တက်ကြွလှုပ်ရှားသူ (activist) ဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သတ်ပြီး ပြောင်းလဲဖို့ လိုအပ်နေသည့် ကိစ္စတရပ် သို့မဟုတ် ကိစ္စရပ်များကို အများပြည်သူ သတိမူမိ လာစေရန်၊ အစိုးရ ပြုပြင်လာစေရန် ဆော်သြော လှုပ်ရှား သူများ ဟု နားလည်နိုင်ပါသည်။
တက်ကြွလှုပ်ရှားသူတို့သည် ဒီမိုကရေစီ နိုင်ငံတနိုင်ငံ အတွက် မရှိမဖြစ် အုပ်စု ဖြစ်သည်။ သို့သော် တက်ကြွလှုပ်ရှားသူ ဖြစ်ရန် သီးသန့် နာမည်ခံကာ လှုပ်ရှားနေခြင်းမျိုး မဟုတ်။ မိမိ မူလအလုပ်နှင့် စိတ်ဝင်စားရာကို လိုက်ပြီး လူအမျိုးမျိုး အသွင်အမျိုးမျိုး ဖြစ်နိုင်သည်။ မီဒီယာသမားတယောက်သည် တက်ကြွလှုပ်ရှားသူ ဖြစ်နိုင်သလို တက္ကသိုလ်ဆရာ တယောက်လည်း တက်ကြွလှုပ်ရှားသူ ဖြစ်နိုင်သည်။
အဓိကမှာ လူအများသိအောင် ဖော်ထုတ်ရသူ၊ မီးမောင်ထိုးပြသူ ဖြစ်နေစေခြင်း သည်သာ အဓိကဖြစ်မည်။ တနည်းအားဖြင့် ပြဿနာကို မီးထွန်းကာ ပြသသူ၊ ပြဿနာကို ပြဿနာမှန်း သိအောင်လုပ်ပြီး ပြုပြင်ရန် ကြိုးပမ်းသူများ ဖြစ်သည်။ အများစုသည် ပြဿနာတခုကို ရေဆုံးရေဖျား လိုက်ကာ နားလည်နိုင်ကြသူများ (tunnel vision) ဖြစ်တတ်သည်။ ဒေါင်လိုက်သမားများဟု အလွယ်ခေါ်နိုင်မည် ထင်၏။
အာဏာလက်ဝယ်ရှိသူများ သို့မဟုတ် အစိုးရတာဝန် ယူထားသူများ (implementer)၊ အခြားတဖက်တွင်လည်း တက်ကြွ လှုပ်ရှားသူများနှင့် ဆန့်ကျင်ဘက် အနေအထားတွင် ဖြစ်လေ့ရှိသည့် အစိုးရ တာဝန်တရပ်ကို တာဝန်ယူကာ တိုင်းပြည်ကို မောင်းနှင်ရသူများ၊ တည်ဆောက်ရသူများ ရှိနေမည်။ ထိုသူများမှာ ပြဿနာကို ဖြေရှင်းရသည့် သူများ၊ ထိုသို့ ဖြေရှင်းရန် အတွက် အာဏာနှင့် လုပ်ပိုင်ခွင့် အပ်နှင်းခံထားရသူများ ဖြစ်သည်။
တခေတ်တခါက တက်ကြွလှုပ်ရှားသူ ဘဝကနေ နိုင်ငံရေးသမား အဖြစ် တချို့ ကူးပြောင်းလာကြသည်။ အကြောင်းအရာ တခုကို စိတ်ဝင်စား၊ သို့မဟုတ် နိုင်ငံရေးကို စိတ်ဝင်စားကာ လှုပ်ရှားဆောင်ရွက်ပြီး အခါအခွင့် သင့်သည့်အခိုက် ရွေးကောက်ခံကာ လွှတ်တော်အမတ် ဖြစ်လာကြသည်။ တချို့က အစိုးရပိုင်းကို တာဝန်ယူရသူများ ဖြစ်လာကြသည်။ ထိုအခါ တက်ကြွလှုပ်ရှားသူ ဘဝနှင့် မတူခြားနားသော အနေအထားကို ရောက်သွားပြီ ဖြစ်သည်။ အကြောင်းအရာ ပေါင်းစုံကို ချင့်ချိန်ကာ ဆုံးဖြတ်ရတော့သည်။ အလျားလိုက် စဉ်းစားရသည်။ စီမံခန့်ခွဲမှု ဆိုသည်က လက်တွေ့ကျသော အလုပ်။ ထိုအခါ တက်ကြွလှုပ်ရှား လုပ်ခဲ့သူများ လုပ်ရည်ကိုင်ရည် နိမ့်ပါးလျှင် မြင်သာလွန်း နေတော့သည်။
အလွန်ရိုးရှင်းသော ဥပမာအဖြစ် တံတားတစင်းထိုးရန် လိုအပ်သည် ဆိုပါစို့။ လူအများ တောင်းဆိုသည့် အလုပ်တခုမှန်း သိသည်။ လိုလည်း လိုအပ်သည်။ သို့သော် ‘ဘဏ္ဍာငွေ ဖူလုံရဲ့လား၊ အချိန်က ဘယ်တော့ ဖြစ်နိုင်မလဲ။ အခြားဦးစားပေး သင့်တာတွေ ရှိသေးလား’ စသည့် အခြေခံကျသည့် မေးခွန်းများ များပြာလှသည်။ ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ် စဉ်းစားပြီးမှ ဆုံးဖြတ်ရသည်။ တခါတရံ အာရုံစိုက်ရမည့် အရာကို မမြင်သာအောင် ရှုပ်ထွေးနေမှုမျိုးလည်း ရှိနေတတ်ပြန်သည်။
လက်ရှိအစိုးရ ၏ ပထမနှစ်မှာပင် ဤဖြစ်ရပ်မျိုး ထင်သာမြင်သာ တွေ့မြင်ခဲ့ရသည် ဟု ဆိုနိုင်ပါသည်။ ယခင်က မီးမောင်းထိုးပြ၊ အော်ဟစ်ပြောဆိုခဲ့သူများက ကိုယ့်ကို ပြန်ပြီး မီးမောင်းထိုးပြခံရ၊ အအော်ခံရသည့် အလှည့် ဖြစ်လာသည်။ နိုင်ငံရေး လောကဓံတရား ဟု ပြောလျှင်လည်း ရပါ၏။
ပဋိပက္ခနယ်ပယ်
ထို့အတူ ပဋိပက္ခဖြစ်သည့် အခြေအနေတခုတွင် တက်ကြွလှုပ်ရှားသူများနှင့် ပြဿနာကို တာဝန်ယူ ဖြေရှင်းရမည့် တာဝန်ရှိသူများကြား အမြင်တူရန် မလွယ်ကူပါ။ လူ့အခွင့်အရေး တက်ကြွသူများက လူ့အခွင့်ရေး ရှုထောင့် တခုတည်းမှ ကြည့်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ရန်၊ အပြစ်တင်ဝေဖန်ရန်၊ အရေးယူရန် ဖိအားပေး တောင်းဆို စသဖြင့် တွေ့ရသည်။
နိုင်ငံရေး လုပ်ဆောင်ချက်များတွင် လူ့အခွင့်အရေးကို ထည့်သွင်း စဉ်းစားကာ လုပ်ဆောင်စေခြင်း သည် အလွန် အင်မတန်မှ သင့်မြတ်ပါသည်။ human right in politic ပင် ဖြစ်၏။ သို့သော် လူ့အခွင့်အရေး၏ နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက် ထားရှိခြင်း ကလည်း ရှိနေတတ်သေးသည်။ ယင်းကို politic of human right ဟု ဆိုရပါမည်။
သို့သော် ပြဿနာကို ဖြေရှင်းရမည့်သူ အနေဖြင့် လူ့အခွင့်အရေး တခုတည်း ကြည့်လို့မရ သကဲ့သို့ ပစ်ပယ်လို့လည်း မဖြစ်ပေ။ ထို့အပြင် အပြစ်တင်လိုက်ရုံနှင့်လည်း မပြီးပေ။ ပြဿနာကို သိရုံမျှနဲ့လည်း မလုံလောက်။ အမှန်တကယ် ပြေလည် စေရန်၊ ဖြေရှင်းနိုင်ရန် အတွက် ပြဿနာ၏ ဇစ်မြစ်ကို သိရှိရန်၊ အဖြေကို ရအောင် ရှာရန် အာရုံထားရသည်။
တခါတရံ အသံတွေကြားမှာ အာရုံများကာ လမ်းစပျောက်သွားတတ်သည်။ အဖြေကို သိရင်တောင် ဘယ်က ဘယ်လို စရမလဲ ဆိုတာ လွယ်သော အလုပ်မဟုတ်။ သတင်းတပုဒ်ရေးကာ အပြစ်တင်လိုက်ရုံ၊ အစီရင်ခံစာ တစောင်ထုတ်ကာ ဝေဖန်လိုက်ရုံနှင့် ပြေလည်သွားနိုင်တာမျိုး မဟုတ်တော့။ စိန်ခေါ်မှုများစွာကို ဖြတ်ကျော်နိုင်ရန် စဉ်းစားရပြီး တချိန်ထဲမှာပင် လုပ်ငန်း တိုးတက်မှုကို စောင့်ကြည့်နေသည့် ပြည်သူများနှင့် ဆက်သွယ်သည့် အလုပ်ကိုလည်း ပီပြင်အောင် လုပ်နိုင်ရန် လည်း လိုသေးသည်။
အသံကျယ်သူနဲ့ အမြင်ကျယ်သူ
ပြဿနာတခုကို ချဉ်းကပ်ရာတွင် ယေဘုယျ အားဖြင့် အသံကျယ်သူနှင့် အမြင်ကျယ်သူဟု အုပ်စု နှစ်စု ကွဲနေတတ်ပြီး အသံကျယ်သူက လူသိများပြီး အမြင်ကျယ်သူက လူသိနည်းတတ်သည်။ အသံကျယ်သူက လူကြိုက်များသည့် စကားများ ပြောကာ လူပိုကြိုက်အောင် လုပ်တတ်သည်။ လူအများကလည်း ထိုကဲ့သို့ လူများ၏ စကားကို ပိုနားထောင်လေ့ရှိသည်။ အမြင်ကျယ်သူ ကတော့ လူကြိုက်များသော စကားကို အခါခပ်သိမ်း ပြောချင်မှ ပြောနိုင်လိမ့်မည်။
ဒေါသတွေ လွှမ်းတဲ့ ခေတ်တိုင်းမှာ အသံကျယ်သူတွေက ရှေ့မှာ ရောက်နေတတ်သည်။ ရခိုင်ပြည်နယ် အရေးအပါအဝင် မြန်မာနိုင်ငံရေး ဖြစ်ရပ်များတွင် ဤ သဘောကို မြင်ရသည်။ နိုင်ငံတွင်း အဆင့်တွင် လူကြိုက်များ နိုင်ငံရေး အကွက်များ သုံးကာ အသံကျယ်စေသူများ၊ အသံကျယ်သည်ကို အသုံးချကာ လူကြိုက်များအောင် လုပ်သူများ ရှိသကဲ့သို့ အမြင်ကျယ်ကျယ် ဖြန့်လျက် ချဉ်းကပ် သုံးသပ်သူများလည်း ရှိသည်။ လူကြိုက်များဖို့ လိုသော နိုင်ငံရေး ဖြစ်သည့် အတွက် အပြစ်တော့ မဆိုသာ။ သို့သော် ပြဿနာကို ပြေလည်စေခြင်း ရှုထောင့်မှ ကြည့်လျှင် မလိုလားအပ်သည့် အပြုအမှုမျိုး ဖြစ်နိုင်သည်။
မီဒီယာအပိုင်းကို ကြည့်မည် ဆိုရင်လည်း အသံကျယ်သော နိုင်ငံတကာ မီဒီယာ၏ အသံကို မြန်မာအစိုးရ အပါအဝင် ပြည်တွင်း မီဒီယာများ တိုးမပေါက်ခဲ့။ အသံကျယ်သူများ၏ တဒင်္ဂအောင်ပွဲ။ “ကိုယ်တွေ ဘယ်လောက် အမြင်ကျယ်ပါတယ်၊ ရေရှည် အတွက် စဉ်းစားလုပ်ကိုင်ပါတယ်” ဟု ပြောနေသော်လည်း ကျယ်လောင်သော အော်သံများ အောက်တွင် ပြားပြားဝပ် ပျောက်ဆုံးခဲ့ရသည်။
အသံ ကျယ်ကျယ်လောင်လောင် ဖြစ်အောင် လုပ်ပြီး လွှမ်းမိုးဆုံးဖြတ်တတ်တဲ့ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ကမ္ဘာကြီးက တဖက်၊ မြန်မာလို နိုင်ငံငယ်လေးက တဖက် ဖြစ်နေသည်မှာ အလွန်ကို တဖက်စောင်းနင်း ကျလွန်းသည်။ ဤ အချိန်တွင် “ကိုယ့်ပြည်တွင်းမှာ အမြင်ကျယ်သောသူများ များများစားစား ရှိပါသလော၊ ကိုယ် အမြင်ကျယ်ကြောင်း ကမ္ဘာကြီးကို မည်သို့ လုပ်ဆောင်ပြသ မည်နည်း၊ အသံကျယ်ရမည် ကိုသာ သိသော လူများ များနေလျှင် မည်သို့ လုပ်ဆောင်မည်နည်း” ကိုယ့် ပြည်တွင်းမှာသာ အသံကျယ်ရဲသည့် ‘အိမ်ကျယ်များ’ အနေနှင့်လည်း ပြောသင့်ပြောထိုက်သည်ကို ပြောရမည့် တက်ကြွလှုပ်ရှားသူ ဆန်ဆန် လုပ်ကိုင်ရမည် ဖြစ်ပါသည်။ တာဝန်ယူထားရသူများ အနေဖြင့်လည်း ဖြေရှင်းသည့် နည်းလမ်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရမည် ဖြစ်ပါသည်။
အမှန်တကယ်တွင် အသံကျယ်သူ သို့မဟုတ် တက်ကြွလှုပ်ရှားသူနှင့် အမြင်ကျယ်သူ သို့မဟုတ် အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့် ရှိသူတို့ ပေါင်းမိလျှင်၊ အမြင်ကျယ်သူက အသံကျယ်သူကို ဆွဲခေါ်ပါဝင် ပူးပေါင်းစေလျှင် ခိုင်မာသည့် အင်အားတရပ် ဖြစ်လာနိုင်ပါသည်။
လူအများ၏ ရှေ့ဆောင်ဟု သတ်မှတ်ထားသည့် ခေါင်းဆောင်နေရာရှိ ပုဂ္ဂိုလ်များသည် အသံကျယ်သူတွေသာ ဖြစ်နေမည် ဆိုလျှင် လက်တွေ့မှာ နစ်နာသူတွေမှာ သာမန်ပြည်သူများ ဖြစ်ပါသည်။ ပြည်သူ တို့သည် ဖားအော်သံကြားသည့် နေရာတွင် ရေ ရှိမည်ဟု ထင်ကာ ဖားအော်သံနောက် တကောက်ကောက် လိုက်နေသည့် ‘ဆင်မျက်ကန်း’ သဖွယ် ဖြစ်နေပါလိမ့်မည်။ ။
(လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)