ငြိမ်းချမ်းရေးကို စိတ်ကူးကြည့်ခြင်း

မွန်မွန်မြတ်
ကိုလမ်ဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်တွင် ငြိမ်းချမ်းရေး ဆန္ဒပြတောင်းဆိုသူများ ချီတက်နေစဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

ဂျွန်လင်နွန်က“Imagine”ဆိုတဲ့ သူ့ရဲ့ကမ္ဘာကျော် သီချင်းတပုဒ်ထဲမှာ ထည့်ဆိုခဲ့တယ်။ နိုင်ငံတွေ ဘာသာတ ရားတွေသာ မရှိဘူးလို့ မြင်ယောင်ကြည့်လိုက်စမ်းပါ။ တယောက်တယောက် တိုက်ခိုက်သတ်ဖြတ်ကြတာ တွေ မရှိဘဲ လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြလိမ့်မယ်တဲ့။

ငြိမ်းချမ်းရေးဟာ အပြောလွယ်သလောက် အမြဲတမ်း ခက်နေရတယ် ဂျွန်။ တဖြည်းဖြည်းနဲ့ မြန်မာဟာ ကမ္ဘာ မှာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံ တနိုင်ငံအဖြစ်ကို ရောက်လာကာ၊ ၂၀၁၇ မှာ စောင့်ကြည့်ရမယ့် ကမ္ဘာ့ ထိပ်တန်းပဋ္ဋိပက္ခနိုင်ငံ ၁၀ နိုင်ငံထဲမှာ ပါလာတာတွေကြောင့် ငြိမ်းချမ်းရေးဟာ မျှော်တိုင်းဝေးဖြစ်နေရပြန် တယ်။

တဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေရင်း အခြားတဖက်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ် နေသေးတာကြောင့် ငြိမ်းချမ်းရေးကို မြင်ယောင်ကြည့်ဖို့ နေနေသာသာ ငါတို့တသက် ရမှ ရပါတော့မလားဆို တဲ့သံသယစိတ်တွေ ပေါ်လာတယ်။

ကိုယ့်နိုင်ငံထက် အဆပေါင်းများစွာ ဆိုးဝါးတဲ့ဆီးရီးယားတို့ ယီမင်တို့ကွန်ဂိုတို့လို နိုင်ငံတွေက ပြည်တွင်းစစ် တွေ အကြောင်း ရှာဖတ်ကြည့်မိတယ်။ ပဋ္ဋိပက္ခသံသရာ စက်ဝန်းကြီးတွေဟာ မဆုံးနိုင်အောင် လည်ပတ်နေ ကြတုန်း။

မြန်မာ့ပြည်တွင်းစစ်နောက်ကို ၁၉၆၄ ခုလောက်ကမှ အမှီလိုက်တာတဲ့ ကိုလမ်ဘီယာနိုင်ငံမှာတော့ ငြိမ်းချမ်း ရေးရောင်ခြည်တချို့ သန်းစပြုနေခဲ့ပြီ။ ရေနစ်သူ ကိုယ့်နိုင်ငံအတွက် မြက်တပင်ဖြစ်စေမယ့်ငြိမ်းချမ်းရေးဖြစ် စဉ်တွေအကြောင်း အားတက်သရော သိချင်မိလာတယ်။

Moral Imagination ဆိုတဲ့နာမည်နဲ့ စာအုပ်တအုပ်ရေးခဲ့တဲ့ စာရေးဆရာ ဂျွန်ပေါလ်လဲဒရစ်ရဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ပြင်ဆင်ထားသင့်တဲ့စိတ်ဝိညာဉ်ကျင့်စဉ်တွေအကြောင်း ဖတ်ရပြန်တော့ အိပ်မက် အသစ်တွေ မက်ဖို့ ဖြစ်လာရပြန်တယ်။

စာအုပ်တနေရာမှာလည်း ဒရစ်ပြောထားတာက ပဋ္ဋိပက္ခစက်ဝန်းကြီးတခုကို ဖျတ်ကနဲ ရပ်တန့်သွားအောင် လုပ်နိုင်တဲ့ တဒင်္ဂဆုံမှတ်လေးတခုဟာ လူသားအချင်းချင်း တွေ့ဆုံဆွေးနွေးကြရာကတဆင့် မထင်မှတ်ဘဲ ဖြစ် သွားတတ်ပါတယ်တဲ့။

ပဋ္ဋိပက္ခမှငြိမ်းချမ်းရေးဆီသို့

ပဋ္ဋိပက္ခဖြစ်ပွားရာနိုင်ငံတွေရဲ့နောက်ခံသမိုင်းကြောင်းတွေဟာ တခုနဲ့ တခု ခပ်ဆင်ဆင်ပါပဲ။ ကိုလမ်ဘီယာ နိုင် ငံ ဟာ မြန်မာပြီးရင် ကမ္ဘာမှာ ဒုတိယအရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ နိုင်ငံတခုပါ။

နှစ်နိုင်ငံလုံးမှာလည်း တူညီတဲ့နောက်ခံသမိုင်းကြောင်းတွေ ရှိကြတယ်။ ကိုလိုနီလက်အောက်ခံဖြစ်ဘူးတာ၊ သဘာဝသယံဇာတ ရင်းမြစ်ကြွယ်ဝတာ၊ မြေပိုင်ရှင်နဲ့ လယ်သမားတွေကြား ချမ်းသာဆင်းရဲ ကွာဟမှုကြီးမားတာ၊ တောင်သူလယ်သမား အခြေခံလူတန်းစားတွေများတာ၊ လက်ဝဲကွန်မြူနစ်ဝါဒလွှမ်းမိုးမှုတွေ အားကောင်းခဲ့တာ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာ စသဖြင့်ပေါ့။

၁၉၆၀ ပတ်ဝန်းကျင်လောက်ကတည်းက ကိုလမ်ဘီယာနိုင်ငံက ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသတွေမှာ လယ် သမားကနေ တော်လှန်ရေးသမားဖြစ်လာတဲ့ FARC တို့လို လက်နက်ကိုင်ပြောက်ကျား သူပုန်တပ်တွေ တပ် စွဲထားခဲ့တယ်။ ကိုလမ်ဘီယာသူပုန်အဖွဲ့အများစုဟာ မူးယစ်ရာဇာတွေကို အကာအကွယ်ပေးတာ၊ အရပ်သား တွေကို ပြန်ပေးဆွဲငွေညှစ်တာ၊ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးကောက်ခံတာမျိုးတွေနဲ့ ရပ်တည်မှုအတွက် ရှာဖွေခဲ့ကြတဲ့အတွက် နိုင်ငံတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ကြတယ်။

နောက်တော့ ပြောက်ကျားသူပုန်အုပ်စုတွေကိုယ်တိုင် မူးယစ်ဆေးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်လာ ကြ ပြီး ၁၉၇၀လောက်ကတည်းက ကမ္ဘာ့ထိပ်တန်း မူးယစ်ဆေးဝါးထုတ်တဲ့နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တယ်။

ကိုလမ်ဘီယာနိုင်ငံရဲ့လက်နက်ကိုင်အဖွဲ့တွေကို အမျိုးအစားခွဲကြည့်ရင် သုံးမျိုးလောက်တွေ့ရပါတယ်။ အင် အားကြီးမားတဲ့ပြောက်ကျားသူပုန်အဖွဲ့တွေ၊ အစိုးရလက်နက်ကိုင်တပ်ဖွဲ့က စစ်ရေးလေ့ကျင့်ပေးပြီး လက် နက် တပ်ဆင်ပေးထားတဲ့ပြည်သူ့စစ်အဖွဲ့တွေနဲ့၊ မူးယစ်ရာဇာတွေက သူတို့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ဖွဲ့စည်းထား တဲ့ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ ဆိုပြီး သုံးမျိုးသုံးစား တွေ့ရမှာပါ။

ကိုလမ်ဘီယာနိုင်ငံမှာ အနှစ်ငါးဆယ်ကျော် ပြည်တွင်းစစ် အဓွန့်ရှည်ခဲ့တာက သူတို့နိုင်ငံရဲ့အကြမ်းဖက် ယဉ် ကျေးမှု အစဉ်အလာကြီးကြောင့်ပါပဲ။ ကိုလမ်ဘီယာလယ်သမားတွေဟာ မဲမပေးတတ်ခင်ကတည်းက အကြမ်း ဖက်လမ်းစဉ်ကို စလေ့လာခဲ့ရတယ်။ တခုခုကို သဘောတူညီမှုမရဘူးဆိုတာနဲ့ ဘယ်လိုနည်းနဲ့ အကြမ်းဖက် ဖြေရှင်းမလဲဆိုတာကိုပဲ တွေးလေ့ရှိကြတယ်။

ကိုလမ်ဘီယာပြည်တွင်းစစ် အနှစ်၅၀အတွင်း သေဆုံးခဲ့ရသူ၂သိန်းကျော်ထဲမှာ တသိန်းရှစ်သောင်းလောက် က အရပ်သားတွေပါ။ စစ်ပွဲတွင်းမှာ ပျောက်ဆုံးသွားတဲ့၊ သေဆုံးသွားတဲ့ ကလေးငယ်ပေါင်းက ငါးသောင်းကျော် ပါ တယ်။ ပဋ္ဋိပက္ခတွေကြောင့် ရွှေ့ပြောင်းရတဲ့လူပေါင်းက ၆ သန်း နီးပါးလောက်ရှိခဲ့တယ်။

၁၉၈၂လောက်ကတည်းက စခဲ့တဲ့ ကိုလမ်ဘီယာအစိုးရနဲ့လက်နက်ကိုင်သူပုန်တပ်တွေကြားက ညှိနှိုင်းဆွေး နွေးမှုတွေဟာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာခဲ့ပါတယ်။ Betancur၊Barco၊ Gaviria နဲ့Pastrana ဆိုတဲ့သမ္မတ လေးယောက်လက်ထက်မှာ လက်နက်ကိုင် သူပုန်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ တောက်လျှောက် လုပ်လာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မအောင်မြင်သော စေ့စပ်ညှိနှိုင်းမှုများ

ကိုလမ်ဘီယာငြိမ်းချမ်းရေးဖြစ်စဉ်ကို မအောင်မြင်စေတဲ့အကြောင်းရင်းမြစ်တွေထဲမှာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့တဲ့ သမ္မတအဆက်ဆက်ရဲ့ငြိမ်းချမ်းရေးနဲ့ ပဋ္ဋိပက္ခအပေါ် ရှုမြင်ပုံခြင်း မတူညီကြတာက အဓိကပါပဲတဲ့။

သမ္မတ Bentancur က ပဋ္ဋိပက္ခတွေရဲ့မူလဘူတက ဆင်းရဲမွဲတေမှု၊ မညီမျှမှုနဲ့နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက် နိုင်တဲ့ အခွင့်အလမ်းမရှိမှုတွေက လာတယ်လို့ ရှုမြင်ခဲ့ပေမယ့် သမ္မတ Barcoနဲ့ Gaviria ကတော့ ပဋ္ဋိပက္ခဆို တာ အာဏာကြောင့်ဖြစ်တယ်လို့ ရှုမြင်ကြတယ်။

ဒါကြောင့် အာဏာလိုချင်တဲ့အုပ်စုတွေကို အင်အားချည့်နဲ့သွားအောင် ချုပ်ငြိမ်းသွားအောင် အကြမ်းဖက် နှိမ် နင်းတဲ့နည်းနဲ့ ဖော်ဆောင်ခဲ့တယ်။

အကြမ်းဖက် သူပုန်အုပ်စုတွေကိုအစိုးရလက်နက်ကိုင်တပ်တွေက အကြမ်းဖက်တဲ့နည်းနဲ့ နှိမ်နင်းလိုက်တဲ့ အ တွက် ပဋ္ဋိပက္ခတွေ လျော့နည်းသွားသယောင်ထင်ရတဲ့အခါ တိုင်းပြည်မှာ “အနှုတ်လက္ခဏာ အသွင်ဆောင် တဲ့ငြိမ်းချမ်းရေး (Negative Peace)” တော့ ရလာပါတယ်။ ဒါပေမယ့် ဒါဟာ ပဋ္ဋိပက္ခတွေ အားလုံးချုပ်ငြိမ်း သွားစေတဲ့ နည်းလမ်းကောင်းတခုတော့ မဟုတ်ခဲ့ပါဘူး။

မြန်မာနိုင်ငံမှာလည်း ၁၉၉၀ပတ်ဝန်းကျင် စစ်အုပ်ချုပ်ရေးကာလများမှာတုန်းက အစိုးရတပ်နဲ့ သူပုန်တပ်တွေ ကြား အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ကာလတခုမှာ အနှုတ်လက္ခဏာဆောင်သော ငြိမ်းချမ်းရေး ရခဲ့ဖူးပါ တယ်။

ကိုလမ်ဘီယာ သမ္မတ Pastrana လက်ထက်မှာ ကျတော့ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို သမ္မတမဲဆွယ်ပွဲ အတွက်အသုံးချခဲ့သလို၊ သူ့သမ္မတသက်တမ်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်တဲ့သူတယောက် အဖြစ် သ မိုင်းပုံရိပ်တခု တွင်ကျန်ခဲ့စေချင်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကြိုးစားခဲ့တယ်။ ငြိမ်း ချမ်းရေးဖော်ဆောင်လိုတဲ့ စိတ်ရင်းအစစ်အမှန်နဲ့ ကြိုးစားတာမဟုတ်တဲ့အတွက် သိပ်တော့ မအောင်မြင်ခဲ့ပါ ဘူး။

အစိုးရနဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေ နှစ်ဖက်စလုံးကြားမှာ မညီညွတ်ကြတာရော၊ ကျစ်လစ်ခိုင်မာတဲ့ အ ခြေခံမူဘောင်တွေ မရှိကြတာတွေကြောင့် စေ့စပ်ညှိနှိုင်းမှုတွေဟာ နှစ်ပေါင်းသုံးဆယ်အတွင်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။

ငြိမ်းချမ်းရေးလက်သမားများ

ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာ အစိုးရနဲ့ လက်နက်ကိုင်သူပုန်တပ်တွေကြားမှာပဲ တည်ဆောက်တဲ့ ဖြစ် စဉ် တခုမဟုတ်ပါဘူးတဲ့။ ပြည်သူမပါတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှန်သမျှ အောင်မြင်ဖို့ နည်းတယ်လို့ငြိမ်းချမ်းရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ငြိမ်းချမ်းရေးကို တကယ်အလိုအပ်ဆုံးက အောက်ခြေက ပြည်သူတွေပဲ မဟုတ်လား။ ပြည်သူသာလျှင် ငြိမ်း ချမ်းရေးလက်သမားကောင်းများဖြစ်တယ်ဆိုတဲ့ သာဓကတွေ ကိုလမ်ဘီယာငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှိခဲ့ပါ တယ်။

၁၉၈၇ ခုနှစ်လောက်တုန်းက ကိုလမ်ဘီယာနိုင်ငံ La India နယ်မြေက လယ်သမားတွေရဲ့ ငြိမ်းချမ်းရေး အ တွက် လုပ်ဆောင်ခဲ့ကြပုံက နမူနာကောင်းတခုပါပဲ။ စစ်သားအင်အားနှစ်သောင်းကျော်လာတဲ့အထိ ကြီးထွား လာတဲ့ FARC ပြောက်ကျားသူပုန်တွေကို ပြန်တိုက်ဖို့အတွက် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းဖို့ အကြမ်းဖက်တဲ့ နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကိုလမ်ဘီယာအစိုးရတပ်က ကပ္ပတိန်တယောက် La India ကို ရောက် လာခဲ့တယ်။

ရောက်တာနဲ့ လယ်သမားနှစ်ထောင်ကျော်လောက်ကို စုစည်းခိုင်းလိုက်ပြီး အကယ်၍သူပေးတဲ့ လက်နက် တွေကို လက်ခံပြီး ပြည်သူ့စစ်အဖွဲ့သားတွေအနေနဲ့ ပြောက်ကျားသူပုန်တွေကို ပြန်တိုက်ပေးမယ်ဆိုရင် လယ်သမားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ပြောလိုက်တယ်။ သူ့မျက်စိထဲမှာ ဒီလယ်သမား အားလုံးဟာ သူပုန်အားပေးလုပ်တဲ့သူတွေမို့ အပြစ်ရှိသူတွေလို့မြင်တယ်။ သူဟာ လယ်သမားတွေကို ရွေး ချယ်ခွင့် လေးခု ပေးတယ်။

“လက်နက်ကိုင်ပြီး ပူးပေါင်းမလား၊ သူပုန်နဲ့ သွားပေါင်းမလား၊ ရွာက ထွက်သွားမလား၊ ဒါမှမဟုတ် အသေခံမ လား”

လယ်သမားအားလုံး တုတ်တုတ်မ ှမလှုပ်နိုင်ဘဲ ငြိမ်သက်နေတဲ့အချိန်မှာ ‘Josue’ ဆိုတဲ့ လူလတ်ပိုင်း အ ရွယ် လယ်သမားတယောက်က မကြောက်မရွံ့ ထပြောတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ခင်ဗျားက ပြောတယ်။ ကျနော်တို့က ဘာလုပ်လို့ခင်ဗျားတို့က ခွင့်လွှတ် ရ မှာလဲ။ တကယ်တော့ ခင်ဗျားတို့ကသာ အကြမ်းဖက်နေကြတာ၊ ကျနော်တို့ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူး။ ခင် ဗျား တို့က တိုင်းပြည်ပိုက်ဆံ သန်းပေါင်းများစွာ အကုန်အကျခံပြီး ဝယ်ထားတဲ့လက်နက်တွေကိုတော့ ကျနော်တို့ ကို ပေးချင်တယ်။ ဒါပေမယ့် ကျနော်တို့လယ်ယာတွေအတွက် လိုအပ်နေတဲ့အထောက်အပံ့တွေ ပေးဖို့တော့ နည်းနည်းလေးမှ မစဉ်းစားမိဘူးလား။

ကိုလမ်ဘီယာမှာ ရှိတဲ့လက်နက်ကိုင်တွေ ဘယ်လောက် များများနေပြီလဲ။ စစ်သား အရေအတွက်တင် တသိန်း လောက်ရှိတယ်။ ပြီးတော့ ပုလိပ်၊ ပြည်သူ့စစ် မပါသေးဘူး၊ ပြီးတော့ သူပုန်က ၂ သောင်းလောက်၊ ဘိန်းဘုရင် တွေနဲ့ သူတို့တပ်တွေက ရှိသေးတယ်။ ကိုလမ်ဘီယာဟာ အကြမ်းဖက်မှု အများဆုံးနိုင်ငံပဲ။

ဒီနိုင်ငံက ပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းလို့တော့ ဘယ်လိုမှမရနိုင်ဘူးဆိုတာ ကျနော်တို့က သိထားပြီး သား။ ကျနော်တို့ လက်နက်ကိုင်စရာ ဘာအကြောင်းမှ မရှိဘူး။ ကျနော်တို့လိုတာ လယ်ယာသုံးပစ္စည်းတွေ၊ ထ ရပ်ကားတွေ၊ သီးစားချေးငွေတွေ၊ တယောက်ကို တယောက် အပြန်အလှန် သတ်နေမယ့်အစား ကျနော်တို့ လယ် စိုက်ချင်တယ်။

တကယ်တော့ အခြေခံဥပဒေအရ စစ်တပ်ဆိုတာ နိုင်ငံသားအားလုံးကို အကာအကွယ်ပေးရမယ် မဟုတ် လား ကြည့်လိုက်…ခင်ဗျား အခု ခေါ်လာတဲ့လယ်သမားတွေအားလုံး ကျနော်တို့ အချင်းချင်း အားလုံးသိကြတယ်။ ခင်ဗျားကရော ဘယ်သူမို့လို့လဲ၊ သိပ်မကြာခင်တုန်းက ခင်ဗျားဟာ ပြောက်ကျားသူပုန်အဖွဲ့ထဲက လူ ပဲ။ အခုမှ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာတာ။

ခင်ဗျားကသာ သူပုန်ဖြစ်လိုက် ပြည်သူ့စစ်ဖြစ်လိုက်နဲ့ ဘက်ပြောင်းနေတာ၊ ကျနော်တို့ ခင်ဗျားဘက်လည်း မလိုက်ဘူး၊ တခြားဘက်လည်း မလိုက်ဘူး၊ ဘယ်ဘက်မှ မလိုက်ဘူး၊ ဒီနေရာကလည်း ဘယ်ကိုမှ မသွားနိုင် ဘူး၊ ကျနော်တို့ပြဿနာ ကျနော်တို့ဘာသာ ဖြေရှင်းမယ်”

လယ်သမား Josue ရဲ့ ရဲရဲတောက်စကားကို အဲဒီနယ်ကလယ်သမားတွေ အားလုံးခုချိန်ထိ အလွတ်ရနေကြ သေးတယ်။

ပြည်သူ့စစ်ဖွဲ့ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ပေမယ့် အဲဒီ ကပ္ပတိန်ပြန်သွားပြီးနောက် တပတ်မှာ လယ်သမား အယောက်၂၀လောက်က ဦးဆောင်ပြီး လက်နက်မဲ့လယ်သမားတွေရဲ့ အကြမ်းမဖက်လမ်းစဉ် စတင်ခဲ့တယ်။ ATCC ဆိုတဲ့တောင်သူလယ်သမားအဖွဲ့အစည်းတခု ဖွဲ့ပြီး သူတို့ရွာတွေမှာ လက်နက်ကိုင်ဆောင်တဲ့သူတွေ ဝင်ခွင့်မပြုဘူးဆိုတဲ့ဆိုင်းဘုတ်တွေ ထူကြတယ်။ သူတို့ရွာတွေကို လက်နက်ကင်းစင်ငြိမ်းချမ်းရေးနယ်မြေ တွေလို့ သတ်မှတ်လာကြတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ပြီး သူတို့ပေးလိုတဲ့တခုတည်းသော သ တင်းစကားကို ပေးပို့တယ်။ အဲဒါကတော့ “လယ်သမားတွေရဲ့ ငြိမ်းချမ်းသော နယ်မြေတွေကို လေးစားပါ” ဆိုတာပဲ။

ငြိမ်းချမ်းရေးလယ်သမားတွေရဲ့အကြမ်းမဖက်လှုပ်ရှားမှုတွေကြောင့် အကြမ်းဖက်မှုတွေ သိသိသာသာ ကျ ဆင်းလာခဲ့တယ်။ အဲဒီငြိမ်းချမ်းရေးလယ်သမားအဖွဲ့ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ အလားသဏ္ဍာန်တူတဲ့ ဆုတဆုကို ၁၉၉၂ ခုနှစ်မှာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ကိုလမ်ဘီယာ ငြိမ်းချမ်းရေးအရွေ့

သမ္မတအဆက်ဆက်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု၊ လူထုအများစုရဲ့ပါဝင်မှုတွေအပြင် လက်နက်ကိုင်ပြောက် ကျားသူပုန်အုပ်စုတွေရဲ့လက်နက်စွန့်လွှတ်ပြီး နိုင်ငံရေးမှာ ပါဝင်လာနိုင်ခွင့်ရယူလိုစိတ်တွေကြောင့် ကိုလမ်ဘီယာရဲ့ ငြိမ်းချမ်ရေးအရွေ့ဟာ လက်ရှိသမ္မတ Santos လက်ထက်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ငြိမ်းချမ်းရေးအဖြစ်ကို ပြောင်းလဲလာခဲ့ပါတယ်။

ကိုလမ်ဘီယာနိုင်ငံရဲ့သက်တမ်းအရှည်ကြာဆုံးနဲ့ အင်အားအကြီးဆုံး ပြောက်ကျားသူပုန်တပ်ဖွဲ့ FARC ရဲ့ လက်နက်စွန့်လွှတ်မှုကို ၂၀၁၇ခု မတ်လ ၁ ရက်နေ့မှာ ပြုလုပ်နိုင်ခဲ့တယ်။ ၃၅ နှစ်ကြာခဲ့တဲ့ ကိုလမ်ဘီယာရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သမိုင်းဝင်ခဲ့တဲ့နေ့တနေ့ပါပဲ။

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းမှာ ငြိမ်းချမ်းရေးကိုသာ အာသာငမ်းငမ်းတပ်မက်တဲ့ လက်သမားကောင်းတွေ လိုတယ်။ လက်ရှိကာလမှာ ဖြစ်နိုင်ခြေ နည်းပါးသော်လည်းပဲ တချိန်ချိန်မှာ ကောင်းမွန်တဲ့ အပြောင်းအလဲ တွေကို ဖော်ဆောင်နိုင်ရမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ကူးစိတ်သန်းကောင်းတွေ လိုတယ်။

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းမှာ အနုပညာလိုတယ်။ သန့်ရှင်းတဲ့စိတ်ဝိညာဉ် လိုတယ်။

ခင်ဗျားရဲ့ Imagine သီချင်းထဲကအတိုင်း ငြိမ်းချမ်းတဲ့ ကမ္ဘာတခုဆီ မြင်ယောင်ကြည့်မိပြန်တယ် ဂျွန်။ အပေါင်း လက္ခဏာဆန်သော ငြိမ်းချမ်းရေးစိတ်ဝိညာဉ်များနဲ့ပေါ့။

(Payap University မှ Peace Studies PhD အတွက် ချီးမြှင့်သော ပညာသင်ဆု၏ ကျေးဇူးကို တုံ့ပြန်သော အားဖြင့် ဤစာစုကို မျှဝေပါသည်။)

(မွန်မွန်မြတ်သည် သတင်းရုပ်သံမှတ်တမ်းတင်သူလည်း ဖြစ်ပြီး မြန်မာပြည်ရှိ အင်တာနက်နှင့် လူမှုကွန်ရက် များ သုံးစွဲမှုကို စောင့်ကြည့်လေ့လာသူ သုတေသီတဦးလည်း ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading