သယံဇာတ ပေါကြွယ်ခြင်းသည် ကချင်တွေအတွက် ကျိန်စာသင့်ခြင်းလား

Joe Kumbun
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ယူမှုတခုကို ၂၀၁၅ နိုဝင်ဘာလအတွင်း မြင်ရစဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

ဇွန်လ ၅ ရက်နေ့တွင် မြန်မာ့တပ်မတော်က ကချင်ပြည်နယ်မြောက်ပိုင်း တနိုင်းမြို့နယ် နေရာအများအပြားတွင် ရဟတ်ယာဉ်များဖြင့် လက်ကမ်းစာစောင်များကျဲချခဲ့ရာ ဒေသခံများကို ဇွန်လ ၁၅ ရက်နေ့ မတိုင်မီ ထွက်ခွာသွားကြရန်နှင့် ထွက်ခွာခြင်းမပြုပါက အကြမ်းဖက် အဖွဲ့အစည်းတခု ဖြစ်သည့် KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဟု ယူဆမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာမီမှာပင် တပ်မတော်က ပယင်းနှင့် ရွှေပေါများသည့် တနိုင်းဒေသတွင် KIA ကို ထိုးစစ်များပြုလုပ်ခဲ့သည်။ ဖြစ်ပေါ် လာသည့် အခြေအနေနှင့် တိုက်ပွဲများကြောင့် သောင်းနှင့် ချီသော ဒေသခံများ၊ တနိုင်းဒေသတွင် နှစ်ပေါင်းများစွာ လာရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများ ထွက်ပြေးခဲ့ကြရသည်။ ယခုအခါ သူတို့ထဲမှ အများအပြားမှာ တနိုင်း မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများမှ စီစဉ်ပေးသည့် ယာယီစခန်းများတွင် နေထိုင်နေကြရသည်။

ထို့နောက် သြဂုတ်လ ၄ ရက်နေ့တွင် ကချင်ပြည်နယ် လွှတ်တော်၌ တပ်မတော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဗိုလ်မှူး လှိုင်ဖြိုးဝေက (ဟူးကောင်းဟုလည်း ခေါ်ကြသည့်) တနိုင်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဧရိယာတွင် တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ရပ်တန့်၍ ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့သည်။ တရားမဝင် သတ္တုတူးဖော်ထုတ်လုပ်ခြင်းများမှ KIA က အခွန်ငွေ များရရှိနေသော်လည်း ပြည်နယ် အစိုးရ၏ ဝင်ငွေများ ဆုံးရှုံးနေသည်ဟု သူက ပြောသည်။ သူ၏ အဆိုသည် ထောက်ခံမဲ ၂၀ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ ဖြင့် လွှတ်တော်တွင် ရှုံးနိမ့်ခဲ့ပါသည်။

နောက်ဆယ်ရက်ကြာသည့် အခါ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်များက သဘာဝ အရင်းအမြစ် ကြွယ်ဝသည့် တနိုင်းနယ်မြေကို ကာကွယ်ရန် ၎င်း၏ မူဝါဒကို ထပ်မံပြောဆိုခဲ့ပြီး KIA ကို တိုက်ခိုက်ခြင်းက ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေနှင့် အညီဖြစ်ပြီး ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကို အမိန့်စောင့်စရာ မလိုဘဲ ဥပဒေနှင့်အညီ ဆက် လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူတို့က ပြောကြားခဲ့သည်။

တပ်မတော်ကိုယ်စားလှယ်များ ခုခံပြောဆိုနေကြသည့် တနိုင်းဒေသသည် တန်ဖိုးကြီးမားသည့် ပုယင်း အပါအဝင် သဘာဝ အရင်းအမြစ်များ ကြွယ် ဝသည့်နေရာ ဖြစ်သည်။ အချို့ ပယင်းများတွင် ဒိုင်နိုဆောခေတ်က ပိုးဟပ်နှင့် လွန်ခဲ့သော နှစ် သန်းပေါင်း ၁၀၀ က ပုစဉ်း ကဲ့သို့သော ရုပ်ကြွင်းများပါဝင်နေတတ်သည်။

ကျိန်စာ

ကျောက်စိမ်း၊ ရွှေ၊ ပုယင်း၊ သစ်နှင့် သံများ အားလုံးကို ကချင်ပြည်နယ်တွင် ထုတ်ယူနိုင်သည်။ ဒေါ်လာ သန်းပေါင်း များစွာ ရရှိနိုင်သည့် အလားအလာများရှိသည်။ အဆိုပါ သယံဇာတများက ကောင်းချီးမင်္ဂလာတခု ဖြစ်ပါသလား။ ဖြစ်နိုင်ပါသည်။ အကယ်၍ ၎င်းတို့ကို စနစ်တကျ စီမံခန့်ခွဲခဲ့မည် ဆိုလျှင်ဖြစ်ပါသည်။

နောင်တရချင်စရာကောင်းသည်မှာ ကချင်ပြည်နယ်က ပညာရှင်များပြောကြသည့် “သယံဇာတကျိန်စာ” နှင့် ရင်ဆိုင်နေရ သည်။ သယံဇာတ ကြွယ်ဝခြင်းက အားသာချက်အစား ဒုက္ခကို ခေါ်ဆောင်လာခဲ့သည်။ ယေဘုယျအားဖြင့်ဆိုလျှင် သယံ ဇာတ အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံများက သယံဇာတ နည်းပါးသော နိုင်ငံများထက် ပို၍ ဆင်းရဲသွားတတ်သည်။ သို့မဟုတ် အနည်းဆုံးတော့ တိုးတက်မှုနှုန်း ပို၍ နှေးကွေးကြသည်။ အကျိုးအမြတ်များပြားသည် အရင်းအမြစ်များ ရှိသည့် မြေပေါ်မှ ပြည်သူများက အလွန်ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရသည် ဆိုသည့် သီအိုရီကို ကချင်ပြည်နယ်က သက်သေပြ နေသည်။

ဥပမာပြရလျှင် ဖားကန့်မြို့နယ်တွင် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ကျောက်စိမ်းများ တူးဖော်ထုတ်လုပ်ခဲ့ပြီး ဖြစ် သော်လည်း ဒေသခံများမှာ တိုက်ရိုက်တူးဖော်ခွင့် မရရှိပါ။ အဘယ်ကြောင့် ဆိုသော် ကုမ္ပဏီများက လုပ်ကွက်များကို ထိန်းချုပ် ထားခြင်းကြောင့် ဖြစ်သည်။

Global Witness အဖွဲ့၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ် မောင်မောင်သိမ်း နှင့် ဗိုလ် ချုပ် အုန်းမြင့် တို့ကဲ့သို့သော ထိပ်တန်း စစ်ဘက်အရာရှိကြီး များ၏ မိသားစုများက ကျောက်စိမ်းထုတ်လုပ်ရေး လုပ်ငန်း တွင် လုပ်ပိုင်ခွင့် အမျိုးမျိုးကို ထိန်းချုပ်ထားကြပြီး ၂၀၁၄ ခုနှစ် ကျောက်မျက်ရတနာပြပွဲ တွင် အမေရိကန်ဒေါ်လာ သန်း ၂၂၀ ဖိုး(အခွန်မဆောင်မီရောင်းရငွေ) နှင့် ၂၀၁၃ ခုနှစ် ကျောက်မျက်ပြပွဲတွင် အမေရိကန်ဒေါ်လာ ၆၇ သန်းဖိုး ရောင်း ချနိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

အလားတူပင် ရွှေ၊ ပုယင်း၊ သတ္တုတွင်းနှင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းများမှာလည်း ဖက်စပ်ကုမ္ပဏီများ၊ ပြည်သူစစ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အဆိုပါ အဖွဲ့အစည်းများ နှင့် အဆက်အသွယ်ရှိသူများသာလျှင် သဘာဝ အရင်းအမြစ် ထုတ်ယူရေး လုပ်ငန်းများမှ အကျိုးကျေး ဇူး ရရှိနိုင်သည်။ အဆိုပါ ဒေသများတွင် နေထိုင်ကြသူ ဒေသခံအများစုမှာ အသက်မွေးဝမ်းကျောင်း အတွင် ဟင်းသီးဟင်း ရွက် ရောင်းချခြင်း၊ ငါးဖမ်းလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း နှင့် အမဲလိုက်ခြင်းများ ပြုလုပ်နေကြရသည်။

အပစ်ရပ် အရင်းရှင်ဝါဒ

ကချင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေသည်။ တပ်မတော် ၊ KIA နှင့် ၎င်း၏ နိုင်ငံ ရေး အဖွဲ့ ဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) အပြင် နယ်ခြားစောင့် (BGF) အဖွဲ့တခု၊ ပြည်သူ့စစ်အဖွဲ့များ ဖြစ်သည့် လဆန်အောင်ဝါ ဦးဆောင်သည့် အဖွဲ့ နှင့် တန်ဂူးဒန် (ခေါ်) အဒန် ဦးဆောင်သည့် အဖွဲ့(သောင်းကျန်းသူ ဆန့်ကျင်ရေး တပ်ဖွဲ့ ဟုလည်းသိကြသည်) တို့ ရှိနေသည်။ လီဆူး ပြည်သူ့စစ်တပ်ဖွဲ့ တခုနှင့် ရှမ်းနီ တပ်မတော်လည်း ရှိသည်။ အဆိုပါ အဖွဲ့အစည်းများအားလုံးက သူတို့၏ ထိန်းချုပ်နယ်မြေများအတွင်းတွင် စီးပွားရေးလုပ်ပိုင်ခွင့်များ (အထူးသဖြင့် သဘာဝ အရင်းအမြစ် ထုတ်ယူရေးနှင့် ပတ်သက်သည့်လုပ်ငန်းများ) ကို ထိန်းချုပ်ထားသည်ဟု ယူဆရပါသည်။

အပစ်အခတ်ရပ်စဲရေး ကာလအတွင်းတွင် စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စီးပွားရေးလုပ် ကိုင်ခွင့်များပေးခဲ့ခြင်းက အပစ်အခတ်ရပ်စဲရေး အရင်းရှင်ဝါဒ သို့ ဦးတည်စေခဲ့သည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်း မှူးများမှာ လိုင်စင်များ၊ ပါမစ်များ နှင့် စီးပွားရေး အခွင့်အလမ်းများကို ချထားပေးနိုင်သည့် အခွင့်အာဏာ ရှိသူများ ဖြစ် သည်။

KIO က Buga ကုမ္ပဏီ လီမီတက် အမည်ရှိ စီးပွားရေးလုပ်ငန်းစု တခုကို လုပ်ကိုင်ခဲ့ပြီး Buga က နမ္မတီး သကြားစက်ရုံကို စစ်အစိုးရထံမှ ကျပ်သန်း ၂၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ကြောင်း နမ္မတီး သကြားစက်ရုံ ၏ အုပ်ချုပ်ရေး အရာရှိဟောင်း Hpauwung Tang Gun ၏ အဆိုအရသိရသည်။

၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အဖြစ် ပြောင်းလဲခဲ့သော အမျိုးသား ဒီမိုကရက်တစ် တပ်မတော်-ကချင် (NDAK) ကဲ့သို့သော အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ပန်ဝါတွင် မိလီဒီနမ် (molybdenum) သတ္တု ထုတ်လုပ်ခဲ့သည်ဟု သိရပြီး လဆန်အောင်ဝါ ဦးဆောင်သည့် အဖွဲ့ နှင့် တန်ဂူးဒန် (ခေါ်) အဒန် ဦးဆောင်သည့် အဖွဲ့ တို့ကဲ့ သို့သော ပြည်သူ့စစ်အဖွဲ့များက သစ်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အဖွဲ့များမှ ခေါင်းဆောင်များမှာ သူတို့ ထိန်းချုပ်သော နယ်မြေများတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ အကူ အညီ ဖြင့် သဘာဝအရင်းအမြစ်များ ထုတ်ယူသော တပည့်မွေး၊ ဆရာမွေး အထက်အောက် အပြန်အလှန်အကျိုးပြုကြ သည့် ကွန်ရက်အသစ်များအတွင်းသို့ ရောက်ရှိသွားကြကြောင်း လန်ဒန်မြို့ Queen Mary တက္ကသိုလ်၊ နိုင်ငံရေး နှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ကထိက Lee Jones က ၂၀၁၄ ခုနှစ်ထုတ် Contemporary Asia ဂျာနယ်မှ “The Political Economy of Myanmar’s Transition” စာတမ်းတွင် ရေးသားခဲ့သည်။

စီးပွားရေး အဖွဲ့အစည်းများ

စီးပွားရေး အဖွဲ့အစည်း (institution) များသည် လူ့အဖွဲ့အစည်း အတွင်းမှ အဓိကလူများ အတွက် မက်လုံးကို ပုံဖော်ပေး သည်။ သူတို့က စီးပွားရေးတခု၏ စုစုပေါင်းတိုးတက်မှုကို ဆုံးဖြတ်သည်သာမက လက်ရှိ အချိန်နှင့် အနာဂတ်တို့တွင် ကွဲပြားခြားနားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကြားတွင် အကျိုးအမြတ်ကို မည်သို့ ခွဲဝေရမည် ဆိုသည်ကိုလည်း ဆုံးဖြတ်သည်။

သဘာဝအရင်း အမြစ်ဆိုသည်မှာ နိုင်ငံသားများကြားတွင် ညီမျှစွာ ခွဲဝေရမည် ဖြစ်သည်။ ခရိုနီများ၊ ဗိုလ်ချုပ်ကြီးများ၊ ပြည်သူ့စစ်များ၊ လက်နက်ကိုင်အဖွဲ့များနှင့် BGF များ၏ အကျိုးအမြတ်အတွက် မဖြစ်သင့်ပါ။

စီးပွားရေး အဖွဲ့အစည်း (institution) များ မရှိသည့် နိုင်ငံတခုသည် ၎င်း၏ ဝင်ငွေအများစုကို နိုင်ငံပိုင် အရင်းအမြစ်များ ကို ပြင်ပဖောက်သည်များသို့ ရောင်းချခြင်း ငှားရမ်းခြင်းမှ ရရှိသည့် နိုင်ငံတခု ဖြစ်သွားသော အခြေအနေနှင့် ရင်ဆိုင်ရနိုင်ပါ သည်။ အဆိုပါဝင်ငွေများကြောင့် အစိုးရက ပြည်သူများထံမှ အခွန်ကောက်ယူရန်လိုအပ်ချက်ကို လျော့ပါးသွားစေပြီး ကိုယ်စားပြု နိုင်ငံရေး စနစ်တခု ဖွံ့ဖြိုးလာရေးကို နှောင့်နှေးစေပါလိမ့်မည်။

အခွန်အခ ပေးရနည်းသည့် နိုင်ငံသားများက အစိုးရ၏ တာဝန်ခံမှုကို တောင်းဆိုမှုနည်းပါးခြင်းက အဖွဲ့အစည်းတခု အရည် အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ဖိအားလျော့နည်းစေပါသည်။ အတိုချုပ်ရလျှင် အစိုးရက အခွန်အခများမြှင့် တင်သည့် အချိန်တွင် နိုင်ငံသားများက (အစိုးရကို) ပိုမို၍ တာဝန်ယူရေးကို တောင်းဆိုလာကြမည် ဖြစ်သည်။

စီးပွားရေး အဖွဲ့အစည်း (institution) များက သဘာဝ အရင်းအမြစ်ခွဲဝေရေးကို စီမံခန့်ခွဲရမည် ဖြစ်သည်။ သို့သော်လည်း အခွင့်အရေး နှင့် အခွင့်အလမ်းများ တူညီစွာရရှိရန် သေချာသည့် ဖက်ဒရယ် စနစ်တခု မရှိဘဲ မြန်မာနိုင်ငံ၏ နယ်မြေအများ အပြားတွင် ထိရောက်သော အဖွဲ့အစည်းများ ရှိလာမည် မဟုတ်ပါ။

ထို့ကြောင့် ထိရောက်သော အဖွဲ့အစည်းများ မရှိဘဲ သဘာဝအရင်းအမြစ် များပြားသည့် နယ်မြေကို ထိန်းချုပ်ရန် တပ်မတော်၏ KIA အပေါ် စစ်ဆင်မှုများက နိုင်ငံအတွက် နောက်ထပ် ဝင်ငွေများ ယူဆောင်ပေးလိမ့်မည် မဟုတ်ပါ။ နိုင်ငံ ဝင်ငွေ အစား နောက်ထပ် ထိခိုက်သေဆုံးမှုများ နှင့် မည်သူကမျှ ထပ်၍ မကူညီချင်တော့သည့် နောက်ထပ် အိုးမဲ့ အိမ်မဲ့ ပြည်သူများ ပိုများလာခြင်းသို့သာ ရောက်ရှိသွားလိမ့်မည် ဖြစ်ပါသည်။

(Joe Kumbun သည် ကချင်ပြည်နယ် အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Kachin’s Natural Resources: A Curse More Than a Blessing ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading