ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက ရခိုင်ပြည်နယ် မြောက်ပိုင်းက အစိုးရ လုံခြုံရေး ရဲကင်းစခန်း ၃၀ နဲ့ တပ်ဌာနချုပ် ၁ ခုကို တပြိုင်နက်တည်း ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ နောက် သိန်းနဲ့ ချီတဲ့ (သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ လို့ခေါ်တဲ့) ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ကုလမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေရဲ့ အကြီးအကျယ် ဝေဖန်မှု ခံနေရ ပါတယ်။
ARSA ကို မြန်မာအစိုးရက “အစွန်းရောက် အကြမ်းဖက်အဖွဲ့” အဖြစ် ကြေညာပြီး၊ မြန်မာတပ်မတော်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် နယ်မြေ တခုလုံးကို နယ်မြေ ရှင်းလင်းရေး စစ်ဆင်မှုတွေ ဆောင်ရွက်ခဲ့တဲ့ နောက် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဘင်္ဂါလီ ၆ သိန်း နီးပါး ထွက်ပြေးလာရတယ် လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ ထုတ်ပြန် ချက်ဟာ အငြင်းပွားစရာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက ဘင်္ဂါလီတွေ အစုလိုက် ထွက်ပြေးရတဲ့ အပေါ် ဝေဖန်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် က လုပ်ငန်းစဉ် ၃ ရပ် ဖြစ်တဲ့ ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းကို အဓိက ဦးစားပေး ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။
ဒါပေမယ့် လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဲ့ အဓိက ဦးစားပေး လုပ်ငန်းစဉ် ၃ ရပ်ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ပါ့မလား၊ ဘာတွေ အခက်အခဲတွေ ရှိသလဲ ဆိုတာ ဆွေးနွေး တင်ပြပါမယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်တဲ့ “ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ကော်မတီ” က ဒုက္ခသည်များ ပြန်လည် လက်ခံရေး၊ နေရာချထားရေးနှင့် အကူအညီများ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ကဏ္ဍစုံ၊ အလွှာစုံ ပူးပေါင်းဆောက်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မကြာသေးမီက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို “ခိုင်မာတဲ့ သက်သေ အထောက်အထား” ပြနိုင်လျှင် မြန်မာ အစိုးရဘက်က ပြန်လည် လက်ခံသွားမယ် လို့ ဆိုပါတယ်။ ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို ၁၉၉၃ – ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် အရ မြန်မာအစိုးရက ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည် စိစစ် လက်ခံသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေဟာ နှစ်ပေါင်းများစွာ ရှိနေကြပေမယ့် မြန်မာနိုင်ငံသား ဖြစ်ခွင့် ပိတ်ပင်ခံထားရသူတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာဘက်ကို တရားမဝင် လာရောက် နေထိုင်ကြသူတွေဖြစ်တယ် ဆိုတဲ့ အမြင်က မြန်မာ့လူ့အဖွဲ့အစည်းမှာ ခိုင်မာကျယ်ပြန့်စွာ နေရာယူထားခဲ့လို့ပါပဲ။ ဘင်္ဂါလီ အများစုဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ တရားဝင် နေထိုင်ခွင့်ရရေးထက် မြန်မာပိုင် နယ်မြေက ခွဲထွက်ပြီး “အစ္စလမ်နိုင်ငံ” ထူထောင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူတွေလို့လည်း ယုံကြည်ကြသူ တော်တော်များများ ရှိပါတယ်။
“ရိုဟင်ဂျာ” ဆိုတဲ့ စကားကိုလည်း အများစုက လက်မခံကြဘဲ ရွံမုန်းကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ (သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ လို့ ခေါ်သူ) ဘင်္ဂါလီတွေ ဟာ မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးတခုအနေနဲ့ အသိအမှတ် ပြုပေးဖို့ သဘောဆောင်နေတာကြောင့် ဖြစ်ပါတယ်။ အခုလို အနေအထားဟာ အစိုးရရဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဖို့ အခက်အခဲ တခုဖြစ်သလို၊ ပြဿနာကို ပိုပိုရှုပ်ထွေး လာစေနိုင်တဲ့ အကြောင်းအရင်းလည်း ဖြစ်နေ ပါတယ်။
ပြောရမယ် ဆိုရင် အခုနောက်ဆုံး အကြမ်းဖက်တိုက်ခိုက်မှု မတိုင်ခင်က လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး သွားတဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ဘင်္ဂါလီတွေဟာ မြန်မာအစိုးရရဲ့ ၁၉၈၂ ခုနှစ် ဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ရာမှာ “ရိုဟင်ဂျာလူမျိုး” လို့ အစိုးရက အသိအမှတ် မပြုတာကြောင့် နိုင်ငံသား စိစစ်ရေး ဆောင်ရွက်ရေး လုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်ဖို့ ငြင်းဆန်နေသူတွေ ဖြစ်တဲ့ အပြင် တကယ်လို့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ ဘင်္ဂါလီတွေကိုလည်း ARSA အကြမ်းဖက် သမားတွေက သတ်ဖြတ်တာတွေလည်း ရှိနေပြန်ပါတယ်။
ဒီတော့ NLD အစိုးရ အကောင်းအထည်ဖော်မယ့် လုပ်ငန်းစဉ်တွေမှာ ဘင်္ဂါလီတွေရဲ့ ပူးပေါင်းပါဝင်မှု ရရှိနိုင်ပါ့မလား။ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားတဲ့ သူတွေကို လက်ခံတဲ့ အခါ NLD အစိုးရရဲ့ လက်ရှိ လုပ်ငန်းစဉ်တွေကို တပ်မတော်ဘက်က ဘယ်လောက် အတိုင်းအတာထိ လက်ခံနိုင်မလဲ ဆိုတဲ့ အချက်တွေ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပြီး၊ အစိုးရက ပြန်လည် လက်ခံသူတွေထဲမှာ ARSA အကြမ်းဖက်သမားတွေ ရောထွေး ဝင်ရောက်လာမှာကိုလည်း လူအများက စိုးရိမ်မှုတွေ မြင့်တက်လာနေတာလည်း ရှိနေပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရခိုင်အမျိုးသားရေး ဝါဒီတွေက လက်ရှိ မြန်မာနိုင်ငံဘက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီတွေကို ပြန်လည် လက်မခံဖို့ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိလာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘင်္ဂါလီတွေရဲ့ မူရင်း နေရပ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဖြစ်ပြီး၊ မြန်မာနိုင်ငံကို တရားမဝင် ရောက်လာသူတွေ ဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန္ဒပြကြတာပါ။
တဖန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို NLD ပါတီက ခန့်အပ်တာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က အတိုက်အခံ လုပ်မယ်လို့ ၂၀၁၅ ခုနှစ်က ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့တဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့ကြား သဘောထားတင်းမာမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီ ပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ မူဝါဒ ချမှတ်ရေး လုပ်ငန်းစဉ်တွေရော၊ အကောင်အထည်ဖော်တဲ့ အပိုင်းမှာရော ရခိုင်အမျိုးသားပါတီ (ANP) ပါတီကို NLD ပါတီက ဘေးဖယ်ထားတာ တွေ့ရပါတယ်။ အဲဒီတော့ NLD အစိုးရရဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ ANP ပါတီရဲ့ ထောက်ခံမှု ဘယ်လောက်ရရှိမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အခြား တဖက်မှာလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ရယူထားတဲ့ ဦးညီပုရဲ့ ဘင်္ဂါလီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက် အပေါ် ရခိုင်ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အထူးသဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီ အကြမ်းဖက်မှု ပြဿနာရဲ့ အခြေအနေမှန်ကို ရခိုင်ပြည်သူတွေရဲ့ ရှေ့က မားမားမတ်မတ် ရပ်တည် ပြောဆိုတာတွေ၊ ဆွေးနွေးတိုင်ပင်တာတွေ၊ အစိုးရရဲ့ အစီအစဉ်တွေကို ရခိုင်ပြည်သူတွေကို ပွင့်ပွင်းလင်းလင်း ချပြတာတွေ မရှိလို့ပဲ ဖြစ်ပါတယ်။
လက်ရှိ အနေအထားမှာတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရဟာ လူမှုကူညီ ထောက်ပံ့ရေး လုပ်ငန်းတွေ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ သံတမန်တွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပို့ပေးတာ၊ နေပြည်တော်မှာ ပုံမှန် အစည်းအဝေး တက်ရောက်တာ၊ အခမ်းအနား တက်ရောက်တာ စတဲ့ အလုပ်တွေသာ အစိုးရရဲ့ အဓိက အလုပ် တခုလို ဖြစ်နေပါတယ်။ ပြောရရင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရဲ့ ဦးဆောင်မှု အခန်းဂဏ္ဍ ပျောက်နေတဲ့ သဘောပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ ၎င်းတို့ရဲ့ လုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပါတီတွေက တာဝန်ရှိသူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ညှိနှိုင်း တိုင်ပင် ဆွေးနွေးပြီး အဖြေတခု ရှာသင့်သလို၊ လက်ရှိအစိုးရရဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ရာမှာလည်း ရခိုင်ပြည်သူတွေကို ပါဝင်ခွင့်ပေးဖို့ အရေးကြီးပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီ ပြသနာဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ထောက်ခံမှု မရရှိရင် ဖြေရှင်းဖို့ အင်မတန်ခက်ခဲ့မယ်လို့ ယူဆမိ ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီပြသနာမှာ NLD ဦးဆောင်တဲ့ အစိုးရနဲ့ ရခိုင် အမျိုးသားပါတီ (ANP) တို့ ကြား အပြုသဘောဆောင် ချဉ်းကပ်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေသလို တဖက်ကလည်း ရခိုင်နိုင်ငံရေး ပါတီတွေ၊ ရွေးချယ်ခံ ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ခံအားပေးမှု ရှိမှသာ NLD အစိုးရရဲ့ မူဝါဒ အကောင်အထည်ဖော်ရေး အောင်မြင်မှာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။
(ထွန်းထွန်းနိုင်သည် ၂၀၁၃ ခုနှစ်မှာ ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေး နှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ ရရှိခဲ့ပြီး၊ နိုင်ငံရေး နှင့် မူဝါဒရေးရာ လေ့လာသုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်။)