နိုင်ငံတကာပြစ်တင်ရှုတ်ချမှုတွေက မြန်မာ့ဒီမိုကရေစီကို တခန်းရပ်စေမလား

ကျော်စွာမိုး
စက်တင်ဘာ ၁၉ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား ထောက်ခံနေသည့် ပြည်သူများ / သက်ထွန်းနိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ယခုအချိန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုအတွက် အန္တရာယ်များလှသောအချိန် ဖြစ်ပေသည်။ ထိုအခြေအနေက ၅၂ သန်းသော မြန်မာပြည်သူတို့ အာဏာရှင်စနစ်အောက်သို့ တဖန် ပြန်လည်ကျရောက် နိုင်ရုံသာမက ကမ္ဘာပေါ်တွင် နောက်ဆုံးပေါ်ထွက်ခဲ့သည့် ဒီမိုကရေစီနိုင်ငံတခုပါ ကွယ်ပျောက်သွားနိုင်သည်။

အကြမ်းဖက်အဖွဲ့ ARSA ၏ သြဂုတ်လ၂၅ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အချိန်ကိုက်တိုက်ခိုက်မှု များနှင့် တပ်မတော်၏ နောက်ဆက်တွဲနယ်မြေရှင်းလင်းမှုများနောက်ပိုင်း မြန်မာနိုင်ငံသည် ရန်သူဟောင်းများသာမက ရန်သူ သစ်များပါ ပြည်တွင်းပြည်ပတွင် ရင်ဆိုင်လာရသည်။

၂၀၁၆ မတ်လမှ တာဝန်စတင်ယူသည့် မြန်မာနိုင်ငံ၏ ပထမဆုံးရွေးကောက်ခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် ၁၈ လတာ ကာလအတွင်း ရန်သူလျော့နည်းသွားသည်ဟူ၍ မရှိပေ။

လက်ရှိအစိုးရ၏အတိုက်အခံစာရင်း ထိပ်ဆုံးတွင် စစ်အစိုးရအဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ယခင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၎င်း၏မဟာမိတ်ပါတီများနှင့် အစွန်းရောက်အမျိုးသားရေးအဖွဲ့တို့ ပါဝင်သည်။

ဒီမိုကရေစီ သဘောတရားအရဆိုလျှင် မြန်မာ့တပ်မတော်သည် အရပ်သားအစိုးရဘက်တွင် အပြည့်အဝ ရှိပုံ မပေါက်ချေ။ တပ်မတော်၏ အဓိတာဝန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေးဖြစ်သည်။ သို့ပေမယ့် အစိုးရကတော့ ဒီမိုကရေစီနည်းလမ်းမကျသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟု ကတိပြုထားသည်။

ထို့ကြောင့် အစိုးရနှင့် တပ်မတော်တို့၏ အဓိကလုပ်ငန်းတာဝန်များသည် ထိပ်တိုက် ပဋိပက္ခဖြစ်နေ သည်။ ထိုသည်ပင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် အကြီးမားဆုံး ပြဿနာဖြစ်နေဆဲပင်။

မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှုများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ရန်သူပို၍ တိုးလာစေသည်။ အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့သည် နောက်ထပ် ထပ်တိုးလာသည့် ရန်သူများထဲမှ တဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင် ကြေညာခဲ့ သည်။

တခြားရန်သူများကို ဖော်ပြရမည်ဆိုလျှင် ARSAကို ဝိုင်းဝန်းကာကွယ်ပေးနေသူများနှင့် မြန်မာနိုင်ငံ ကို အစွန်းရောက် ဗုဒ္ဓ ဘာသာအမျိုးသားရေးဝါဒီနိုင်ငံအဖြစ် သရုပ်ဖော်ပြီး ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချနေ ကြသော နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များနှင့် ပြည်ပမီဒီယာများပါဝင်သည်။

နိုင်ငံတကာက တဖက်စောင်းနင်း ပုံဖော်နေခြင်းများနှင့် ရခိုင်ပြည်နယ်မှ မတည်ငြိမ်မှုများသည် မြန်မာနိုင်ငံကို စစ်အုပ်ချုပ် ရေးအမှောင်ခေတ်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်မည်ကို မြန်မာပြည်သူ အများအပြားက စိုးရိမ်နေကြသည်။ ထိုစစ်အုပ်ချုပ်ရေးအမှောင်ခေတ်ကို မြန်မာပြည်သူများသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် ၅ ခုကြာ ခံစား ခဲ့ကြရပြီးဖြစ်သည်။

ယခုကြုံတွေ့နေရသော အလားအလာမှာ ထိုခေတ်က အချောင်သမားများမှအပ မည်သူမျှ မစဉ်းစားချင်သော အိပ်မက်ဆိုး ဖြစ်သည်။ အရပ်သားအစိုးရသစ်၏ ပြည်တွင်းနိုင်ငံရေးရန်သူများ၊ အထူးသဖြင့် စနစ်ဟောင်းမှလူများသည် ထိုအခွင့်အရေး တကျော့ပြန်လာမည်ကို စောင့်မျှော်နေကြသည်။

ထိုအဆိုးရွာဆုံးအိပ်မက်ဆိုးသာ အမှန်တကယ်ဖြစ်လာပါက ဘုရင်စနစ်၊ စစ်အုပ်ချုပ်ရေးနှင့် အာဏာရှင်စနစ် အများစု ကျင့် သုံးနေကြသည့် အရှေ့တောင်အာရှဒေသ၌ ကမ္ဘာတွင် နောက်ဆုံးပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပျောက်ကွယ်သွား မည်ကို တကမ္ဘာလုံး မြင်တွေ့ကြရမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် ရုရှားမှ ပူတင်နှင့် တူရကီမှ အာဒိုဂန်တို့ကဲ့သို့သော အနောက်ကို ဆန့်ကျင်သည့် ခေါင်းဆောင်များပေါ်ထွက် နေသည့် ကမ္ဘာ့နိုင်ငံရေးကိုလည်း ရိုက်ခတ်မှုရှိမည်ဖြစ်သည်။

ရခိုင်ပြည်၏အခြေအနေသည် ယခင်ကနဲ့ မတူဘဲ အတော်ဆိုးရွားနေသည်။ ဒုက္ခသည် သိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။ မောင်တောရှိ နေအိမ်အများအပြားမှာလည်း မီးလောင်ပြာပုံဖြစ်ခဲ့ကြသည်။

ထိုအခြေအနေမှ အမြန်ဆုံးတည်ငြိမ်အောင် လုပ်ဆောင်ရန် လိုအပ်ပြီး သက်ဆိုင်ရာအာဏာပိုင်များ အားလုံး၊ အထူးသဖြင့် အစိုးရသည် အရပ်သားများအပေါ် လူအခွင့်အရေးချိုးဖောက်မှုအားလုံးကို အရေးယူဆောင်ရွက်ရန်လိုသည်။

စက်တင်ဘာ ၁၉ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား ထောက်ခံနေသည့် ပြည်သူများ
သက်ထွန်းနိုင်/ ဧရာဝတီ

အနောက်ဆန့်ကျင်မှုနိုးကြားခြင်း

ရခိုင်ပဋိပက္ခအပေါ် နိုင်ငံတကာ၏ သတင်းရေးသားတင်ပြမှုနှင့် အနောက်နိုင်ငံများ၏သဘောထားက မြန်မာနိုင်ငံသည် လူနည်းစုဘင်္ဂါလီများကို ရန်လိုဆန့်ကျင်သော ဗုဒ္ဓဘာသာနိုင်ငံအဖြစ် သရုပ်ဖော်ခဲ့ကြသည်။

“ဗုဒ္ဓဘာသာဝင်များသည် ဆိုးဝါးသော အမျိုးသားရေးဝါဒနောက်တွင် ညီညွတ်နေကြသည်”၊ “၂၁ ရာစု အသားရောင်ခွဲ ခြားမှု ကျင့်သုံးသောနိုင်ငံ” အစရှိသည့် သတင်းခေါင်းစဉ်များကို သုံးရာတွင် နိုင်ငံတကာသတင်းဌာနများသည် ၎င်းတို့ သုံးသည့်အသုံးအနှုန်းနှင့် ပတ်သက်၍ သေချာ စဉ်းစားခြင်းမရှိကြပေ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုန်းနီးပါးရှိသော မြန်မာပြည်သူများ အတွက်မူ “ဆိုးဝါးသော အမျိုးသားရေးဝါဒ” ကို ဗုဒ္ဓဘာသာဝင်အားလုံး လက်ခံထားသယောင်ဖြစ်နေသောကြောင့် ထိုကဲ့သို့သောဆောင်းပါးများ သည် မတရားပုတ်ခတ်ရာ ရောက်ပေသည်။

ဘင်္ဂါလီဒုက္ခသည်များကို ကရုဏာ မပြသခြင်းနှင့် တပ်မတော်၏ နယ်မြေရှင်းလင်းမှုများကို မရှုတ်ချခြင်းတို့အတွက် ၎င်း တို့က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျေးရွာ များမီးရှို့ခြင်းနှင့် အရပ်သားများသတ်ဖြတ်ခံရခြင်းတွင် အဓိကတာဝန်ရှိသည်ဟုလည်း စွပ်စွဲကြသည်။

“ကျေးရွာများ မီးရှို့ပြီး အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ကလေးငယ်များကို ရက်ရက်စက်စက် သတ်ဖြတ်သော လူမျိုး တုံး သတ်ဖြတ်မှုကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေသည်” ဟု စက်တင်ဘာလ ၉ ရက်နေ့ထုတ် The New York Times သတင်းစာက ရေးသားသည်။ ဒုက္ခသည် အမြောက်အမြား ထွက်ပြေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အ ရေး ချိုးဖောက်သည်ဟု စွပ်စွဲချက်များအတွက် “စံနမူနာပြုစရာ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု” (Text book example of Ethnic cleansing) ဟူသောစကားလုံးကို ကုလသမဂ္ဂက ရွေးချယ်သုံးနှုန်းသည်။

“မမြင့်မြတ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်” ခေါင်းစဉ်နှင့် သတင်းတပုဒ်ကို အမေရိကန်ပြည်ထောင်စုမှ The New Yorker မဂ္ဂဇင်းက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖော်ပြပြီး နောက်တနေ့တွင် ဗြိတိန်မှ Telegraph သတင်းစာက “ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ်၏အကျဉ်းသားလော (သို့) မကောင်းဆိုးဝါးလော” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ ၎င်းတို့မှာ များပြားလှသည့်အနက်မှ ဥပမာအချို့သာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သူ ပီတာပိုဖမ်ရေးသားသော ဆောင်းပါးတပုဒ်ကို ဗြိတိန်အခြေစိုက် The Independent သတင်းစာက စက်တင်လာလ ၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ခေါင်းစဉ်မှာ “ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိရေးသူအနေဖြင့် အကောင်းဆုံးအကြံကို ပေးရလျှင် ရာထူးမှ နှုတ်ထွက်ခြင်းသာဖြစ်သည်” ဟူ၍ ဖော်ပြထား သည်။

ထိုသို့ရေးသားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားလိုက်ရုံသာမက သူ့ကို မြန်မာနိုင်ငံအတွက် တောက်ပသော အနာဂတ်ကို ဆောင်ကြဉ်းပေးရန် ရွေးချယ်တင်မြှောက်ထားသော သန်းပေါင်းများစွာသော မြန်မာပြည်သူများကိုလည်း စော်ကားလိုက်ခြင်းသာဖြစ်သည်။

ထိုသို့ ရေးသားဖော်ပြချက်များအားလုံးသည် မြန်မာနိုင်ငံ၏ တကယ့်လက်တွေ့အခြေအနေများနှင့် ဝေးကွာနေပြီး ပုတ်ခတ် ရေးသားသည့်သဘောမျိုးရှိသည်။ ထို့အပြင် ၎င်းတို့မေ့လျော့နေသည့် လွန်စွာအရေးပါသည့်အချက်တခုမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အပြတ်အသတ် အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာပြည်သူတို့က လုပ်ပိုင်ခွင့်အပြည့် ပေးအပ်ခံထားရသူဟူသောအချက်ဖြစ်သည်။

ထိုအချက်ကို ရည်ရွယ်ချက် ရှိရှိ မေ့ထားသည်လည်း ဖြစ်နိုင်သည်။

အနောက်နိုင်ငံများမှ အဖွဲ့အစည်းများနှင့် အင်စတီးကျူးရှင်းများသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက နိုင်ငံကိုပါ အရှက်တကွဲဖြစ်အောင် ပြုလုပ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်က ၎င်းတို့ ပေးအပ်ခဲ့သောဆုကို ဆိုင်းငံ့လိုက်သည်ဟု ဗြိတိန်နိုင်ငံ ၏အကြီးဆုံး အလုပ်သမားသမဂ္ဂဖြစ်သည့် Unison ကကြေညာခဲ့သည်။ London School of Economics ကလည်း ဒေါ် အောင်ဆန်းစုကြည်အား ပေးအပ်ထားသော ဂုဏ်ထူးဆောင်နာယက ရာထူးကို ပြန်လည်ရုပ်သိမ်းမည်ဟု ထိုတက္ကသိုလ် ၏ကျောင်းသားများသမဂ္ဂမှ ကြေညာခဲ့သည်။

အနောက်နိုင်ငံများမှ လူတချို့ နှင့်အဖွဲ့အစည်းအချို့က လွန်ခဲ့သော ဆယ်စုနှစ်များက ဒီမိုကရေစီတိုက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရရှိထားသော ငြိမ်းချမ်းရေးနိုဗဲလ်ဆုနှင့် အခြားဆုများကို ပြန်လည်ရုပ်သိမ်းရန် အပြင်းအထန် တောင်းဆိုကြသည်။

ထိုကဲ့သို့သောတောင်းဆိုမှုများကို ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ခဲ့ခြင်းမရှိပေ။ သို့သော် မြန်မာပြည်သူ အများစု၏အ မြင်တွင်မူ အနောက်မှ ထိုသူများနှင့် ထိုအဖွဲ့အစည်းများသည် ၎င်းတို့ယုံကြည်ချစ်ခင်သော ခေါင်းဆောင်ကို အရှက်ခွဲနေ သည်ဟုသာ မြင်ကြမည်ဖြစ်သည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံတွင် အနောက်ဆန့်ကျင်ရေးအမြင်များ ခေါင်းထောင်လာသည်ကို တွေ့မြင်လာရသည်။

ရခိုင်အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာသံတမန်များကို စက်တင်ဘာလ ၁၉ ရက်နေ့က ရှင်းလင်း ပြောကြားသောအခါ နိုင်ငံတကာဖိအားနှင့် စော်ကားမှုများ ရင်ဆိုင်ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည် ကြောင်းပြရန် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများစွာမှ ပြည်သူများသည် အများပြည်သူဆိုင်ရာနေရာများတွင် ထိုမိန့် ခွန်းကို စုဝေးနားထောင်ခဲ့ကြသည်။

စက်တင်ဘာ ၁၉ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောနေစဉ်
Reuters

တကယ်တော့ မြန်မာပြည်သူအများစုသည် ဒီမိုကရေစီ အပါအဝင် အနောက်နိုင်ငံများ၏ အယူအဆများကို သဘောကျ သည့်သူများဟု ပြောဆိုနိုင်သည်။

၁၉၈၈ ခုနှစ်အရေးတော်ပုံကို စစ်တပ်က နှိမ်နင်းပြီးကတည်းက မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို ထောက်ခံခဲ့ကြသောကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အချို့ ဥရောပနိုင်ငံများကို မြန်မာပြည်သူများမှ သဘောကျကြခြင်းဖြစ်သည်။

ယခုမူ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများအနက် တခုမျှသာဖြစ်သည့် ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်လိုမင်းထက်ပြုနေသည်ဟု အချို့သောသူများက စတင်မြင်လာကြပြီဖြစ်သည်။

အတိတ်တွင် အနောက်နိုင်ငံများသည် ရုရှားမှ ပူတင်နှင့် တူရကီမှ အာဒိုဂန်တို့ကဲ့သို့ သူတို့ကို ဆန့်ကျင်သည့် ခေါင်း ဆောင်များကို ရွေးချယ်တင်မြှောက်စေခဲ့သည့် အမှားမျိုးကျူးလွန်ခဲ့သည်။ ထိုသို့အမှားမျိုး ယခု ထပ်မံ မကျူးလွန်သင့်ပေ။

၂၀၀၀ ပြည့်နှစ်တွင် ပူတင်သမ္မတအဖြစ်အရွေးခံရသောအခါ ယူကရိန်းကို အတ္တလန်တိတ်စာချုပ်အတွင်း တိုးချဲ့ ထည့် သွင်းမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းမရှိလျှင် ရုရှားသည် ခရိုင်းမီးယားကို ပြန်သိမ်းခဲ့လိမ့်မည်မဟုတ်ဟု နိုင်ငံရေးသိပ္ပံပညာရှင် များက ကောက်ချက်ချသည်။ သူတို့သည် ထိုလုပ်ရပ်ကြောင့် ပူတင်တွင် အခြားရွေးစရာမရှိဖြစ်ခဲ့ရသည်ဟု ဆိုကြသည်။

မွတ်ဆလင်နိုင်ငံများနှင့်ဝေးဝေးနေပြီး အနောက်နှင့် ပိုမိုနီးကပ်ဖို့အတွက် ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချပြီးနောက် တူရကီ သည့် ဥရောပဘုံဈေးအဖွဲ့ဝင်ရန် ၁၉၈၇ ခုနှစ်တွင် လျှောက်ထားသည်။ သို့ပေမယ့် ဥရောပသည် တူရကီကို အဖွဲ့ဝင် မပေး ဘဲ ဆလိုဗက်ကီးယားနှင့် အက်စတိုးနီးယားကဲ့သို့ သော အခြားနိုင်ငံငယ်များကို ဝင်ခွင့်ပြုပေးခဲ့သည်။

ထိုသို့ငြင်းပယ်ခြင်းသည် တူရကီကို အရှက်ရအောင်လုပ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်များက ရှုမြင်ကြသည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ်ရွေးကောက်ပွဲတွင် ဥရောပကို အံတုရဲသည်ဟု ၎င်းတို့ယူဆသည့် အာဒိုဂန်ကို တူရကီပြည်သူများက ရွေးချယ် ခဲ့ကြသည်ဟု သုံးသပ်ကြသည်။

ဒီမိုကရေအတွက် နယ်မြေသစ်ဆုံးရှုံးခြင်း

လက်ရှိအခြေအနေတွင် အစိုးရနှင့် တပ်မတော်သည် ရာနှုန်းပြည့် တသားတည်း မဟုတ်သည်ကို အများက သိကြသော်လည်း ရခိုင် အရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကဲ့သိုသောပြဿနာများနှင့် ပတ်သက်လာလျှင် ပူးပေါင်းဆောင်ရွက်မှု လုပ်ရမည်ဖြစ် သည်။

တပ်မတော်နှင့်သာဆိုင်သောကိစ္စများတွင် တပ်မတော်ကို တခါတရံ ခွဲထုတ်ပြောနိုင်သော်လည်း အရပ်သားအစိုးရနှင့်တပ် မတော်တို့ ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်မှသာ ဒီမိုကရေစီအသွင် အကူးအပြောင်းအောင်မြင်မည်ဟု နားလည်ရန် လို အပ်သည်။

၂၀၁၅ ခုနှစ် ဧပြီလက ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တို့တွေ့ဆုံစဉ်
Reuters

မည်သို့ပင်ဖြစ်စေ ဤရှုပ်ထွေးလှသော မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများမှ ရှင်းရှင်းလင်းလင်းမမြင်နိုင် သည့်အချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးအတွေးအခေါ်အရ ဒီမိုကရေစီ လိုလားသောအုပ်စုနှင့် ဒီမိုကရေစီဆန့်ကျင် သောအုပ်စု ၂ စုသာရှိသည်ဟူသည့်အချက်ဖြစ်သည်။

လက်ရှိအစိုးရသည် ဒီမိုကရေစီလိုလားသောအုပ်စုတွင် ပါဝင်ပြီး ကျန်အုပ်စုတွင် ယခင်စနစ်ဟောင်းနှင့် ၎င်းတို့၏ မဟာ မိတ်များပါဝင်သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို ပုံဖော်နေသည်မှာ ဒီမိုက ရေစီဆန့်ကျင်ရေးအုပ်စု၏ စိတ်တိုင်းအကျဆုံးပုံစံ ဖြစ်နေသည်။

တကယ်တမ်းပြောရလျှင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နှင့် စစ်အာဏာရှင်စနစ်၏ တိုက်ပွဲအတွင်းမှ ရုန်းမထွက်နိုင် သေးပါ။ စနစ်ဟောင်းမှသူများနှင့် ၎င်းတို့၏ မဟာမိတ်များသည် ပြန်လည်ခေါင်းထောင်ထရန် ကြိုးစားနေဆဲဖြစ်သည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ပြီး တပ်မတော်သည် နိုင်ငံရေးမှ စွန့်ခွာပြီး စစ်တန်းလျားသို့ပြန်သွားသည့် အချိန်မှသာ ထိုတိုက်ပွဲသည် ပြီးဆုံးမည့်သဘောဖြစ်သည်။ ထိုရည်မှန်းချက်သည် ဒေါ်အောင်ဆန်းစုကြည်အစိုးရက အောင်မြင်အောင်ကြိုးစားနေသော ရည်မှန်းချက်ဖြစ်သည်။

အစိုးရ၏အားနည်းချက်များနှင့် မစွမ်းဆောင်နိုင်မှုများရှိသော်လည်း ထိုအခြေခံကျလှသောတိုက်ပွဲတွင် မြန်မာပြည်သူ အ များအပြားသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြဆဲဖြစ်သည်။ ထိုတိုက်ပွဲသည် မလွယ်ကူကြောင်း သူတို့ နား လည်သဘောပေါက်ကြသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အသွင်အကူးအပြောင်းကာလ၏အစတွင်သာ ရှိနေသေးသည်။ ဆယ်စုနှစ်များ စွာ ကြာမြင့်သော အာဏာရှင်စနစ်၏ အကြွင်းအကျန် ပြဿနာအရှုပ်အထွေးများကို ရှင်းလင်းနေရပြီး တဖက်တွင်လည်း အာဏာကြီးမားသည့် တပ်မတော်၊ ဒီမိုကရေစီဆန့်ကျင်သည့်အုပ်စုများနှင့် အမျိုးသားရေးအင်အားစုများကလည်း ရှိနေ သည်။

အခွင့်အရေးဆုံးရှုံးချိုးဖောက်ခံရသည့်ဘင်္ဂါလီများအတွက် အခြေခံအခွင့်အရေးများကို လက်ရှိ ဒီမိုကရေစီအစိုးရကသာ ပြန်လည် ယူဆောင်လာပေးနိုင်သည်။

တပ်မတော်နှင့်အတိုက်အခံများက သဘောမတူညီသည့်အချက်များရှိသော်လည်း အစိုးရက ရခိုင်ပြည်နယ်၏ပြဿနာများ ကို ဖြေရှင်းရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်၏ အကြံပြုချက်များကို စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။ သို့သော် အချိန်တခုတော့ လိုပါလိမ့်မည်။

ရခိုင်ပြည်နယ်က မတည်ငြိမ်မှုများနှင့် ထိုအခြေအနေကို နိုင်ငံတကာ၏ လွဲမှားစွာ ဖော်ပြမှုများကြောင့် လက်ရှိ ဒီမိုကရေစီ အစိုးရ ပြိုလဲသွားပါက အစားထိုးဝင်ရောက်နိုင်မည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများမရှိသေးဘဲ တပ်မတော်နှင့်၎င်း၏ အင်အားစုများသာရှိသည်။

ထိုသို့သော အခြေအနေဆိုးသာဖြစ်ခဲ့လျှင် အားလုံး အရှုံးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး စနစ်ဟောင်းနှင့် ၎င်း၏မဟာမိတ်များသာ အောင်ပွဲခံသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ကမ္ဘာ့သက်တမ်းအနုဆုံး ဒီမိုကရေစီသည် စစ်ဖိနပ်အောက်တွင် ကွယ်ပျောက်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများလည်း ထပ်မံခံစားကြရမည်ဖြစ်သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး၏ Will Intl Condemnation Bring Down Myanmar’s Democratic Transition? ကို ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading