မြန်မာ့ငြိမ်းချမ်းရေး တရုတ် တကယ်လိုလားသလား

Joe Kumbun
၂၀၁၇ ခုနှစ် မေလအတွင်း ဘေဂျင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင်ဖျင့်တို့ တွေ့ဆုံခဲ့စဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

လတ်တလောတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေခြင်းက ပြည်သူများအတွက် မြောက်ပိုင်းမှ အိမ်နီးချင်း၏ ပါဝင်ဆောင်ရွက်မှုကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းက မည်သို့ ဖြစ်လာမည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။ အစဉ်အလာအားဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံခြားဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုရေး မူဝါဒကို ထိန်းသိမ်းထားခဲ့သည်။ သို့သော်လည်း မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက် နက် ကိုင်အဖွဲ့များကြားမှ ဆွေးနွေးညှိနှိုင်းမှုများကို ကူညီပေးရန် တရုတ်နိုင်ငံက ဆွန်ကော့ရှန်ကို အာရှရေးရာ အထူးကိုယ် စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီး ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယပိုင်းတွင် တရုတ်နိုင်ငံက မြန်မာ့တပ်မ တော် နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ကြားတွင် စေ့စပ်ညှိနှိုင်းသူ အဖြစ်ဝင်ရောက်လာခဲ့ပြီးနောက်တွင် ပြည်သူများက တရုတ်နိုင်ငံ၏ အမှန်တကယ်ရည်ရွယ်ချက် အပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် နိုင်ငံခြားတိုင်းပြည်များ အထူးသ ဖြင့် အမေရိကန်မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ရန် ကြိုးပမ်းခဲ့သည့် နောက်ပိုင်း၌ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွင် အနီးကပ်ပါဝင်လာခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွန်မော်က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးသို့ သွားရောက်၍ သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမေရိကန်နိုင်ငံ ပါဝင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီလ တွင် အမေရိကန်နိုင်ငံသို့ ဗိုလ်ချုပ်ဂွန်မော် သွားရောက်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိများ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကူညီရန် အမေရိကန်နိုင်ငံက ကြိုးစားလာခြင်းမှာ ဒေသတွင်းတွင် ကာလကြာရှည်ခဲ့ပြီ ဖြစ်သော တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ကျဆင်းစေရန် အားထုတ်ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခြား အင်အားကြီးနိုင်ငံများ (အထူးသဖြင့် အမေရိကန်) ပါဝင်ခြင်းကို တရုတ် နိုင်ငံက ဆက်လက်ညင်းပယ်ခဲ့သည်။

ထိုအချိန်မှစ၍ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်များ ခန့်အပ်ခြင်းမှ တဆင့် ၎င်း၏ ပါဝင်ပတ်သက်မှုကို မြှင့်တင်ခဲ့ ပြီး မြန်မာခေါင်းဆောင်များကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့သည်။

၂၀၁၃ ခုနှစ်မတ်လတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အာရုံစိုက်နိုင်ရန်အတွက် ဝမ်ယင်ဖန်ကို ပထမဆုံးသော အာရှရေးရာ အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်ခဲ့သည်။ နောက် ၃ နှစ်ကြာသည့် အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးလက်ခံ တွေ့ ဆုံသည့် နိုင်ငံခြားဧည်သည် ဖြစ်ခဲ့သည်။ ထိုနှစ် ဇွန်လတွင် လုံခြုံရေး ဝန်ကြီး ကင်ဝေချမ်းလည်း ရောက်လာခဲ့သည်။

နောက် ၂ ပတ်အကြာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ က်နေ့တွင် တရုတ်နိုင်ငံ၏ လက်ရှိ အာရှရေးရာ အထူးကိုယ်စားလှယ်ဖြစ် သော ဆွန်ကော့ရှန်က KIO က အိမ်ရှင်အဖြစ် ပြုလုပ်ပေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ မိုင်ဂျာယန် ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။

နောက်လတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန အကြီးအကဲ ဆွန်တောင်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံရေးအဖွဲ့အစည်းများ၊ တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဆွန်ကော့ရှန်ကလည်း ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မ တော်- ရှမ်းပြည်နယ် အရှေ့ပိုင်း(NDAA-ESS) အဖွဲ့များထံသွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သည့် ပထမအကြိမ် ၂၁ ရာစုပင်လုံ ငြိမးချမ်းရေး ညီလာခံ သို့ အဆိုပါ အဖွဲ့ ၂ ဖွဲ့ တက်ရောက်စေရေး သေချာစေခဲ့သည်။

ယခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် တရုတ်နိုင်ငံက ဆွန်တောင်ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီး သူက ဒေါ်အောင်ဆန်းစု ကြည်နှင့် အခြားခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။

ထိုသို့ပြုလုပ်ရင်း တရုတ်နိုင်ငံက သူ့ဖာသာ အဓိကစားသမားတဦး အဖြစ်နေရာယူခဲ့သည့် အသွင်ရှိသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရေး အတွက် ကတိပြုခဲ့သည်။ မြန်မာခေါင်းဆောင်များကို တရုတ်နိုင်ငံသို့ ပုံမှန်လာ ရောက်အောင် ဖိတ်ခေါ်ခြင်း၊ စီးပွားရေး၊ နိုင်ငံရေး နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူညီချက်များ ပြု လုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ သွားရောက်၍ သမ္မတ ရှီကျင်ဖျင့်၊ ဝန်ကြီးချုပ် လီကီကွမ်းတို့ နှင့် တွေ့ဆုံခဲ့သည်။ သူ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အာဏာရရှိခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် သြ ဂုတ်လတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ် နောက်တကြိမ်သွားရောက်ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံသို ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် သွားရောက်၍ တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေး ဝန်ကြီး ကောင်ရှန်ကွန်း၊ တောင်ပိုင်းတိုင်း၏ နိုင်ငံရေး အရာရှိ ဗိုလ်ချုပ်ကြီး ဝေလျန်တို့ အပြင် အခြား တာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် တရုတ်သမ္မတ ရှီကျင်ဖျင့်၏ ဖိတ်ကြားချက်အရ မြန်မာ သမ္မတ ဦထင်ကျော် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံက မြန်မာခေါင်းဆောင်ပိုင်း နှင့်တွေ့ဆုံမှုများကို အရှိန်မြှင့်လာသည့် အသွင်ရှိသည်နှင့် အမျှ မြန်မာနိုင်ငံအတွင်း မှ ဖွံ့ဖြိုးရေး စီမံကိန်း အများအပြားအပေါ်တွင် သက်ရောက်မှုတခု မလွဲမသွေ ရှိလာလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုက တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် ရှိ သည့် တိုင်းရင်းသား အဖွဲ့များနှင့် ပတ်သက်၍သာ အကန့်အသတ်ဖြင့် ရှိနေသည့် အသွင်ဖြစ်သည်။ ကရင်၊ မွန် သို့မဟုတ် ချင်းကဲ့သို့သော မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် အနောက်ပိုင်းမှ တိုင်းရင်းသားအဖွဲ့များ အပေါ်အလေးပေးမှုက များစွာ လျော့နည်း နေသည်။

အမှန်စင်စစ်အားဖြင့် တရုတ်နိုင်ငံ၏ ဦးစားပေးမှုက သူ၏ နယ်စပ်တလျှောက်တွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးသာ ဖြစ်ပြီး မြန်မာတနိုင်ငံလုံး မဟုတ်ပါ။ ထို့ပြင် တရုတ်နိုင်ငံက သူ၏ သဘာဝဓာတ် ငွေ့ ပိုက်လိုင်းများ တလျှောက် နှင့် ၎င်း၏ ကြီးမားသော ဖွံ့ဖြိုးရေး စီမံကိန်းကြီးများရှိသည့် အခြား နေရာများတွင် တည်ငြိမ်မှုရှိ ရေးကို လည်း ဦးစားပေးခဲ့သည်။

သူတို့၏ အကျိုးစီးပွား အပေါ်တွင် တိုက်ရိုက်သက်ရောက်မှုမရှိသော ပဋိပက္ခများကို တရုတ်နိုင်ငံက ရှောင်ရှားသည်မှာ လည်း အတော်လေးပင် ပေါ်လွင်သိသာပါသည်။ ဥပမာအားဖြင့် မြန်မာ့တပ်မတော်က KIO ကို အကြီးစား ထိုးစစ်များ ဆင်နွှဲ၍ ခရာဘွမ် ၊ ဘွမ်တောင်၊ ဖုန်ပျဉ်ဘွမ်၊ ဂီဒုန် နှင့် လိုင်ဖောင်စသည့် စခန်းများနှင့် ဖားကန့်မှ တပ်ရင်း ၆ နှင့် အင်းတော်ကြီးမှ တပ်မဟာ ၈ တို့ ကဲ့သို့သော ပထဝီအရ ဗျူဟာကျသည့် နေရာများကို ထိန်းချုပ်ရန် ကြိုးစားသည့် အချိန် တွင် တရုတ်နိုင်ငံက နုတ်ဆိတ်နေခဲ့သည်။ ရွှေနှင့် ပယင်း ထွက်သည့် တနိုင်းဒေသတွင် ဇွန်လအတွင်းကပေါ်ပေါက်ခဲ့ သော တိုက်ခိုက်မှုများကြောင့် လူပေါင်း ထောင်နှင့် ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရချိန်တွင်လည်း တရုတ်နိုင်ငံက ဆက်လက် ငြိမ်သက်နေခဲ့ခြင်းက အဆိုပါ ပဋိပက္ခသည် သူတို့၏ လတ်တလောအကျိုးစီးပွား၏ အပြင်ဖက်တွင် ရှိနေ၍ ဖြစ်ကြောင်း ကို ဖော်ပြနေသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် ပတ်သက်၍ အဓိက စိုးရိမ်သည်မှာ သူတို့၏ နယ်စပ်များကို တိုက်ရိုက် သက်ရောက်လာသည့် အချိန်တွင် ဖြစ်သည်။ ဥပမာပြရလျှင် ၂၀၁၅ ခုနှစ်က မြန်မာတပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့များ ကြားမှ တိုက်ပွဲများကြောင့် လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများ သူတို့ နယ်မြေအတွင်းသို့ ကျရောက်သည့် အခါတွင် တရုတ်နိုင်ငံက တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ချက်ချင်းဆင့်ခေါ်၍ တရုတ်နိုင်ငံသားများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းအတွက် အပြစ်တင်ခဲ့သည်။

အခြားသော အိမ်နီးချင်းနိုင်ငံများကဲ့သို့ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခများကြောင့် ထွက်ပြေးလာရသည့် ပြည်သူ များကို နေထိုင်ခိုလှုံခွင့်ပေးရန် ငြင်းဆန်မှုများလည်း မကြာခဏ ပြုလုပ်ခဲ့သည်။ လတ်တလော အသိသာဆုံးမှာ ယခုနှစ် ဇန်နဝါရီလ အတွင်းက ကချင်တိုင်းရင်းသား ၄၀၀၀ ကျော်ကို တရုတ်ရဲအဖွဲ့က ဖိအားပေး၍ မြန်မာနိုင်ငံဘက်သို့ ပြန်သွား စေခဲ့သည်။

တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ အထူးသဖြင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့်အဖွဲ့ (MNDAA) ကို ထောက်ပံ့သည်ဟု လေ့လာစောင့် ကြည့်သူ အများအပြားက ခန့်မှန်းကြသည်။ ဖြစ်နိုင်ပါသည်။ အကယ်၍သာ မြန်မာ့တပ်မတော်က တရုတ်နိုင်ငံနှင့် ဝေး ရာသို့ ရောက်သွားပြီး သူတို့၏ မုန့်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုများ မသေချာတော့လျှင် တရုတ်နိုုင်ငံက မြန်မာနိုင်ငံအပေါ် အပြစ်ဒဏ်ပေးသည့် တုတ်အနေဖြင့် အဆိုပါ အဖွဲ့များကို အသုံးပြုကောင်း ပြုနိုင်ပါသည်။

သို့သော်လည်း အများကလက်ခံထားသည့် သဘောတရားမှာ လူတယောက် သို့မဟုတ် နိုင်ငံတနိုင်ငံက သူတို့အတွက် ပိုမို ကောင်းမွန်သော၊ ကြီးမားသော မက်လုံးများ၊ အကျိုးကျေးဇူးများပေးမည့်သူ နှင့်သာ မဟာမိတ်ဖွဲ့ရန် အမြဲတမ်း ကြိုးစား မည် ဖြစ်သည်။ ထိုနည်း အတိုင်းဆိုလျှင် မြန်မာတပ်မတော်က တရုတ်အစိုးရအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထက် ပို၍ မက်လုံးများပေးနိုင်ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံခြင်းက တိုင်းရင်းသား အဖွဲ့များနှင့် ဆက်ဆံခြင်း ထက်ပို၍ အကျိုးကျေးဇူးများ ရနိုင်ပါသည်။

တရုတ်အစိုးရက မြန်မာ့တပ်မတော်ကို ကျရှုံးစေလိုသည့် ဆန္ဒမရှိခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ် သက်၍ မြောက်ကိုရီးယား အာဏာရှင် အစိုးရအပေါ် သူတို့ ပြုမူခဲ့သည်နှင့် အလားတူသော မူဝါဒမျိုး ကျင့်သုံးရန် ဖြစ်လာ ပါသည်။ တရုတ်အစိုးရက သူတို့၏ အဓိက ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးကျေးဇူးများ ဆက်လက်ရရှိနေသမျှ ကာလပတ်လုံး သူတို့ကို အာဏာမြဲစေရန် ဆက်လက်ထောက်ခံသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာတပ်မတော်သည် တဦးကို တဦး အပြန်အလှန် အကျိုးပြုနိုင်ကြသည်မှာ ထင်ရှားပါသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်နေရာ ရရှိထားသည့် တရုတ်နိုင်ငံက မြန်မာ့တပ်မတော်အပေါ် နိုင်ငံတကာမှ အရေးယူ အပြစ်ပေးခြင်း မရှိအောင် ကာကွယ်ပေးထားသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပေါ် ထောက်ခံရန် အလားအလာရှိသူများကိုလည်း တရုတ်နိုင်ငံအတွင်း အရေးယူခဲ့သည်။ အပြန်အလှန် အနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းရှိ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများမှတဆင့် အကျိုးအမြတ်များ ရရှိမည် ဖြစ်သည်။

ထိုကဲ့သို့သော အပြန်အလှန် အကျိုးစီးပွားများ သေချာခိုင်မာစေရန် အတွက် တရုတ်နိုင်ငံကရော မြန်မာ့တပ်မတော်ကပါ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံတကာမှ ပါဝင်ပတ်သက်ခြင်းကို ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ ငြိမ်းချမ်းရေးဖော်ဆောင်သူများ အနေဖြင့် မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးနှင့် ပတ်သက် သော ကိစ္စများတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုကို ဆက်လက်၍ ဂရုတစိုက် သတိထား စောင့်ကြည့် သင့်ပါသည်။ တရုတ်နိုင်ငံ က စေ့စပ်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အရှိန်အဟုန် အပေါ် ယုံကြည်မှု များစွာထားရှိခြင်းက အမှား အယွင်းတခု ဖြစ်ကောင်း ဖြစ်သွားနိုင်ပါသည်။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Does China Want Peace in Myanmar? ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading