(၁)
တိဘက် ပုံပြင်တပုဒ် ရှိပါတယ်။ တိုင်းပြည် အုပ်ချုပ်သူတွေကို မကျေနပ်တဲ့ အမျိုးသမီးကြီး တယောက်ရဲ့ အကြောင်းပါ။ အဲဒီ အမျိုးသမီးကြီးဟာ ၃ နှစ်လုံးလုံး အစိုးရလုပ်သမျှကို မကျေမနပ်ဖြစ်ပြီး ဒေါသမီး လောင်မြိုက် နေခဲ့ပါတယ်။ ဟိုဟာ လုပ်ရင် လုပ်ပြန်ပြီ။ ဒီဟာ လုပ်ရင် လုပ်ရသလား ဆိုပြီး အပြစ်သာ မြင်နေပါသတဲ့။ အစိုးရကတော့ အမျိုးသမီးကြီး ရှိမှန်းတောင် မသိပါဘူး။ အမျိုးသမီးကြီးကသာ ကိုယ့်ဘာသာ အမုန်းတရားကို မွေးမြူရင်း နာကျင်ခံစားနေခဲ့ရ သတဲ့။ သူ ဒေါသ ထွက်လေ စိတ်ဆင်းရဲလေ ဖြစ်နေရသတဲ့။ နောက်ဆုံး ဒေါသ မကျေနပ်မှုတွေ အားလုံးက သူမကိုသာ ဒုက္ခရောက်စေပြီး အစိုးရကတော့ ပိုနေမြဲ ကျားနေမြဲ အတိုင်းပဲ တဲ့။
(၂)
၂၀၁၃ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာကို ဗုံးခွဲခံရတယ်။ နေရာအနှံ့ ဗုံးဆယ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်။ အိန္ဒိယအစိုးရက မူဂျာဟစ်အဖွဲ့မှာ တာဝန်ရှိတယ် လို့ စုံစမ်းစစ်ဆေးပြီး ကြေငြာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ နယူးယောက် အမွှာစင်တာကို အကြမ်းဖက် တိုက်ခိုက်ခံရတယ်။
အဲဒီ အကြမ်းဖက်မှု ၂ ခုလုံးကို အနီးကပ် မြင်တွေ့ခဲ့ရပြီး ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့သူက ကာမာပ ခေါ် Ogyen Trinley Dorje ဖြစ်ပါတယ်။ ကာမာပဟာ တိဘက်ဗုဒ္ဓဘာသာ အဓိကဂိုဏ်ကြီး ၄ ဂိုဏ်းထဲက တခုဖြစ်တဲ့ Karma Kagyu ရဲ့ ၁၇ နှစ်ဆက်မြောက် အကြီးအကဲ (လားမား) ဖြစ်တဲ့ အပြင် Shambhala Publications လို့ခေါ်တဲ့ တိဘက် ဗုဒ္ဓဘာသာ စာပေများကို ထုတ်ဝေနေတဲ့ အသင်းရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အိန္ဒိယကို ထွက်ပြေးလာခဲ့ရပြီး အဲဒီအချိန်ကတည်းက ပြည်ပမှာပဲ နေထိုင်နေခဲ့ရတာပါ။
ဗုံးခွဲခံခဲ့ရတဲ့ ဗုဒ္ဓဂယာကတော့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု မရှိပေမယ့် ဗုဒ္ဓဂယာဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် ထားရာနေရာတခု၊ မေတ္တာတရားရဲ့ သင်္ကေတတခုကို အဓိပ္ပာယ်မဲ့ တိုက်ခိုက်တာဆိုတော့ တကယ့်ကို အံ့အားသင့်စေခဲ့တယ်။ ဖြစ်ရပ်၂ ခုလုံးမှာ ထုံးစံအတိုင်း လူတွေက ဒေါသတွေ ပေါက်ကွဲပြီး မြင်မြင်ရာကို အပြစ်တွေဖို့ကြ၊ တိုက်ခိုက် ကြတယ်။ ဆဲကြ ဆိုကြတာကို တွေ့ရတယ်။
ဒါပေမယ့် ကာမာပ စဉ်းစားမိတာက ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ နေထိုင်တဲ့ သူတွေအနေနဲ့ ဗုဒ္ဓရဲ့ အထွတ်အမြတ်ထားရာကို တိုက်ခိုက်ခံရတာဟာ အဆုံးအမတွေ ဘယ်လောက် ခိုင်မြဲလဲ အစမ်းသပ် ခံရတာပဲလို့ သူက မြင်မိသတဲ့။
“ဒီလို ကြမ်းတမ်းတဲ့ အခြေအနေတွေကို တုံ့ပြန် ရင်ဆိုင်ဖို့ဟာ တို့တွေ ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓရဲ့ နည်းလမ်း၊ မေတ္တာ တရားနဲ့ အကြမ်းမဖက်ခြင်း နည်းလမ်းသာ ဖြစ်တယ်” လို့ ကာမာပက ယုံကြည်သတဲ့။ ပြီးတော့ ဒါတွေကို ကြည့်ကာ ဒေါသနဲ့ အကြမ်းဖက်မှုကို တုံ့ပြန်တာ မှားတယ်။ ဒေါသက အကြမ်းဖက်မှုတွေကိုသာ တိုးပွားစေတယ် ဆိုပြီး ဒေါသနဲ့ အကြမ်းဖက်မှု များနဲ့ ပတ်သက်တဲ့ စာအုပ်တအုပ်ကို ထုတ်ဝေခဲ့တယ်။ သူပေးထားတဲ့ ခေါင်းစဉ်က တရားမမျှတတဲ့ အခြေအနေမှာ တောင်မှ လူသားဆန်မှု၊ နှလုံးသား တည်ကြည်မှုကို ဘယ်လိုထိန်းမလဲ (Beyond Anger: How to Hold On to Your Heart and Your Humanity in the Midst of Injustice) ဖြစ်ပါတယ်။
(၃)
အထက်က တိဘက်အမျိုးသမီး ပုံပြင်လေးကို မြင့်မြတ်သော နှလုံးသားဆိုတဲ့ စာအုပ်ထဲမှာ စာရေးသူ ကာမာပက ဥပမာ အနေနဲ့ ပြောပြထားတာပါ။ သူက ဒီလိုပြောပါတယ်။
ကမ္ဘာကြီးမှာ လူတွေဟာ တယောက်အပေါ် တယောက် မှီခိုနေရတာပါ။ ကိုယ့်အကျိုးစီးပွား အတွက် လုပ်ရင်း အခြားသူတွေရဲ့ အကျိုးစီးပွားနဲ့ တိုးတိုက်မိတဲ့အခါ ပဋိပက္ခဆိုတာ ဖြစ်ပေါ်လာတတ်ပါတယ်။ ကိုယ် တန်ဖိုးထားတာတွေနဲ့ အခြားသူတွေ တန်းဖိုးထားတာတွေကို မျှမျှတတ ဖြစ်အောင် နေနိုင်မယ် ဆိုရင်တော့ ပဋိပက္ခတွေက နည်းနေမှာပါ။ ဒါပေမယ့် မတူညီမှုတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာကြီးမှာ ကွဲလွဲမှုတွေ ပဋိပက္ခတွေ ကတော့ ရှိနေမှာ ပါပဲ။
ပဋိပက္ခ အမျိုးအစား အများအပြား ရှိပါတယ်။ ဒီအထဲမှာမှ ဒေါသကြောင့် ဖြစ်တဲ့ ပဋိပက္ခဟာ အဆိုးဝါးဆုံးပါပဲ။ ပဋိပက္ခက သူ့ချည်း သက်သက် ဆိုရင် အန္တရာယ် မများလှပါဘူး။ ဒေါသ စွက်လာပြီ ဆိုရင်တော့ အနည်းအနဲ့ အများ အန္တရာယ် ရှိစေတာ သေချာပါတယ်။ ဒေါသ ဆိုတာမျိုးက အနည်းဆုံး ဒေါသထွက်သူကိုတော့ အနှောက်အယှက် ဖြစ်စေတာကိုး။ ပဋိပက္ခတွေကို ပြေလည်စေဖို့ဆိုရင် လူတွေကို မောင်းနှင်နေတဲ့ အဖျက်စွမ်းအားကြီး ဖြစ်တဲ့ ဒေါသကို အရင်ဆုံး နားလည်ဖို့ လိုပါတယ်။
ဒေါသက ကျေနပ်မှု မရတဲ့၊ မပျော်ရွှင်တဲ့ စိတ် အခြေအနေတခု ကနေ ထွက်ပေါ်လာပါတယ်။ ဒေါသ ဝင်လာတဲ့ အခါ စိတ်ညစ်ညူးပြီး ဂဏှာမငြိမ် ဖြစ်လာပါတယ်။ လူတယောက်ကို စိတ်ပျက်အောင်၊ အနှောက်အယှက် ဖြစ်အောင် လုပ်လိုက်ရင် အဲဒီလူရဲ့ ဒေါသ မြင့်တက်လာတာကို ဥပမာ အဖြစ် မြင်ကြည့်နိုင်ပါတယ်။ လူတယောက်ကို စိတ်ပျက်အောင် လုပ်လိုက်တာဟာ သူ့ရဲ့ ဒေါသထွက်လို့ ရတဲ့ အခြေအနေတခုကို ဖန်းတီးပေးလိုက်တာ ဖြစ်ကြောင်း သတိပြုမိဖို့ အရေးကြီး ပါတယ်။
လူတယောက်က အမှားတခု လုပ်မိတဲ့ အခါ ဒေါသနဲ့ တုံ့ပြန်မိတတ်ကြတယ်။ သူက မှားတာလုပ်တာကိုး။ ငါက ဒေါသနဲ့ တုံ့ပြန်တာ ဘာဖြစ်လဲ။ တန်တာပဲ လို့ ယူဆတတ်ကြ ပါတယ်။ တကယ့်တော့ အဲသလို တုံ့ပြန်မိတဲ့ အခိုက်အတန့်မှာ ကိုယ့်ရဲ့ စိတ်ဟာလည်း မှုန်မှိုင်းနေပါမယ်။ မကြည်လင်တဲ့ စိတ်ဟာ တည့်မတ် ဖြောင့်မတ်အောင် မတွေးနိုင်တော့ဘဲ အပြစ်ရှာပြီးရင်း ရှာရင်းနဲ့ တဖက်သားရဲ့ ကောင်းကွက်ကလေးတွေ ကြားရတာလောက်နဲ့ တင်ကို စိတ်ထဲမှာ ဒေါသက အလိပ်လိပ် တက်လာ တော့တယ်။ လက်စားချေချင်စိတ်တွေ၊ အခြား အဆိုးမြင်စိတ်တွေနဲ့ပဲ ပိတ်မိနေပါတော့တယ်။
တကယ်တော့ အဲဒီကောင်းကွက်ကသာ ပြဿနာတွေကို ပြေလည်စေဖို့ အရေးတကြီး လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ဒေါသက အကန်းတယောက်လို ဖြစ်စေပါတယ်။ ပြဿနာကို ပြေလည်အောင် အဖြေရှာဖို့ထက် လက်စားချေဖို့သာ အကွက်ချောင်း နေမိစေတော့တယ်။
ဒေါသ ထွက်နေတဲ့ အခါ သူ့လူ ကိုယ့်လူ မကွဲတော့။ မြင်မြင်ရာ လက်ညှိုးတွေထိုးပြီး နောက်ထပ် ဓားစာခံသာ ရှာနေကြတာပဲ အဖတ်တင်တယ်။ သူ့အပြစ်ပုံချ၊ ကိုယ့်အပြစ်လွှဲနဲ့ အဆိုး သံသရာထဲမှာသာ လည်ပတ်ကြတော့ တာပဲ။ ဒေါသမီးတွေနဲ့ ကိုယ်ရှူးကိုယ်ပတ်နေကြတော့တယ်။ နောက်ဆုံး ရန်သူလိုဆက်ဆံမယ် ဆိုရင်တောင်မှ ကိုယ့်ဒေါသက သူ့အတွက် အားသာချက် ဖြစ်သွားတတ်တယ် မဟုတ်ပါလား။
(၄)
အကြမ်းဖက်မှုတွေ၊ တရားမမျှတမှုတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ကိုယ် လာပြီး အကြမ်းဖက်သွားတဲ့ သူကို ဘယ်လို တုံ့ပြန် မလဲ။ ကိုယ့်တိုင်းပြည်လို့ လက်ခံထားတဲ့ နယ်မြေတခုမှာ လာရောက် အကြမ်းဖက်မှု ကျူးလွန်သူကို ဘယ်လို တုံ့ပြန် မလဲ။ ကာမာပ ပြောသွားခဲ့သလို ဒေါသနဲ့ တုန့်ပြန်ပြီး နောက်ထပ် အကြမ်းဖက်မှုတွေကို ထပ်မွေးမလား။ ဒါမှ မဟုတ် ဒေါသကို ထိန်းသိမ်းပြီး အသိစိတ်ရှိရှိ တုံ့ပြန် မလား။
ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။
ဒီလိုပြောလို့ အကြမ်းဖက်မှုကို ခေါင်းငုံ့ခံရမယ် ဆိုလိုခြင်း မဟုတ်။ အကြမ်းဖက်မှုကို အသိ သတိရှိရှိနဲ့ အမြော်အမြင် ရှိရှိနဲ့ တွေးတော တုံ့ပြန်ဖို့ပါ။ အကြမ်းဖက်မှု ဆိုတာ လက်ခံရမယ့် အရာ မဟုတ်ပါ။ ပြတ်သားရမယ့် အရာပါ။ မကောင်းမှုကို ကျူးလွန်သူ၊ ဥပဒေကို ချိုးဖောက်သူ၊ အပြစ်မဲ့သူတွေကို အနာတရ ဖြစ်စေသူတွေကို ရဲရဲရင့်ရင့် ရှာဖွေဖော်ထုတ်ရမှာပါ။
ဒါပေမယ့် ကိုယ်က ပြန်အကြမ်းဖက်ပြီး လက်စားချေလိုက်ရင် ကိုယ်လည်း အကြမ်းဖက်သမားနဲ့ တန်းတူ ဖြစ်သွားမယ် မဟုတ်လား။ ယဉ်ကျေးတဲ့ လူ့ အသိုင်းအဝိုင်း အနေနဲ့ အကြမ်းဖက်မှုတွေ အတွက် သူတို့ လုပ်ရပ်တွေကို တာဝန်ခံစေအောင်၊ ခံစားရတဲ့ ဆုံးရှုံးခဲ့ရတဲ့ သူတွေ အတွက် တရားမျှတမှု ပြန်ရှာဖွေပေးနိုင်အောင် မကြိုးစားသင့် ပေဘူးလား။ တချိန်တည်းမှာပဲ မြင်မြင်ရာကို အကြမ်းဖက်သမားလို့ မြင်မိသွားစေမယ့် ဒေါသစိတ်ကို ချွန်းအုပ်ရင်း အကြမ်းဖက်မှုတွေရဲ့ ဇစ်မြစ်၊ အကြမ်းဖက်သမားတွေရဲ့ ဇစ်မြစ်တွေကို ရှာဖွေပြီး လူဆိုးနဲ့ လူကောင်းကြား၊ အကြမ်းဖက် သမားနဲ့ သာမာန်လူတွေကြားက စည်းကို ထင်သာမြင်သာ ဖြစ်အောင် မကြိုစားသင့်ဘူးလား။ လူမျိုးတမျိုးဟာ အားလုံး အကြမ်းဖက်သမားဆိုတာ ကမ္ဘာမှာ ရှိဖူးပါသလား။
ကာမာပ ကတော့ ဒေါသဖြစ်တာက သပ်သပ်၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကို တုံ့ပြန်တာက သပ်သပ် ခွဲခြားကြည့်ပါလို့ ပြောပါတယ်။ မူရင်း အကြောင်းကို ကြည့်ပါလို့ ပြောပါတယ်။ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို လုပ်ရင် ရမလဲ။
ကြည်လင်တဲ့ စေတနာကို ဉာဏ်ပညာနဲ့ ပေါင်းစပ်ပြီး အသုံးချဖို့ လိုပါတယ်။ စစ်ပွဲတွေ၊ တိုက်ခိုက်ခြင်းတွေက ငြိမ်းချမ်းမှု၊ ကြွယ်ဝမှု၊ တည်ငြိမ်မှုနဲ့ လွတ်လပ်မှုကို ဆောင်ကြဉ်း ပေးနိုင်တဲ့ နည်းလမ်းတွေ မဟုတ်ဘူး လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါ တယ်။ စစ်ပွဲတွေဟာ အကျိုးမဲ့စေတဲ့၊ မလိုလားအပ်တဲ့ ရလဒ်ကိုသာ ဖန်တီးပေးတဲ့ နည်းလမ်းတွေ ဖြစ်တယ် ဆိုတာ သမိုင်းတင် သမိုင်းတွင်သွားမှာ သေချာပါတယ်။
ဒီ အကြောင်းတွေ ကြောင့်ပဲ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အမှန်တကယ် စတင်ရမယ့် နေရာက ကိုယ်ကိုယ်တိုင် သာ ဖြစ်ပါတယ်။ အကောင်းဆုံး အကြံဉာဏ်တွေကို ကိုယ့်သာသာကိုယ် အရင်ပေးရမှာပါ။ မသေချာတာတွေကို မယုံဘူး။ လူလူချင်း မုန်းတီးတာကို အားမပေးဘူး။ ဒေါသထွက်စေမှာတွေ မပြောဘူး။ မလုပ်ဘူး။ အကြမ်းဖက်မှုတွေကို ရှုတ်ချ ဆန့်ကျင်နေတဲ့ အချိန်မှာပဲ ကိုယ့်စိတ်ကို ထိန်းထားမယ်။ လူသားဆန်မှုကို ထိန်းသိမ်းရင်း လူတိုင်းဟာ အကြမ်းဖက်သမား မဟုတ်တာကို လက်ခံထားမယ်။
ပဋိပက္ခ အများစုဟာ တခါတည်းနဲ့ ပြေလည် သွားကြတာမျိုး မဟုတ်ပါ။ တချို့ ပဋိပက္ခတွေ ဆိုရင် အချိန်အကြာကြီး မပြေလည်ဘဲ ရှိနေတတ်ပါတယ်။ ဘယ်လို ပဋိပက္ခတွေ ဖြစ်စေ ပြေလည်အောင် ဖြေရှင်းရာမှာ မအောင်မြင်သည် ဖြစ်စေ အောင်မြင်သည် ဖြစ်စေ ကိုယ့်မှာ လုပ်စရာတော့ ကျန်သေးတာချည့်ပါပဲ။
ဘာတွေပဲ ဖြစ်ပျက်ပါစေ ကိုယ့်အတွက် ကိုယ်တော့ လုပ်နိုင်ပါသေးတယ်။ ပဋိပက္ခတွေက ကိုယ့်ကို ဝါးမြိုမသွားအောင်၊ မနှောက်ယှက်နိုင်အောင် ကိုယ့်ရဲ့ အဇ္ဈတ္တ အရည်အသွေးတွေကို ပြုစုပျိုးထောင် နိုင်ပါတယ်။ ကိုယ့်အတွင်းစိတ်ကို ကောင်းမွန်အောင် ထားနိုင်ပြီး ကိုယ့်ရဲ့ ဖြူစင်တဲ့ မျှော်လင့်ချက်ကို ရှင်သန်စေရင် အနည်းဆုံးတော့ ဒီကမ္ဘာပေါ်မှာ အန္တရာယ် ပေးနိုင်တဲ့ လူတယောက် လျော့သွားမယ် လို့ ဆင်ခြင်ကြည့်နိုင် ပါတယ်။ အမုန်းများကို ပွားများစေသူ တယောက် မရှိတော့လို့ ကမ္ဘာကြီး ပိုပြီး သာယာလာနိုင်ပါတယ်။ ။
(လင်းငယ်သည်စစ်တွေမြို့တွင် နေထိုင်နေသော မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)