မကြာသေးမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုများ၏ နောက်ကွယ်မှ အကြောင်းရင်းနှင့် ပတ်သက်ပြီး အတိအကျ ပြောနိုင်သော အချက်မှာ ထိုတိုက်ခိုက်မှုများသည် ကိုဖီအာနန် ခေါင်းဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ဆန့်ကျင်လိုက်ခြင်း ဖြစ်ပြီး မြန်မာအစိုးရက ကတိပြုထား သလို ထို အကြံပြုချက်များ အကောင်အထည် ဖော်မည့် အစီအစဉ်နှင့် အစီအမံများ လုံး၀ ရပ်တန့်သွားအောင် ဟန့်တား နှောင့်ယှက်လိုက်ခြင်းပင် ဖြစ်သည်။
ရခိုင်ပြည်နယ်၏ ပြဿနာများကို ဘက်စုံမှ ရေရှည်ဖြေရှင်းရန်နှင့် ရခိုင်ရှိ မွတ်စလင် အသိုင်းအဝိုင်းနှင့် ဒေသခံရခိုင် တိုင်းရင်းသားများကြား ပြန်လည် သဟဇာတ ဖြစ်စေရန် ပေါင်းစည်းပေးမည့် အကြံပြုချက်များကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် က တင်ပြခဲ့ပြီး နာရီပိုင်း အကြာတွင် ပါကစ္စတန်တွင် မွေးဖွားပြီး ဆော်ဒီအာရေးဗီးယားတွင် ကြီးပြင်းသူ Attaullah Abu Ammar Jununi ခေါင်းဆောင်သည့် ARSA အကြမ်းဖက်အဖွဲ့သည် မောင်တောရှိ ရဲကင်း ၃၀ ကို သြဂုတ်လ ၂၅ ရက်နေ့တွင် ချိန်ကိုက် တိုက်ခိုက်ခဲ့သည်။
ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အကြံပြုချက်များကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာအစိုးရက ကြိုဆိုပြီး ထိုအကြံပြုချက်များကို တတ်နိုင်သမျှ ဆောလျင်စွာ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း တရားဝင်ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ကိုဖီအာနန် အပါအဝင် ကော်မရှင်အဖွဲ့ဝင်များ သြဂုတ်လ ၂၄ ရက်နေ့တွင် တွေ့ဆုံအပြီး နာရီပိုင်း အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ကြေညာချက် တစောင် ထုတ်ပြန်ပြီး ထို ကြေညာချက်တွင် “အမြန်ဆုံး ဖော်ဆောင်သည့် ခြေလှမ်း တရပ်အနေဖြင့် ကောင်မရှင်၏ အကြံပြုချက်များကို တာဝန်ယူကာ အကောင်အထည် ဖော်ဆောင်ရွက်မည့် ပြည်ထောင်စု ဝန်ကြီးအဆင့် ဦးဆောင်သည့် ကော်မတီသစ် တရပ်ကို ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်သည်” ဟု ဖော်ပြထားသည်။
“မကြာခင် သီတင်းပတ်များ အတွင်း အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ လမ်းပြမြေပုံတခု ချမှတ်နိုင်ရန် မျှော်လင့်ထားသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ထို အချက်များသည် အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်သည့် ARSA က ချိန်ကိုက် တိုက်ခိုက်မှုများ ပြုလုပ်စဉ်က ရည်ရွယ်ခဲ့သော အချက်များတော့ မဟုတ်ပေ။
တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ၂ ပတ်ကျော် ကြာသည့် ယနေ့ အထိ အစိုးရသည် ပဋိပက္ခ အခြေအနေကို ပြန်လည် တည်ငြိမ်အောင် ကြိုးစားနေရခြင်းကြောင့် ကော်မရှင်၏ အကြံပြုချက်များကို စတင် အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။
မြေပြင် အခြေအနေတွင် ARSA ၏ တိုက်ခိုက်မှုများ၊ စစ်သွေးကြွများကို ထောက်ခံသူများက ရခိုင်နှင့် အခြား လူမျိုးစုများကို တိုက်ခိုက်မှုများ၊ တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများနှင့် ရှုပ်ထွေးနေသော အခြေအနေ ဖြစ်ပြီး ထို အကြောင်းများ အားလုံးကြောင့် မွတ်စလင်ဒုက္ခသည် သိန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကာ ရခိုင်ဒုက္ခသည် ထောင်ပေါင်း များစွာတို့သည်လည်း ပြည်နယ်အတွင်းရှိ အခြားမြို့ကြီးများသို့ ထွက်ပြေးကြရသည်။
သို့သော် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်သည့် နည်းလမ်းသည် ၎င်းတို့ အတွက် လတ်တလော အောင်ပွဲပင် ဖြစ်သည်။ ထို တိုက်ခိုက်မှုကို ပြည်ပမှ လေ့လာသုံးသပ်သူ တချို့က စစ်တပ်၏ ဖိနှိပ်မှုနှင့် ရခိုင်ပြည်နယ်မှ မွတ်စလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို တရားဝင် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု မြင်ကောင်း မြင်နိုင်သည်။
သို့ရာတွင် အဆိုပါ တိုက်ခိုက်မှုများသည် မြန်မာအစိုးရနှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို ပြင်းထန်သော ဝေဖန်မှုများ ဖြစ်စေသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မွတ်စလင် ဒုက္ခသည်များ၏ အခွင့်အရေးကို လူသိရှင်ကြား ကာကွယ်ခြင်း မပြုသောကြောင့် လူ့အခွင့်အရေး အုပ်စုများ၊ လှုပ်ရှားသူများနှင့် နိုင်ငံတကာ မီဒီယာများ၏ ပြင်းထန်သော ဝေဖန်မှု ခံနေရသည်။
ထိုသို့ ဝေဖန်နေကြခြင်းမှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော နိုင်ငံရေးအခြေအနေကို နားမလည်ခြင်းကြောင့်သာ ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝန်းနှင့် ၎င်းတို့၏ မီဒီယာများက ဒုက္ခသည်များ အလုံးအရင်း ထွက်ပြေးခြင်းကိုသာ ဇောင်းပေး ဝေဖန်နေခြင်းက ရှုပ်ထွေးမတည်ငြိမ်သော အခြေအနေကို ကူညီဖြေရှင်းပေးနိုင်မည် မဟုတ်ဘဲ ဆိုးကျိုးများကို ပိုမို ဖြစ်ပေါ်စေမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသည် သြဇာကြီးမားလှသော တပ်မတော်၊ အမျိုးသားရေး အုပ်စုများနှင့် ဒီမိုကရေစီနှင့် မကိုက်ညီသော ဖွဲစည်းပုံအခြေခံဥပဒေတို့ အကြားတွင် နိုင်ငံရေးအရ ကြားညပ်နေသည်။
တပ်မတော်သည် လွှတ်တော်နေရာ အားလုံး၏ ၂၅ ရာခိုင်နှုန်းနှင့် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာန များကိုလည်း ထိန်းချုပ်ထားသည်။ ထို အခြေအနေကြောင့် တချို့သော လေ့လာသူများက မြန်မာနိုင်ငံတွင် အစိုးရ နှစ်ရပ် သဘောမျိုး ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
တပ်မတော်နှင့် ထိတွေ့ ဆက်ဆံခြင်းနှင့် ရခိုင်ပြည်နယ်၏ နောက်ဆုံးအခြေအနေကို ကိုင်တွယ် ဆောင်ရွက်ခြင်းတို့တွင် အစိုးရသည် ၎င်းတို့၏ အုပ်ချုပ်ရေး အာဏာကို မည်သည့် အတိုင်းအတာ အထိ အသုံးပြုနိုင်သည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။ ထိုးစစ် မဆင်ရန် တပ်မတော်ကို အစိုးရက ပြောခွင့် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဖူးသည်။
ကိုဖီအာနန်နှင့် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ သြဂုတ်လ ၂၄ ရက်နေ့ကေ တွ့ဆုံသောအခါ တပ်ချုပ်က ကော်မရှင်၏ အစီရင်ခံစာတွင် အချို့သော အချက်အလက်လွဲမှားမှုများ ပါဝင်ကြောင်း ပြောပြီး အစီရင်ခံစာ၏ သမာသမတ်ရှိမှုကို မေးခွန်းထုတ်ခဲ့သည်။
အချို့သော နိုင်ငံရေး အုပ်စုများသည် ကော်မရှင်ကို စတင်ဖွဲ့စည်းစဉ် ကပင် အသိအမှတ် မပြုပေ။ လွှတ်တော်တွင် အဓိက အုပ်စု ၃ စု ဖြစ်သော ရခိုင်အမျိုးသားပါတီ၊ ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ယခင်အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် တပ်မတော်က ခန့်အပ်သော လွှတ်တော်ကိုယ်စားလှယ်များတို့က ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ရေးရာ အကြံပေး ကော်မရှင်ကို ဖျက်သိမ်းရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလက ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။
တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်သည် ဆိုသည့် စွပ်စွဲချက်များကို ဝေဖန်ပြောဆိုခြင်း မရှိသောကြောင့် အနောက်တိုင်း မီဒီယာများ အပါအဝင် ဝေဖန်သူများက ဒေါ်အောင်ဆန်းစုကြည် ကို ရှုတ်ချခြင်းသည် ၎င်းတို့၏ မြန်မာပြည် နိုင်ငံရေး အခြေအနေကို ရှင်းလင်းစွာ နားမလည်မှုကို ပြသနေသည်။
နိုင်ငံအတွက် အရေးအကြီးဆုံး လိုအပ်ချက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက် ပြုလုပ်ရန် တပ်မတော် ခေါင်းဆောင်ပိုင်း၏ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်သည်။ တိုင်းပြည်အတွက် လိုအပ်သည် ဟု တပ်မတော် ခေါင်းဆောင်များက ယူဆလျှင် နိုင်ငံသည် စစ်အုပ်ချုပ်ရေး အောက်ကို ပြန်ရောက်သွားနိုင်သည်။
လက်ရှိအစိုးရ စတင် တာဝန်ယူစဉ်ကပင် တပ်မတော်ကို ထောက်ခံသူများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက စောင့်ကြည့် နေပြီး အစိုးရ အကျပ်အတည်း ဖြစ်ပါက အတိုက်အခံများ အတွက် အခွင့်အရေးပေါ်လာမည် ဟူသည့် အမြင်များလည်း ရှိနေသည်။
မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသော အခြေအနေကို နားလည်နိုင်သူ လက်တဆုပ်စာမျှသာ ရှိသည်။ စစ်သွေးကြွ တိုက်ခိုက်မှု သည် တနည်းတလမ်းအားဖြင့် တပ်မတော်ကို နိုင်ငံ၏ ကယ်တင်ရှင် အဖြစ် မြင်သွားစေပြီး တပ်မတော်ကလည်း ထိုသို့ အမြင်ခံလိုကြောင်း သမ္မတအိုဘားမားအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell က AP သတင်းဌာနသို့ ပြောသည်။ “အဲဒါဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သိပ်အထောက်အကူ မပြုဘူး” ဟုလည်း သူက ဆက်ပြောသည်။
သူနှင့် မတူသော ဝေဖန်သူ အများစုကမူ အခြေအနေ တခုလုံးကို မြင်အောင် မကြည့်နိုင်ဘဲ ရေတိုသာ တွေးကြသည်။ ခြုံ၍ စဉ်းစားကြည့်လျှင် တိုင်းပြည်၏ ရေရှည် အကျိုးစီးပွား အတွက် အစိုးရနှင့် တပ်မတော်တို့ အကြားတွင် ကောင်းမွန်သော ဆက်ဆံရေး ရှိရန် လိုကြောင်း ပေါ်လွင်လာမည် ဖြစ်သည်။
အကြမ်းဖက်မှုသည် အကြမ်းဖက်မှုကိုသာ ဖြစ်စေသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို အကြမ်းဖက်တုံ့ပြန်သည် ဖြစ်စေ၊ အကြမ်းဖက် တိုက်ခိုက်မှုကို အကြမ်းဖက်တုံ့ပြန်သည် ဖြစ်စေ အကြမ်းဖက်ခြင်းကို လက်မခံနိုင်ပါ။ လုံခြုံရေး တပ်များသည် စစ်ဆင်ရေးများ အတွင်း အင်အား အလွန်အကျွံ မသုံးရန်နှင့် အရပ်သားများကို ထိခိုက်မှု မရှိစေရန် သတိထား လုပ်ဆောင် ရမည် ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ မူများကို လိုက်နာရန် အစိုးရက တပ်မတော် ခေါင်းဆောင်များကို အခိုင်အမာ ပြောသင့်ပေသည်။
သို့သော် နိုင်ငံတွင် အခိုင်မာဆုံး မဏ္ဍိုင်အဖွဲ့အစည်း အဖြစ် ဖွဲ့စည်းပုံအရ ခွင့်ပြုထားသည့် အာဏာအပြင် မမြင်နိုင်သည့် သြဇာ လွှမ်းမိုးမှုများပါ ရှိနေသည့် တပ်မတော်ကို လူသိရှင်ကြား ဝေဖန်ခြင်းမျိုးကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုပ်ဆောင်နိုင်လောက်သည့် အနေအထားတွင် မရှိပေ။ ၁၉၆၂ ခုနှစ် နှင့် ၁၉၈၈ တို့တွင် စစ်အာဏာသိမ်းမှုများ ဖြစ်ခဲ့ပြီး တပ်မတော်သည် နှစ်ပေါင်း ၅၀ အာဏာယူ အုပ်ချုပ်ခဲ့သည့် အတွေ့အကြုံလည်း ရှိခဲ့သည်။
နှစ်ဖက်ချောမွေ့သော ဆက်ဆံရေးသည် လက်ရှိ ရခိုင်ပြဿနာနှင့် ထိုထက် ပိုမိုအရေးကြီးသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် တိုင်းပြည် ရင်ဆိုင်နေရသော ပြဿနာအများအပြားကို ဖြေရှင်း ပေးနိုင်သည်။ တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ခြင်းသည် ပြောင်းပြန် အခြေအနေကိုသာ ရစေမည် ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေး အောက်မှ တည်ငြိမ်သော မြန်မာနိုင်ငံကိုု အမှန်တကယ် မြင်တွေ့လိုပါက ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်စေရန်နှင့် ကိုဖီအာနန်၏ အကြံပြု ချက်များကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး အတွက် အကူအညီများပေးရန် လိုအပ်ပေသည်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အယ်ဒီတာဖြစ်သည်။ ၎င်း၏ The Reality in Rakhine and Myanmar’s Complex Political Conundrum ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)