ကျနော်တို့မှာ သိပိုင်ခွင့် ရှိတယ်

စိုးသီဟနောင်
သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု ရှိတယ် ဆိုရင် ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်လာပါတယ်
Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပါ။ ကျနော့် ညီရဲ့ သူငယ်ချင်းတယောက်က ပြောလာပါတယ်။ ကားတွေကို ရသလောက်နဲ့ ဝယ်ထားဖို့ပါ။ ကျနော့်ညီရဲ့ သူငယ်ချင်းဟာ လူကြီးတယောက်ရဲ့ သား ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ကားဈေးတွေဟာ အလွန်ဆုံးရှိမှ ၁၅ သိန်းလောက် ရှိပါတယ်။ သူကတော့ သတင်းဦး သတင်းဖျား ပေးပေမယ့် အဲဒီသတင်းကို အသုံးချဖို့ စိတ်ကူး မရှိခဲ့ပါ။ သူပြောပြီး သိပ်မကြာပါဘူး…၊ ကားဈေးတွေဟာ တရှိန်ထိုး တက်လာလိုက်တာ သိန်းတရာကျော် အထိ ဖြစ်လာပါတော့တယ်။ ကားအကောင်းစား တွေကတော့ သိန်းငါးရာကျော်၊ သိန်းတထောင်နား အထိ ကပ်သွားပါတယ်။

နောက်တော့ သိရတာက အဲဒီ ပြောတဲ့ လူကြီးသားဟာ အဲဒီ ကားနဲ့ ပတ်သက်တဲ့ ပေါ်လစီ (မူဝါဒ) တွေ ချမှတ်ပေးတဲ့ လူကြီး တယောက်ရဲ့ သား ဖြစ်နေတာပါပဲ။ အဲဒီ လူကြီးသားနဲ့ အပေါင်းပါ စီးပွားရေး သမားတွေကတော့ သူ့အဖေရဲ့ ကားပေါ်လစီ အချိန်းအပြောင်းကို ကြိုသိနေတဲ့ အတွက် ကားတွေ အများကြီး ဝယ်ထားပြီး အကြီးအကျယ် ပွပေါက် တိုးသွားပါတော့တယ်။

အဲဒီလို လူကြီးသားနဲ့ အပေါင်းအပါတွေ အကြီးအကျယ် ပွပေါက်တိုးသွားတဲ့ အထဲမှာ သူတို့ဘာလုပ်ကြသလဲ အရိပ်အခြေ ကြည့်နေတဲ့ စီးပွားရေးသမားတွေလည်း အတန်အသင့် ကြီးပွားသွားကြပါတယ်။ အဲဒီလို အရိပ်အခြေ ကြည့်နေတဲ့ စီးပွားရေး သမားတွေရဲ့ နောက်မှာတော့ ခေတ်ကောင်းတယ် ထင်ပြီး လိုက်လုပ်ကြတဲ့ ပိုက်ဆံ အတန်အသင့် ရှိတဲ့ သူတွေ လိုက်လာကြ ပါတယ်။ သူတို့ကတော့ အချိန်ကောင်း အခါကောင်း မဟုတ်တော့တဲ့ အတွက် ထင်သလောက် အဆင်မပြေ ကြတဲ့ အပြင် ဘုမသိ၊ ဘမသိနဲ့ ရှိစုမဲ့စုလေး ရင်းပြီး ပုံအောလိုက်တဲ့ သူတွေကတော့ စီးပွားရေး အရှိန်အကျနဲ့ ကြုံပြီး ဒုက္ခများ ကြရပါတယ်။

အဲဒီလို ပေါ်လစီကို ကိုင်ပြီး၊ တခုပြီး တခုလုပ်စားကြရင်း လူကြီး၊ လူကြီးသား၊ လူကြီးနဲ့ ဆက်စပ် ပတ်သက်နေတဲ့ စီးပွားရေးသမား အားလုံးဟာ ကြီးပွားချမ်းသာလာကြပါတယ်။ အဲဒီမှာ ပညာတတ်တွေ၊ အာဏာရှိ လူတန်းစားတွေနဲ့ မနီးစပ်တဲ့ သူတွေကတော့ နိုင်ငံခြားကို ထွက်ကြရ၊ သူများ နိုင်ငံမှာ အလုပ် သွားလုပ်ကြရပါတယ်။ အဲဒါကြောင့် အဲဒီခေတ်က လူကြီးသားနဲ့ ပေါင်းမလား၊ နိုင်ငံခြားကို “ညောင်း” မလားဆိုတဲ့ ဆုံးဖြတ်ချက် နှစ်ခု အပေါ်မှာ မူတည်ပြီး လူငယ်တွေအနေနဲ့ ဘဝရှေ့ရေး အတွက် ဆုံးဖြတ်ကြရပါတယ်။

ပေါ်လစီ မူဝါဒ တခု အစပြုတယ်၊ အဲဒီ ပေါ်လစီ မူဝါဒချမှတ်တဲ့ လူကြီးတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အဲဒီ သတင်း အချက်အလက်ကို အရင်ဆုံး သိတယ်၊ အဲဒီ သတင်းအချက်အလက်ကို ဘယ်သူမှ မသိအောင် ထိန်းချုပ်ထားပြီး အရင်ဆုံး လှုပ်ရှားကြတယ်၊ အဲဒီနောက်မှာ သူတို့ အရိပ်အခြေကို ကြည့်နေတဲ့ စီးပွားရေး သမားတွေ လှုပ်ရှားကြတယ်။ အဲဒီနောက်မှာ ဘုမသိမသိတွေ လိုက်ကြတယ်။

အဲဒီလို နည်းလမ်းအတိုင်း ဆင်တွေ အုပ်လိုက် အုပ်လိုက် ဖြတ်သွားသလို ပေါ်လစီ အခြေပြု စီးပွားရေးပုံစံတွေ တခုခုပြီးတခု ဖန်တီးကြပြီး မြန်မာ့စီးပွားရေးကို ပုံဖော်ကြပါတယ်။ နောက်ဆုံးမှာ ဘုမသိ၊ ဘမသိ အခြေအနေကောင်း တယ်ထင်ပြီး လိုက်လုပ်ကြတဲ့သူတွေကတော့ အများစုဖြစ်နေပြီး အဲဒီထဲမှာ နိုင်ငံခြားက ပင်ပင်ပန်းပန်း ရှာလာတဲ့ ပိုက်ဆံ၊ ကိုယ်ပိုင် ပိုက်ဆံတွေကို စီပွား ဖြစ်မယ် အထင်နဲ့ ပုံအောကြသူတွေလည်း ဆုံးရှုံးကြီး ဆုံးရှုံးသွားပါတော့တယ်။

ဆင်သွားလမ်းဖြစ်တယ် လို့ အဆိုရှိပေမယ့် ဆင်တွေ အုပ်စုလိုက် ပရမ်းပတာ သွားကြတဲ့အခါ လမ်းမဖြစ်ပဲ လမ်းပျက်သွား တာ များပါတယ်။ ကျနော်တို့ နိုင်ငံ အနေအထားအရ သူများ လုပ်ရင် အခြေအနေ ကောင်းတယ် ထင်ပြီး လိုက်လုပ်ကြတဲ့ အလေ့အကျင့်ကလည်း ရှိနေပါတယ်။ သူများ အင်တာနက် ကဖေးဆိုင်ဖွင့်တယ်၊ ငါလည်း လိုက်ဖွင့်မယ် ဆိုပြီး တလမ်းတည်း လိုက်ဖွင့်တာမျိုးတွေ၊ သူများ ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်ဖွင့်လို့ အဆင်ပြေနေတယ် ကြားရင် ငါလည်း ဖွင့်မယ် ဆိုတာမျိုး၊ တွေ့ကြုံဖူးကြမယ် ထင်ပါတယ်။ အဲဒီလို ဖြစ်လာပြီ ဆိုရင်တော့ သူလည်း အလုပ်မဖြစ်၊ ကိုယ်လည်း အလုပ်မဖြစ်၊ အားလုံး ဆုံးရှုံးရတတ်ပါတယ်။

အဲဒီအထဲမှာ ကြီးပွားသွားတဲ့ သူတွေက အနှုတ်အသိမ်းမှန်တဲ့ စီးပွားရေး သမားတွေပါပဲ။ ဘယ်အချိန်မှာ စရမယ် ဆိုတာ သူတို့ သိပါတယ်။ ဘယ်အချိန်မှာ နှုတ်ရမယ်ဆိုတာ သူတို့ သိပါတယ်။ သူတို့ကတော့ ပေါ်လစီ မိတ်ကာ (မူဝါဒချမှတ်သူ) တွေနဲ့ နီးစပ်သူတွေပါပဲ။ ပေါ်လစီ မူဝါဒ ရေချိန်ပေါ် အခြေတည်ထားတဲ့ ငါးပွက်ရာ ငါးစာချ စီးပွားရေး ပုံစံတွေ ဖြစ်လာကြ ပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်လိုသူ၊ ပညာကို အခြေတည်ပြီး အမှန်အကန် လုပ်စားလိုသူတွေ နေစရာ နေရာ မရှိလောက်အောင် ဖြစ်ကုန်ကြပြီး Brain Drain တွေ အကြီးအကျယ် ဖြစ်လာပါတယ်။
အဲဒီလို ပေါ်လစီကို ကိုင်စွဲပြီး စီးပွားရေး လုပ်စားကြတဲ့ အဲဒီလူတွေကို အရေးယူလို့လည်း အင်မတန် ခက်ပါတယ်။ အရေးယူလို့ မရတာ များပါတယ်။ သူတို့အနေနဲ့ ပေါ်လစီ အချိန်းအပြောင်း ဆိုင်ရာ သတင်းအချက်အလက်ကို ထိန်းချုပ် ထားတာက လွဲလို့ တခြား ဘာဥပဒေမှ မချိုးဖောက်ထားတဲ့ အတွက် အရေးယူလို့ မရပါဘူး။ ဒါပေမယ့် ပေါ်လစီရေးဆွဲသူ၊ ပေါ်လစီချမှတ်သူတွေ အနေနဲ့ အဂတိတရား အပေါ် အခြေခံပြီး ပေါ်လစီကို ချမယ် ဆိုရင်တော့ ဖော်ထုတ် အရေးယူလို့ ရနိုင်ကောင်းပါတယ်။ ဒါပေမယ့် မလွယ်ပါဘူး။
ကောင်းစေချင်တဲ့ ပေါ်လစီပဲ ဖြစ်ဖြစ်၊ အဂတိတရား မကင်းတဲ့ ပေါ်လစီပဲ ဖြစ်ဖြစ် ပေါ်လစီတိုင်းရဲ့ နောက်မှာ ခွင် (ဂွင်) ရှိနေပါတယ်။ ဥပမာ – ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ အဲဒီအတွက် ဆေးလိပ်ကို တားမြစ်ကန့်သတ်ပါမည် ဟု ပေါ်လစီချမယ် ဆိုရင်တော့ တားမြစ်ကန့်သတ်ချက် ပေါ်လစီကို အသုံးချပြီး စီးကရက် ပါမစ်တွေနဲ့ လုပ်စားလို့ ရနေပါတယ်။

အဲဒီလို အဖြစ်အပျက်တွေ ဘာကြောင့် ဖြစ်ပျက်နေရသလဲ လို့ လေ့လာကြည့်မယ် ဆိုရင် အရင်းစစ်တော့ အမြစ်မြေက ဆိုသလို ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ပေါ်လစီ မိတ်ကာ (မူဝါဒ ရေးဆွဲသူတွေ/ ချမှတ်သူ) တွေ အနေနဲ့ ချမှတ်လိုက်တဲ့ ပေါ်လစီ မူဝါဒတွေကို၊ ဒါမှမဟုတ် ပြောင်းလဲလိုက်တဲ့ ပေါ်လစီတွေကို ပြည်သူတွေကို အချိန်နဲ့ တပြေးညီ ချမပြတဲ့ အတွက် ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

ပြောတော့ ပြောမယ်၊ ဒါပေမယ့် နောက်တော့ ပြောမယ် ဆိုတာနဲ့တင် ဈေးကစားမယ့် စီးပွားရေး သမားတွေအနေနဲ့ လုပ်စားစရာ ခွင် (ဂွင်) တွေ အများကြီး ရသွားစေပါတယ်။ အဲဒီအပြင် ပြောတော့ ပြောတယ် မသိအောင်ပြောတယ် ဆိုတဲ့ အနေအထားကလည်း ရှိနေပါသေးတယ်။ အသေးစိတ် မကြေငြာဘဲ ဝတ်ကျေတန်းကျေ ကြော်ငြာတာ၊ အချိန်ဆွဲပြီးမှ ထုတ်ဖော် ကြေငြာတာတွေဟာလည်း မသိအောင်ပြောတဲ့ အထဲမှာ ပါပါတယ်။ ဝိနည်းလွတ် လုပ်သွားတဲ့ ပုံစံထဲမှာ ပါပါတယ်။

အစိုးရဆိုင်ရာ သတင်းအချက်လက်တွေ ဆိုတာ နိုင်ငံတော် လုံခြုံရေးအရ ထိပ်တန်းလျှို့ဝှက် ဆိုတဲ့ သတင်း အချက်အလက်တွေလည်း ရှိသလို၊ ကန့်သတ်ထားသင့်တဲ့ သတင်း အချက်အလက်တွေလည်း ရှိနေတာ အမှန်ပါပဲ။ ဒါပေမယ့် အစိုးရဆိုင်ရာ သတင်းအချက်အလက်တိုင်းကို အဲဒီ ဘောင်ထဲ ဆွဲသွင်းနေမယ် ဆိုရင်လည်း အဲဒီလို အပေါ်မှာ ပြောခဲ့တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ် နေဦးမှာပါပဲ။ အမေရိကန် သမ္မတ အိုဘားမား လက်ထက်မှာ အစိုးရက သတင်း အချက်အလက်ကို ကန့်သတ်လွန်း အားကြီးတဲ့ အနေအထားကနေ ပြေလျော့သွားအောင် အိမ်ဖြူတော်ရောက်ပြီး ဖင်ပူအောင် မထိုင်ရသေးခင်မှာ စတင် ကိုင်တွယ်ခဲ့ရပါတယ်။

ကျနော်တို့ နိုင်ငံမှာ အစိုးရတွေ အနေနဲ့ အမှန်တကယ် ပွင့်လင်းမြင်သာတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်လိုတယ် ဆိုရင်၊ ပြည်သူတွေ အနေနဲ့လည်း ပွင့်လင်းမြင်သာတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရအဖြစ် မြင်လိုကြတယ် ဆိုရင် မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်တွေ ရှိနေပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ နေရာမှာလည်း ပြောင်းလဲ လာတဲ့ နည်းပညာဆိုင်ရာ အကူအညီတွေကို ရယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ Web 2.0, Web 3.0 တွေရဲ့ အကူအညီတွေ မဖြစ်မနေ ရယူရမှာ ဖြစ်ပါတယ်။ အဲဒီလို အကူအညီတွေ ရယူလိုက်မယ် ဆိုရင် လွှတ်တော်မှာ ဆွေးနွေးတဲ့ ဥပဒေကြမ်းကို ပြည်သူတွေပါ အချိန်နဲ့ တပြေးညီ ဝင်ဆွေးနွေးလို့ ရလာပါမယ်။

အရင်ဆုံး အကောင်အထည် ဖော်ရမှာ အစိုးရပိုင်းပဲ ဖြစ်ပါတယ်။ သတင်း အချက်အလက် ဆိုင်ရာ ဥပဒေတွေ၊ သတင်း အချက်အလက် ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ မူဘောင်တွေ ချမှတ်ဖို့ လိုပါတယ်။ “ပြည်သူများ အနေနဲ့ သိနိုင်ခွင့် / သိပိုင်ခွင့် ရှိသည် ဟု သတ်မှတ်ထားသော အစိုးရ၏ သတင်း အချက်အလက်များ” ကို အချိန်နဲ့ တပြေးညီ ထုတ်ပြန် ကြေငြာပေးနိုင်ဖို့ အတွက် စီစဉ်ညွှန်ကြားဖို့ လိုပါတယ်။

အဲဒီအပြင် ပြည်သူတွေ သိလိုတဲ့ သတင်းအချက်အလက်ကို မေးမြန်းလိုတဲ့ အခါ မေးမြန်းနိုင်အောင်လည်း စီစဉ်ထားဖို့ လိုပါတယ်။ အဓိကအားဖြင့် နီးစပ်ရာ စားတော်ခေါ်တဲ့ ပေါ်လစီ အခြေပြု စီးပွားရေး ပုံစံတွေ ဖြစ်မလာအောင် ထိန်းချုပ်ကွပ်ကဲဖို့ အကြီးအကျယ် လိုအပ်နေပါတယ်။

ကျနော် ဒီဆောင်းပါး ခေါင်းစဉ်ကို “ကျနော်တို့မှာ သိပိုင်ခွင့် ရှိတယ်” ဆိုပြီး ခေါင်းစဉ် တပ်ထားပါတယ်။ အခုမှ အဲဒီအပိုင်း ကို ရောက်ပါတယ်။ ကျနော်တို့ အနေနဲ့ ကျနော်တို့မှာ သိနိုင်ခွင့်ရှိတယ် ဆိုတာ မသိတော့တဲ့ အနေအထားကို ရောက်နေတယ် လို့ ခံစားနေရပါတယ်။ အစိုးရဆိုင်ရာ သတင်းအချက်အလက်တွေကို နှစ်ပေါင်းများစွာ ထိန်းချုပ်ကန့်သတ် ခံလာရတဲ့ အတွက် အဲဒီလို အခြေအနေထဲမှာ နေနေကြတဲ့အတွက် စက္ကူဘူးထဲက နှံကောင်တွေလို ဖြစ်နေကြပါတယ်။

တခါက ဆရာဇေယျသူ ရေးတဲ့ ဆောင်းပါးမှာ စက္ကူဘူးထဲက နှံကောင် အကြောင်း ဖတ်လိုက်ရပါတယ်။ စက္ကူဘူးထဲ အထည့်ခံထားရတဲ့ နှံကောင်က ခုန်လိုက်တိုင်း ဖုံးထားတဲ့ စက္ကူနဲ့ထိပြီး အောက်ပြန်ကျပါတယ်။ ခုန်လိုက် အဖုံးနဲ့ ထိလိုက်၊ ပြန်ကျလိုက်နဲ့ နောက်ဆုံးမှာ စက္ကူဘူးထဲက နှံကောက်ဟာ မခုန်နိုင်တော့ပါဘူး။ ခုန်လိုက်တိုင်း အဖုံး အထိ မရောက်တော့ပါဘူး။ အဲဒီအချိန်ကျမှ စက္ကူဗူးကို ဖွင့်လိုက်ပေးလိုက်ပေမယ့် နှံကောင်က စက္ကူဘူးထဲကနေ ခုန်ထွက်ဖို့ မကြိုးစားတော့ပါဘူး။ ကျနော်တို့က အဲဒီ စက္ကူဗူးထဲက နှံကောင်တွေကနေ မွေးဖွားလာတဲ့ မျိုးဆက်ဆိုတော့ ခုန်ရကောင်းမှန်းတောင် မသိတော့တဲ့ အခြေအနေပါ။

အစိုးရဆိုင်ရာ သတင်းအချက်အလက်ဆိုတာ ကိုယ်နဲ့ မဆိုင် ခွင့်မပိုင်ဘူး၊ မင်းပိုင် စိုးပိုင်သာ ဖြစ်တယ် လို့ သိထားကြ ပါတယ်။ အဲဒီအတွက် မေးလည်း မမေးရဲသလို၊ သိလည်း မသိကြတော့ပါဘူး။ အဲဒီလို အခြေအနေမှာ သတင်း အချက်လက် တန်ဖိုးသိတဲ့ သူတွေက ပေါ်လစီမိတ်ကာ (မူဝါဒရေးဆွဲသူ/ မူဝါဒချမှတ်သူ) တွေနဲ့ ပေါင်းပြီး စီးပွားရေးကို လက်ဝါးကြီး အုပ်တဲ့ အလေ့အထတွေ ဖြစ်လာပါတော့တယ်။

တကယ်တော့ ကျနော်တိုမှာ သိနိုင်ခွင့်ရှိပါတယ်။ နိုင်ငံတော် လုံခြုံရေး အတွက် ထိန်းချုပ်ကန့်သတ်ထားတဲ့ သတင်း အချက်အလက်တွေက လွဲလို့ ကျနော်တို့ မသိနိုင်တာ ဘာမှ မရှိပါဘူး။ သိနိုင်ခွင့် ရှိပါတယ်။ အဲဒီလို သိနိုင်ခွင့်ကို အသုံးချပြီး လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့ ဝန်းကျင်ကို အကောင်အထည် ဖော်နိုင်ပါတယ်။ ပေါ်လစီတခု အချိန်းအပြောင်းမှာ တန်းတူညီတူ သတင်းအချက်အလက် ရပိုင်ခွင့်ရှိပြီး တန်းတူ အခွင့်အရေးတွေ ရပိုင်ခွင့်ရှိကြပါတယ်။ အဲဒီလို တန်းတူ အခွင့်အရေး ရှိတယ် ဆိုတာကိုလည်း ပညာပေးဖို့ အသိပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရကို ကျနော်တို့ သတင်းအချက်အလက် ရပိုင်ခွင့်အတွက် တောင်းဆိုခွင့် ရှိပါတယ်။

တခြား နိုင်ငံတွေမှာ ဆိုရင် သတင်းအချက်အလက် ရနိုင်ခွင့် အတွက် အစိုးရဘက်ကလည်း လမ်းကြောင်းကို နည်းပညာ အသုံးပြုပြီး ဖွင့်ထားသလို ပြည်သူဘက်မှလည်း သိချင်တဲ့ အချက်အလက်ကို မေးမြန်းခွင့် ပြုထားပါတယ်။ အမေရိကန်မှာ ဆိုရင် FOIA (Freedom of Information Act) လို့ခေါ်တဲ့ သတင်းလွတ်လပ်ခွင့် အက် ဥပဒေတခုကို ပြဋ္ဌာန်းထားပြီး ပြည်သူများ အနေနဲ့ သတင်း အချက်အလက် ရပိုင်ခွင့် အပေါ်မှာ အာခခံချက် ပေးထားပါတယ်။ ပြည်သူများအနေနဲ့ သူတို့ သိလိုတဲ့ သတင်း အချက်အလက်ကို အွန်လိုင်းက တဆင့် မေးမြန်းနိုင်ပြီး အစိုးရက ဖြေကြားပေးလိုက်တဲ့ သတင်း အချက်အလက်တွေကိုလည်း ဖြေပြီးတာနဲ့ တပြိုင်တည်း ပြည်သူတွေ ဖတ်လို့ရအောင် ဖော်ပြထားပါတယ်။

FOIA မှာ မေးမှ ဖြေမယ်၊ ကန့်သတ်တွေထဲ ဝင်နေရင် မဖြေဘူး ဆိုတဲ့ အားနည်ချက်တွေ ရှိနေတာကြောင့် ပညာရှင်တွေ အနေနဲ့ အမေရိကန် သမ္မတ အိုဘားမားကို FOIA အပေါ်မှာ ပြန်လည်သုံးသပ်ဖို့ Right to know အပေါ်မှာ တန်ဖိုးထားဖို့ တိုက်တွန်းကြ ပါတယ်။ အဲဒီလို တိုက်တွန်းချက် အကြံပြုချက်တွေ အပေါ်မှာ အိုဘားမား အစိုးရအနေနဲ့ လက်ခံပြီး ပြုပြင် ဆောင်ရွက်မှုတွေလည်း လုပ်ပေးတာ တွေ့ရပါတယ်။ Right to know နဲ့ ပတ်သက်လို့ တခြား နိုင်ငံတွေမှာလည်း လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက ဦးဆောင်ပြီး လုပ်ကိုင် ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။

ပွင့်လင်းမြင်သာသော အစိုးရဆိုတာ ဘယ်အစိုးရတက်တက် လိုအပ်နေတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိခြင်းဖြင့် ပေါ်လစီ အခြေပြု ငါးပွက်ရာ ငါးစာချ စီးပွားရေး ပုံစံတွေကိုလည်း တားဆီးနိုင်ပါတယ်။ အဂတိတရားတွေကို လည်း ကင်းရှင်းအောင် ဆောင်ရွက်နိုင် ပါတယ်။ အစိုးရအဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း မြင်သာ ထင်သာ ရှိတဲ့ အတွက် စွမ်းဆောင်ရည်ကျ နေရင် ပြည်သူများအနေနဲ့ပါ သိရှိနိုင်ပြီး တွန်းအားပေးတာတွေပါ လုပ်နိုင်ပါတယ်။

သတင်း အချက်အလက်ကို အချိန်နဲ့ တပြေးညီ ရနိုင်ခွင့် ရှိတဲ့ အတွက် လွတ်လပ်စွာ ယှဉ်ပြိုင်မှု မူဘောင်တွေကိုလည်း ဖြစ်ထွန်းစေ ပါတယ်။ ပွင့်လင်းမြင်သာမှု ဆိုတာ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု ရှိခြင်း ပါပဲ။ သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု ရှိတယ် ဆိုရင် ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်လာပါတယ်။ ပွင့်လင်းမြင်သာတဲ့ အစိုးရ ဖြစ်လာရင် သန့်ရှင်းတဲ့ အစိုးရလဲ အလိုလို ဖြစ်လာစေပါတယ်။

သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု ရှိတဲ့ အနေအထားကို တည်ဆောက်ရမှာလည်း ၂၁ ရာစု အစိုးရများအနေနှင့် Web 2.0, Web 3.0 စတဲ့ နည်းပညာတွေကို မေ့ထားလို့ မရပါဘူး။ ငါတို့ကတော့ ပွင့်လင်းမြင်သာတယ်၊ စာရွက်နဲ့ ထုတ်ပေးမယ် လာယူဆိုရင် တနိုင်ငံလုံး လွှမ်းခြုံတဲ့ ပွင့်လင်းမြင်သာမှုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။

အစိုးရအဖွဲ့အစည်းများ အနေနဲ့ သတင်းထုတ်ပြန်ရုံနဲ့ လုံလောက်ပြီလို့ မမှတ်သင့်ဘဲ ပြန်လည် အသုံးချနိုင်တဲ့ သတင်း အချက်အလက် ပုံစံအဖြစ် Government 2.0 ပုံစံ၊ Web 2.0 ပုံစံ သတင်းအချက်အလက် ဖြန့်ချိဖို့ လိုပါတယ်။ အဲဒီလို ဖြန့်ချိမှသာ သတင်း အချက်အလက်ကို ပြန်လည် အသုံးချတဲ့အခါ ဆက်စပ်ပုံဖော်တဲ့အခါ အကောင်းဆုံး ပုံစံ ဖြစ်နိုင်ပါလိမ့်မယ်။ အဲဒီအတွက် နည်းပညာ နမူနာပုံစံတွေကို နေရာတိုင်းမှာ ရနိုင်ပါတယ်။

အစိုးရ၏ ပွင့်လင်းမြင်သာမှု တည်ဆောက်ရေးအပိုင်းမှာ အခက်အခဲ သုံးရပ်ရှိပါတယ်။ (၁) နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အခက်အခဲ၊ (၂) နည်းပညာအခက်အခဲ၊ (၃) အမူအကျင့် ပြောင်းလဲမှုဆိုင်ရာ အခက်အခဲ တွေပဲ ဖြစ်ပါတယ်။

အဲဒီ အခက်အခဲသုံးရပ်မှာ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အခက်အခဲ၊ နည်းပညာ အခက်အခဲအတွက် ဘာမှ ပူစရာ မလိုပါဘူး။ အခုလို ခေတ်ကြီးမှာ အလွယ်တကူ နမူနာယူလို့ ရသလို၊ နည်းပညာ အနေနဲ့လည်း အသင့်တည်ဆောက်ပြီး Open Source Project တွေပါ ရှိနေပါတယ်။ အဓိက အကျဆုံး အခက်အခဲကတော့ အမူအကျင့် ပြောင်းလဲမှု ဆိုင်ရာ အခက်အခဲပဲ ဖြစ်ပါတယ်။ “ငါ၏ ပေါ်လစီ အပြောင်းအလဲသည် ငါနှင့် ငါ၏ မိသားစုများ၊ ငါနှင့် ဆက်စပ်ပတ်သက်နေသော စီးပွားရေးသမားများ၊ ငါ့တပည့်များ ကောင်းစားဖို့အတွက် ဖြစ်ရမည်” ဆိုတဲ့ ပေါ်လစီအခြေပြု ငါကောင်းစားရေး ဝါဒကို လက်ကိုင်ထားမယ် ဆိုရင်တော့ အမူအကျင့် ပြောင်းလဲမှု ဆိုင်ရာ အခက်အခဲကတော့ ကြီးမားစွာ တည်ရှိနေမှာ ဖြစ်ပါတယ်။

ကျနော်တို့မှာ သိနိုင်ခွင့်ရှိပါတယ်။ မေးပိုင်ခွင့်ရှိပါတယ်။ အဲဒီလို သိနိုင်ခွင့်၊ မေးပိုင်ခွင့်ကို အသုံးချပြီး အစိုးရ အဖွဲ့အစည်း များရဲ့ စွမ်းဆောင်ရည်ကို တွန်းအားပေးနိုင်ပါတယ်။ သတင်း အချက်အလက် လက်ဝါးကြီးအုပ်မှုတွေကို တွန်းလှန်ပြီး လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်တဲ့ ဝန်းကျင်ကို ဖန်တီးနိုင်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေ သိသင့်သိထိုက်တာတွေကို ကြိုတင် ထုတ်ပြန်ဖို့၊ မူဝါဒများ ချမှတ်ဖို့ တာဝန်ရှိပါတယ်။ “ပေါ်လစီ အခြေပြု ငါးပွက်ရာ ငါးစာချ စီးပွားရေး ပုံစံတွေ” ကို တားဆီးပြီး အမှန်တကယ် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက် စီးပွားရေး ပုံစံကို ဖော်ဆောင်ဖို့ တာဝန် ရှိပါတယ်။ သေချာတာ တခုကတော့ ကျနော်တို့မှာ သိနိုင်ခွင့်ရှိတယ် ဆိုတာပါပဲ။

(စိုးသီဟနောင်သည် ဆက်သွယ်ရေးဥပဒေ ဆိုင်ရာ သုတေသနအဖွဲ့ ၏ အိုင်တီပညာရှင် တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading