ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင် စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခ အရှိန်မြင့်တက်လာခဲ့ပြန်သည်။ အပြန်အလှန် ဝေဖန် ပြစ်တင်မှုတွေကလည်း အစိုးရ မီဒီယာများ၊ တပ်မတော်၏ သတင်းစာရှင်းလင်းပွဲနှင့် လူမှုကွန်ရက်ပေါ်တွင် အရှိန်ပြင်းထန်လာနေသည်။
ခိုင်မာသော အချက်အလက်များရရှိရန် လွတ်လပ်သော မီဒီယာ သို့မဟုတ် သုတေသီများ ဝင်ရောက်ခွင့်ကို အစိုးရက ကန့်သတ်လေ့ရှိသည့်အတွက် ရခိုင်ပြည်နယ်မှ အမှန်တရား၏ သဘာဝက ဘက်ပေါင်းစုံမှ တည်ဆောက်ထားသော ပုံကြီးချဲ့ ဇာတ်လမ်းများဖြင့် အမြဲတမ်းလိုလို အကြိတ်အနယ် ငြင်းခုန်စရာ ဖြစ်နေခဲ့သည်။
ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ဟုသိကြသော အသစ်ပေါ်လာသည့် လက်နက်ကိုင် အဖွဲ့တခုက သြ ဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် မြို့နယ်များရှိ ရဲတပ်ဖွဲ့ စခန်း ၃၀ ခန့် နှင့် တပ်မတော်စခန်းတခုကို တိုက်ခိုက်ခဲ့ကြသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်ပြီး နောက်တရက်တွင် တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ စစ်သည် ၁ ဦး နှင့် အရပ်ဖက် အရာရှိတဦးတို့ ကနဦးတိုက်ခိုက်မှုတွင် သေဆုံးခဲ့ပြီး စစ်သွေးကြွများဟု သံသယရှိသူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အစိုးရ မီဒီယာသတင်းများတွင် ခန့်မှန်းဖော်ပြခဲ့သည်။ မြန်မာ့တပ်မတော်က ထိုဒေသတွင် ရာနှင့် ချီသော စစ်သည်များ ပိုမိုချထားခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ရဲ စခန်းများကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့စဉ်က ပြုလုပ်ခဲ့သည့် အတိုင်း ပြင်းထန်သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး တခုကို ပြန်လည်စတင်ခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ မွတ်ဆလင် ၂၀၀၀၀ ကျော် ထပ်မံ ထွက်ပြေးခဲ့သည်ဟု International Organization on Migration (IOM) က ခန့်မှန်းခဲ့သည်။ ပြီးခဲ့သည့် ၇ လတာ ကာလအတွင်း ရိုဟင်ဂျာ ၈၇၀၀၀ ခန့် ဘင်္ဂလေားဒေ့ရှ် သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ထောင်ပေါင်းများစွာသော ရခိုင်၊ မြန်မာ နှင့် မြိုတိုင်းရင်းသား များမှာလည်း ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ သို့မဟုတ် ဒေသတွင်းမှ အခြားနေရာများသို့ တိမ်းရှောင် ထွက်ပြေးခဲ့ ရသည်။
ARSA က ကျေးရွာ အများအပြားကို တိုက်ခိုက်ခဲ့ပြီး ကလေးငယ် အများအပြားအပါအဝင် မြိုနှင့် ဟိန္ဒူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်းနှင့် ဗုဒ္ဓဘာသာဝင်များ နှင့် ဟိန္ဒူများ၏ နေအိမ် အမြောက်အများကို မီးရှို့ခဲ့ကြောင်း စွပ်စွဲခဲ့ သည်။ Human Rights Watch (HRW) က ထုတ်ပြန်သည့် ဂြိုဟ်တုမှ ရိုက်ကူးသည့် ဓာတ်ပုံများတွင် ထိုဒေသအတွင်း၌ မီးများ အကြီးအကျယ်လောင်ကျွမ်းနေသည်ကို မြင်ရပြီး နေအိမ် ၂၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း အစိုးရ တာ ဝန်ရှိသူ အချို့က ခန့်မှန်းခဲ့သည်။
အစိုးရက ARSA ကို တကြိမ်တခါမျှ အသုံးမပြုရသေးသည့် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်း ဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြောင်း အလျှင်အမြန်ပင် ကြေညာခဲ့သည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင် ထုတ်ပြန် ခဲ့သည့် စိတ်ဝင်စားစရာ တရားဝင် ကြေညာချက်များထဲမှတခုတွင် “အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှုကို သတိပေး ခြင်း” ဟုခေါင်းစဉ် တပ်၍ ARSA ကို နိုင်ငံခြားသားများက ကူညီနေနိုင်ကြောင်း နှင့် ၎င်းတို့ကို “ သောင်းကျန်းသူများ (insurgents)” ကဲ့သို့သော အသုံးအနှုန်းအစား အစွန်းရောက် အကြမ်းဖက်သမားများ (extremist terrorists) ဟု သုံးနှုန်း ရည်ညွှန်းသင့်ကြောင်းလည်း ဖော်ပြထားသည်။
အစိုးရနှင့် တပ်မတော်က နေပြည်တော်ရှိ တပ်မတော်၏ စိတ်ဓာတ်စစ်ဆင်ရေး ဌာနတွင် စစ်သံမှူးများ၊ မီဒီယာများကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းအားဖြင့် ARSA ၏ တိုက်ခိုက်မှုများ အပေါ်တွင် အားသာချက်ရယူရန် အဓိကကျသည့် ပြည်သူ့ဆက်ဆံရေး နည်းလမ်းတခုကို ဖော်ဆောင်ခဲ့သည်။ ယခုအပတ်အတွင်းက ရန်ကုန်မြို့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့် အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းတို့က သံတမန်များ၊ စာနယ်ဇင်သမား များနှင့် တွေ့ဆုံ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကန့်သတ်ချက် အမြင့်ဆုံးထား၍ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ရေး ကော်မတီက ပြီးခဲ့သည့် လများအတွင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများကို ဖော်ပြသည့် Facebook စာမျက်နှာတခုကို ဆက်လက်ထိန်း သိမ်းထားနိုင်ခဲ့သည်။ အဆိုပါ ကော်မတီက ယခုအပတ်အတွင်းတွင် “သတင်းထုတ်ပြန်ရေးကော်မတီ” ဟု အမည်ပြောင်း လဲခဲ့သည်။ သြဂုတ်လ ၂၅ ရက်နေ့မှ၍ သတင်းထုတ်ပြန်ရေး ကော်မတီက “ရခိုင်ပြည်နယ်မှ ARSA အစွန်းရောက် အကြမ်း ဖက် အဖွဲ့”နှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများကို ဆက်တိုက်ဖော်ပြခဲ့သည်။ စစ်သွေးကြွတို့၏ တိုက်ခိုက်မှုများ၊ သေဆုံးမှုများ၊ ဒဏ်ရာ ရရှိမှုများ နှင့် သံသယရှိသော စစ်သွေးကြွတို့၏ စခန်းများမှ ထောက်ပံ့ရေး ပစ္စည်းများ သိမ်းဆည်း ရရှိခြင်း အစရှိသော ပဋိပက္ခ၏ သတင်း အသေးစိတ်များ ဖြစ်သည်။
သို့သော်လည်း စစ်သွေးကြွများထံမှ သိမ်းဆည်းရမိခဲ့သော နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ၏ ထောက်ပံ့ရေး ပစ္စည်း များ ဓာတ်ပုံများကို သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်လိုက်ခြင်းက သတင်းအချက်အလက် စစ်ပွဲတခုတွင် စိတ်ပျက်စရာ အပိုင်းတခုကို ဖော်ပြနေသည်။ အစိုးရက တိုင်းပြည်အတွင်းမှ လက်နက်ကိုင်ပုန်ကန်မှုကို ဖော်ပြနိုင်ရန် အတွက် ဖမ်းဆီး ရရှိမှုများကို ရှည်ရှည်လျားလျား ဖော်ပြခဲ့သည်။ ဖမ်းဆီးရမိသည့် လက်နက်များ၊ ကျည်ဆန်များ၊ ဂျင်ဂလိ များ နှင့် ပိုက်ဗုံးများကို အတန်းလိုက်ပြသခြင်း အပါအဝင် အကြမ်းဖက်မှုအတွက် ကြံစည်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း၏ သက် သေအနေဖြင့် သိမ်းဆည်းရရှိသည့် ပစ္စည်းများကို ဖော်ပြခဲ့သည်။
မကြာသေးမီက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သတင်းထုတ်ပြန်ရေးကော်မတီ ဝက်ဘ်ဆိုက်တွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) မှ ဆန်အိတ်များ နှင့် အကူအညီပေးရေး အဖွဲ့များ၏ ထောက်ပံ့ပစ္စည်းများ ဖြင့် ပြုလုပ်ထားသည် ဆိုသော လက်လုပ် ဖောက်ခွဲရေးပစ္စည်း(ပိုက်ဗုံးများ) ကို ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖော်ပြလိုက်ခြင်းက လက်ခံနိုင်လောက်သည့် သက်သေအဖြစ် တည်ဆောက်နိုင်ခြင်း မရှိဘဲ နိုင်ငံတကာ အကူအညီပေးရေး အသိုင်းအဝိုင်း အပေါ် ပြည်တွင်းတွင် ရန်လိုသည့် သဘောထားများ ဖြစ်လာစေခဲ့သည်။
အဆိုပါ စွပ်စွဲမှုများနှင့် ပတ်သက်၍ အမေရိကန် သံရုံး တို့က အဆိုပါ စွပ်စွဲမှုများအတွက် ပြစ်တင် ဝေဖန်ခဲ့ကြပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွင် ကြီးမားသော ပြဿနာ ရှိလာမည်ကို စိုးရိမ်ကြောင်း ပြောခဲ့ကြသည်။ ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်လာနေကြခြင်းကြောင့် WFP နှင့် အခြားသော အကူအညီပေးရေး အဖွဲ့အစည်းများက မောင်တောတွင် ဒေသခံများကို ကူညီမှုများ ပေးနေခဲ့သည်။
ကူညီပေးရေး အဖွဲ့အစည်းများ၏ တံဆိပ်ကို ထင်သာမြင်သာ တပ်ထားသည့် ထောက်ပံ့ရေး ပစ္စည်းများကို ရခိုင်ပြည်နယ်၏ နေရာ အနှံ့အပြားတွင် ရှာဖွေတွေ့ရှိရန် မခက်ခဲပါ။ အစိုးရ၏ စွပ်စွဲမှုက နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းများ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကြားနေသဘောထားကို ထိခိုက်စေပါလိမ့်မည်။ ပဋိပက္ခဒေသအတွင်း လူမျိုး ဘာသာမရွေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး ပြန်လည်လိုအပ်နေသူများကိုလည်း စိတ်ပျက်စေပါလိမ့်မည်။
ယခုကဲ့သို့ သတင်းထုတ်ပြန်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ထိန်းချုပ်မှုက မည်မျှအထိ ရှိသည်ဆိုခြင်းနှင့် ယခင် အစိုးရ လက်ထက်ကလည်း အလားတူ တာဝန်ယူဖူးသည့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အမှန်တကယ်ဦးဆောင် ထုတ်ပြန်နေခြင်းလား ဆိုသည်ကိုလည်း သဲကွဲစွာ မသိရပါ။ လေ့လာစောင့်ကြည့်သူ အများအပြားကမူ တပ်မတော်၏ မောင်တောဒေသကို ထိန်းချုပ်မှုနှင့် ပဋိပက္ခဒေသမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များ ကိစ္စတွင် ဒေါ်အောင် ဆန်းစုကြည်က ဘေးရောက်နေသည်ဟု မြင်ကြသည်။
အရပ်သား အစိုးရကို အလွယ်တကူ ပြစ်တင်ဝေဖန်မည့်အစား တပ်မတော် နှင့် လုံခြုံရေးတပ်ဖွဲ့များက အဆိုပါ သတင်း အချက်အလက်များ စီးဆင်းမှုကို မည်သို့ စီမံခန့်ခွဲနေသည်ဆိုသည် ကို သိနိုင်ရန် လေ့လာဆန်းစစ်မှုများ ပိုမိုလိုအပ်နေပါ သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်၏ ခေါင်းဆောင် ဖြစ်သည့် အတွက် လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ အသုံးပြုခြင်း၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများကို လွဲမှားပုံဖော်ခြင်း နှင့် လွတ်လပ်သော မီဒီယာများသို့ ပြုလုပ်သော ခြိမ်းခြောက်မှုများ အပါအဝင် တရားဝင် ထုတ်ပြန်ချက်များ အတွက် နောက်ဆုံးတွင် တာဝန် ယူရတော့မည် ဖြစ်သည်။
နိုင်ငံတကာ မီဒီယာများတွင် ပုံကြီးချဲ့ထားသော၊ အထင်မှားစေသော သတင်းများ မကြာခနတွေ့နေရခြင်းမှာ ထိုဒေသသို့ သွားရောက်နိုင်ခွင့်နှင့် ယုံကြည်အားထားနိုင်သော သတင်းရင်းမြစ်များ မရှိခြင်းကြောင့် ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပါ။ အစိုးရအနေဖြင့် ပဋိပက္ခဒေသအတွင်းမှ ၎င်း၏ လူ့အခွင့်အရေးချိုဖောက်မှု ရှိသည်ဆိုသော သတင်းများဖြင့် နိုင်ငံ တကာမှ ကျယ်ကျယ်ပြန့်ပြန့် ဝိုင်း၍ အပြစ်တင်ဝေဖန်ခြင်းကို ခံစားရဖွယ် ရှိပါသည်။
“ရိုဟင်ဂျာ” ထောက်ခံသူများကလည်း အလားတူပင် ဆိုရှယ်မီဒီယာတွင်၊ ပုံကြီးချဲ့မှုများ၊ အပြည့်အဝမမှန်သည့် သတင်းများ၊ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုများ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှု ဓာတ်ပုံများကို အဆက်မပြတ် ဖော်ပြနေကြသည်။ ထပ်၍ ပြောရမည်ဆိုလျှင် ရခိုင်ပြည်နယ်ပြောက်ပိုင်းမှ ပဋိပက္ခ၏ နောက်ကွယ်မှ အမှန်တရားကို တည်ဆောက်ရေးသည် ၂ ဘက်လုံးမှ အသည်းအသန် ဖော်ပြနေကြသည့် သတင်း အတုအယောင်များကြောင့် ပိုထိခိုက်ရသည်။
ARSA ကလည်း ပိုမို၍ ခေတ်မီသော ပြည်သူ့ ဆက်ဆံရေး ဗျူဟာကို လပေါင်းများစွာ အားထုတ်ခဲ့သည်။ အနောက်တိုင်း စာနယ်ဇင်းသမားများကို ပစ်မှတ်ထား၍ Twitter တွင် အင်္ဂလိပ်ဘာသာဖြင့် ကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။ ရခိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းစွာ နေထိုင်လိုကြောင်း အလယ်အလတ်ကျသည့် သတင်းစကားများကို ထုတ်ပြန်ရင်း လုသားမျိုးနွယ်ကို ဆန့်ကျင်သည့် ကာလရှည် ရာဇဝတ်မှုများ အဆုံးသတ်ရေးအတွက် အကူအညီပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့သည်။
ARSA ပြောရေးဆိုခွင့် ရှိသူတဦးက ပြီးခဲ့သည့် အပတ်အတွင်းက တိုက်ခိုက်မှုများသည် တပ်မတော်က မေရုတောင်တန်း ပေါ်ရှိ ၎င်းတို့၏ စခန်းများ နှင့် လေ့ကျင့်ရေးနေရာများကို တိုက်ခိုက်ရန် စီစဉ်နေသည့် အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Asia Times သို့ ပြောခဲ့သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုက အာရုံလွှဲပြောင်းသည့် ဗျူဟာတခု ဖြစ်ဖွယ်ရာ ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ARSA က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သံသယရှိသော အစိုးရသတင်းပေးဟု ယူဆရသူများနှင့် ဒေသတွင်းမှ မြို တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် အများအပြား သတ်ဖြတ်ခံခဲ့ရခြင်းကို တုန့်ပြန်ရန် တပ်မတော်က တပ်ဖွဲ့ဝင် ရာဂဏန်း အနည်းငယ်ခန့်ကို ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ချထားခဲ့သောကြောင့် ဖြစ်ပါသည်။
အဆိုပါ တိုက်ခိုက်မှုများကို တုန့်ပြန်သည့် အနေဖြင့် ဒေသအတွင်းတွင် လုံခြုံရေး တိုးမြှင့် ပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရခိုင် နိုင်ငံရေးသမားများနှင့် ဘာသာရေး ခေါင်းဆောင်များက တောင်းဆိုခဲ့ကြသည်။ ARSA ၏ ပြောရေးဆိုခွင့် ရှိသူကလည်း ရိုဟင်ဂျာများသည် လူမျိုးတုန်းသတ်ဖြတ်မှု အပြည့်အဝ ပေါ်ပေါက်မလာမီ နောက်ဆုံး အခြေအနေတွင် ရှိနေခဲ့ကြောင်းနှင့် ထို့ကြောင့် သူတို့၏ ပြည်သူများကို ကာကွယ်ခဲ့ရကြောင်း Asia Times သို့ ပြောခဲ့သည်။
ပြီးခဲ့သည့် နှစ် အောက်တိုဘာလ ၉ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်မှုကို စုံစမ်းခဲ့သည့် အစိုးရ စုံစမ်းစစ်ဆေးရေး အဖွဲ့က လူမျိုးတုန်း သတ်ဖြတ်မှုနှင့် ပတ်သက်သော သက်သေအထောက်အထား လုံးဝမရှိကြောင်း ပယ်ချခဲ့သည်။ ထို အမြင်ကို နိုင်ငံတကာကလည်း လက်ခံခဲ့သည်။ သို့သော် ဒေသတွင်းတွင် လုံခြုံရေး တပ်ဖွဲ့များက လိင်အကြမ်းဖက်မှု၊ တရား လက်လွတ်သတ်ဖြတ်မှု နှင့် မီးရှို့မှုများ ကျယ်ကျယ်ပြန့်ုပြန့် ပြုလုပ်ခဲ့ကြောင်း အထောက်အထားများကိုလည်း ငြင်းဆန်ခဲ့သည်။ ထိုသို့ ငြင်းဆန်ခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို စိတ်ပျက်စေခဲ့ပြီး ပြင်ပမှ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။
ထိုကဲ့သို့ အပြန်အလှန် ပြစ်တင်တိုက်ခိုက်မှုများ တိုးလာခြင်းက ရခိုင်ပြည်နယ်၏ လက်တွေ့မြေပြင်မှ အချက်အလက်များ တည်ဆောက်ရေးအတွက် အတားအဆီး ဖြစ်စေသည်သာမက ၂ ဘက်လုံးမှ စိုး ရိမ်ကြောက်ရွံ့မှုများ လျှင်လျှင်မြန်မြန် တိုးပွားလာနေချိန်တွင် ပဋိပက္ခကို ပြေလည်စေမည့် ပြန်လည်သင့်မြတ်ရေး မူဝါဒ အဖြေများ၏ အလားလာကိုလည်း ထိခိုက်ပျက်စီးစေပါသည်။
(David Scott Mathieson သည် ရန်ကုန် အခြေစိုက် လေ့လာဆန်းစစ်သူ တဦး ဖြစ်ပါသည်။ Asia Times ပါ ၎င်း၏ Spin, lies and social media obscure crisis in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)