မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တပ်က အင်အား အလွန်အကျွံ သုံးတာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဘင်္ဂါလီ ဒုက္ခသည်တွေ များပြားလာမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာအစိုးရ အပေါ် ချက်ချင်းဆိုသလို လက်ညိုးထိုး စွပ်စွဲပြစ်တင် ဖိအားပေးမှုတွေ မြှင့်တက်လာပါတယ်။ တကယ်တော့ ဒါဟာ တဖက်သတ် ဆန်ပြီး မျှတမှု မရှိပါဘူး။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီပြဿနာ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။
အားလုံးသိပြီးတဲ့ အတိုင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA (Arakan Rohingya Salvation Army) လို့ ခေါ်တဲ့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် ၃ ခုရှိ ရဲကင်းစခန်း ၃၀ နှင့် တပ်စခန်း တခုကို တပြိုင်နက်တည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုထဲမှာ အပြစ်မဲ့ ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေ သတ်ဖြတ်ခံခဲ့ရပါတယ်။
မြန်မာ့တပ်မတော်က အကြမ်းဖက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် တွေမှာ အင်အားတွေ တိုးချဲ့ချထားပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အပြစ်မဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ “နယ်မြေရှင်းလင်းရေး” တွေ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ နိုင်ငံရေးဗျူဟာ မရှိဘဲ စစ်ရေးအရ အလွန်အကျွံတုံ့ပြန်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကျူးလွန်နေတဲ့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ကိုသာ အကျိုးပြုလိမ့်မယ် လို့ နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့(ICG) က သတိပေးထားပါတယ်။
တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ရာမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပြီးနောက် ပြီးခဲ့တဲ့ ၂ ပတ်အတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဘင်္ဂလီဒုက္ခသည် ၁၄၆၀၀၀ ရှိရာမှ ၁၆၄၀၀၀ ထိ မြင့်တက်လာတယ် လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ တဖက်မှာလည်း ARSA အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက် သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှု အန္တရယ်ကို စိုးရိမ်တာကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များမှ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် မြိုလူမျိုးစု၊ ဟိန္ဒူဘာသာဝင် လူမျိုးစု ဒုက္ခသည် ပေါင်း ၃၀၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ် လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ် နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူတိုင်းကို အကာအကွယ်ပေးနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက် နေတယ်လို့ အစိုးရက တုံ့ပြန် ပါတယ်။
“ကျမတို့ နိင်ငံသားတွေကို ကျမတို့ ကာကွယ်စောင့်ရှောက်နေတယ်။ နိုင်ငံသားဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီနိုင်ငံထဲမှာ ရှိတဲ့ လူတိုင်းကို စောင့်ရှောက်နေတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ “အကြမ်းဖက်မှုကို ကျမတို့ နိုင်ငံမှာ၊ ကျမတို့ မြေမှာ၊ ကျမတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ကျမတို့ ခွင့်ပြုမှာ မဟုတ်ဘူး” လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယဝန်ကြိးချုပ် မိုဒီနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဟာ ယခင်အစိုးရ အဆက်ဆက် ကတည်းက ဖြစ်ပွားနေခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလည်း ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြသနာဟာ ပိုမိုရှုပ်ထွေးနက်ရှိုင်း လာတာကြောင့် အောင်မြင်မှု မရခဲ့ပါဘူး။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တာဝန် ယူချိန်မှာတော့ ပြဿနာကို အကောင်းဆုံး အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ် အစီအရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုလည်း အစိုးရက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သလို၊ အကြံပြုချက် တွေကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်သွားမယ် လို့ အစိုးရက ဆိုပါတယ်။
“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ရဲ့ အကြံပြု ဆွေးနွေးမှုတွေထဲက တချို့ကို ကျမတို့ ဖြစ်နိုင်သမျှ အကောင်အထည် ဖော်နေပါတယ်။ ဒါပေမယ့် တခြားဟာတွေမှာတော့ အချိန်ယူဖို့လိုတယ်။ ကိစ္စတိုင်းကို တပြိုင်တည်း ပြီးမြောက်အောင် လုပ်ဖို့တော့ မဖြစ်နိုင်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။
ဒါပေမယ့် ကိုဖီအာနန် ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ၂ ရက်အကြာမှာ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ရည်ရွယ်ချက်ရှိရှိနဲ့ရဲကင်း ရဲစခန်း ၃၀ နှင့် တပ်စခန်းတွေကို လက်လုပ်မိုင်း၊ ဓားရှည်နှင့် လက်နက်ငယ်များနဲ့ တပြိုင်နက်တည်း အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုဟာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက ကိုဖီအာနန်ရဲ့ ရခိုင်အရေး ဖြေရှင်းဖို့ အကြံပြုချက်ထဲမှာ သူတို့ရဲ့ မျှော်မှန်းထားတဲ့ အကြံပြုချက်တွေ ပါမလာတာကြောင့် အဲဒီအကြံပြုချက်ကို လက်ခံနိုင်ဘူး လို့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်က စတင်ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင် တိုင်းရင်းသားတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဘင်္ဂါလီအကြမ်းဖက် အုပ်စုတွေ ပေါ်ထွက်လာဖို့ အချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဟောင်းဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း ပြသနာကို ချက်ချင်း တုံ့ပြန် ဖြေရှင်းနိုင်ခြင်း မရှိဘဲ ပြသနာဟာ ပိုမိုရှုပ်ထွေးစေခဲ့သလို၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တာဝန်ယူချိန်မှာလည်း နိုင်ငံတကာနဲ့ ပြည်တွင်း ဖိအားပေးမှုတွေကြောင့် ပြသနာဖြေရှင်းဖို့ ရှေ့မတိုးနိုင် ဖြစ်နေရသလို ခိုင်မာတဲ့ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ဖို့ နှစ်နဲ့ချီ အချိန်ယူခဲ့တာကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာဖို့ အခွင့်ကောင်းတခု ဖြစ်လာခဲ့ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက ပြသနာကို အဖြေရှာဖို့ ကြိုးပမ်းနေချိန် ကြားကာလမှာ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားတွေက အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လူသစ်စုဆောင်းတာ၊ ငွေးကြေး ထောက်ပံ့သူတွေ ရှာဖွေတာတွေ၊ အကြမ်းဖက်သင်တန်းတွေ ပေးဖို့ စတာတွေကို စနစ်တကျ ကြိုတင် ပြင်ဆင်ဖို့ အချိန်များစွာ ရရှိခဲ့ကြပါတယ်။
တဖက်မှာလည်း နိုင်ငံတကာမှာ နေထိုင်ကြတဲ့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ထောက်ခံသူတွေ အထူးသဖြင့် ဘင်္ဂါလီ အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူ တချို့ဟာ လူမှုကွန်ရက် Twitter ကို အသုံးပြုပြီး “မြန်မာ အစိုးရနဲ့ တပ်မတော်က ဘင်္ဂလီတွေကို သတ်ဖြတ်မှုတွေ၊ စစ်တပ်က ဘင်္ဂါလီ နေအိမ်တွေကို မီးရှို့နေတယ်” စတဲ့ မဟုတ်မမှန် သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ ဝါဒဖြန့် လှုံ့ဆော်မှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။
တကယ်တော့ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ၊ လူနေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်တာပါ။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ဘင်္ဂါလီအကြမ်းဖက် သမားတွေရဲ့ သတင်းကို အစိုးရဆီ ပေးနေတယ်လို့ သံသယရှိတဲ့ ဘင်္ဂါလီတွေကိုပါ ARSA တွေက သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။ ARSA အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုမှာ ဘင်္ဂလီကျေးရွာက ဒုတ်၊ ဓားကိုင်ဆောင်ထားတဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေ ကို လူသားဒိုင်း အဖြစ် အသုံးပြုကြပါတယ်။ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေဟာ ဘင်္ဂါလီ ကျေးရွာထဲက ဘင်္ဂါလီတွေနဲ့ အတူ နေထိုင်ကြတာကြောင့် တကယ့် လက်တွေ့မှာ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ အပြစ်မဲ့ ဘင်္ဂါလီတွေနဲ့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေကို ခွဲခြားသိဖို့ ခက်အခဲတွေ အများကြီးရှိနေပါတယ်။
အခုနောက်ဆုံး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ပြီးနောက် ARSA ကို အစွန်းရောက် အကြမ်းဖက်အုပ်စု အဖြစ် အစိုးရက အကြမ်းဖက်ဥပဒေအရ ကြေညာခဲ့ပြီး၊ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အုပ်စု ကို ပြည်တွင်း၊ ပြည်ပထောက်ပံ့သူတွေကိုလည်း ဥပဒေနဲ့ အညီ ဖော်ထုတ် အရေးယူသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။
တဖက်မှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပေါ်ပေါက်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု ထဲမှာ IS အကြမ်းဖက်အဖွဲ့နဲ့ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ ISI တို့ ပါဝင် ပတ်သက်မှု ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ပေါ်ထွက် လာပါတယ်။ မြန်မာ့တပ်မတော်ကတော့ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို နယ်မြေစိုးမိုးဖို့နဲ့ နိုင်ငံထူထောင်ဖို့ အထိ ရည်ရွယ်ချက်တွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA ရဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့ ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ဘင်္ဂါလီဒုက္ခသည်တွေ ထွက်ပြေးကြပြီး အတိဒုက္ခရောက်တာတွေအတွက် လူသားချင်း စာနာထောက်ထား စိုးရိမ်မှုကို အများနည်းတူ ကျနော်တို့လည်း လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကို စွပ်စွဲ ပြစ်တင်ရုံနဲ့ ပြသနာက ပြေလည်သွားမှာ မဟုတ်ပါ။
တကယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးတိုးတက်မှုကို မြင်ချင်ရင် ကိုဖိအာနန်ကော်မရှင်ရဲ့ အကြုံပြုချက်တွေကို မြန်မာအစိုးရက လက်တွေ့ အကောင်အထည်ဖော်ရာမှာ အကူအညီပေးဖို့ လိုအပ်သလို ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေကို နှိမ်နှင်းတဲ့ အခါမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
(ထွန်းထွန်းနိုင်သည် ၂၀၁၃-ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာရေးဆွဲရေး နှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ရရှိခဲ့ပြီး၊ ရခိုင်နိုင်ငံရေး နှင့် မူဝါဒရေးရာ သုံးသပ်ချက်ဆောင်းပါးများ ရေးသားနေသူတဦး ဖြစ်သည်။ လတ်တလော စစ်တွေမြို့တွင် နေထိုင်လျက်ရှိသည်။)