ကချင်ပြည်နယ်မှာ ယူနက်စကို မနိုင်ဝန်ထမ်းမလို့လား

Stella Naw
ပူတာအိုဒေသကို ကမ္ဘာ့အမွေအနှစ် နေရာတခု အဖြစ် သတ်မှတ်ရန် ယူနက်စကိုက အဆိုပြုထား / http://www.wanderlusttravelmyanmar.com
Want create site? Find Free WordPress Themes and plugins.

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ မကြာသေးမီက ထုတ်ဝေခဲ့သော မဂ္ဂဇင်း မျက်နှာဖုံးပေါ်တွင် “Full of Life, Full of Nature, Putao” ဆိုသည့် စာသားနှင့် အတူ လှပသော အမျိုးသမီးငယ်တဦးက ကြည်လင်သောမြစ်တစင်း၏ ဘေးတွင် ထိုင်နေသည်ကို အသက်ရှုမှားလောက်စရာ လှပသော တောင်တန်းများ နောက်ခံနှင့် အတူ မြင်ရသည်။

မြန်မာနိုင်ငံ၏ ကချင်ပြည်နယ် မြောက်ဘက်အစွန်းတွင် ရှိသော ပူတာအိုမှာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ် သော ခါကာဘိုရာဇီ တောင်ရှိရာဒေသ ဖြစ်သည်။ အမြင့် ၅၈၈၀ မီတာ(ပေ ၁၉၃၀၀ ခန့်) ရှိပြီး ခါကာဘိုရာဇီ ဆိုသည်မှာ ဒေသခံ တို့၏ ဘာသာစကားအရ “ကျေးငှက်များ ပျော်ရွှင်ရာ တောင်” ဟု အဓိပ္ပါယ်ရသည်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများကလည်း ထိုနည်းအတိုင်းပင် ဆက်လက်ထိန်းသိမ်းနိုင်ရန် မျှော်လင့်နေသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို – Unesco) က ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် ကာကွယ်ရမည့် ကမ္ဘာ့အမွေအနှစ် နေရာတခု ဖြစ်လာဖွယ်ရှိသော မြောက်ပိုင်း တောင်ပေါ်ဆက်စပ်သစ်တော နယ်မြေ(Northern Mountain Forest Complex – NMFC) ကိုသတ်မှတ်ပေးရန် စဉ်းစားနေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ မြန်မာ အစိုးရကလည်း ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ် အဆိုပြုခဲ့ကြောင်း ယူနက်စကို ဝက်ဘ်ဆိုက်၏ အဆိုအရ သိရသည်။

နှင်းဖုံးတောင်ထိပ်များ၊ သစ်တောများဖုံးလွှမ်းနေသော တောင်များနှင့် လွတ်လပ်စွာ စီးဆင်းနေသော မြစ်များဖြင့် အတိ ပြီး သည့် သဘာဝအလှအပများ ရှိရာဒေသသည် တိုင်းပြည်၏ မြောင်ပိုင်းစွန်းဒေသမှ စတုရန်း ကီလိုမီတာ ၁၁၂၈၀ အကျယ် အဝန်းကို ဖုံးလွှမ်းထားပြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယတို့မှ ကာကွယ်ထားသည့် ဧရိယာများနှင့်လည်း ထိစပ်နေသည်။ သစ်တောပုံစံအမျိုးမျိုး နှင့် မျိုးတုန်းတော့မည့် ရှားပါး သတ္တဝါ မျိုးစိတ်များ ရှိရာ ထိုဒေသက သဘာဝအတိုင်း အံ့သြဖွယ်ရာ နဂိုမူလအတိုင်းကျန်နေခဲ့ခြင်းမှာ ယခင် စစ်အစိုးရများလက်ထက်က ဗဟိုအစိုးရ၏ ဥပေက္ခာပြုထားခံရခြင်း၏ အမွေအနှစ် ဖြစ်သည်ဟုလည်း တစိတ်တပိုင်း ဆိုနိုင်ပါသည်။

ယခုအခါ နိုင်ငံရေးသမားများ၊ အစိုးရတာဝန်ရှိသူများ နှင့် စီးပွားရေးသမားများက ထိုဒေသ၏ ခရီးသွားလုပ်ငန်း အလား အလာကြီးမားမှုကို သိရှိလာကြခြင်းနှင့်အတူ ဒေသခံများ၏ စိုးရိမ်မှုများလည်း မြင့်တက်လာသည်။ ကုလသမဂ္ဂ၏ သတ်မှတ်ချက်ကို အကောင်အထည်ဖော်ရန်နှင့် စီမံခန့်ခွဲရန် စွမ်းဆောင်နိုင်စွမ်း အနည်းငယ် သို့မဟုတ် လုံးဝ မရှိမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ ယူနက်စကို၏ တာဝန်ပေးမှုဖြင့် သြစတြေးလျနိုင်ငံ Griffith တက္ကသိုလ်မှ လတ်တလော ပြုလုပ်ခဲ့သည့် လေ့လာမှုတခုတွင် ယူနက်စကိုမှ ကမ္ဘာ့သဘာဝနေရာများ အဖြစ်သတ်မှတ်ထားသည့် နေရာ ၂၂၉ ခု (အများစုမှာ ဥယျာဉ်များ သို့မဟုတ် သဘာဝ တိရိစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး နေရာများ) အနက်မှ တဝက်နီးပါးခန့်တွင် ခရီးသွား လုပ်ငန်းဆိုင်ရာ တက်ကြွသော စီမံခန့်ခွဲရေး အစီအစဉ်များ ရှိနေကြောင်း ဖော်ပြထားသည်။

ဒေသခံ ပူတာအို အသိုင်းအဝိုင်းများအတွင်းတွင် မိမိဆန္ဒအလျောက် လုပ်ပိုင်ခွင့် နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းက အဆိုပြုချက်၏ အောင်မြင်နိုင်မှု အလားအလာနှင့် ပတ်သက်၍ မေးခွန်းများ မြင့်တက်စေခဲ့သည်။ အထူးသဖြင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က ဦးဆောင်သည့် တိုင်းရင်းသား လူမျိုးစု အခြေပြု လက်နက်ကိုင် တော်လှန် တိုက်ခိုက်မှုများ ရှိနေသည့် နေရာတခုတွင် ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီးနောက် ပြန်လည်ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်ကြောင့် ထောင်နှင့်ချီသော အရပ်သားများ နေအိမ် စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

လတ်တလောတွင် မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်မှုသို့ အသွင်ကူးပြောင်းနေသော်လည်း မြန်မာနိုင်ငံ သည် ဗဟိုချုပ်ကိုင်မှု မြင့်မားသည့် နိုင်ငံတခု အဖြစ်ဆက်လက်ရှိနေပြီး ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေက ပေးအပ်ထားသည့် အခွင့် အာဏာများအရ တပ်မတော်က အုပ်ချုပ်ရေးတွင် တပ်မတော်က ကြီးမားသော အခန်းကဏ္ဍကို ရရှိထားသည်။ အသွင်ကူးပြောင်းရေးကြောင့် ဒေသဆိုင်ရာ လွှတ်တော်များ ပေါ်ပေါက်စေခဲ့သော်လည်း ပြည်နယ်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်များမှာ သူတို့၏မြေနှင့် အရင်းအမြစ်များကို ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေနိုင်မည့် ဥပဒေများ ပြဌာန်းရန် အခွင့်အာဏာ မရှိသလောက် နီးပါး ဖြစ်နေသည်။ KIA က အခြားသောမြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များကဲ့သို့ပင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရရှိရေးအတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယူနက်စကိုက လူများစုတိုင်းရင်းသား ဖြစ်သည့် ဗမာများက ခန့်ထားသော ပူတာအိုရှိ အစိုးရရုံးများ အပါအဝင် ဗဟိုအစိုးရ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းက တပ်မတော်အရာရှိများက အခွင့်အာဏာကို အခိုင်အမာ ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည့် အထက်မှ အောက်သို့ ဆင်းသော နိုင်ငံရေးဖွဲ့စည်းပုံကို လိုက်နာခြင်း ဖြစ်ပါသည်။ ထိန်းသိမ်းကာကွယ်ရေး နယ်မြေ သတ်မှတ်လုပ်ငန်းစဉ်ကို ဝေဖန်သူများက ညှိနှိုင်းဆွေးနွေးမှုများက ယနေ့အချိန်အထိ ဒေသတွင်း အာဏာထက် ဗဟို အစိုးရအပေါ်တွင်သာ ပိုအလေးပေးသည့် တဖက်စောင်းနင်း လမ်းကြောင်းအတိုင်း လိုက်နေသည်ဟု ပြောကြသည်။

ယခုနှစ် အစောပိုင်းက ခရီးစဉ်တခုတွင် ယူနက်စကိုနှင့် ထိန်းသိမ်းကာကွယ်ရေး နယ်မြေ သတ်မှတ်ရေးကို ထောက်ပံ့သည့် အမေရိကန်အခြေစိုက် တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society-WCS) တို့က သူတို့၏ ဒေသတွင်းတွင် ကုလသမဂ္ဂ၏ အမွေအနှစ်နေရာတခု သတ်မှတ်ရေးနှင့် နောင်မွန်းမြို့အပါအဝင် လက်ရှိ အခြေချနေထိုင်သည့် ဧရိယာများပါ အကျုံးဝင်စေရန် အတွင် အမျိုးသားဥယျာဉ်၏ နယ်နိမိတ်ကို တောင်ဖက်သို့ တိုးချဲ့ရေး ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားပေးရန် ဒေသခံ ခေါင်းဆောင်များကို ဖိအားပေးခဲ့သည်။

အစိုးရ၏ အဆိုပြုချက်က အမျိုးသားဥယျာဉ်ဒေသတွင် နေထိုင်သူ ၂၀၀၀ ဝန်းကျင်ခန့် အပါအဝင် ပူတာအိုတွင် နေထိုင်သူ ၈၀၀၀ ခန့်ရှိသည်ဟု အကြမ်းဖျင်း ခန့်မှန်းထားသည်။ တိုးချဲ့ရေးကိုလည်း အဆိုပြုခဲ့သည်။

“နိုင်ငံခြားကိုယ်စားလှယ်တွေက အစီအစဉ်ကို ကျနော်တို့ကို ထောက်ခံမှာလားလို့ပဲ တွင်တွင်မေးနေခဲ့တယ်” ဟု အမည်မဖော်လိုသူ ဒေသခံခေါင်းဆောင်တဦးက အစည်းအဝေးအကြောင်းကို ပြန်ပြောပြသည်။ “ကျနော်တို့ရဲ့ ဘိုးဘွားပိုင်မြေကို နိုင်ငံတကာနေရာတခု အဖြစ်လုပ်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ အချက်အလက်တွေ အားလုံး ကျနော်တို့မှာ မရှိဘဲနဲ့ ဘယ်လိုလုပ် အဖြေပေးနိုင်မှာလဲ။”

အခြားသော ဝေဖန်သူများက ယခင်ကပြုလုပ်ခဲ့သော WCS ၏ ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်မှုများတွင် ဒေသခံများ နှင့် ဆွေးနွေးတိုင်ပင်မှုနည်းပါးခဲ့ကြောင်း ထောက်ပြခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ကချင်ပြည်နယ်မှ ဟူးကောင်းဒေသ အနောက်ပိုင်းကို ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သော ကျားထိန်းသိမ်းစောင့်ရှောက်ရေး နေရာတခု ဖြစ်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကျေညာခဲ့သည်။ WCS က ထောက်ပံ့ကူညီသည့် အဆိုပါ ထိန်းသိမ်းရေး လုပ်ငန်းကြောင့် ဒေသခံ ကျေးလက်ပြည်သူများမှာ သူတို့၏ ဘိုးဘွားပိုင်မြေများ ဆုံးရှုံးခဲ့ရပြီး သူတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလည်း ပျက်စီးခဲ့ရသည်။ နောက်ပိုင်းတွင် ကာကွယ်ထိန်းသိမ်းရေးဧရိယာ၏ အစိတ်အပိုင်းအချို့ကို ယုဇန ကုမ္ပဏီက ဦးဆောင်သည့် အငြင်းပွားဖွယ်ရာ စိုက်ပျိုးရေး စီမံကိန်းတခုအတွက် ပေးအပ်ခဲ့သည်။ ကုမ္ပဏီ၏ စီးပွားဖြစ် စိုက်ခင်းများကို တပ်မတော် တပ်ဖွဲ့များက ကာကွယ်ပေးခဲ့သည်။

ထိုအချိန်မှစ၍ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် အခြားသော စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေတခု မတည်ထောင်မီ ဒေသခံများနှင့် လုံလောက်သော ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ် ရန် ပျက်ကွက်ခဲ့ခြင်း အတွက် WCS ကို ဝေဖန် ပြစ်တက်ခဲ့ကြသည်။ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော WCS ၏ ကျား ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်က ကာကွယ်ပေးထားသည့် ဒေသတွင်းမှ ယုဇန ကုမ္ပဏီ ၏ စိုက်ခင်းများ နှင့် ကာကွယ်ထိန်းသိမ်းရေး ဒေသ အကောင်အထည်ဖော်သည့် နည်းလမ်းများကြောင့် ဒေသခံပြည်သူများ စွန့်ခွာခဲ့ရသည့် အကြောင်းများကို ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပါ။

ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်လိုက်ခြင်းက ပူတာအိုကို ကမ္ဘာ့ခရီးသွား မြေပုံပေါ်သို့ ရောက်ရှိစေခဲ့ပြီး နိုင်ငံခြား ငွေရရှိမည့် စီးပွားရေး အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးမည်မှာ သေချာပါသည်။ သို့သော်လည်း ဟိုတယ်များနှင့် အခြားသော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အဦးများ အကောင်အထည်ဖော်ရာတွင် ဗဟိုအစိုးရနှင့် ၎င်း၏ ခရိုနီများကို ဦးစားပေးဖွယ်ရာ ရှိသည့်အတွက် အဆိုပါ အခွင့်အလမ်းများက ဒေသခံ အသိုင်းအဝိုင်းများအတွက် အကျိုးအမြတ် ရရှိစေလိမ့်မည်ဆိုသည်မှာ မသေချာပါ။

နိုင်ငံတကာမှ ခရီးသည်များ လေကြောင်းမှသာ သွားရောက်နိုင်က ခေတ်မီသော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အဦးများ မရှိပါ။ ဒေသတွင်းရှိ ကျေးရွာ အများအပြားအတွက် သယ်ယူပို့ဆောင်ရေး ဆိုသည်မှာ မြေသားလမ်းများအတိုင်း ခြေလျင်သွားရခြင်းသာ ဖြစ်သည်။ ထိုလမ်းများပေါ်တွင် မော်တော်ကားများ သွားလာနိုင်သည့် ကာလက တနှစ်လျှင် လ အနည်းငယ်မျှသာ ရှိသည်။ တည်းခိုနေထိုင်ရေး အတွက်လည်း ဒေသတွင်းမှ တည်းခိုခန်း အနည်းငယ်၊ တောစခန်းအိမ်များနှင့် ညအိပ်တည်းခိုနိုင်သည့် ဒေသခံအိမ် များသာရှိသည့် အတွက် အကန့်အသတ် ရှိနေသည်။

ကွဲပြားနေသည်မှာ Malikha Lodge ဖြစ်သည်။ အဆင့်မြင့် ဇိမ်ခံ ဟိုတယ်တခု ဖြစ်သည့် Malikha Lodge ကို တပ်မတော် နှင့် အဆက်အသွယ်ရှိသော နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သည့် ဦးတေဇ၏ ထူးကုမ္ပဏီက ပိုင်ဆိုင်သည်။ ဦးတေဇသည် မြန်မာနိုင်ငံမှ အချမ်းသာဆုံးသော လုပ်ငန်းရှင် သူဌေးကြီးများထဲတွင် တဦးအပါအဝင် ဖြစ်ပြီး ယခင် စစ်အစိုးရနှင့် ဆက်နွယ်မှုရှိသည့် အတွက် အမေရိကန် နိုင်ငံ၏ အရေးယူပိတ်ဆို့သည့် စာရင်းတွင် ပါဝင်ခဲ့ဖူးသူ ဖြစ်ပါ သည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့အမွေအနှစ် သတ်မှတ်မှုနှင့် အကျိုးဆက် အနေဖြင့် ခရီးသွားလုပ်ငန်းတိုးတက်လာခြင်းက ဒေသခံပြည်သူတို့၏ မြေများအသုံးပြုခွင့်ကို အတားအဆီး ဖြစ်စေမည့် အဆင့်မြင့် အပန်းဖြေစခန်းများ တိုးလာမည်ကို ဒေသခံ အချို့က စိုးရိမ်နေကြသည်။

“ကျနော်တို့က ဒီဧရိယာတွေမှာ ကိုယ့်ဆန္ဒအတိုင်း ဒီလိုပဲ လျှောက်သွားနေလေ့ရှိပါတယ်။ အဲဒီနေရာက ကျေးရွာ အများအပြား အသုံးပြုတဲ့ ပြည်သူပိုင် မြေတခုအဖြစ်ရှိနေတုန်းက ကျနော်တို့ နွားတွေကို အဲဒီမှာ အစာကျွေးပါတယ်” ဟု ယခုအခါ Malikha Lodge တည်ရှိသည့် မူလာရှီဒီးကျေးရွာမှ မြေကို ရည်ညွှန်း၍ သက်ကြီးပိုင်း ရွာသားတယောက်က ပြောသည်။ “ဒါပေမယ့် ဦးတေဇက သူပိုင်တယ်လို့ ပြောတဲ့ အချိန်ကစလို့ ကျနော်တို့ သွားလို့ မရတော့ဘူး။ အဲဒီသဘော တူညီချက်က ကျနော်တို့နဲ့ အဝေးကြီးမှာ ရှိတဲ့ အစိုးရနဲ့ ပိုက်ဆံချမ်းသာတဲ့ လူတယောက်ကြားမှာ လုပ်ခဲ့တာပါ” ဟု သူက ရှင်းပြသည်။ (ဦးတေဇထံမှ မှတ်ချက် တောင်းခံခဲ့သော်လည်း မရရှိခဲ့ပါ)

အစိုးရကျောထောက် နောက်ခံဖြင့် ပြုလုပ်သည့် အကြီးစားစိုက်ပျိုးရေး လုပ်ငန်းများနှင့် သဘာဝ အရင်း အမြစ်ထုတ်ယူရေး လုပ်ငန်းများ အပါအဝင် ပုဂ္ဂလိကနှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုး ဆောင်ရွက်ရန်အတွက် ပူတာအိုဒေသခံများမှာ သူတို့ အစဉ်အလာပိုင်ဆိုင်ခဲ့သည့် မြေများမှ နှင်ထုတ်ခံခဲ့ရပြီး ဖြစ်သည်။ ရန်ကုန်မှ စီးပွားရေးသမားများက စိတ်အားထက်သန် စွာဖြင့် မြေဈေးကစားခြင်းခံရသည့် နေရာသည် များမကြာမီ ကုလသမဂ္ဂ၏ အမွေအနှစ်ကာကွယ်ရေးဒေသအဖြစ် သတ် မှတ်ခြင်းခံရလိမ့်မည် ဆိုသည့် အလားတူပုံစံတခု အတိုင်းပေါ်ထွက်လာသည်ကို မြင်ရကြောင်း ဒေသခံ အချို့က ပြောသည်။

ပူတာအိုက လက်ရှိ အချိန်တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ မရှိသည့် နေရာ တခု ဖြစ်သည်။ ယခုအချိန်အထိ ပူတာအိုမှ ဧရိယာ အများအပြားကို အစိုးရတပ်ဖွဲ့များ နှင့် တပ်မတော်၏ မဟာမိတ် ဖြစ်သော သောင်းကျန်းသူ ဆန့်ကျင်ရေး အဖွဲ့ (Rebellion Resistance Force -RRF) ဟု သိကြသည့် ဒေသခံ ပြည်သူစစ်အဖွဲ့က အင်အားထူတပ်စွာဖြင့် စောင့်ကြပ်နေသည်။ RRF ကို တပ်မတော်က လေ့ကျင့်ပေးထားပြီး ဒေသကို ထိန်းသိမ်းစောင့်ရှောက်ရန် အထူးအခွင့် အာဏာပေးထားသည်။ RRF ၏ ခေါင်းဆောင် ဖြစ်သော တန်ဂူးတန်(ခ) အဒန် ကို ဒေသခံများက ဦးတေဇကို ကာကွယ်စောင့်ရှောက်သူ ဒေသတွင်းမှ ဦးတေဇ၏ လက်ရုံး အဖြစ်မြင်ကြသည်။

ပူတာအိုဒေသတွင် တိုင်းရင်းသားလူမျိုးနှင့် အသိုင်းအဝိုင်း စုံလင်ရောနှောနေခြင်းက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ် ရေးတွင် အပြန်အလှန်သဘောတူညီချက် တခုရရှိရေးကို အလွန်ခက်ခဲစေလိမ့်မည် ဖြစ်သည်။ ကချင်လူမျိုးစုခွဲများကြား နှင့် မကြာသေးမီက လာရောက် အခြေချသည့် ဗမာလူမျိုးများ နှင့် ကချင်တိုင်းရင်းသားများကြားမှ တင်းမာမှုများက ဆူ ပွက်စေမည့် ခြိမ်းခြောက်မှုအဖြစ် ရှိနှင့်ပြီး ဖြစ်သည်။ ထိုအချိန်တွင် ကချင်တိုင်းရင်းသားများတွင် ခရစ်ယန်ဘာသာရေး ဂိုဏ်းဂဏ ကွဲပြားမှုက ကာလကြာရှည်စွာရှိခဲ့သည့် အတွက်ကြောင့် ဒေသခံဘာသာရေးခေါင်းဆောင်များ ပြောဆို ဆွေးနွေးမှုက မရှိသလောက် ဖြစ်ခဲ့ရသည်။

ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ခြင်းကို ထောက်ခံသည့် ဒေသခံများကို ခေါင်းခေါက်ရွေးချယ်၍ သဘောတူခွင့်ပြုချက် အဖြစ် ပြုလုပ်ခြင်းက အဆိုပါ တင်းမာမှုများကို မီးထပ်ထိုးသလိုဖြစ်သွားနိုင်သည်ဟု အချို့က သတိပေးကြသည်။ အကယ်၍ အာဏာပိုင်များက ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် ခေါင်းစဉ်တပ်၍ ဧရိယာ အသစ်များတွင် စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်းနှင့် ငါးဖမ်းခြင်းကို စတင်တားမြစ်လာခဲ့လျှင် ဒေသခံတို့၏ ဒေါသကို ဆွပေးသလိုဖြစ်လာနိုင်သည့် သိမ်မွေ့ရှုပ်ထွေးသော ဒေသတွင်း အခြေအနေကို အမွေအနှစ်အဖြစ် သတ်မှတ်ရေး ဆောင်ရွက်နေသော အစိုးရ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက သတိပြုမိခြင်း မရှိဟု သူတို့က ပြောသည်။ ပူတာအိုတွင် နေထိုင်သူအများအပြားမှာ ဘဝရပ်တည်ရေးအတွက် (အဆိုပါ လုပ်ငန်းများမှ တဆင့်) စားလောက်ရုံမျှဖြင့် ရပ်တည်နေကြရသူများ ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်နေရာ သတ်မှတ်ခံရခြင်းကြောင့် ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းမှ အကျိုးကျေးဇူးခံစားရမည့် ဒေသခံ အရေအတွက်က သူတို့၏ မြေ၊ သစ်တောများနှင့် မြစ်များ ဆုံးရှုံးလိုက်ရသည့် ဒေသခံအရေအတွက်ထက် ပိုများလိမ့်မည် ဆိုသည်မှာလည်း သံသယရှိဖွယ်ရာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြောက်ပိုင်း တောင်ပေါ်ဆက်စပ်သစ်တော နယ်မြေ (Northern Mountain Forest Complex –NMFC) ကို တိုးချဲ့ခြင်းနှင့် ကာကွယ်ခြင်းက ကောင်းမွန်သော ရည်ရွယ်ချက် တခု ဖြစ်သော်လည်း စွန့်စားရနိုင်သည့် ကိစ္စမှာ ရာစုနှစ်များစွာ အစဉ်အလာအတိုင်း ရှိခဲ့သည့် ဘဝများမှာ ယူနက်စကို၏ သတ်မှတ်ချက်နှင့် အတူ ပျောက်ဆုံးသွားနိုင်ပါသည်။

(စတယ်လာနော်သည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် တိုင်းရင်းသား အခွင့်အရေးအတွက် ဆောင်ရွက်နေသူတဦး ဖြစ်ပါသည်။ Asia Times ပါ Stella Naw ၏ Is Unesco overreaching in Myanmar? ကို ဘာသာပြန်ဆိုထားသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading