ရခိုင်ပြည် ကံဆိုးမိုးမှောင်ကျခြင်း

David Scott Mathieson
ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးလာသော မွတ်ဆလင် ဒုက္ခသည် မိသားစုကို မိုးရေထဲတွင် တွေ့ရစဉ် / Reuters
Want create site? Find Free WordPress Themes and plugins.

လတ်တလောပေါ်ပေါက်ခဲ့သည့် မွတ်ဆလင် စစ်သွေးကြွများနှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များကြားမှ တိုက်ပွဲများ အရှိန်မြင့် တက်လာခြင်းနှင့် အတူ လူ ၃ သိန်းကျော် ထွက်ပြေးခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တခု ဖြစ်လာသည်။ ကာလရှည်ကြာစွာ မျှော်လင့်ထားခဲ့ရသည့် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး အကြံပြုချက်များမှာလည်း လျှင်လျှင်မြန်မြန် အကောင်အထည်ဖော်နိုင်မည့် အနေအထား မဟုတ်သေးသည်ကိုလည်း မြင်နေရသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးအပ်မှုဖြင့် ပြည်တွင်းနှင့် ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့က ရေးသားခဲ့သော အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မှ လူမျိုးနှင့် ဘာသာရေး အသိုင်း အဝိုင်း အားလုံး၏ ကွဲပြားမှုများ၊ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းနှင့် အခွင့်အရေးဆိုင်ရာ ကိစ္စများ အားလုံးအတွက် ရေရှည် အဖြေများကို ရှာဖွေရန် ရည်ရွယ်သည့် မူဝါဒ ဆိုင်ရာ အသေးစိတ် အကြံပေးချက်များ ပါဝင်သည်။

ကိုဖီအာနန်၏ ကော်မရှင်ကို ခက်ခဲရှုပ်ထွေးသော ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် အခြေခံကျသည့် အရွေ့တခု အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြသည်။ သို့သော်လည်း ကော်မရှင်၏ လုပ်ငန်းများ စတင်လာသည့် အချိန်တွင် အသစ်ပေါ်ပေါက်လာသည့် စစ်သွေးကြွအဖွဲ့ တခုုဖြစ်သော ယုံကြည်ချက် လှုပ်ရှားမှု ခေါ် Harakah al-Yaqin အဖွဲ့ (နောက်ပိုင်းတွင် ARSA ဟု အမည်ပြောင်းလဲခဲ့သည်) က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို ဆက်တိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်၏ လုံခြုံရေး အခြေအနေက ဆိုးရွားလာခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများ အပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ ပြန်လည်တုန့်ပြန်မှုကြောင့် မွတ်ဆလင် ၈၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့်အတွက် နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ရ သည်။ တိုက်ခိုက်မှုတွင် နေအိမ် ၁၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ုပြန့်ရှိခဲ့သော အကြမ်းဖက်မှုများက လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများနှင့် အလားတူပင် ဖြစ်ကြောင်း အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြသည်။

ပဋိပက္ခများ ပြီးသွားသည့် အချိန်တွင် ကိုဖီအာနန်၏ ကော်မရှင်က လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ပြည်နယ် အတွင်းမှ ဘာသာရေးနှင့် လူမျိုးစု အသိုင်းအဝိုင်းများ၊ အသိုင်းအဝိုင်းခေါင်းဆောင်များ နှင့် သွားရောက်တွေ့ဆုံမှုများ အများအပြားပြုလုပ်ခဲ့သည်။ အပြီးသတ် အစီရင်ခံစာက ထိုကဲ့သို့ရှုပ်ထွေး၍ ခက်ခဲသော ပတ်ဝန်းကျင်တခုတွင် မျှတသော မူဝါဒ အကြံပြုချက်များ ပြုစုရေးသည် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း ရောင်ပြန်ဟပ်ပြနေသည်။ အထူးသဖြင့် အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်းဆိုလျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ဖိအားများက ကော်မရှင်ကို ဆန့်ကျင်ဖက်လားရာများသို့ တွန်းပို့နေခဲ့သည်။

အဓိက အကြံပြုချက်များမှာ အရေးပါသော ပြဿနာများကို ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် လုံခြုံရေး ရှုထောင့်များမှ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ဖြေရှင်းရန်နှင့် မွတ်ဆလင်တို့၏ နိုင်ငံသားဖြစ်ခွင့် ကင်းမဲ့နေမှုကို အလေးပေးရန် ဖြစ်သည်။ သူတို့ လွတ်လပ်စွာ လုပ်ရှားသွားလာခွင့်ကို ကန့်သတ်ထားခြင်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ ကျန်းမာရေး၊ ပညာရေး ပိတ်ဆို့ခံထားရခြင်းနှင့် နောက်ကွယ်တွင် ကြီးထွားလာနေသော မူးယစ်ဆေး ကုန်သွယ်မှု အပါအဝင် အခြားသော လုံခြုံရေးဆိုင်ရာ ကိစ္စများလည်း ပါဝင်သည်။

အစီရင်ခံစာက ရခိုင်ပြည်နယ်နှင့် ပတ်သက်လျှင် လူအများစုက ပြေး၍မြင်တတ်ကြသည့် မွတ်ဆလင်တို့၏ အခက်အခဲကိုသာ ကြည့်သည်မဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်မှု ဆိုးရွားစွာ နိမ့်ကျနေသော ပြည်နယ်အတွင်းတွင် နေထိုင်ကြသော အခွင့်အရေး ဆုံးရှုံးနေသည့် အခြားသော အသိုင်းအဝိုင်းများအတွက်လည်း ပါဝင်သည်။ အကြံပြုချက်များ၌ လူ့အဖွဲ့ အစည်းများတွင် ပါဝင်မှုနှင့် လူ့အဖွဲ့အစည်းများကြား ပေါင်းစည်းရေးတို့ လိုအပ်ကြောင်း ဖော်ပြထားသည်။
ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်သည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးက အစီရင်ခံစာ၏ အကြံပြုချက် များကို အကောင်အထည်ဖော်ရန် ဝန်ကြီးအဆင့် ကော်မတီတရပ် ဖွဲ့စည်းကြောင်း ကြေညာသည်။ လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ရာတွင် ကြီးကြပ်ရန် ပြည်တွင်းနှင့် ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်သော အကြံပေး အဖွဲ့တခုကိုလည်း ဖွဲ့စည်းလိုက်သည်။

အစီရင်ခံစာထုတ်ပြန်လိုက်ပြီး နောက်တရက်တွင် ဗျူဟာကျကျ ပြုလုပ်လာသည့် ARSA တိုက်ခိုက်မှုက လုံခြုံရေးကို အစိုးရက ဦးစားပေးလာရန် ဖြစ်စေခဲ့သည့်အတွက် ယခုအခါတွင် ဂရုတစိုက် စဉ်းစားသုံးသပ်ထားသည့် အကြံပြုချက် များက မရေမရာ အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ရခိုင် ပြည်နယ်နှင့် ပတ်သက်သော အစိုးရ၏ အစီအစဉ်များအတွက် စိန်ခေါ်မှုတခုမှာ ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့ (FFM) တခု ဖွဲ့စည်း ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို ARSA က တိုက်ခိုက်ခဲ့ခြင်းကို တုန့်ုပြန်ခဲ့သည့် တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့်ပတ်သက်၍ စုံစမ်းရန် လူ့အခွင့်အရေးကောင်စီ၏ မတ်လက ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

FFM ၏ တာဝန်မှာ မြန်မာနိုင်ငံမှ အထူးသဖြင့် ရခိုင်ပြည်နယ်မှ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ နှင့် ပတ်သက်၍ အချက်အလက်များ အခြေအနေများ စုစည်း တည်ဆောက်ရန် ဖြစ်သည်။ ထိုကဲ့သို့သော နယ်ပယ်ကျယ်ပြန့်သည့် စုံစမ်းစစ်ဆေးမှုတခုအတွက် အချိန်ကန့်သတ်ချက်က တိုတောင်း နေသည်။ FFM က ကုလသမဂ္ဂသို့ စက်တင်ဘာလတွင် အစီရင်ခံရမည် ဖြစ်ပြီး အပြီးသတ် အစီရင်ခံစာကို နောက်နှစ် မတ်လတွင် ထုတ်ပြန်ရမည် ဖြစ်သည်။

အဆိုပါ တာဝန်ထဲတွင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတလွှားမှ လုံခြုံရေး တပ်ဖွဲ့များ ၏ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ပြစ်မှုများ နှင့် စစ်ပွဲရာဇဝတ်မှု စွပ်စွဲချက်များပါ ပါဝင်နေနိုင်သည့်အတွက် အချို့ လေ့လာစောင့်ကြည်သူများက FFM ၏ တာဝန် ကျယ်ပြန့်မှုကို ထောက်ပြ ကြသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပဋိပက္ခများတွင် စစ်ပွဲရာဇဝတ်မှုများ ကျူးလွန်နေဆဲ ဖြစ်သည်ဟု Amnesty International အဖွဲ့က ကောက်ချက်ချခဲ့သည်။

သို့သော်လည်း နိုင်ငံတကာ သတင်းအမျုားစုတွင် FFM နှင့် ပတ်သက်၍ နားလည်မှု လွဲမှားစွာဖြင့် ရခိုင်ပြည်နယ်မှ လတ်တလော ပဋိပက္ခများကို သက်သေပြရန် ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ FFM အနေဖြင့်လည်း ၎င်း၏ မူလ ဥက္ကဌ အိန္ဒိယ အမျိုးသမီး ရှေ့နေ Indira Jaising က “မြန်မာနိုင်ငံက ရိုဟင်ဂျာ အသိုင်းအဝိုင်းရဲ့ အခြေအနေက အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က လူမျိုးတုန်းသတ်ဖြတ်မှုကို ရင်ဆိုင်နိုင်ရတဲ့ အန္တရယ် ရှိနေလို့ပါ” ဟု Al Jazeera သတင်းဌာန နှင့် အင်တာဗျူးတွင် ပြောခဲ့သည့်အတွက် အစ မကောင်းဘဲ ဖြစ်ခဲ့ရသည်။

ထိုသို့ပြောကြားခြင်းက အချက်အလက်ရှာဖွေရမည့် လုပ်ငန်းတခုအတွက် ကြိုတင်ယူဆ သုံးသပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သူ့ကို အများ၏ လေးစားမှုခံရသည့် လူ့အခွင့်အရေး ကျွမ်းကျင်သူများနှင့် အစားထိုးခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရက လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က FFM ဖွဲ့စည်းမှုကို ဝေဖန်ခဲ့ပြီး အဖွဲ့ဝင်များကို ပြည်ဝင်ခွင့် ဗီဇာပေးရန် နှင့် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခွင့် မှန်သမျှကို ငြင်းပယ်ခဲ့သည်။

သို့သော်လည်း မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee နှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာ၏ ဝေဖန်မှုများကို ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ပြောင်းလဲနိုင်မည့် အခွင့်အလမ်းကောင်းတခုကို လက်လွှတ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ဇူလိုင်လ အတွင်းက သွားရောက်ခဲ့ သည့်အချိန်တွင် FFM နှင့် မည်သည့်ဆက်သွယ်မှုမျှ မရှိရဟု ကြိုတင်ကန့်သတ်ခြင်း အပါအဝင် တာဝန်ရှိသူတို့၏ ဟန့်တားမှုများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆန္ဒမရှိခြင်းများ ကြုံတွေခဲ့ရခြင်းက သူ၏ လွတ်လပ်စွာ ဆောင်ရွက်ရမည့် တာဝန်ကို စွက်ဖက်ခြင်း ဖြစ်သည်။

Yanghee Lee ၏ ဂရုတစိုက်ပြင်ဆင်ထားသည့် လူ့အခွင့်အရေးဆိုင်ရာ သုံးသပ်ချက်တွင် ရခိုင်ပြည်နယ်မှ လူ့အခွင့် အရေးဆိုင်ရာ ကိစ္စများကို ဖော်ပြခြင်း မပြုမီ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပိုမိုဆိုးရွားလာနေသည့် ပဋိပက္ခ အခြေအနေများနှင့် လတ်တလောတွင် အစိုးရကို ဝေဖန်သူများနှင့် စာနယ်ဇင်းသမားများ ဖမ်းဆီးခံရသည့် ကိစ္စ များကို ပထမ ဖော်ပြခဲ့သည်။

ကုလသမဂ္ဂ၏ အလုပ်အပေါ် နောက်ထပ် အဟန့်အတားတခုမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OCHR) တွင် ပြည်တွင်း ဝန်ထမ်း လုံးဝ မရှိသလောက်နီးပါး ဖြစ်နေခြင်း ဖြစ်သည်။ ယခင် သမ္မတ ဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံတွင် တရားဝင် OCHR ရုံးတရုံး ဖွင့်လှစ်နိုင်ရေးအတွင် အဆင်ပြေအောင် ပြုလုပ်ပေးမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားကို ၂၀၁၂ ခုနှစ်တွင် ကတိပြုခဲ့သည်။

ထိုကတိကို ၂၀၁၄ ခုနှစ် အစောပိုင်းအထိ လေးစားခဲ့သော်လည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူးချီးယာတန်းရွာတွင် အစုအပြုံလိုက် သတ်ဖြတ်မှု ရှိခဲ့သည် ဆိုသည့် စွပ်စွဲချက်များ ပေါ်ထွက်လာချိန်တွင် လမ်းချော်သွားခဲ့သည်။ ထိုအဖြစ် အပျက်ကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှု တခုပြုလုပ်ခဲ့သော်လည်း အစိုးရ၏ စုံစမ်းစစ်ဆေးမှုများနှင့် အငြင်းပွားခဲ့ရသည်။ သိသာထင်ရှားသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက ဦးသိန်းစိန်၏ အစိုးရကဲ့သို့ မဟုတ်ဘဲ OCHR ဝန်ထမ်းများ ကို ဗီဇာများ ပုံမှန် မထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ကိုဖီအာနန်ကော်မရှင်၏ တွေ့ရှိချက်များက မည်သို့ ရှိမည်နည်း။ ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရေးက အစိုးရ၏ ဆန္ဒနှင့် စွမ်းဆောင်ရည်ပေါ်တွင် မူတည်နေမည် ဖြစ်ပြီး လက်ရှိအချိန်တွင် ထို ၂ ခုလုံးက ထောက်ပံ့မှုပြတ်နေသည်။ တပ်မတော်နှင့် အကြမ်းဖက် အစွန်းရောက်များ အပါအဝင် ဘက်အားလုံးကလည်း နိုင်ငံရေးအရ အပြောင်းအလဲမှန်သမျှကို ဟန့်တားရန် သို့မဟုတ် ထိန်းချုပ်ရန် ဆန္ဒရှိကြဖွယ် ရှိပါသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မှ အခြေအနေနှင့် ပတ်သက်၍ ဝမ်းနည်းစိုးရိမ်စွာ ပြောဆိုမှုများ အများအပြားရှိလာသော် လည်း မီဒီယာများတွင် ဘုန်းတော်ကြီး ဦးဝီရသူတို့ကဲ့သို့သော လူမျိုးရေးခွဲခြားရေးသမားများ၏ လှုံ့ဆော် ပြောဆိုမှုများ၏ ဖုံးလွှမ်းသွားခြင်းနှင့် ကြုံရလေ့ရှိသည်။ ပြီးခဲ့သည့် မြို့တော်ခန်းမ အပြင်ဖက်တွင် ပြုလုပ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူ ဟောပြောခဲ့သေးသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံတလွှားမှ အရပ်ဘက်အဖွဲ့အစည်း ၂၅၅ ခုက ရခိုင်ပြည်နယ်မှ ပဋိပက္ခတွင် အားလုံးအတွက် ဝမ်းနည်းကြောင်း ပူးတွဲကျေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေးကို လေးစားရန် နှင့် သွေးကွဲစေသည့် သတင်း အတုအယောင်များနှင့် ကောလာဟလများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း သူတို့တောင်းဆိုသည့် ဘာသာအချင်းချင်း ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးမှာ ဆိုးရွားလာနေသည့် လုံခြုံရေးအခြေအနေနှင့် ဆိုရှယ် မီဒီယာတွင် လျှင်မြန်စွာ ပြန့်ပွားနေသည့် အမုန်းစကားများနှင့်အတူ နားများ အတွင်းမှ လျှံထွက်သွားဖွယ်ရာ ရှိနေပါသည်။

အစိုးရ၏ ကုလသမဂ္ဂနှင့် ဆက်ဆံရေးခက်ခဲလာမှုကလည်း ကိုဖီအာနန်ကော်မရှင်၏ အလွန် အသုံးဝင်သော အကြံပြုချက် များကို အကောင်အထည်ဖော်ရေး စွမ်းဆောင်နိုင်မှုကို အကန့်အသတ် ဖြစ်စေရန် ခြိမ်းခြောက်နေသည်။ သို့သော်လည်း ကော်မရှင်၏ အကြံပေးချက်များကို စွန့်လွှတ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းက ပြန်လည်သင့်မြတ်ရေးအစား ထိပ်တိုက် ရင်ဆိုင်ရန် ပိုင်းဖြတ်ထားသည့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ARSA တို့အတွက် အောင်မြင်မှုတခု ဖြစ်သွားနိုင်သည်သာ မက ရခိုင်ပြည်နယ်မှ အသိုင်းအဝိုင်း အားလုံးကို ဆင်းရဲမွဲတေခြင်း၊ ခေါင်းပုံဖြတ်ခံခြင်းနှင့် ပဋိပက္ခများအတွင်း မှ ရုန်းမလွတ်အောင် ထပ်မံပြုလုပ်လိုက်သလို ဖြစ်သွားပါလိမ့်မည်။

(David Scott Mathieson သည် ရန်ကုန် အခြေစိုက် လေ့လာသုံးသပ်သူ တဦး ဖြစ်ပါသည်။ Asia Times ပါ ၎င်း၏ Broken promises rain on Myanmar’s Rakhine State ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading