အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး အာချေး ကော်မရှင်ကို နမူနာယူပါ

ဟန်ပိုင်
အာချေး အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့တာ အခုဆိုရင် သက်တမ်းအားဖြင့် ၁ နှစ် နီးပါး ရှိပြီ ဖြစ်ပါတယ် / Amnesty International

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေး (Banda Aceh) ဒေသဟာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာမှာ တိုက်ခတ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းလုံး တွေကြောင့် လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ကြုံတွေ့ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ အဲဒီဆုံးရှုံးမှု တွေကို ပြန်လည် ထူထောင်ဖို့ ကြိုးစားရင်းနဲ့ အင်ဒိုနီးရှားအစိုးရနဲ့ အာချေးဒေသ လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ (Free Aceh Movement – FAM) တို့အကြား ၂၀၀၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ဟယ်လ်စင်ကီ သဘောတူစာချုပ် (Helsinki Peace Agreement) အရ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ပါတယ်။

ဟယ်လ်စင်ကီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တရားမျှတမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုတွေကို အဓိကထား မဆွေးနွေးကြ ပေမယ့် သဘောတူတဲ့ ချက်တွေထဲမှာ အာချေးဒေသ အတွက် လူ့အခွင့်အရေး ခုံရုံး (Human Rights Court) ဖွဲ့စည်းဖို့နဲ့ ပြန်လည် သင့်မြတ်ရေးကို ရည်ရွယ် လုပ်ဆောင်မယ့် အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေးကော်မရှင် (Truth and Reconciliation Commission) တရပ် ဖွဲ့စည်းဖို့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

ဟယ်လ်စင်ကီ သဘောတူစာချုပ် ချုပ်ဆိုပြီး ၁၁ နှစ်ကြာတဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာမှ အဖွဲ့ဝင် ၇ ဦးပါဝင်ပြီး ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာ ကော်မရှင်လုပ်ငန်းတွေ ဆောင်ရွက်မယ့် အာချေး အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် အခုဆိုရင် သက်တမ်းအားဖြင့် ၁ နှစ် နီးပါး ရှိပြီ ဖြစ်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင် ဖွဲ့စည်းနိုင် ဖို့ အဆင်ပြေ ချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ အင်ဒိုနီးရှား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နောက်ခံ၊ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး အပေါ် ကာကွယ် စောင့်ရှောက် မြှင့်တင်လိုစိတ်နဲ့ ဥပဒေရေးရာ ရှုပ်ထွေးမှုတွေ ရှိခဲ့ပါတယ်။

ဟယ်လ်စင်ကီ သဘောတူညီချက် အရ အာချေးမှာ အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင် ဖွဲ့စည်းဖို့ ပြဋ္ဌာန်းခဲ့တဲ့ အတွက် အာချေးအစိုးရက ၂၀၀၆ ခုနှစ်မှာ ကော်မရှင်ဖွဲ့ဖို့ ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင် ဖွဲ့စည်းမှုဟာ ၁၉၄၅ ခုနှစ် အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေတယ် လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အာချေးမှာ အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင် ဖွဲ့စည်းဖို့ ကြန့်ကြာခဲ့ ပါတယ်။

နောက်တခါ ၂၀၁၃ ခုနှစ်မှာ အာချေးပါလီမန်က ကော်မရှင်ဖွဲ့ဖို့ ဥပေဒတရပ်ကို အတည်ပြုခဲ့ ပေမယ့် တနှစ်ကျော်တဲ့ အထိ အင်ဒိုနီးရှား အစိုးရနဲ့ ဥပေဒရေးရာ ခုံရုံးတွေရဲ့ ကန့်ကွက် ပြောဆိုမှုတွေ ရှိတဲ့ အတွက် အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာချေး အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်မှာ ကော်မရှင်အဖွဲ့ဝင် ၇ ဦးပါဝင်ပြီး၊ အမှန်တရား ဖော်ထုတ်ရေး (Truth) နဲ့ ပြန်လည် ထူထောင်ရေး (Reparation) လုပ်ငန်းစဉ်တွေ အတွက် အမျိုးသမီး ကော်မရှင် ၂ ဦး ပါဝင်တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ပြန်လည် သင့်မြတ်ရေး (Reconciliation) လုပ်ငန်းစဉ်ကို တာဝန်ယူထားတဲ့ ကော်မရှင် အဖွဲ့ဝင်က နုတ်ထွက်ထားတဲ့ အတွက် လူစားထိုးဖို့ ဆောင်ရွက်နေပါတယ်။ ကော်မရှင်ရဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လက်ရှိမှာ ဝန်ထမ်း ၁၁ ဦး ရှိပြီး ဝန်ထမ်း ၃၀ အထိ တိုးချဲ့ခန့်ထားမယ် လို့ ဆိုပါတယ်။

အာချေး အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေ ကတော့ အမှန်တရား ဖော်ထုတ်ရေး (Truth) လုပ်ငန်း ဖြစ်တဲ့ ပဋိပက္ခအတွင်း အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ မှတ်တမ်းတင်တာ၊ အချက်အလက် ရှာဖွေစုဆောင်းတာ၊ စုံစမ်းမေးမြန်းတာနဲ့ လူထုကြားနာပွဲတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အမှန်တရား ဖော်ထုတ်ရေး အဖွဲ့က ရရှိလာတဲ့ အချက်အလက်တွေကို အချက်အလက် စိစစ်၊ သုံးသပ်တဲ့ (Data Management) လုပ်ငန်းကို ပို့ပေးမှာ ဖြစ်ပြီး နောက်ဆုံး အစီရင်ခံစာကို သူတို့က ရေးသားပြုစုပေးမှာ ဖြစ်ပါတယ်။

အမှန်တရား ဖော်ထုတ်ရေး အဖွဲ့က ရရှိလာတဲ့ အချက်အလက်တွေ အပေါ် မူတည်ပြီး ပြန်လည် ထူထောင်ရေး (Reparations) လုပ်ငန်းအဖွဲ့က စိစစ်သုံးသပ်မှုတွေ လုပ်ပြီးတဲ့ နောက် ရေတိုမှာ အရေးပေါ် အကူအညီ လိုအပ်နေတဲ့ သူတွေနဲ့ ရေရှည်မှာ အစိုးရက တာဝန်ယူရမယ့် ပြီးပြည့်စုံတဲ့ ပြန်လည် ထူထောင်ရေး လုပ်ပေးဖို့ လိုအပ်နေသူတွေကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

အမှန်တရား ဖော်ထုတ်ရေး အဖွဲ့က ရရှိလာတဲ့ အချက်အလက်တွေ အပေါ် အခြေခံပြီး ပြန်လည် သင့်မြတ်ရေး (Reconciliation) လုပ်ငန်းအဖွဲ့က ပဋိပက္ခ ဖြစ်ပွားစဉ်က ဘက်ပေါင်းစုံက ပါဝင်ပတ်သက်ခဲ့တဲ့ လူမှု အသိုင်းအဝိုင်း၊ လက်နက်ကိုင် အဖွဲ့အစည်းက အဖွဲ့ဝင်ဟောင်းတွေ အနေနဲ့ ပြန်လည် သင့်မြတ်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်ကို ဖန်တီး နိုင်မယ့် လုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ကော်မရှင် အနေနဲ့ အထက်ပါ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေလည်းအများကြီး ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကော်မရှင်လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဘဏ္ဍာငွေ ရရှိရေးကလည်း အရေးကြီးပါတယ်။ လက်ရှိမှာတော့ အာချေးအစိုးရက ၂၀၁၇ ခုနှစ် အတွက် အင်ဒိုနီးရှားရူပီး ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ သိန်းခွဲ ကျော်) နဲ့ ကော်မရှင် အသုံုးပြုဖို့ ရုံးနေရာ (ယာယီ) ကို ကူညီထားပါတယ်။

ဒီငွေကြေးတွေကို ကော်မရှင် စတင် လည်ပတ်ဖို့၊ ဝန်ထမ်း စုဆောင်းခန့်ထားတာ၊ လေ့ကျင့်သင်ကြားပေးတာ၊ လိုအပ်တဲ့ ရုုပ်ဝတ္ထု ပစ္စည်းတွေ တပ်ဆင်တာတွေ အတွက် အများဆုံး အသုံးပြုကြမှာ ဖြစ်ပြီး အမှန်တရားဖော်ထုတ်ရေး လုပ်ငန်းစဉ် တွေ အတွက် ကွင်းဆင်း မှတ်တမ်းတင် လုပ်ငန်းတွေ စတင်တဲ့ အခါ ဝန်ထမ်း၊ ငွေကြေးနဲ့ ရုုပ်ဝတ္ထုပစ္စည်းတွေ ပိုမို လိုအပ်လာမှာ ဖြစ်ပါတယ်။
နောက်တခါ အမှန်တရား ဖော်ထုတ်ဖို့ မှတ်တမ်းတင်တာ၊ လူထုကြားနာပွဲတွေ လုပ်တဲ့အခါ မှာလည်းနစ်နာခဲ့သူတွေနဲ့ မျက်မြင်သက်သေတွေကို အကာအကွယ်ပေးရေးနဲ့ ကော်မရှင် အဖွဲ့ဝင်တွေရဲ့ လုံခြုံရေး ကိစ္စတွေကိုပါ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကို ကောက်ယူစုဆောင်းထားတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေ ကလည်း ကော်မရှင်လုပ်ငန်းတွေကို အထောက်အကူ ပြုနိုင်အောင် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း ဆက်စပ် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

အာချေး အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်မှာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်သူ တွေနဲ့ ပတ်သက်ပြီး အပြစ်ဒဏ်ကနေ လျှော့ပေါ့တာ၊ ကင်းလွတ်ခွင့် ပေးတာမျိုး မပါဝင်ပါဘူး။ ဒီလုပ်ပိုင်ခွင့်က လူ့အခွင့်အရေး ခုံရုံးကသာ လုပ်ပိုင်ခွင့်ရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ခုံရုံးက ဆုံးဖြတ်ချက် မချခင်အထိ အာချေးကော်မရှင်က အကြံပြုတာမျိုးတော့ လုပ်လို့ ရပါတယ်။

အမှန်တရား ဖော်ထုတ်ရေး ကော်မရှင်တွေရဲ့ အခက်အခဲဆုံးလုပ်ငန်းတခုဖြစ်တဲ့ ပြန်လည် သင့်မြတ်ရေး (Reconciliation) လုပ်ငန်းကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အတိတ်က အနာဟောင်းတွေကို ပြန်လည် ကုုစား သက်သာအောင် ဆောင်ရွက်ပြီး တချိန်တည်းမှာပဲ ပဋိပက္ခဖြစ်ပွားစဉ်မှာ ပါဝင်ခဲ့တဲ့ ဘက်ပေါင်းစုံက လူ့အဖွဲ့အစည်း အားလုံးအကြား ပြန်လည် ပေါင်းစည်းတဲ့၊ သင့်မြတ်တဲ့ အနာဂတ်ကို ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ အာချေး သူပုန်ဟောင်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အာချေး အစိုးရ၊ ပါလီမန်၊ အာချေးဒေသက အစဉ်အလာရှိ လူရိုသေ၊ ရှင်ရိုသေပုဂ္ဂိုလ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ စသဖြင့် ဘက်ပေါင်းစုံ၊ နောက်ခံပေါင်းစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး တိုင်ပင်ဆောင်ရွက်မယ် လို့လည်း သိရပါတယ်။

အင်ဒိုနီးရှား နိုင်ငံရေး အပြောင်းအလဲနဲ့ အစိုးရ အဆက်ဆက်က အာချေးအမှန်တရားနဲ့ သင့်မြတ်ရေး ကော်မရှင် ဖွဲ့စည်း ပေးဖို့ မေးခွန်းထုတ်စရာ စိတ်အားထက်သန်မှု၊ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ အတူ အာချေးအမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ဟာ လုပ်ငန်းတွေ စတင် လည်ပတ်နေပြီ ဖြစ်ပါတယ်။

အာချေးမှာ အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင်ပေါ်လာဖို့ အတွက် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စည်းရုံး တိုက်တွန်း လှုံ့ဆော် ကြိုးပမ်းမှု၊ အင်ဒိုနီးရှား ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေ အတွင်း အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ဆိုင်ရာ (Transitional Justice) လုပ်ငန်း အတွေ့အကြုံ ရှိသူတွေ၊ အင်ဒိုနီးရှား လက်အောက်ကနေ လွတ်လပ်ရေး ရသွားတဲ့ အရှေ့တီမောမှာ အမှန်တရားနဲ့ ပြန်လည် သင့်မြတ်ရေး ကော်မရှင် (CAVR) ဖွဲ့စည်းတဲ့အခါ ဆောင်ရွက်ဖူးသူတွေရဲ့ အတွေ့အကြုံနဲ့ အကြံဉာဏ်တွေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကို တွေ့ရပါတယ်။

အင်ဒိုနီးရှား အတွေ့အကြုံထဲက သင်ခန်းစာယူစရာတွေကို လေ့လာနေကြသူ မြန်မာတွေအဖို့ ဘန်ဒါအာချေးကလည်း အတုယူ အားကျစရာ သင်ခန်းစာတခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။ ။

(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)

Loading