ်ဆုံ စီမံကိန်း (လက်ရှိအချိန်တွင် ဆိုင်းငံ့ထားသည်) နှင့် အခြား စီမံကိန်း အများအပြားတွင် ဒေါ်လာ ဘီလီ ယံ ပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေခြင်း ဖြစ်သည်။

အနောက်သို့ မျှော်ကြည့်ခြင်း

သို့သော်လည်း လတ်တလောတွင် မြန်မာ့တပ်မတော်က အိန္ဒိယနိုင်ငံ ဘက်သို့ လှည့်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်း တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယ နိုင်ငံသို့ ၈ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi၊ ကာကွယ်ရေးဝန်ကြီး Arun Jaitley နှင့် အမျိုးသားလုံခြုံရေး အကြံ ပေး Ajit Doval တို့ နှင့် တွေ့ဆုံခဲ့သည်။

အိန္ဒိယ စစ်ဘက်မှ သတင်းများအရ မြန်မာ့တပ်မတော်က ၎င်း၏ ရေတပ်အတွက် တော်ပီဒိုများ ဝယ်ယူရန် အိန္ဒိယ နိုင်ငံ နှင့် ၂၀၁၇ ခုနှစ် မတ်လတွင် သဘောတူညီချက် ပြုလုပ်ခဲ့သည်ဟု သိရသည်။ အမေရိကန် ဒေါ်လာ ၃၇.၉ သန်း တန် ကြေးရှိ သဘောတူညီချက်ဖြစ်သည်။ ထိုသဘောတူညီချက်က အိန္ဒိယ နှင့် မြန်မာနိုင်ငံကြားတွင် ပထမဆုံး သဘောတူ ညီ ချက် မဟုတ်ပါ။ တပ်မတော်က ရော့ကက်လောင်ချာများ၊ မော်တာများ၊ ရေဒါများ၊ ညကြည့် ကိရိယာများ၊ တံတားများ နှင့် ဆက်သွယ်ရေး ကိရိယာများ အပြင် ဘူဒိုဇာများ၊ မြေသယ်ကားများ နှင့် မြေထိုးစက်များကဲ့သို့သော ဆောက်လုပ်ရေး ပစ္စည်းများ ဝယ်ယူရရှိခဲ့ပြီး ဖြစ်သည်။

ယခင်က တရုတ်နိုင်ငံက လွှမ်းမိုးခဲ့သော မြန်မာရေတပ် အဆင့်မြှင်တင်မှုများတွင် ထောက်ပံံ့ပေးနိုင်ရန် အိန္ဒိယ နိုင်ငံက စိတ်အားထက်သန်နေသည်။ ကုန်းမြေ နှင့် ပင်လယ်ရေပြင် နယ်နိမိတ်ချင်း ထိစပ်နေသည့် တခုတည်းသော အိမ်နီးချင်း အာဆီယံ နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက ခြေချရန်ကြိုးစားခြင်းကို အိန္ဒိယနိုင်ငံက အကြီးအကျယ် ဥပေက္ခာပြုထားခဲ့မိသည်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ နှင့် နောက်ထပ် သံတမန်ရေး၊ စီးပွားရေး နှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဆန္ဒ ရှိနေသည်။

နိုင်ငံ ၂ ခုကြားတွင် နီးကပ်သော ဆက်ဆံရေး ရှိခြင်းကြောင့် အကျိုးကျေးဇူး အများအပြားရရှိနိုင်ပါ လိမ့်မည်။ သို့သော် လည်း မြန်မာ့တပ်မတော်အတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်ရေး၏ အဓိက အကြောင်း ပြချက်မှာ တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးတွင် အားသာချက် ရရှိရန် ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံကသာ နယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဆက်လက်ထောက်ပံ့နေခဲ့လျှင် မြန်မာနိုင်ငံက စစ်ရေး အရင်းအမြစ်နှင့် အကျိုးအမြတ်များသော ရင်းနှီးမြှုပ် နှံ မှု စီမံကိန်းများအတွက် အိန္ဒိယ နိုင်ငံဖက်သို့ ရုတ်တရက် လှည့်သွားနိုင်ကြောင်း တပ်မတော်က တရုတ်နိုင်ငံကို သိစေလိုသည်။

ငြင်းနိုင်စရာ မရှိသည်မှာ မြန်မာ့တပ်မတော်က သူတို့ကိုယ်သူတို့ ကာကွယ်ရန် စွမ်းဆောင်ရည် အင်အားမရှိသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း အချို့ကို ဖယ်ရှားနိုင်ချေရှိခြင်းဖြစ်သည်။ သို့သော်လည်း ကြီးမားသော အဖွဲ့များကို ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်ပါ။ သီရိလင်္ကာနိုင်ငံကဲ့သို့ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် အင်အားကောင်းသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အများအပြား ရှိနေသည်။ အထူးသဖြင့် တပ်ဖွဲ့ဝင် အင်အားကို ၃၀၀၀၀ ခန့်အထိ မြှင့်တင်ထားသည်ဟု ခန့်မှန်း ရသော UWSA ဖြစ်သည်။ ထို့ကြောင့် မြန်မာ့တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ဖယ်ရှားပစ်မည်ဟု ယူဆပါက မှားယွင်းလိမ့်မည် ဖြစ်သည်။

မြန်မာ့တပ်မတော်က ညှိနှိုင်းဆွေးနွေးရန် နှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များနှင့် တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမည့် သဘောတူညီချက်တခု ရရှိရန် အကောင်းဆုံး လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပေါ် နောက်ထပ် ဖိအားပေးမှုများ၊ ရန်စမှုများ နှင့် အနိုင်ကျင့်မှုများက တိုင်းပြည်၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ ပျက်စီးခြင်း နှင့် အသေအပျောက်တိုးလာခြင်းကိုသာ ဖြစ်စေပါလိမ့်မည်။ မည်သည့် မြန်မာ နိုင်ငံသားကမှ ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ သေဆုံးမှုများကို ဆက်ပြီး မဖြစ်စေချင်ကြတော့ပါ။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Will the Myanmar Army Wipe Out Ethnic Armed Groups?  ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading