သူ့အတွေး သူ့အမြင်

အမျိုးသမီးအသင်း ခွဲခြားအားပေးခံနေရသလား

Want create site? Find Free WordPress Themes and plugins.

မြန်မာပြည်သူတွေ ကြားမှာ စိတ်ဝင်စားနေတာက မလေးရှားနိုင်ငံမှာ လက်ရှိ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ (ဆီးဂိမ်း) ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးနဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တွေရဲ့ အားပေးမှု က အံ့မခန်းလိလိပါပဲ။ ဒီလိုပြိုင်ပွဲတွေမှာ အနိုင်ရရှိခြင်းဟာ တဖက်က စဉ်းစားကြည့်ရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ မြင့်တင်ပေးရာ ရောက်ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးသားအသင်းရော၊ အမျိုးသမီး အသင်းပါ ပါဝင်ယှဉ်ပြိုင်တာ တွေ့သလို ပရိသတ်က မျှော်လင့်ခြင်း ကြီးစွာနဲ့ အားပေးနေတာလည်း တွေ့ရပါတယ်။ မြန်မာ အမျိုးသမီး ဘောလုံးအသင်းဟာ ပထမပွဲတုန်းက ထိုင်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ ပေမယ့် သြဂုတ် ၁၇ ရက်နေ့၊ ဒုတိယပွဲစဉ်မှာ အိမ်ရှင်မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ ငါးဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိပြီး ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေပါတယ်။ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရာမှာ မြန်မာ အမျိုးသမီး ဘောလုံးအသင်း အတွက် အနိုင်ဂိုးတွေကို “ဝင်းသိင်္ဂီထွန်း” နဲ့ “ခင်မိုးဝေ” က သွင်းယူခဲ့တာပါ။

သြဂုတ် ၂၀ ရက်နေ့မှာ ဗီယက်နမ်အသင်းနဲ့ ယဉ်ပြိုင်ကစားရာမှာတော့ ၃ ဂိုး ၁ ဂိုးနဲ့ မြန်မာ အမျိုးသမီးအသင်းက ရှုံးနိမ့်ခဲ့ ပါတယ်။ သြဂုတ်၂၂ ရက်မှာလည်း ဖိလစ်ပိုင်ပြိုင်အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

တကယ်တော့ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ အာရှမှာပဲဖြစ်ဖြစ်၊ ကမ္ဘာမှာပဲဖြစ်ဖြစ် အစောဆုံး ပြိုင်ပွဲ ကစားခဲ့တာ တွေ့ရပါတယ်။ ပါပဲ။ ၁၉၅၅ ခုနှစ် ကတည်းက အမျိုးသမီး ဘောလုံးအသင်း ကစားခဲ့တာ ဖြစ်လို့ သက်တမ်းအားဖြင့် ၆၂ နှစ် ရှိနေပါပြီ။ တိတိကျကျ ပြောရရင် မြန်မာနိုင်ငံမှာတော့ ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို စတင် ကျင်းပနိုင်ခဲ့တာပါ။

အထက်မြန်မာပြည် အမျိုးသမီးအသင်းနဲ့ အောက်မြန်မာပြည် အမျိုးသမီးအသင်း ဆိုပြီး ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်းမှာ ကစားခဲ့တာပါ။ ပါဝင်ကစားခဲ့သူတွေထဲမှာ အထက်မြန်မာပြည်က ဂရေစီးကား၊ မနန်းရင်တို့ ပါဝင်ပြီး အောက်မြန်မာပြည်က မယ်ဗမာ ခင်စန်းကြွယ်၊ လီလီကြာညွှန့်တို့ ပါဝင်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ၁၉၅၅ ခုနှစ် နောက်ပိုင်းနှစ်တွေမှာ အမျိုးသမီးတွေကို ဘောလုံးကစားတာ ပိတ်ပင်ခံခဲ့ရတာပါပဲ။

အမျိုးသမီးတွေ ကမ္ဘာပတ်နေတဲ့ အချိန်မှာ အာဏာရှင် အစိုးရက မလုပ်သင့် မလုပ်ထိုက်တာကို ဇွတ်အတင်း လုပ်ပြီး အမျိုးသမီးတွေ ဘောလုံးကစားတာကို ပိတ်ပင်ဟန့်တားပစ်ခဲ့တာကြောင့် မြန်မာ့အမျိုးသမီး ဘောလုံးလောက အတွက် နောက်ကျစေခဲ့တာလို့ ဆိုရမှာပါ။ အကျိုးဆက် ကတော့ မြန်မာ့အားကစားဟာ ကမ္ဘာကို လွှမ်းမိုးဖို့ နေနေသာသာ အရှေ့တောင်အာရှမှာပါ နောက်ကျခဲ့ရခြင်း ပါပဲ။

အာရှ အမျိုးသမီးဘောလုံး သမိုင်းကို ပြန်ကြည့်ရင် ပထမဦးဆုံး အကြိမ် အာရှတံခွန်စိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၇၅ ခုနှစ်က ဟောင်ကောင်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့တဲ့ နှစ်နဲ့ ယှဉ်ကြည့်ရင် မြန်မာထက် နှစ်ပေါင်း ၂၀ လောက် နောက်ကျခဲ့တာ တွေ့နိုင်ပါတယ်။

အဲဒီနောက် ၁၉၉၅ ခုနှစ်ကျမှ အာဆီယံဒေသတွင်း ကျင်းပတဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီး ဘောလုံးအသင်း ယှဉ်ပြိုင်နိုင်ခွင့် ရခဲ့ပါတယ်။ အမျိုးသမီ အသင်းဟာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် မရခဲ့ပေမယ့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ဆွတ်ခူးပြီး တိုင်းပြည်ဂုဏ် ဆောင်နိုင်ခဲ့တဲ့ မှတ်တမ်း ရှိပါတယ်။ တကယ်လို့သာ လက်ရှိ ကျင်းပနေတဲ့ ဆီးဂိမ်းမှာ အမျိုးသမီး ဘောလုံးအသင်းနိုင်ပွဲ ဆက်ပြီး ချန်ပီယံ ဖြစ်ခွင့် အခွင့်အလမ်း ရှိနေဆဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲမှာ မြန်မာ အမျိုးသားဘောလုံး အသင်းက သြဂုတ် ၁၄ ရက်၊ တနင်္လာနေ့က ပြိုင်ဘက် စင်ကာပူ အသင်းကို ၂ ဂိုး၊ ဂိုးမရှိနှင့် အနိုင်ရခဲ့တာကြောင့် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ရရှိခဲ့တယ် လို့ သတင်းတွေမှာ တွေ့ရပါတယ်။

သတင်းတွေမှာ ဖော်ပြထားတာအရ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကို ကမ္ဘောဇအုပ်စု ဥက္ကဌလည်း ဖြစ်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယကလည်း ဖြစ်တဲ့ ဦးအောင်ကိုဝင်းက ချီးမြှင့်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဋ္ဌဟောင်း ဦးတေဇတို့က အမေရိကန်ဒေါ်လာ ၁၀၀၀၀ စီချီးမြှင့်တာ ဖြစ်ပါတယ်။

မေးခွန်းထုတ်စရာက အမျိုးသား ဘောလုံးအသင်းကို အားပေး ထောက်ပံ့မှုတွေ အများကြီး ရှိပေမယ့် အမျိုးသမီး ဘောလုံး အသင်းကိုတော့ နိုင်ငံတော်ဘက်ကရော၊ စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကပါ အားပေးထောက်ပံ့မှု သိသိသာသာ နည်းပါး နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမျိုးသမီး အသင်းအပေါ် အဲဒီလို အားပေးတဲ့ သတင်းမျိုး ဖတ်ရှုကြားသိရတာမျိုး အလွန်နည်းပါးပါတယ်။

ဆီးဂိမ်းမှာ အနိုင်ရတဲ့ မြန်မာ ယူ – ၂၂ အသင်းကို ဆုကြေးချီးမြှင့်ငွေဟာ လက်ရှိ အချိန်ထိ အမေရိကန်ဒေါ်လာ တသိန်း ငါးထောင်ထိ ရှိနေပါပြီ။ အမျိုးသမီး ဘောလုံးအသင်းကိုတော့ ဆုကြေးချီးမြှင့်ငွေဟာ ဒေါ်လာ နှစ်သောင်းပဲ ရှိသေးတာမို့ ကွာခြားချက် ရှိနေဆဲဆိုတာ တွေ့ရပါတယ်။ ဒါဟာ အားကစားမှာ ကျားမ ခွဲခြား ဆက်ဆံတာ၊ ခွဲခြား အားပေးတာ ပါပဲ။

ဘတ်ဂျက်အနေအထား အရ ကြည့်ရင် လက်ရှိအစိုးရလက်ထက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလို့ ပေါင်းစည်း ထားပြီး အသုံးစရိတ်ဟာ ၅ ဒသမ ၂၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အားကစားကဏ္ဍကို မြှင့်တင်ပေးဖို့ အတွက် အမျိုးသမီး ဘောလုံးအသင်းကို စိတ်ဓာတ်ရေးရာ အရရော၊ ငွေကြေးပိုင်းအရပါ ထောက်ပံ့ပေးဖို့ လိုပါတယ်။

ဥပမာအနေနဲ့ အမေရိကန်လို နိုင်ငံမှာ အမျိုးသမီး ဘောလုံးသမားတွေနဲ့ ပတ်သက်ပြီး အစားအသောက်ကအစ ကယ်လိုရီနဲ့ တွက်ချက်ကျွေးပါတယ်၊ နွားနို့ ဘယ်နှခွက်၊ ကြက်ဥ ဘယ်နှလုံး အစရှိသဖြင့် ပေါ့၊ သူတို့ရဲ့ စားသောက်မှု ပုံစံမှာ သကြားနဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေ ရှောင်သင့်သလို ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့အတွက် ပရိုတင်း (အသားဓာတ်)၊ သံဓာတ်၊ ကယ်စီယမ် (ထုံးဓာတ်) ပါဝင်တဲ့ အစားအစာတွေပါဝင်သင့်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆိုရင် အမျိုးသားဘောလုံးအသင်းကို လိုအပ်တဲ့လေ့ကျင့်မှုတွေ အတွက် ထောက်ပံ့မှု တွေ၊ ဘောလုံးသမားတွေကို လစာပေးတာတွေပြုလုပ်ပေးနေတာပါ၊ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ ပံ့ပိုးမှုဖြစ်ပါတယ်။ သို့ပေမယ့် အမျိုးသမီး ဘောလုံးသမားတွေ အတွက်တော့ ပံ့ပိုးမှုဟာ အားနည်းနေဆဲ အနေအထား ဖြစ်နေပါတယ်။ သူတို့ အတွက် မက်မောချင်စရာ ကောင်းတဲ့ လစာလည်း ရမယ်၊ နည်းပြကောင်းတွေနဲ့လည်း လေ့ကျင့်ပေးမယ် ဆိုရင် အားတက်စရာ အနေအထားကို မလွဲမသွေ ဦးတည်နိုင်မှာ ဖြစ်ပါတယ်။

မယ်ပြိုင်ပွဲတွေလို ပြိုင်ပွဲတွေကို ကူညီပံ့ပိုး ပေးနေသူ၊ စိတ်ဝင်စားနေသူ စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ အားကစား ပြိုင်ပွဲတွေထဲမှာ ဘောလုံးဟာ ကမ္ဘာတဝှမ်း စိတ်ဝင်စားခံရတဲ့ အားကစားဖြစ်လို့ အမျိုးသားတွေနဲ့ တန်းတူ၊ မယ်ပြိုင်ပွဲတွေနဲ့ တန်းတူ ဘာကြောင့် ကူညီပံ့ပိုးမှု အားနည်းနေတာလဲ လို့ အမျိုးသမီး တယောက်အနေနဲ့ မချင့်မရဲ ဖြစ်မိတာ အမှန်ပါ။

“အမျိုးသမီး” တွေမှာ လည်း “အမျိုးသား” တွေလိုပဲ အားကစားနဲ့ ပတ်သက်လို့ စွမ်းဆောင်ရည် ရှိတာ၊ မလျော့တဲ့ ဂုဏ်ဆောင်နိုင်တာကို အသိအမှတ်ပြု လေးစားဖို့ လိုပါတယ်။ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း အမျိုးသား ဘောလုံးအသင်းကိုပဲ ထောက်ပံ့ကူညီဖို့ မျက်စေ့ကျနေသလို လက်ရှိမှာလည်း ထောက်ပံ့နေဆဲ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် ၄၃ မှာ ရပ်တည်နေပါတယ်။

အားကစားကို အားပေးမြှင့်တင်ရာမှာ အမျိုးသားရော၊ အမျိုးသမီးကိုပါ တန်းတူညီမျှဖြစ်သင့်ပါတယ်။ အမျိုးသမီးဘောလုံး အသင်းကို အာရှမှာ ပွဲလယ်တင့်နိုင်ဖို့၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့၊ တာဝန်ရှိသူအားလုံး ဝိုင်းဝန်းကူညီပံ့ပိုးဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

(သွေး(စစ်ကိုင်း) သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)

ကိုးကား – ခင်မောင်ထွေး (ပျဉ်းမနား) ၏ “မြန်မာအမျိုးသမီးဘောလုံးအသင်း စတင်ရာနှင့် အမျိုးသမီး လိဂ်ပြိုင်ပွဲများရှေ့ခရီး ဘယ်လိုလဲ” ဆောင်းပါး။ (ဧရာဝတီသတင်းဌာန- ၂၅ သြဂုတ်၊ ၂၀၁၅)

Did you find apk for android? You can find new Free Android Games and apps.
Loading