မရဏ၊ မုသာဝါဒနှင့် ဗီဒီယိုတိပ်

David Scott Mathieson
မကြာသေးမီ အတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီး အစိုးရက စုံစမ်းစစ်ဆေးမည်ဟု ကတိပေးခဲ့သော ဗီဒီယို
Want create site? Find Free WordPress Themes and plugins.

အရပ်သား ဝတ်စုံဝတ်ဆင်ထားသော သူများကို ရိုက်နှက်စစ်မေးနေသော မြန်မာ့တပ်မတော်မှ တပ်သားများကို ဖုန်းဖြင့် ရိုက်ကူး ထားသော လှုပ်ခါနေသည့် ဗီဒီယိုသည် မကြာသေးမီ အတွင်း လူမှုကွန်ရက် အသုံးပြုသူများကို တုန်လှုပ် ခြောက်ခြားစေခဲ့သည်။ လူ့အခွင့်အရေး အဖွဲ့များက ထို ၁၇ မိနစ်ကြာ ဗီဒီယိုကို ထောက်ပြပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ မေလနှောင်းပိုင်းက နေပြည်တော်တွင် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကျင်းပနေချိန်တွင် မြန်မာ့တပ်မတော်က ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ထို ဗီဒီယိုက ပြသနေသည်ဟု ပြောကြသည်။

စစ်သားများက လက်ထိပ်ခတ် ခံနေရသော သူများကို သံခမောက်နှင့် ရိုက်သည်၊ ကန်သည်၊ ချွန်ထက်သော လက်နက်များ နှင့် ခြိမ်းခြောက်ကာ ပလောင်စကားပြန်မှ တဆင့် လက်နက်များ မည်သည့်နေရာတွင် ဝှက်ထားသည်ကို မြန်မာ စကားဖြင့် စစ်မေးနေသည်။ ထိုဗီဒီယို၏ ပြင်းထန်သော ရိုက်ခတ်မှုကို မငြင်းနိုင်ပေ။

နယူးယောက်တိုင်းမ်က ကိုးကားဖော်ပြခဲ့သော လူ့အခွင့်အရေး အဖွဲ့များက ထိုဗီဒီယိုကို လွန်ခဲ့သော ရက် အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်က ရိုက်ကူးခဲ့သည် ဟု ပြောသည်။ သို့သော် ကျွမ်းကျင်သူများက ပဋိပက္ခ သတင်းများကို မရင့်ကျက်သေးသော လူမှုကွန်ရက် တင်ခြင်း၏ အန္တရာယ်ကို ထောက်ပြပြီး ထို ဗီဒီယိုကို လွန်ခဲ့သော နှစ်နှစ်ခန့်က ရိုက်ကူးထားသော ဗီဒီယိုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဖေ့စ်ဘုတ်တွင် ထို ဗီဒီယို တင်ပြီး မကြာမီမှာပင် ထိုဗီဒီယို မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သတင်းရင်းမြစ်များကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနမှ လေးစားစရာကောင်းသော သတင်းထောက် ကိုလဝီဝမ်က ထိုဗီဒီယိုသည် ၂၀၁၅ ခုနှစ်က ရှမ်းပြည် မြောက်ပိုင်းမှ ဖြစ်ရပ်တခုကို ရိုက်ကူးထားခြင်း ဖြစ်ကြောင်း တင်ပြနိုင်ခဲ့သည်။

(ကိုလဝီဝမ်မှာ မကြာသေးမီက မြန်မာ့တပ် မတော်စစ်သားများက ရှမ်းပြည်နယ်တွင် ဖမ်းဆီးပြီး မတရားသင်း ဆက်သွယ်မှု အက် ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရပြီး၊ ထောင် ၃ နှစ်ခန့် အထိ ကျခံရနိုင် သည့် အခြေအနေ ရှိသည်။)

TNLA ၏ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သော ပလောင်ပြည်သူ့လွတ်မြောက်ရေး တပ်ဦးက ထိုဖြစ်ရပ်ကို ၂၀၁၅ ခုနှစ် မေလ ၂၇ ရက်နေ့က ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာတွင် ရိုက်ကူးထားခြင်း ဖြစ်ပြီး ပါဝင်ပတ်သက်သူများသည် အမှတ် ၈၈ ခြေမြန်တပ်မနှင့် တပ်မတော်၏ မဟာမိတ် ပန်းဆေး ပြည်သူ့စစ်မှ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ရှင်းလင်းသည့် စာတစောင်ကို ထုတ်ပြန်သည်။ ဗီဒီယိုတွင် ပါရှိသူ ၄ ဦးသည် အဖမ်းခံခဲ့ရပြီး ၂၀၁၆ ခုနှစ် မေလတွင် ပြန်လွတ်လာသည်။

“ဤဖြစ်စဉ်နှင့် စပ်လျဉ်း၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး ချိုးဖောက်မှုများကို တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်” ဟု ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့သည်မှာ ရှားရှား ပါးပါးဖြစ်ရပ် ဖြစ်သလို ကြိုလည်း ကြိုဆိုသည်။

သို့သော် ထို စကားလုံးများသည် အနှစ်သာရ မရှိသော စကားလုံးများလည်း ဖြစ်နိုင်သည်။ အရပ်သား အစိုးရသည် စစ်ဆင်ရေးများနှင့် စစ်ဘက် တရားစီရင်ရေးအပေါ် ထိန်းချုပ်ခွင့် မရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းစစ်ဆေးမှု သမိုင်းမှာလည်း ဆိုးရွားလှသောကြောင့် ဖြစ်သည်။

သို့သော် ထို ဗီဒီယိုသည် မည်သည့် နည်းနှင့်မျှ အင်တာနက်တွင် ပထမဆုံး ထွက်ပေါ်လာသော အလားတူ ဗီဒီယို မဟုတ်သလို မြန်မာနိုင်ငံ၏ ပဋိပက္ခဒေသ အများအပြားမှ လွန်ခဲ့သော ၂ နှစ် အတွင်း ထွက်ပေါ်လာသော ဗီဒီယိုများအနက် အပီပြင်ဆုံးလည်း မဟုတ်ပေ။ ၂၀၁၆ ခုနှစ်ဦးက လူမှုကွန်ရက်တွင် ထွက်ပေါ်လာသော ဗီဒီယိုသည် မြန်မာစစ်သားများနှင့် ပြည်သူ့စစ်များက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တအောင်းကျေးရွာဖြစ်သော ဆေးကျင်ရွာတွင် လူများကို ညှဉ်းပန်း နှိပ်စက်နေသော ဗီဒီယိုဖြစ်သည် ဟု ဆိုသည်။

ထိုဗီဒီယို ထွက်ပေါ်လာပြီး မကြာမီမှာပင် ထိုဖြစ်ရပ်ကို တအာင်း လူမှုအခြေပြု အဖွဲ့အစည်းများက အတည်ပြုသည်။ သို့သော် ထိုစဉ်က လူမှုကွန်ရက်တွင် အာရုံစိုက်မှု မဖြစ်စေခဲ့ပေ။ မကြာသေးမီ လများ ကလည်း ရှမ်းပြည်မြောက်ပိုင်းတွင် သေဆုံးသူများ၏ ဗီဒီယိုများနှင့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာပြီး အချို့ ဗီဒီယိုများတွင် မြန်မာစကား ပြောသော အသံများပင် ပါသည်။ ထိုဒေသတွင် ပဋိပက္ခများ အနှံ့အပြား ဖြစ်ပွားနေခြင်းနှင့် သွားရောက် အတည်ပြုရန် ခက်ခဲခြင်း တို့ကြောင့် နေရာအတိအကျ၊ ရက်စွဲနှင့် ပါဝင်ပတ်သက်သူများကို အတည်ပြုနိုင်ခြင်း မရှိပေ။

မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခကို ကာလကြာမြင့်စွာ လေ့လာခဲ့သူများ အနေဖြင့် ထိုသို့သော စက်ဆုပ်စရာ ဗီဒီယိုများကို မြင်တွေ့ရခြင်းမှာ မကြာခဏ ကြားသိနေရသည့် လုံခြုံရေးတပ်ဖွဲ့များက လူမျိုးစု အရပ်သားများ အပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှု သတင်းများကို အတည်ပြုနိုင်သည့် ဖြစ်ရပ်မှန် ရုပ်ရှင်များသာ ဖြစ်နေသည်။

ထိုဖြစ်ရပ်များသည် ဆယ်စုနှစ်ပေါင်းများစွာ လူမျိုးစု ပုန်ကန်မှုများကို နှိမ်နင်းရန် တပ်မတော်၏ နည်းလမ်းများတွင် စိမ့်ဝင်ပျံ့နှံ့နေသည့် အရသာခံ ညှဉ်းပမ်းနှိပ်စက်မှု နှင့်လည်း ကိုက်ညီသည်။ ရှမ်းပြည်မြောက်ပိုင်းမှ အဖွဲ့များစွာ ပါသော ရှုပ်ထွေးလှသည့် လက်နက်ကိုင်ပဋိပက္ခမှ နေ့စဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အာရုံစိုက်လာစေရန် ညှဉ်းပမ်း နှိပ်စက်မှု ဗီဒီယိုများ ဖြန့်ချိခြင်းသည် လိုအပ်သည်ဟု မဖြစ်သင့်ပေ။

ထို ဗီဒီယို ပျံ့နှံ့နေသည့် အချိန်နှင့် တပြိုင်နက်တည်းတွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ရှမ်းပြည်နယ်မှ စစ်ရာဇဝတ်မှုများ၏ အသေးစိတ် အစီရင်ခံစာ တစောင် ထုတ်ပြန်သော်လည်း ၎င်းသည် နိုင်ငံတကာ အာရုံစိုက်မှုကို အနည်းငယ်သာ ရရှိသည်။

၂၀၁၆ ခုနှစ် နှစ်လယ်တွင် တအောင်း အမျိုးသမီးအဖွဲ့ချုပ်ကလည်း ရှမ်ပြည်မြောက်ပိုင်းတွင် စစ်တပ်၏ နှစ်ပေါင်းများစွာ အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး “ညှဉ်းပမ်းနှိပ်စက်ရန် လေ့ကျင့်ထားသော “Trained to Torture” အမည်ရှိ အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝန်းက သတိမပြုမိ သလောက်ပင် ဖြစ်သည်။

အထက်ပါ ရှမ်းပြည်နယ်မှ ဗီဒီယိုနှင့် ၎င်းကို မကြာသေးမီကမှ ရိုက်ကူးထားသည် ဟူသော ပြောဆိုချက်သည် လူမှု ကွန်ရက်တွင် စိစစ်မှု မရှိသော သတင်း အချက်အလက်များ၏ အန္တရာယ်ကို ပြသနေခြင်းလည်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ထောက်လှမ်းရေး လောကတွင် ‘stovepiping’ ဟု သိကြသော အခြေခံသတင်း အချက်အလက်ကို လိုအပ်သည့် စိစစ် အတည်ပြုခြင်း၊ အခြေအနေနှင့် ဆက်စပ်သုံးသပ်ခြင်း မရှိဘဲ ထုတ်ပြန်ခြင်း၊ တင်ပြခြင်းပင် ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခကို ခွဲခြမ်းစိတ်ဖြာရာတွင် သတင်း အချက်အလက်နှင့် အယူအဆများကို အကြိမ်ကြိမ် ထုတ်လွင့်ခြင်းဖြင့် ပုံကြီးချဲ့သော ပဲ့တင်ခန်း ယဉ်ကျေးမှု “echo-chamber culture” ကို ပျံ့နှံ့စေပြီး တကယ့် ဖြစ်ရပ် သတင်းများကို မှားယွင်း စေသည်။

အထက်ပါ ရှမ်းပြည်နယ်မှ ဗီဒီယိုသည် အခြေအနေ အချိန်အခါ စိစစ်မှု မရှိဘဲ တင်ပြခြင်း၏ သေးငယ်သော လတ်တလော ဥပမာ တခုမျှသာ ဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်မှ အသိုင်းအဝန်း နှစ်ခုကြား ပဋိပက္ခနှင့် “မွတ်စလင်များ အပေါ် ဖိနှိပ်ခြင်း”သည်လည်း အစိုးရ၏ ငြင်းမရသော ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံဖျက်သော သတင်းမှားများနှင့် ရောထွေးနေသည်။ အခြေအနေ အချိန်အခါ စိစစ်မှု မရှိဘဲ တင်ပြခြင်းသည် ဖေ့စ်ဘွတ်၊ တွစ်တာ များတွင် အာရုံကို စွဲဆောင်နိုင်သော်လည်း ပြင်ပတွင် ရှုပ်ထွေးမှု အများအပြား ဖြစ်စေသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးစေသော ရိုဟင်ဂျာစစ်သွေးကြွဟု သံသယရှိခံရသူများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သော မောင်တောမြို့နယ် မြောက်ပိုင်းမှ စစ်ဆင်ရေးများအတွင်း အစိုးရက မီဒီယာများ၊ လူ့အခွင့်အရေး လေ့လာသူများနှင့် လူသားချင်း စာနာမှု အကူအညီပေးရေး ဝန်ထမ်းများကို ထိုဒေသသို့ သွားရောက်ခွင့် မပေးခဲ့ပေ။

သတ်ဖြတ်မှု၊ ညင်းပမ်းနှိပ်စက်မှု၊ ထိပါးဆက်ဆံမှုနှင့် လိင်အရ အကြမ်းဖက်မှုများ အပါအဝင် တုန်လှုပ်ဖွယ်ရာ ကျယ်ပြန့် သည့် အခွင့်အရေး ချိုးဖောက်မှုသတင်းများသည် မွတ်စလင်ကျေးရွာများကို အကြီးအကျယ် မီးရှို့ထားသည့် ဂြိုလ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများကြောင့် ပိုမို ခိုင်မာသွားသည်။ မွတ်စလင် ၇၅၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးကြရပြီး ၎င်းတို့က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများ၊ မီဒီယာများနှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများကို သက်သေခံခဲ့ကြ သည်။

မြန်မာနိုင်ငံ၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများသည် အငြင်းပွားစရာ မလိုအောင် ရက်စက်ကြမ်းကြုတ်သော သဘော သဘာ၀ ရှိသော်လည်း စုံစမ်းစစ်ဆေးသူများကို သွားရောက်ခွင့် မပေးသောကြောင့် လုပ်ကြံဓာတ်ပုံ၊ ချဲ့ကားသတင်းနှင့် ကို့ရို့ကားယား ရိုက်ကူးထာသည့် မောင်တောတွင် လူ့အခွင့်အရေး ချိုးဖောက်မှုဟု ဆိုသည့် ဗီဒီယိုများ အကြီးအကျယ် ထွက်လာခြင်း အတွက် အစိုးရတွင် တာဝန်ရှိသည်။

လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ဖြစ်ရပ်တခုတွင် ရခိုင်ပြည်နယ်မှ မွတ်စလင် ရွာတရွာတွင် မြန်မာ့တပ်မတော်က သတ်ဖြတ်သည်ဟု ဆိုသော ဓာတ်ပုံအများအပြား စာရေးသူထံ ပို့ပေးခဲ့သည်။ ဓာတ်ပုံ ၉ ပုံလုံးမှာ မသေသပ်သော အတုများ ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက် တယောက်က ထိုပုံများကို ဂူဂယ်လ်တွင် ရှာသောအခါ အလောင်းများ၏ ဓာတ်ပုံများသည် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ပဋိပက္ခများမှ ပုံများဖြစ်ကြောင်း ချက်ချင်းသိပြီး တပုံမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှ မြန်မာရဲတပ်ဖွဲ့ဝင် တဦး၏ ဓာတ်ပုံဖြစ်နေသည်။

လများစွာ ကြာသော စစ်ဆင်ရေး အတွင်း ဖြန့်ချိပြီး ယူကျုတွင် အများအပြားတွေ့ရသော ဗီဒီယိုများ အနက်တခု၏ အမည်မှာ “ရိုဟင်ဂျာ၊ မူဂျာဟေဒင်များက မြန်မာစစ်တပ်ကို မောင်တောတွင် တိုက်ခိုက်နေပုံ” ဟု အမည်ပေးထားသည်။ ထို ဗီဒီယိုတွင် စစ်ရဟတ်ယာဉ်များနှင့် အဝေးမှ မီခိုးလုံးများ ထွက်နေသော နေရာတခုသို့ သွားနေသော သံချပ်ကာ ကားများကို ပြသထားသည်။

သို့သော် ထိုဗီဒီယိုသည် မောင်တောတွင် ရိုက်သည့် ဗီဒီယိုမဟုတ်ဘဲ မြန်မာနိုင်ငံအလယ်ပိုင်း မိတီၳလာမြို့အနီးတွင် တပ်မတော်က ကျည်အစစ်များနှင့် စစ်ရေးလေ့ကျင့်နေသော ဗီဒီယိုဖြစ်နေသည်။

ကမ္ဘောဒီးယားမှ လမ်းလျှေက်တတ်စ ကလေးငယ်ကို ညှင်းပမ်းနှိပ်စက်နေသည့် သေသပ်မှု မရှိဆုံးသော ဓာတ်ပုံကို ပြပြီး မြန်မာ အစိုးရကလည်း သတင်းတုများကို အသုံးချကာ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု ယုံကြည် လက်ခံနိုင်ဖွယ် ရှိသော သတင်းများကို ခြေဖျက်ရန် ကြိုးစားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ လက်အောက်မှ ဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာနများ၏ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာများတွင်လည်း မွတ်စလင် အမျိုးသမီးများနှင့် မိန်းကလေးများကို လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်သော လိင် အကြမ်းဖက်မှုများ သတင်းများကို ပယ်ချရန် “အဓမ္မပြုကျင့်မှုအတု” ဟူသော ပို့စ်ကို တင်ထားသည်။

ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူများနှင့် ၎င်းတို့၏ မဟာမိတ်များက ကမ္ဘာတဝန်းတွင် ထုတ်လုပ်နေကြသည့် ကို့ရို့ကားယား ခါးသီးသော သတင်းတုများ သို့မဟုတ် အစိုးရကို ထောက်ခံသောသူများက ရည်ရွယ်ချက်ရှိရှိ သတင်းများကို အယုံအကြည် မဲ့စေရန်လုပ်ဆောင်သော လှုပ်ရှားမှုက ထုတ်လုပ်သည့် သတင်းများကို မကြာမီ အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများကို ချေဖျက်ရန် အသုံးပြုလာသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများသည် သတင်းတုများကြောင့် ဖြစ်ပေါ်လာသည်ဟု ပြောမည့်အစား အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် တရားလက်လွတ် ပြုမူခြင်းများကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခြင်း၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တောင်းဆိုခြင်းနှင့် စစ်မှန်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကတိပြုခြင်းတို့ ဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည်။

လုပ်ကြံဗီဒီယိုနှင့် ဓာတ်ပုံများသည် နိုင်ငံတကာ အသိုင်းအဝန်းတွင် ဂရုပြုခံရရန်နှင့် ကြားဝင် ဆောင်ရွက်ရေး အတွက် ဖိအားပေးရန် ကြိုးစားသော အောင်မြင်ဖွယ် မရှိသည့် လုပ်ရပ်ဖြစ်သည်။ သို့သော် ၎င်းတို့သည် ရိုဟင်ဂျာများကို ဆက်ဆံပုံနှင့် ပတ်သက်ပြီး မွတ်စလင် လောကတွင် ဒေါသကို မီးထိုးပေးသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံအတွင်း ဆိုးသွမ်းသူများ သဖွယ် သရုပ်ဖော် ခံထားရပြီး ရိုဟင်ဂျာများ အပေါ် မုန်းတီးမှုကို ဆွပေးနေသလိုလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ၏ ကံကြမ္မာသည် အထူးသဖြင့် ၂၀၁၂ အကြမ်းဖက်မှုမှ စတင်ပြီး ငြင်းမရအောင် ဆိုးရွားလှပြီး တရားမျှတမှု ကင်းမဲ့နေသည်။ သို့သော် လွန်ခဲ့သော ၅ နှစ်တာ ကာလအတွင်း သတင်းမှားနှင့် ချဲ့ကားခြင်းတို့သည် ရခိုင်ပြည်နယ်မှ အသိုင်းအဝန်း အားလုံး၏ အခြေအနေနှင့် ဆက်စပ်စဉ်းစားရာတွင် ရှုတ်ထွေးမှုများ ဆက်လက် ဖြစ်ပေါ်စေပြီး တိုးတက်မှု အတွက် အထောက်အကူ မပြုပေ။

မြန်မာနိုင်ငံတွင် မကြာသေးမီက၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် လုံခြုံရေး တပ်ဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေး အဖွဲ့ကို (မီဒီယာများတွင် သတင်းမှားယွင်း ဖော်ပြမှုသာ ဖြစ်သည် ဟူသော အကြောင်းပြချက်ဖြင့်) မြန်မာနိုင်ငံက ပြည်ဝင်ခွင့်မပေးခြင်းသည် ဆိုးရွားပြီး ပုံကြီးချဲ့ ထားသော အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို ခိုင်မာစေမည့် လုပ်ကြံသတင်းနှင့် အခြားလုပ်ကြံ မီဒီယာမျိုးစုံကို ပိုမို မီးထိုးပေးစေမည် ဖြစ်သည်။

အချက်အလက် ရှာဖွေသူများ အနေဖြင့်လည်း မြန်မာနိုင်ငံပဋိပက္ခ ဒေသများမှ ထွက်ပေါ်လာသော သတင်း အချက်အလက်များကို သုံးသပ်ရာတွင် သတိထားကြရန်၊ သတင်းအားလုံးကို အပြင်းအထန် ခွဲခြမ်း စိတ်ဖြာကြရန် နှင့် လူမှုကွန်ရက်သို့ စီစစ်မှုမရှိဘဲ ရောက်လာသော သတင်းများကို သတိထားရန် အကြံပြုလိုသည်။

မီဒီယာသတင်းကို ခြေဖျက်ရန် သတင်းလွှင့်ခြင်းသည် အစိုးရ သတင်းငြင်းချက်ထုတ်သူများ၏ လက်တွင်း ကျရောက်နေပြီး ပဋိပက္ခတွင် ပါဝင်သူများသည် အပြစ်ကို လမ်းလွှဲလိုကြသည်။ အစိုးရ အထူးသဖြင့် တပ်မတော်သည် ရခိုင်ပြည်နယ်နှင့် မြန်မာပြည်မြောက်ပိုင်း ပဋိပကၡဇုန်တွင် ဖုံးကွယ်စရာ ရက်စက် ကြမ်းကြုတ်မှုများစွာ ရှိနေကြောင်း သတင်းများကို တန်ပြန်ခြေဖျက်ခြင်းအား ပြတ်ပြတ်သားသား ပယ်ချကာ တာဝန်ခံမှုကို ဂရုတစိုက် ကျင့်သုံးသင့်ပေသည်။

(David Scott Mathieson သည် မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ၊ ပဋိပက္ခနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို အလွတ်တန်းလေ့လာ သုံးသပ်ရေးသားနေသူ ဖြစ်သည်။ ၂၀၀၆ မှ ၂၀၁၆ အထိ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အကြီးတန်း သုတေသီ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Death, Lies, and Videotape ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading