တပ်မတော်၏ နိုင်ငံရေး အခန်းကဏ္ဍကို အကဲဖြတ်ခြင်း

ကျော်စွာမိုး
NCA ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် အတူတကွ တွေ့ရသော အရပ်ဘက် စစ်ဘက် ခေါင်းဆောင်များ / Snr-Gen Min Aung Hlaing / Facebook
Want create site? Find Free WordPress Themes and plugins.

တပ်မတော်၏ ပူးပေါင်းပါဝင်မှု မရှိလျှင် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ခရီးရောက်နိုင်မည် မဟုတ်ပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံရေးတွင် ဤပကတိတရားကို မည်သူမှ ပစ်ပယ်၍ မရနိုင်ပေ။

ကမ္ဘာ့နိုင်ငံ အများစုနှင့်မတူပဲ မြန်မာနိုင်ငံတွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ အစဉ်အလာအရ၊ သမိုင်းကြောင်းအရ နိုင်ငံရေးဗဟိုချက်မတွင် ရှိနေပါသည်။

ထိုအချက်သည် ရှောင်လွှဲ၍ မရသည့် အချက်ဖြစ်သည်။ အကဲဆတ်သော မြန်မာနိုင်ငံရေးတွင် ပြည်တွင်းခေါင်းဆောင်များသာမက နိုင်ငံတကာခေါင်းဆောင်များကပါ ၎င်းတို့သက်ဆိုင်သော လုပ်ငန်းရည်ရွယ်ချက်များကို အောင်မြင်ရန် တပ်မတော်ခေါင်းဆောင်များနှင့်အတူ မဆောင်ရွက်၍ မရပါ။

မြန်မာပြည်သူအများစုသည် ဆယ်စုနှစ်များစွာ ဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းကြသည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပြည်သူများအပေါ် အာဏာအလွဲသုံးစားလုပ် ဖိနှိပ်ပြီး နိုင်ငံတကာစည်းမျဉ်းများကို ချိုးဖောက်သည်ဟုဆိုကာ တပ်မတော်ကို ပိတ်ဆိုု့အရေးယူခြင်းဖြင့် ဒဏ်ခတ်ခဲ့သည်။

၎င်းတို့ အာဏာယူအုပ်ချုပ်စဉ်တလျှောက် ဆန့်ကျင်မှုများဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း တပ်မတော်သည် ယခုထိ နိုင်ငံရေးစင်မြင့်ထက်တွင် ရှိနေဆဲဖြစ်သည်။ နှစ်ပေါင်း ၂၀ ကြာ အနောက်အုပ်စု၏ ပိတ်ဆို့ဒဏ်ခတ်မှုတွေက တပ်မတော်ကို အင်အားချည့်နဲ့အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ယနေ့ထက်တိုင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် စစ်အစိုးရဟောင်း ရေးဆွဲထားသည့် မူဘောင်ကို ကျော်လွန်၍ မပြောင်းလဲသေးပေ။

ပထမဆုံး ရွေးချယ်တင်မြှောက်ခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသက်တမ်း တနှစ်ခွဲကျော်ကာလတွင်လည်း တပ်မတော်သည် နိုင်ငံရေးတွင် အဓိက အရေးကြီးဆုံးသော အဖွဲ့အစည်းအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

၁၉၈၈ ခုနှစ် တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် အရေးတော်ပုံမှစပြီး ပြီးခဲ့သည့် ၂၉ နှစ်တာကာလ တလျှောက်လုံး စစ်တပ်ကို စစ်တန်းလျားပြန်သွားရန် ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းချက်များမှာ မအောင်မြင်သေးပေ။

အတိုက်အခံများဖြစ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၊ အခြားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများသည် စစ်အစိုးရ၏ နိုင်ငံရေးလမ်းပြမြေပုံထက် ကျော်လွန်၍ ၎င်းတို့၏ နိုင်ငံရေးနည်းဗျူဟာများကို မဖော်ဆောင်နိုင်ခဲ့ပါ။

ထိုကာလအတွင်း တပ်မတော်သည် ၎င်းတို့ကို နိုင်ငံရေးတွင် ဦးဆောင်ရန် အာမခံချက်ပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲနိုင်ခဲ့သည်။ အကျိုးရလဒ်အဖြစ် တပ်မတော်သည် အစိုးရမဟုတ်သော်လည်း နိုင်ငံရေးဗဟိုချက်မတွင် အာဏာရှိနေဆဲဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရေးပါဆုံးသော အာဏာရှိသူတဦး ဖြစ်နိုင်ပေသည်။

ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်အားလုံးတွင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များကို သူက ရွေးချယ်သည်။ ဒုတိယသမ္မတ တနေရာနှင့် အဓိကကျသည့် ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနေရာတို့အတွက် သူကပင် အမည်စာရင်းတင်သွင်းသည်။

ထို့အပြင် တပ်ချုပ်သည် တပ်မတော်သာမက အခြားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကြီးအကဲလည်း ဖြစ်သည်။ အခြားနိုင်ငံများတွင် ထိုတာဝန်ကို သမ္မတက ယူရလေ့ရှိသည်။

တပ်မတော်သည် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်မှာ အစဉ်အလာတခုဖြစ်ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အိမ်စောင့်အစိုးရအဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စစ်အစိုးရအနေဖြင့် လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လ အထိ တပ်မတော် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစိုးရအဖြစ်လည်းကောင်း အုပ်ချုပ်ခဲ့သည်။

သို့ဖြစ်၍ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့ပြီးနောက် ၆၉ နှစ်တာကာလအတွင်း ၅၆ နှစ်မျှ တပ်မတော်နှင့် ၎င်း၏ခေါင်းဆောင်များက နိုင်ငံကို အုပ်ချုပ်ခဲ့သည်ဟု ဆိုနိုင်သည်။

သမိုင်းကြောင်းအရဆိုလျှင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ၁၉၄၁ ခုနှစ်တွင် လွတ်လပ်ရေးအတွက် စတင်ထူထောင်ခဲ့သည်။ ဘီအိုင်အေကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မျိုးချစ်နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် အစဉ်အဆက် တပ်မတော် ခေါင်းဆောင်များအနေဖြင့် တပ်မတော်သည် ပြည်တွင်း ပြည်ပမှ အချုပ်အခြာအာဏာကို ထိပါးလာမှုမှန်သမျှကို ကာကွယ်ပေးသည့် မျိုးချစ်တပ်မတော်ဖြစ်သည်ဟု ယုံကြည်ကြသည်။

ထိုသို့သော အစဉ်အလာနှင့် သမိုင်းကြောင်းတို့ကြောင့် စစ်တပ်သည် ပိုမို အင်အားတောင့်တင်း ခိုင်မာသည့် အဖွဲ့အစည်းတခု ဖြစ်လာခဲ့သည်။ ၄ သိန်းခွဲထက် မနည်းသည့် စစ်အင်အားနှင့်အတူ မြန်မာစစ်တပ်သည် အရှေ့တောင်အာရှတွင် အားကောင်းသည့်တပ် တတပ် ဖြစ်လာခဲ့သည်။

တပ်ခေါင်းဆောင်များသည် အထူးသဖြင့် ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်အာဏာသိမ်းယူပြီးနောက် ၎င်းတို့ဆောင်ပုဒ်ဖြစ်သော “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး”စသည့် ဒို့တာဝန်အရေးသုံးပါးကို အမြဲကိုင်စွဲခဲ့သည်။

လက်ရှိခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း အလားတူပင်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့က နေပြည်တော်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားခဲ့ရာ စစ်တပ်၏ အာဏာနှင့် နိုင်ငံရေးရပ်တည်ချက်ကို ကျနော်တို့ ထပ်မံမြင်နိုင်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မိန့်ခွန်းပြောသည့် ခေါင်းဆောင်သုံးဦးအနက်မှ တဦးဖြစ်သည်။ အစိုးရကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးကလည်းကောင်း အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အရေးကြီးသည့် နိုင်ငံရေးအခမ်းအနားများတွင် အမြဲဆိုသလို မိန့်ခွန်းပြောလေ့ရှိပြီး နိုင်ငံတကာ အရေးကြီး ဧည့်သည်တော်များက စစ်ရေး (သို့မဟုတ်) လုံခြုံရေးဆိုင်ရာကိစ္စများကို ဆွေးနွေးလိုလျှင် သွားရောက်တွေ့ဆုံရသူလည်း ဖြစ်သည်။

ထိုကိစ္စများအတွက် နိုင်ငံခေါင်းဆောင်နှင့် တခြားဝန်ကြီးများသည် ပြည့်ပြည့်၀၀ ဖြေကြားနိုင်သည့် အနေအထားတွင် မရှိပေ။

ထိုနေ့က ဗိုလ်ချုပ်မှူုးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သောမိန့်ခွန်းသည် အခြားခေါင်းဆောင်နှစ်ဦး၏ မိန့်ခွန်းများနှင့် မတူပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နောင်လာနောင်သား မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးအမွေကောင်း ချန်ထားရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အားလုံးပူးပေါင်းကြပါရန် မေတ္တာရပ်ခံကြောင်း ဦးစားပေးပြောကြားသည်။

ကရင်အမျိုးသားခေါင်းဆောင်သည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးသော အကြံပြုချက်များအပါအဝင် ၁၉၄၇ ခုနှစ်က ဝန်ကြီးချုပ်(ဘုရင်ခံကောင်စီ၏ ဒုတိယသဘာပတိ) ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည့် ပင်လုံသဘောတူညီချက်အရ တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုက်တွန်းတောင်းဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုင်းပြည်တည်ငြိမ်ရေးသာမက ပါတီစုံစနစ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ တရားဥပဒေစိုးမိုးရေးအပေါ် ကွဲပြားသည့်အမြင်များ၊ တော်လှန်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးတို့၏ ခြားနားချက်များနှင့် လွတ်လပ်ရေးတိုက်ပွဲတွင် တပ်မတော်၏ သမိုင်းအစဉ်အလာတို့ကို ထည့်သွင်းပြောကြားသွားသည်။

၎င်းမိန့်ခွန်းသည် နိုင်ငံအကြီးအကဲများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များ ပါဝင်သည့် ပရိသတ်အား နိုင်ငံရေး ပို့ချသကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်သူတချို့က မြင်ကြသည်။

အခြားနိုင်ငံများတွင်မူ ယင်းသို့မိန့်ခွန်းမျိုးမှာ ထူးထူးဆန်းဆန်း ဖြစ်နေနိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံမှာတော့ ထိုပရိသတ်မှာ ၎င်း၏ ၁၅ မိနစ်ကြာ မိန့်ခွန်းကို မလွဲမသွေ နားထောင်ကြရသည်။

ကာကွယ်ရေးဦးစီးချုပ်က စစ်အစိုးရအနေဖြင့် ၁၉၈၈ ခုနှစ်မှ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရ တာဝန်ယူသည့်ကာလအတွင်း ပါတီစုံစနစ်အတွက် လမ်းခင်းပေးခဲ့ကြောင်း ပြောကြားသည်။ အဖွဲ့အစည်းတိုင်း၊ ပုဂ္ဂိုလ်တိုင်းက ပါတီစုံဒီမိုကရေစီစနစ်ကို နားလည်ရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းမှ မယိမ်းမယိုင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်းလုပ်ဆောင်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

“ဒီမိုကရေစီဆိုတာ စနစ်တခုလို့ ယူဆနိုင်သလို လူတိုင်းလိုက်နာနိုင်မှ အောင်မြင်နိုင်မယ့် လုပ်ငန်းတခု၊ ကျင့်ဝတ်တခုဖြစ်တယ်လို့ ယူဆကြတာလည်း ရှိပါတယ်။ သေချာတာတခုကတော့ အားလုံးပါဝင်ဖော်ဆောင်မှ အောင်မြင်နိုင်မယ့် နိုင်ငံရေးစနစ်တခုပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားသည်။

တရားဥပဒေစိုမိုးရေးကို ဥပဒေပညာရှင်များက တည်ငြိမ်မှု (Stability) ဖြင့် အဓိပ္ပါယ် သတ်မှတ်ကြသော်လည်း နိုင်ငံရေးရှုထောင့်မှ ဆိုလျှင် “တာဝန်ခံမှု (Accountability)” နှင့် “တရားဥပဒေအထက်မှာ ဘယ်သူမျှ မရှိစေရေး (No one above the law)” ဟူသော အချက်နှစ်ချက်ရှိပါကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။

တရားဥပဒေအထက်မှာ ဘယ်သူမျှမရှိစေရေး (No one above the law) ဟူသော စကားရပ်ကို တပ်ချုပ်က သူ့မိန့်ခွန်းတွင် တကြိမ်မက သုံးစွဲသွားခဲ့သည်။ “မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှုမျိုးမဆို နိုင်ငံတော်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းသာ လိုက်ပါ လိုက်နာလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဥပဒေကို လက်တလုံးခြား လှည့်ပြီး လုပ်လို့လည်း မရပါဘူး” ဟု ပြောခဲ့သည်။

သူ့အနေဖြင့် မည်သည့်ပုဂ္ဂိုလ်ကိုမှ ရည်ညွန်း ပြောကြားသွားခြင်း မရှိပေ။ သိုု့သော် ပရိသတ် ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းလေသလားဟု အချို့က စောဒက တက်စရာ၊ မေးစရာ ရှိနိုင်၏။

အကြောင်းမှာ ၂၀၁၆ ခုနှစ်၊ မတ်လ NLD အစိုးရက တာဝန်လွှဲယူပြီးနောက် NLD အမတ်များ လွှမ်းမိုးထားသည့် လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်အတွက် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ဥပဒေကြမ်းကို အဆိုပြုတင်သွင်းခဲ့သည်။ ယင်းဥပဒေကို ဧပြီလ အစောပိုင်းတွင် သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့သည်။

ယင်းဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီဟုဆိုကာ လွှတ်တော်အတွင်း ဆန္ဒမဲ မပေးဘဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဆန့်ကျင်ခဲ့ကြသည်။

NLD အတွက်မူ ယင်းရာထူးသည် နိုင်ငံရေးလိုအပ်ချက်ကြောင့် ဖန်တီးခဲ့ရခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ခဲ့သော်လည်း သူမသည် တပ်မတော်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် တပ်ခေါင်းဆောင်ပိုင်းသည် ဤလုပ်ရပ်ကို ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်သည်ဟု မြင်နိုင်ပါသည်။

တစ်နှစ်ခွဲခန့် အုပ်ချုပ်ပြီးချိန်တွင် NLD အစိုးရသည် ငြိမ်းချမ်းရေးဖြစ်စဉ်၊ တည်ဆဲဥပဒေအချို့နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ရခိုင်ပဋိပက္ခကဲ့သို့ သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘေးကျပ်နံကျပ် ဖြစ်လာခဲ့သည်။ ထိုကိစ္စရပ်များအားလုံးကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း တပ်မတော်သည် အဓိက ပါဝင်ဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်နေသည်။

တပ်မတော်နှင့် အစိုးရတို့သည်လည်း တသားတည်း ရှိမနေပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်သည့် တိုက်ပွဲများ၊ သြဂုတ်လတွင် Arakan Rohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့၏ နယ်စပ်လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုကဲ့သို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အားလုံးတွင် တပ်မတော်ကသာ အဓိက ဦးဆောင် ဆောင်ရွက်သည်။

တပ်၏ အခန်းကဏ္ဍမပါဝင်ဘဲ လက်ရှိနိုုင်ငံရေး အသွင်ကူးပြောင်းမှုသည် တိုုးတက်နိုုင်သည် သိုု့မဟုုတ် မဝေးလှသော အနာဂတ်တွင် တပ်က နိုင်ငံရေးနယ်ပယ်မှ ထွက်ခွာသွားပြီး စစ်တန်းလျားပြန်မည်ဟု စိတ်ကူးလျှင် လက်တွေ့ကျမည် မဟုတ်ပါ။

၂၀၁၂ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စင်ကာပူနိုင်ငံ၊ ရှန်ဂရီလာလုံခြုံရေးဖိုရမ်တွင် နိုင်ငံသည် ပိုမိုတိုးတက်လာပြီး သင့်လျော်သည့် အချိန်ရောက်လျှင် တပ်မတော်က နိုင်ငံရေးတွင် ၎င်း၏အခန်းကဏ္ဍကို လျှော့သွားနိုင်ဖွယ်ရှိကြောင်း၊ လွှတ်တော်တွင်းမှ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကိုလည်း လျှော့သွားနိုင်ဖွယ် ရှိကြောင်းကို ပြောကြားခဲ့ဖူးသည်။

ယခု ၅ နှစ် ကြာသွားပြီဖြစ်သော်လည်း သင့်လျော်သည့် အချိန်ရောက်ပြီ သို့မဟုတ် ရောက်လုနီးပြီဟု တပ်မတော်က သဘောထားပုံ မရပါ။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်သည် ဆက်လက်ပါဝင်နေဦးမည်မှာ သေချာသည်။

အကယ်၍ တပ်မတော်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လျှင် အသွင်ကူးပြောင်းရေးမှာ မြန်ဆန်နိုင်သည်။ တပ်က ဆိုင်းတွနေလျှင် အသွင်ကူးပြောင်းရေးမှာ နှေးကွေးသွားနိုင်သည်။ တပ်မတော်က လုံး၀ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလျှင်တော့ အသွင်ကူးပြောင်းရေးမှာ လုံး၀ ရပ်တန့်သွားလိမ့်မည်မှာ သေချာသည်။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ကျော်စွာမိုး၏ Reassessing the Role of Myanmar’s Powerful Military  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading