မြန်မာနိုင်ငံတွင် အာဏာရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အပြောင်း အလဲအတွက် ကတိပြုခဲ့သည်။ သို့သော်လည်း ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးပါ။ အာဏာရရှိလာသော အစိုးရ ရင်ဆိုင် ခဲ့ရသည့် ပြဿနာများက ကြီးမားလွန်းသည်။ ယခု “ရိုဟင်ဂျာ” ပြဿနာပေါ်ပေါက်လာသည့်အခါ ဒေါ်အောင်ဆန်း စုကြည်၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြန်လည် ရုပ်သိမ်းပေးရန် အချို့က တောင်းဆိုကြသည်။ သို့သော်လည်း မြန်မာ့ နိုင်ငံရေးသည် ရှုပ်ထွေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော လုပ်ဆောင်ချက်များကို နံပါတ် ၁ ဦးစားပေးအဖြစ် ကာလရှည်ကြာစွာ သတ်မှတ်ထားခဲ့ပြီး ဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဆက်စပ်၍ စဉ်းစားကြည့်သင့်ပါသည်။
ဝေဖန်မှုများ တိုးလာသည်ကို ရင်ဆိုင်ရင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ နှုတ်ဆိတ်ငြိမ်သက်နေမှုကို ချိုးဖျက်လိုက်သည်။ ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် သူ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ရွေးကောက်ပွဲမတိုင်မီက အဓိကပြောဆိုခဲ့သည်များ ဖြစ်သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထပ်မံပြောဆိုခဲ့သည်။ အဆိုပါမိန့်ခွန်းနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးအကျယ်စိတ်ပျက်ခဲ့သော်လည်း (မိန့်ခွန်းသည် မမှန်ကန်မှုများနှင့် သားကောင်ဖြစ်ရသူများအပေါ်အပြစ်ဖို့မှု ရောထွေးထားခြင်းထက် အနည်းငယ်မျှသာ ပိုသည်ဟု Amnesty International က ထိုစဉ်က ပြောကြားခဲ့သည်) ပြည်တွင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံတကာမီဒီယာ၏ မမျှတသော ပုံဖော်မှုအဖြစ် ယုံကြည်သူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွက် ရပ်တည်နေခြင်းဖြစ်ကြောင်း သူတို့က ပြောကြသည်။ ထို့အပြင် ရွေးကောက်ပွဲမတိုင်မီက ကတိမှန်သမျှ အောင်မြင်ရေး အထူးသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျက်နှာသာပေးမှုထက် ပြည်တွင်းမှ ထောက်ခံမှုက များစွာ ပို၍ လိုအပ်ပါသည်။ ထိုအချက်က ယခုထိ သူအသုံးပြုခဲ့သော ဗျူဟာ၊ သူ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ပါးနပ်စွာ ပြောဆိုသွားခြင်းနှင့် ပြည်သူလူထု၊ အထူးသဖြင့် တပ်မတော်၏ ထောက်ခံမှုကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် နှုတ်ဆိတ်နေခြင်းက သူ့တင်သည့် အကောင်းဆုံး လောင်းကြေး ဖြစ်ကြောင်း ဖွင့်ဆိုရာတွင် အထောက်အကူ ဖြစ်ပါလိမ့်မည်။
အခြေခံဥပဒေပြင်ဆင်ရေးက NLD ၏ ရွေးကောက်ပွဲ မူဝါဒများတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီက အခြေခံဥပဒေပြင်ဆင်ရေးသည် ပထမဦးစားပေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ သမ္မတ ဦးထင်ကျော်၏ သမ္မတသစ်အဖြစ် ပထမဆုံးဆောင်ရွက်မှုများထဲမှ တခုမှာ အခြေခံဥပဒေပြင်ဆင်ရေး အားထုတ်မှု ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး လိုအပ်သော မဲ ရာခိုင်နှုန်းကို ၇၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း သို့လျှော့ချရန် အဆိုပြုခဲ့သည်။ အဆိုပါ အပြောင်းအလဲကို အတည်ပြုနိုင်ခဲ့လျှင် ကိုယ်စားလှယ်နေရာ အများစု ရရှိထားသည့် NLD အစိုးရ အနေဖြင့် တပ်မတော်၏ သြဇာလွှမ်းမိုးမှုလျှော့ချရေး အပါအဝင် အခြေခံ ဥပဒေဆိုင်ရာ အရေးပါသည့် ပြင်ဆင်မှုများကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာအောင်လည်း ပြုလုပ်ပေးနိုင်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ထားသည့် ပုဒ်မ ၅၉(စ)က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာအောင် တားဆီး ထားသည်။ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည်ဟု ဖော်ပြထားသော်လည်း ၂၀၁၅ ခုနှစ်ရွေးကောက်မတိုင်မီကာလတွင် ဒေါ်အောင်ဆန်းစုကြည်က သူသည် သမ္မတ အထက်၌ ရှိလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူက ယုံကြည်စိတ်ချ ရသူတဦးကို သမ္မတ အဖြစ်ခန့်အပ်ခဲ့၍ သမ္မတရုံးကို တဆင့်ခံ ထိန်းချုပ်ရန် သူကိုယ်တိုင် အတွက် “နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ်” ရာထူးကို ခန့်အပ်ခဲ့သည်။
သူက သမ္မတကို ထိန်းချုပ်နိုင်သော်လည်း သမ္မတ မဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည်က ယခုအချိန်တွင် အခြေခံဥပဒေကို လိုက်နာနေသည် သို့မဟုတ် အမှန်တကယ်တွင် အခြေခံ ဥပဒေပြင်ဆင်ရေးက နောက်သို့ရောက်သွားသည်ဟု ယုံကြည်ရန် ခက်ခဲပါသည်။ ကျနော်တို့အနေဖြင့် မြန်မာနိုင်ငံကို သူ၏ ဖခင်ကဲ့သို့ အုပ်ချုပ်ချင်သည့် (တဆင့်ခံထား၍ အုပ်ချုပ်ရသည့် ခေါင်းဆောင် အနေဖြင့် မဟုတ်ဘဲ) သူ့ဆန္ဒကို လျှော့မတွက်သင့်ပါ။ ယခင်က သူပြောခဲ့သည့် မှတ်ချက်များအရလည်း အကယ်၍ သူက မြန်မာနိုင်ငံ၏ တရားဝင် ခေါင်းဆောင် ဖြစ်ခဲ့လျှင် မြန်မာနိုင်ငံတွင် လိုအပ်နေသော အပြောင်းအလဲများကို အကောင်အထည်ဖော်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားကြောင်း ဖော်ပြနေပါသည်။
ထိုအခြေအနေက NLD အာဏာရရှိချိန်မှ စ၍ သူ၏ အပြုအမူများနှင့် ပထမ ဦးစားပေး အချက်ကို ရရှိရန် ပျက်ကွက်ခဲ့ရ သည်များကို ရှင်းပြရာ၌ အထောက်အကူ ဖြစ်စေပါသည်။
ဥပမာပြရလျှင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာနှင့် သက်ဆိုင်သောကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက် စွက်ဖက်ရန် တွန့်ဆုတ်နေခဲ့ခြင်းက ဗုဒ္ဓဘာသာ အများစု၏ သူ့အပေါ်ထောက်ခံမှုကို အင်အားကောင်းအောင် ဆက်လက် ထိန်းသိမ်းထားရန် အကူအညီ ဖြစ်ခဲ့သည်။ မဘသ ကဲ့သို့သော ဗုဒ္ဓဘာသာ အခြေခံ အဖွဲ့အစည်းများကို ရန်ဘက်မပြုမိအောင်လည်း ရှောင်ရှားခဲ့သည်။ မဘသအဖွဲ့က မှေးမှိန်သွားပြီဟု ဆိုကြသည့်တိုင် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းအချို့တွင် သြဇာလွှမ်းမိုးနေဆဲ ဖြစ်ပြီး ပိုမို၍ နိုင်ငံရေး အသွင်ဆောင်လာရန်လည်း အစီအစဉ်များ ရှိနေသည်။ NLD က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် မွတ်ဆလင်ကိုယ်စားလှယ်လောင်း တယောက်မျှ ဝင်ရောက် ယှဉ်ပြိုင်စေခြင်း မပြုခဲ့သည်မှာလည်း အလားတူ စဉ်းစားစရာ အချက်ဖြစ်သည်။
ပို၍ ကျယ်ပြန့်စွာဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်မှုက တပ်မတော်မဟုတ်သည့် အခြားနိုင်ငံရေးပါတီများ၏ သဘောတူညီမှုကိုလည်း ဆက်လက်ရရှိရန် ကူညီခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ဖြစ်သည်။ အကယ်၍ သူက အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် နောက်တကြိမ်တွန်းအားပေးခဲ့မည် ဆိုလျှင် လွှတ်တော်၏ ထောက်ခံမှု လိုအပ်မည် ဖြစ်သည်။ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နိုင်သည်မှာ ကချင်နှင့် ရှမ်းပြည်နယ်များ အပါအဝင် တိုင်းပြည်တွင် ဆက်လက် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအမျိုးမျိုးနှင့် ပတ်သက်၍ တပ်မတော်၏ လုပ်ဆောင်ချက်များကို ဒေါ်အောင်ဆန်းစုကြည်က စိန်ခေါ်မှု မရှိခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ဦးစားပေးတခုဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် NLD ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်နေသည့် တလျှောက်လုံးတွင် တပ်မတော်၏ ထိုးစစ်များက အရှိန်ပြင်းထန် လာခဲ့သည်။
၎င်းတို့၏ လုပ်ဆောင်ချက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အနုတ်သဘော သက်ရောက်လိမ့်မည် ဖြစ်ကြောင်း တပ်မတော်က သိရှိဖွယ် ရှိပါသည်။ သို့သော်လည်း အမှုမထားဘဲ ဆက်လက်ဆောင်ရွက်ခဲ့သည်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားမှု အနည်းငယ်ပြသခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ရပ်တန့်ရန် တောင်းဆိုခြင်း သို့မဟုတ် တပ်မတော်၏ လုပ်ရပ်များ အပေါ် လူသိရှင်ကြား ဝေဖန်ခြင်း မပြုလုပ်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေခဲ့ခြင်းက သူ လိုအပ်သည့် အရာကို ရရှိကောင်း ရရှိနိုင်သော်လည်း ထိုသို့ပြုလုပ်ခြင်းက တပ်မတော်၏ အနေအထားကို လူထုအမြင်တွင် ပိုမိုမြင့်တက်စေခဲ့ပြီး (ဒေါ်အောင်ဆန်းစုကြည် လိုချင်လိမ့်မည် မဟုတ်သည့်) တပ်မတော်က အာဏာအရှိဆုံး အဖွဲ့အစည်းအဖြစ် ဆက်လက်ရှိနေခြင်းကို အတည်ပြုသလို ဖြစ်သွားပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်နှင့် အစိုးရတို့ အဆင်ပြေပြေ အလုပ်လုပ်နိုင်ရန် တပ်မတော်၏ သဘောတူညီမှု လိုအပ်ပါသည်။ အထူးသဖြင့် အုပ်စုများကြားတွင် ညှိနှိုင်းမှုများ အမြဲမပြတ် ပြုလုပ်နေရသည့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများတွင် ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အတွက် လွှတ်တော်တွင် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် လိုအပ်ပါသည်။ အကယ်၍ လွှတ်တော်အတွင်းမှ တပ်မတော်ကိုယ်စားလှယ်များ အားလုံးက မဲပေးခဲ့မည် ဆိုလျှင် တပ်မတော်က လွှတ်တော်တွင် မဲ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အတားအဆီးကို ကျော်ဖြတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား မဟုတ်သည့် ကိုယ်စားလှယ်များ အားလုံး၏ ထောက်ခံမှု နှင့် တပ်မတော်သား ကိုယ်စားလှယ် အချို့၏ ထောက်ခံမှု လိုအပ်ပါသည်။ တပ်မတော်၏ ဆုံးဖြတ်ချက်များနှင့် မူဝါဒများကို မဝေဖန်ဘဲ လွှတ်ထားခြင်း (သို့မဟုတ် နှုတ်ဆိတ်နေခြင်း) အားဖြင့် တပ်မတော်၏ အစုအဖွဲ့ကို ဖဲ့ထုတ်နိုင်မည်၊ အချိန်ကျလာသည့် အခါ လုံလောက်သော ယုံကြည်မှုနှင့် ထောက်ခံမှု ရရှိမည့် အလားအလာ ရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့် ထားဖွယ်ရာ ရှိပါသည်။ နောက်ဆုံးတွင် ဖြစ်လာသမျှကို ရင်ဆိုင်ရန်မှအပ ဘာအကြောင်း ရှိပါတော့မည်နည်း။
ဒေါ်အောင်ဆန်းစုကြည်က သူသည် ဒီမိုကရေစီ ပုံရိပ်တခု မဟုတ်ဘဲ နိုင်ငံရေးသမားတဦး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေးသမားများသည် ဇာတ်ကောင်များကို ကစားကြပြီး ရလဒ်များ ရရှိရန် အခြေအနေများကို အားသာချက်အဖြစ် အသုံးချကြသည်။ အခြားသူများကိုပင် အသုံးချသည်။ ဒီမိုကရေစီ ပုံရိပ် အခန်းကဏ္ဍကို ကစားရင်း စစ်အစိုးရကို ရင်ဆိုင်ခြင်းက အလုပ်ဖြစ်ခဲ့၏။ ပြည်တွင်းနှင့် ပြည်ပမှ ထောက်ခံမှုများကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သည်။ နောက်ဆုံးတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ သူ၏ ပါတီ မဲအပြတ်အသတ်နှင့် အနိုင်ရရှိအောင် ဦးဆောင်နိုင် ခဲ့သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် ရည်ရွယ်ချက်တခုကို ရရှိရန် နောက်ထပ် ပွဲတပွဲကို နွှဲနေခြင်းက အံ့သြစရာ မဟုတ်ပါ။ ထိုရည်ရွယ်ချက်ကို ရရှိအောင်ပြုလုပ်ခြင်းက နာကျင်မှုများ၊ ဝေဖန်မှုများ ခံစားရသော်လည်း ထိုက်တန်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယူဆထားကြောင်း သူ၏ လုပ်ရပ်များက ပြသနေသည်။
သို့သော်လည်း တပ်မတော်က မြန်မာ့နိုင်ငံရေး သို့မဟုတ် လူ့အဖွဲ့အစည်းအပေါ် သူတို့၏ သြဇာလွှမ်းမိုးမှုကို လျှော့ချမည့် သို့မဟုတ် ဖယ်ထုတ်မည့် အကြောင်းအလဲကို သဘောတူခြင်းကို မြင်ရရန် ခက်ခဲပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ခဲ့သည်ဟု ဆိုလျှင် တန်ဖိုးကြီးကြီး ပေးဆပ်ရသည့် အောင်ပွဲတခု ဖြစ်လာပါမည်။ နောက်ဆုံးတွင် သူ၏ ဂုဏ်သိက္ခာကို ထိခိုက်မှု ရှိကောင်း ရှိနိုင်သလို အခြားသော နိုင်ငံရေး ပြိုင်ဖက်များကလည်း သူတို့၏ ကိုယ်ပိုင် နိုင်ငံရေး အနာဂတ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှု အခြေခံများကို ပစ်မှတ်ထားနေကြပြီ ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်သွားခဲ့လျှင် လက်ရှိအချိန်၌ သူ၏ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းနေရသည့် အခြေအနေအတိုင်း Failed idol အဖြစ် ဆက်ရှိနေပါလိမ့်မည်။
(Lowy Institute ၏ The Interpreter ပါ Rhys Thompson ၏ Aung San Suu Kyi still bent on constitutional change ကို ဘာသာပြန်ဆိုသည်)