သူ့အတွေး သူ့အမြင်

အကြမ်းဖက်မှုကြားက အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်ပေးပါ

Want create site? Find Free WordPress Themes and plugins.

ဘယ်နိုင်ငံ ဘယ်ဒေသမှာ မဆို ပဋိပက္ခတခုခု ဖြစ်ပွားတိုင်း အဓိက ထိခိုက်ခံစားရတာက အမျိုးသမီးနဲ့ ကလေးငယ် တွေ ဖြစ်ကြပါတယ်။ သိပ်မကြာသေးမီက ရခိုင်ပြည်နယ် မောင်တော ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အဲဒီလို ထွက်ပြေး တိမ်းရှောင် နေရတဲ့ အထဲမှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်နေပြီး ပဋိပက္ခအတွင်း သေဆုံးရတဲ့ အပြစ်မဲ့ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဖြစ်နေသေးတာကြောင့် ရခိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်နယ် အေးချမ်းတည်ငြိမ်ရေးနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ခုထိ ရရှိတဲ့ သတင်းတွေအရ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အတွင်း ဟိန္ဒူဘာသာဝင် ၇ ဦး၊ ဒိုင်းနက် တိုင်းရင်းသား ၃ ဦး၊ ရခိုင်တိုင်းရင်းသား ၄ ဦး အသက် ဆုံးရှုံးခဲ့ရပြီးပါပြီ။

အကြမ်းဖက်မှုကို ဘယ်အဖွဲ့အစည်းကပဲ ပြုလုပ်တာ ဖြစ်ပါစေ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ ရခိုင် အပါအဝင် တိုင်းရင်းသား အရေအတွက်ဟာ ဘင်္ဂါလီ အရေအတွက်ထက် အများကြီး ပိုမိုနည်းတာကြောင့် တိုင်းရင်းသားတွေ ဘက်က စိုးရိမ် ထိတ်လန့် နေကြတာပါ။

အသက် ၂၅ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဒိုင်းနက်အမျိုးသမီးလေးဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရပြီး သေကံမရောက် အသက် မပျောက်ခဲ့ဘဲ ဘူးသီးတောင် ဆေးရုံထိ ရောက်လာနိုင်ခဲ့ ပေမယ့် သူ့ရဲ့ ၂ နှစ် အရွယ် သားလေးကတော့ ဓားနဲ့ခုတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီနေရာမှာ ကျမတို့ အနေနဲ့ စဉ်းစားရမှာက “အကြမ်းဖက်မှု” နဲ့ “လူ့အခွင့်အရေး” ဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ် ဆိုတဲ့ အချက်ပါပဲ။ အကြမ်းဖက်မှုမှာ မပါဝင်သူ အားလုံးကို ဘယ်ဘာသာဝင်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဥပဒေရဲ့ အကာအကွယ် ပေးရမှာပါ။ အကြမ်းဖက်မှုကို လက်သင့်မခံဘဲ အေးအေးချမ်းချမ်း နေထိုင်ချင်ကြတဲ့ ဘင်္ဂါလီတွေ ရှိနေတယ် ဆိုတာကို သူတို့ကိုယ်တိုင် အကြမ်းဖက်သမားတွေကို ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ဆီ လာရောက်အပ်နှံတာက သက်သေပြ နေပါတယ်။ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ဘင်္ဂါလီရွာသားတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ တနေ့ထက် တနေ့ တိုးတက်လာနေတယ် လို့ ပြောကြားတာ ရှိပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်အရေး သတင်းစာရှင်းလင်းပွဲမှာ လူမျိုးဘာသာ မရွေးဘဲ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးအပ်သွားမယ် လို့ အစိုးရဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာမှာလည်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်၊ လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် အခွင့်အရေးများနှင့် တန်းတူညီမျှ ရရှိပိုင်ခွင့်၊ IDP ကိစ္စရပ်၊ မွတ်စလင် လူဦးရေကို အချိုးမညီစွာ သက်ရောက်မှု ရှိနေသည့် လွတ်လပ်စွာ သွားလာခွင့် စတဲ့ ကိစ္စရပ်တွေကို အလေးပေး ဖော်ပြထားပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားတိုင်း အဲဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရတာကြောင့် ဆိုးကျိုးတွေကို ကုစားဖို့ နည်းလမ်း တွေ ရှာဖွေသင့်ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရလို့ ဝင်ငွေမရှိရင်၊ အိမ်မပြန်နိုင်ရင် အမျိုးသမီးတွေက အမျိုးသားတွေ ထက် ပိုပြီးအခက်တွေ့ရ၊ ဒုက္ခရောက်ကြရ သလို ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးကိုပါ ဆိုးကျိုးတွေ သက်ရောက် စေနိုင်တာ မို့ပါ။ အဲဒါတွေထက် ပိုပြီးဆိုးရွားတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်မှာပါ ဒဏ်ရာ အနာတရတွေနဲ့ တသက်တာ ထိခိုက် နာကျင်နေစေတာပါ။ ခုထိ မောင်တောမြို့နယ်ထဲက စာသင်ကျောင်း တော်တော်များများကို ပိတ်ထားရဆဲ ဖြစ်ပါတယ်။

တကယ်လို့ ရခိုင်လူမျိုးတွေကိုပဲ ကူညီမယ်၊ ဘင်္ဂါလီလူမျိုးတွေကို ကူညီစရာ မလိုဘူးလို့ သဘောထားမယ် ဆိုရင် မျှတတဲ့ အမြင် မဟုတ်ပါဘူး။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ရယူပိုင်ခွင့်ဟာ ပဋိပက္ခနဲ့ အကြမ်းဖက်မှု ဒဏ် ခံစားနေရသူ အားလုံး အတွက် ရပိုင်ခွင့် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုစလုံးက လူသားတွေ အတွက် “ပညာရေး” နဲ့ “ကျန်းမာရေး”ကို မြှင့်တင်ပေးနိုင်မှ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ဦးတည် နိုင်ပါ လိမ့်မယ်။

ဘင်္ဂါလီ အမျိုးသမီးတယောက်မှာ မိခင်စိတ်ရှိမှာ ဖြစ်သလို ရခိုင်အမျိုးသမီး တယောက်မှာလည်း မိခင်စိတ်ရှိမှာပါပဲ။ အကြမ်းဖက်မှုရဲ့ လက်တံတွေ ပိုမို ရှည်လျားလာတာနဲ့ အမျှ သက်ရောက်မှုက အားလုံးအပေါ် သက်ရောက်မှုလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိလာမှာဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီတွေ နိုင်ငံသားဖြစ်လာနိုင်မှာ ဖြစ်ပြီး ဥပဒေနဲ့ မညီညွတ်ရင် နိုင်ငံသားဖြစ်ခွင့် ရှိမှာ မဟုတ်ပါဘူး။

“အကြမ်းဖက်မှု” အပေါ် ကျမတို့ဘက်က ရှုမြင်ရာမှာ ဘာသာ၊ လူမျိုးနဲ့ တွဲပြီး ရှုမြင်ရင် အမှန်တရားဆီ ချဉ်းကပ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ရှင်းရှင်းလင်းလင်း နားလည်ထားရမယ့် အချက်တချက်က အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ အကျိုးစီးပွား အတွက် ဘယ်သူ့ကို မဆို ချနင်းဖို့ ဝန်မလေးဘူး ဆိုတာ ပါပဲ။ ဘာသာတူလို့၊ လူမျိုးတူလို့ ဆိုပြီး ငဲ့ညှာ စဉ်းစားနေမှာ မဟုတ်တာကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဘင်္ဂါလီ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ သတ်ဖြတ် ခံရတာက သိသာ ထင်ရှားစေ ပါတယ်။

ရခိုင်ပြည်နယ်မှာ အတိဒုက္ခ ရောက်နေရတဲ့ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ဘင်္ဂါလီအမျိုးသမီးနဲ့ ကလေးငယ်တွေကို လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးအပ်တာကသာ အကောင်းဆုံး အဖြေ ဖြစ်လာပါလိမ့်မယ်။ သူတို့ရဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းက အမျိုးသမီးတွေ အတွက် နေအိမ်တွေ ပြန်တည်ဆောက်ပေးတာ၊ ကလေးငယ်တွေကို စာသင်ကြားခွင့် ဖန်တီးပေးတာတွေ ပြုလုပ်ပေးသင့် ပါတယ်။ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်မှုတွေ ပြုလုပ် နေသမျှ တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။

ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်း (Development Crisis) ကို ရင်ဆိုင်နေရတယ် လို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါးမှု နှုန်းဟာ ၇၈ ရာခိုင်နှုန်းထိ ရှိပြီး နိုင်ငံဆင်းရဲနွမ်းပါးမှုနှုန်း ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းထက် နှစ်ဆနီးပါး ရှိနေပါတယ်။ ဒါအပြင် ရခိုင် ပြည်နယ်မှာ ရှိတဲ့ အမျိုးသမီး လုပ်သားတွေဟာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေမှာတောင် အမျိုးသားတွေနဲ့ ယှဉ်ရင် ပိုမို နည်းပါးတဲ့ လုပ်အားခပဲ ရရှိနေတယ် လို့ ဆိုထားပါတယ်။ တဦးချင်း ဝင်ငွေကလည်း နိမ့်ပါးနေဆဲ ဖြစ်လို့ ဆင်းရဲမွဲတေမှုမှာ အဆိုးကျော့ သံသရာလည်မှာ စိုးရိမ်စရာပါ။

ဒါတင်မကသေးပါဘူး၊ ရခိုင်ပြည်နယ်တွင်းက မွတ်စလင် အမျိုးသမီးတွေဟာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အခက်အခဲတွေ တွေ့ကြုံနေရတယ် လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ ပြည်နယ်အတွင်း နေထိုင်တဲ့ ကလေးသူငယ် အားလုံးကို မြန်မာ ဘာသာစကားနဲ့ ပညာသင်ကြားနိုင်ခွင့် ရအောင် ဆောင်ရွက်ပေး သင့်တယ် လို့လည်း အကြံပြုထားပါတယ်။ ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေရဲ့ ၁၉ ရာခိုင်နှုန်းကသာ ကျန်းမာရေး ဝန်ထမ်းတွေ ရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ မီးဖွားကြပါသတဲ့။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီ အမျိုးသမီးတွေ အတွက် မိသားစု စီမံကိန်းတွေ ပြုလုပ်ပေးမှသာ ကလေးမွေးဖွားမှုနှုန်း လျှော့ချ နိုင်မှာ ဖြစ်သလို ကလေးတွေကို လူတလုံးသူတလုံး စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ပညာရေး မြှင့်တင်ပေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မှသာ ရခိုင်က အမျိုးသမီးတွေရဲ့ လူနေမှု ဘဝ တိုးတက်မြင့်မားလာစေမှာပါ။

အကြမ်းဖက်မှုဟာ အမုန်းတရားပေါ် အခြေခံတာကြောင့် အမုန်းကို အမုန်းနဲ့ တုံ့ပြန်လို့ မရပါဘူး။ မေတ္တာတရားပေါ် အခြေခံတဲ့ ကိုယ်ချင်းစာတရားဟာ အမျိုးသမီးတိုင်း၊ ကလေးတိုင်း အတွက် အရေးကြီး ပါတယ်။ အကြမ်းဖက်မှု ကြောင့် ဒုက္ခ ခံစားနေရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ “လုံခြုံမှု” ရှိလာအောင် ကာကွယ်ပေးပြီးသူတို့ရဲ့ ဘဝတွေ သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်မှသာ အနာဂတ် ရခိုင်ပြည်နယ် အတွက် ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေ ဖန်တီးနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် ရေးသားလိုက်ရပါတယ်။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading