သမိုင်းဝင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၂ နှစ်ပြည့် အခမ်းအနားကို တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် ကျင်းပသည်။
ခေါင်းဆောင် ၃ ဦး ဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖော တို့ သည် ထိုအခမ်းအနားတွင် အဖွင့်မိန့်ခွန်းများ ပြောကြားကြသည်။
ထို အခမ်းအနားသည် တုံ့ဆိုင်းနှေးကွေး နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် နိုးကြားလာစေရန် လုပ်ဆောင်သော အားထုတ်မှု ဖြစ်သည်ဟု ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) မှ ခွန်ဥက္ကာက မြင်သည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်သည် တိကျရေရာသော ရလဒ် ထုတ်ပေးနိုင်ခြင်း မရှိဘဲ ရှုပ်ထွေးလှသော အကျပ်အတည်းကိုသာ ဖြစ်ပေါ်စေသည်ဟု ခွန်ဥက္ကာကဲ့သို့သော သူအချို့ကလည်း မြင်သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်နက်ကိုင် အဖွဲ့များက လက်မှတ်ရေးထိုးပြီး ၂ နှစ် အတွင်း ထို စာချုပ်သည် ပိုမိုရှုပ်ထွေးလာပြီး နားမလည်နိုင် လောက်အောင်ပင် ဖြစ်လာသည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ပြောသည်။
ထိုစာချုပ်ကို စတင်အကောင်အထည်ဖော်စဉ်က မြန်မာနိုင်ငံရှိ လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ အနက် ၈ ဖွဲ့ကသာ လက်မှတ် ရေးထိုးကြသည်။ ထို့ကြောင့် မည်သည့် အကြောင်းကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လူမျိုးစု လက်နက်ကိုင်အဖွဲ့များ အားလုံး ပါဝင်ခြင်း မရှိဘဲ ထိုအဖွဲ့များသည် မည်သည့် အကြောင်းကြောင့် ထိုစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုနိုင်သနည်း ဟု မေးစရာ ဖြစ်လာသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အုပ်စု ၄ စု အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည် ဟု မြင်ရသည်။ ထိုအုပ်စု ၄ ခုမှာ မြန်မာ့တပ်မတော်၊ အရပ်သားအစိုးရ၊ NCA လက်မှတ်ရေးထိုးသော လူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုးခြင်း မရှိသော လူမျိုးစုလက်နက်ကိုင် အဖွဲ့များတို့ ဖြစ်သည်။
မြန်မာ့တပ်မတော်
တပ်မတော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးအပါဆုံး အဖွဲ့အစည်း ဖြစ်သည်။ ငြိမ်းချမ်းရေး သို့မဟုတ် ပဋိပက္ခသည် တပ်မတော်က လူမျိုးစု လက်နက်ကိုင်အဖွဲများ၏ တောင်းဆိုမှုများကို မည်သို့ တုံ့ပြန်သည် ဟူသော အချက်ပေါ်တွင် မူတည်နေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ကို ဗဟိုနှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းနှင့် အရေးပါသောဝန်ကြီးဌာန ၃ ခုကို ဦးဆောင်ခွင့်ပေးပြီး တပ်မတော်ဘက်တွင် အကြီးအကျယ် အလေးသာနေသည်။
တပ်မတော်က ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သူ့အနေနှင့် တပ်မတော်ကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း စက်တင်ဘာလ အစောပိုင်းက မွန်ပြည်သစ်ပါတီ (NMSP) နှင့် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည် က ဝန်ခံခဲ့သည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) သည် နိုင်ငံတွင် သြဇာအကြီးမားဆုံး အဖွဲ့ ဖြစ်ပြီး အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည်။ တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရး ဦးစီးချုပ်၊ ဒုတိယသမ္မတ တဦး၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးတို့ ပါဝင်ပြီး အရပ်သားအစိုးရ ဘက်မှ သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုလွှတ်တော်၏ အထက်နှင့် အောက် လွှတ်တော် ဥက္ကဌများနှင့် နိုင်ငံခြားရေး ဝန်ကြီး (ဒေါ်အောင်ဆန်းစုကြည်) တို့ပါဝင်သည်။
တပ်မတော်ဘက်မှ ၆ ဦးပါပြီး အရပ်သားအစိုးရဘက်မှ ၅ ဦးသာ ပါဝင်သဖြင့် မဲခွဲလျှင် တပ်မတော်ဘက်က အလေးသာ သည်။
တပ်မတော်က ဗြောင်ကျကျ အာဏာရယူထားခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အရိပ်ထိုးကျနေပြီး တပ်မတော်က ပဋိပက္ခ ရပ်စဲပြီး စေ့စပ်ဆွေးနွေးလိုခြင်း မရှိလျှင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်သည် ခရီးရောက်မည် မဟုတ်သလို မည်သည့်အကျိုးကျေးဇူးမျှလည်း ရှိလာမည် မဟုတ်ပေ။
ထိုအချက် အတွက် ဥပမာမှာ တအောန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) တို့ ဖြစ်ပြီး ထို ၃ ဖွဲ့ကို တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ဖယ်ထုတ်ထားသည်။
အရပ်သားအစိုးရ
အစိုးရသည် တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင် အဖွဲများအကြား ကြားဝင် ဖြန်ဖြေသူ ဖြစ်နေသည်။ ဦးသိန်းစိန်အစိုးရ၏ သက်တမ်း အတွင်း ညှိနှိုင်း ဆွေးနွေးမှု အများအပြား ဖြစ်ပေါ်ခဲ့သော်လည်း ယခုတုံ့ဆိုင်းနေသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှအပ မည်သည့် ရလဒ်မျှ ဖြစ်မလာခဲ့ပေ။
ယခုအခါ ထိုလုပ်ငန်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည် ၏ အစိုးရက ဆက်လက် လုပ်ဆောင်ရပြီး ဒေါ်အောင်ဆန်းစုကြည် သည် ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟု ခေါ်သော ညီလာခံ ၂ ခုကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် က အားလုံးပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်စေမည် ဟု ဆိုသော်လည်း လူမျိုးစု လက်နက်ကိုင် အဖွဲ့ အများအပြားသည် ညီလာခံများမှ ဖယ်ထုတ်ခံထားရဆဲ ဖြစ်သည်။
ပထမအကြိမ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် ဒုတိယနေ့တွင် မိန့်ခွန်းပြောခွင့် မရသောကြောင့် ဝပြည် တပ်မတော်သည် ညီလာခံမှ ထွက်ခွာသွားခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
ဒုတိယအကြိမ် ညီလာခံတွင် အပြင်းအထန် ငြင်းခုံရသော ပြဿနာ ဖြစ်သည့် ပြည်ထောင်စုမှ ခွဲမထွက်ရေး အဆိုအပေါ် သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့သည်။ ပြည်ထောင်စုမှ ခွဲမထွက်ရေးမူသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ကတိတို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု တက်ရောက်သော အဖွဲများက ပြောသည်။
ထိုညီလာခံတွင် အချက် ၃၇ ချက်ကို သဘောတူခဲ့ပြီး ၁၂ ချက်သည် နိုင်ငံရေးနှင့် ပတ်သက်နေသည်။
ထို သဘောတူညီချက်များသည် သမိုင်းဝင် သဘောတူညီချက်များ ဖြစ်သည် ဟု အစိုးရက ကြေညာသော်လည်း ၎င်းတို့ကို ဖြည့်ဆည်းမည့် အချိန်ဇယားမှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များ
သမ္မတဟောင်း ဦးသိန်စိန် အာဏာရစဉ်က ဆွေးနွေးမှုများ၏ အထိဋ်အထိပ်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း ၈ ခုတို့သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ခြင်းပင် ဖြစ်သည်။
ထိုအဖွဲ့များတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA (PC)၊ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓ ဘာသာတပ်မတော် (DKBA) တို့ ဖြစ်သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးပြီးနောက် ထိုအဖွဲ့များကို ပထမအကြိမ်နှင့် ဒုတိယ အကြိမ် ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများသို့ အပြည့်အ၀ တက်ရောက်ခွင့် ပြုခဲ့သည်။ ၎င်းတို့သည် ထိုညီလာခံများနှင့် အစိုးရနှင့် အခြားသော ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် အားထုတ်ကြသည်။
NCA လက်မှတ်ရေးထိုးခြင်းမပြုသော အဖွဲများ
သြဇာကြီးမားလှသော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အများစုတို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်း မရှိကြပေ။ KIO မှ ဗိုလ်ချုပ်ဂွမ်မော် ၏ အဆိုအရ ထိုသို့ လက်မှတ် မထိုးရခြင်း အကြောင်းရင်း ၃ ခု ရှိသည်။
ပထမအချက်မှာ တပ်မတော် လူမျိုးစု လက်နက်ကိုင်အဖွဲ့ငယ် ၃ ခုဖြစ်သည့် TNLA၊ AA နှင့် MNDAA တို့သည် ဆွေးနွေးပွဲ မစတင်ခင်မှာပင် လက်နက် ဖြုတ်သိမ်းရမည်ဟု ကြိုတင် စည်းကမ်းသတ်မှတ်ချက် ချထားခြင်း ဖြစ်သည်။ KIO သည် TNLA ၏ မဟာမိတ် ဖြစ်ပြီး KIO ၏ တပ်မဟာ ၄ နှင့် ၆ တို့သည် TNLA နှင့် MNDAA တပ်များနှင့် ကပ်လျက် နေရာယူ ထားသည်။ ထိုအဖွဲ့များသည် ပိုင်နက်နယ်မြေများကို ခွဲဝေပိုင်ဆိုင်ပြီး မြန်မာတပ်မတော်ကိုလည်း ပူးပေါင်း စစ်ဆင်ကြသည်။
ဒုတိယအချက်မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး စင်တာတွင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးစဉ် NCA လက်မှတ် မရေးထိုးမီ ဖြည့်ဆည်းရမည့် အချက် ၉ ချက်ကို တင်ပြထားသည်။ အစိုးရနှင့် ထိုတပ်ပေါင်းစုတို့သည် တောင်းဆိုချက်များ ၏ ထက်ဝက်ခန့်ကို သဘောတူညီပြီး ဖြစ်သော်လည်း တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို လေ့လာ စောင့်ကြည့်ခြင်း၊ စစ်ရေးကျင့်ဝတ်၊ နယ်နမိတ်သတ်မှတ်ခြင်းနှင့် တပ်များ ပြန်လည် နေရာချထားခြင်းတို့နှင့် ပတ်သက်သော UNFC ၏ တောင်းဆိုချက်များကို သဘောမတူပေ။
တတိယ အချက်မှာ KIO အပါအဝင် အချို့သော လူမျိုးစု လက်နက်ကိုင်အဖွဲ့များ (EAOs) သည် အစိုးရနှင့် တစုံတရာသော အတိုင်းအတာ အထိ သဘောတူညီမှုကို မျှော်လင့်ထားကြသည် ဟု ဆိုသည်။ အစိုးရ၊ နိုင်ငံရေးပါတီများ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်တို့ ပါဝင်သည့် ပူးပေါင်း ကော်မတီတို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မူဘောင်ကို ကြီးကြပ်ရမည် ဟု ၎င်းတို့က အဆိုပြုသည်။ ထို တောင်းဆိုချက်ကို အစိုးရနှင့် တပ်မတော်တို့က ပယ်ချခဲ့သည်။
အစိုးရ၊ တပ်မတော်တို့နှင့် မည်သည့်နိုင်ငံရေး ဆွေးနွေးမှု မဆိုတွင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) သည် အဖွဲ့ ၇ ဖွဲ့ တခုချင်း ဆွေးနွေးခြင်း မပြုဘဲ အုပ်စုတခု အနေဖြင့် ပါဝင်ရမည် ဟူသောမူကို အလေးအနက် ထားကြောင်း သြဂုတ်လ ၂၄ ရက်နေ့က ထို အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်သည် ထိုအဖွဲ့အတွင်းမှ ကျန်အဖွဲများ မပါဘဲ UWSA နှင့် NDAA တို့ကိုသာ တွေ့ဆုံရန် စီစဉ်နေ သည်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို မကြာမီကျင်းပမည် ဖြစ်သည်။ သို့သော် မည်သည့် အဖွဲများ တက်ရောက်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
တုံ့ဆိုင်းနေသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို အကဲဖြတ်ပြီး ရှေ့ဆက်ရန် NCA နှစ်ပတ်လည် အခမ်းအနားက အဖွဲ့ဝင်အားလုံးကို သတိပေးလိမ့်မည် ဟု မျှော်လင့်ရပေသည်။ ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် တိုင်းပြည်၏ ရုပ်ပုံလွှာတွင် စွန်းထင်းခဲ့ရသောကြောင့် နိုင်ငံသည် ပဋိပက္ခများကို တည်ငြိမ်အောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရန် လိုသည်။
ထို့ကြောင့် အဓိကကျသော အခန်းမှ ပါဝင်နေကြသည့် တပ်မတော်၊ အစိုးရ၊ NCA လက်မှတ် ရေးထိုးထားသော အဖွဲ့များနှင့် NCA လက်မှတ် မထိုးထားသော အဖွဲ့များ ပူးပေါင်း ကြိုးပမ်းကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် လိုသည်။ ထိုသို့ ကြိုးပမ်း အားထုတ်ခြင်း မရှိလျှင် NCA ၏ အောင်မြင်မှုမှာ မရေရာသော မျှော်လင့်ခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးမှာလည်း ခက်ခဲနေဦးမည်သာ ဖြစ်သည်
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Joe Kumbun ၏ Nationwide Ceasefire Agreement is a Forlorn Hope ကို ဘာသာပြန်သည်။ ၎င်းသည် ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေး အကဲဖြတ်လေ့လာသုံးသပ်သူ တဦးဖြစ်သည်။)