ကျနော်သာ နိုင်ငံတော်အတိုင်ပင်ခံ၏ အကြံပေးဖြစ်ခဲ့လျှင်

ဒေါက်တာ သိန်းမိုးဝင်း
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတခုတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်/Reuters
Want create site? Find Free WordPress Themes and plugins.

ဆယ်စုနှစ်များစွာ အစစအရာရာ ယိုယွင်းခဲ့ရသည့် အမိတိုင်းပြည် နိုင်ငံတကာ စာမျက်နှာမှာ အလျင်အမြန် နေရာယူဖို့ရာ ရေရှည်၊ ရေတို စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ရန် လိုအပ်သည် ဟု ပြည်သူတိုင်း နားလည် သဘောပေါက်ကြ ပါသည်။ မည်သည့် စီမံကိန်းမဆို စတင်လုပ်ဆောင်ဖို့နှင့် ပြုလွယ် ပြောင်းလွယ် အစီအမံများဖြင့် အကောင်းဘက်သို့ ဦးတည်ရန် ကြိုးစားရမည်သာ ဖြစ်ပါ၏။

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ၁၉၉၆ ကျောင်းသား အရေးတော်ပုံ တို့ကို တွေ့ကြုံ ဖြတ်သန်းခဲ့ရပါသည်။ စစ်အာဏာရှင် အုပ်စိုးမှုအောက်တွင် ကျောင်းတော်ကြီးတွေ ပိတ်၊ ပညာရေးစနစ်တွေ ယိုင်၊ လူမှုဘဝတွေ ကျဆင်းလာရင်း တိုင်းပြည်အရာရာ ချွတ်ခြုံကျ သွားနေသည့် အတွက် မိမိတို့ ပညာရေး၊ စားဝတ်နေရေး၊ ဘ၀ တိုးတက်ရေးတွေ အတွက် နိုင်ငံတကာသို့ ထွက်၊ ဘဝတိုးတက်အောင် ကြိုးစားနေကြရသည့် မြန်မာတွေ သိန်းဂဏန်းခန့် ရှိနိုင်သည်။

မိမိတို့ ရောက်ရှိရာ နိုင်ငံရပ်ခြားတွင် နေထိုင်ကြိုးစားနေခြင်းကြောင့် ထိုတိုင်းပြည်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကျိုး သက်ရောက်မှု ရှိနေပေမယ့် မြန်မာပြည် အတွက်တော့ ထိုပညာရှင် မျိုးစုံ လက်လွတ်ဆုံးရှုံးရသည့် (Brain Drain) အတွက် လွန်စွာ နစ်နာလှပေသည်။

ပြည်ပရောက်မြန်မာတွေ အမိမြေကို ချစ်ကြသည်၊ အမိတိုင်းပြည်ကို တိုးတက်စေချင်ကြသည်၊ မိမိတတ်ကျွမ်းရာ နိုင်ငံရပ်ခြား ပညာ လုပ်ငန်းအတွေ့အကြုံများ တပွေတပိုက်နှင့် လာရောက် အကျိုးပြုလိုကြသည်မှာလည်း အသေအချာပင် ဖြစ်သည်။ သို့သော် ဒေသတွင်း မတည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ သာတူညီမျှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ နည်းနေသေးခြင်း၊ ခွဲခြားဆက်ဆံမှုတွေ အလျင်းမပျောက်သေးခြင်း စသည်တို့သည် နိုင်ငံ့ပညာရှင်များ အတွက် များစွာ အဟန့်အတား ဖြစ်နေသေးသည်။

“တရုတ်ပြည် ပြန်လည် ထူထောင်ရေးနှင့် နိုင်ငံခြားရောက် တရုတ်ပညာရှင်များ၏ အရေးပါပုံ” ကို လေ့လာသင့်သည်။ ယင်းသည် လေ့လာ အပ်သော သမိုင်း ဥပမာ တခုလည်း ဖြစ်သည်။ အမိမြန်မာပြည်ကြီး နိုင်ငံတကာအလယ်မှာ ရင်ကော့ခေါင်းမော့ရင်း “တို့မြန်မာ” ဆိုသည့် ဂုဏ်ကို အမြန်ဆုံး ရစေချင်လှပြီ။ ယင်းအတွက် စဉ်းစားမိသည့် အတွေးတခုက “အကယ်၍များ ကျနော်သာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အကြံပေးဖြစ်လာလျှင် တိုင်းပြည်အတွက် မည်သည့်အကြံကောင်းများ ပေးနိုင်ပါမည်နည်း၊ အကြံပေးခွင့်ရလျှင် အပိုင်း ၃ ပိုင်း ခွဲ၍ အကြံပြုမည်” ဟူ၍ ဖြစ်သည်။

ဝန်ထမ်းများ၏ အခန်းကဏ္ဍ အကြံပြုချက်

ဝန်ထမ်းတိုင်း “ငါတို့သည် ပြည်သူ့ဆန် စားနေသည့် အကျိုးပြု ဝန်ထမ်းကောင်းများ အစဉ် ဖြစ်နေရမည်” ဟူသည့်ခံယူချက်နှင့် အညီ ပြောဆို ဆက်ဆံ ဝန်ဆောင်မှု ပေးရာတွင်လည်း ပြည်သူ့ဘဝတွေ တိုးတက်စေရေးကိုသာ ရှေ့ရှုလုပ်ဆောင်ရန် လိုအပ်သည်။ ပြည်သူ့ဘ၀ တိုးတက်မှ ဝန်ထမ်းတို့ ဝမ်းလည်းဝ၍ သိက္ခာလှစေမည် ဆိုသည့် အချက်ကို မမေ့အပ်ကြောင်း ဝန်ထမ်းများအား သိမြင်စေမည်၊ အရိုးစွဲနေသည့် မကောင်းသည့် အမူအကျင့်ဟောင်းများကို ပြောင်းလဲစေမည်။

အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ သံ၊ ရေ စသည်တို့ အချိုးအစား ညီညီမျှမျှ ပေါင်းစပ်ပြီး မှန်ကန်သည့် နည်းပညာသုံးစွဲပြီး ဖောင်ဒေးရှင်းမှ တဆင့် အဆင့်ဆင့်တည်ဆောက်ရန် လိုအပ်သကဲ့သို့ တိုင်းပြည်၏ အနာဂတ် တိုးတက်ဖွံ့ဖြိုးရန် မှာလည်း ဖောင်ဒေးရှင်းဖြစ်သည့် ပြည်သူအားလုံး၏ အယုတ်အလတ် အမြတ်မရွေး ညီညာခွန်အား၊ ပြည်သူ့ဝန်ထမ်းတို့၏ မှန်ကန် ပြည့်ဝသည့် ဝန်ဆောင်မှု အပေါ်မှာ မူတည်သည်။

သို့ဖြစ်၍ အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ နယ်မြေ အေးချမ်းသာယာရေး၊ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး၊ ကာကွယ်ရေး စသည့် ပြည်သူ့ဝန်ထမ်းများက ဝန်ဆောင်မှု ပြုရာတွင် ပြည်သူအပေါ် ချိုသာ လေးစားစွာ ဆက်ဆံရေး၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး၊ ဘက်လိုက် ခွဲခြား ဆက်ဆံမှု ရှောင်ရှားရေး၊ ဝန်ထမ်းကျင့်ဝတ် ထိမ်းသိမ်းရေး၊ သမာသမတ်ရှိပြီး တရားမျှတရေး၊ ဥပဒေ ဘောင်အတွင်း နေထိုင်ကျင့်ကြံ ဆောင်ရွက်ရေး၊ မိမိ ကိုယ်ကျိုးထက် တိုင်းပြည် အကျိုး မျှော်ကိုး ဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် ပြည်သူ့ပေါ် သစ္စာစောင့်သိရေး၊ ဝန်ဆောင်မှုများ မှန်ကန်စွာ ဖော်ဆောင်ရေး၊ ပွင့်လင်းမြင်သာမှု ရှိရေး၊ ခြစား ဝန်ထမ်းများအား ထိရောက်စွာ ဖော်ထုတ်နိုင်မည့် (Anti-Corruption Agency) ဖြင့် ပြန်လည် ထိန်းချူပ်ရေး အစရှိသည် တို့ကို ဆောင်ရွက်ရမည်။

မြန်မာနိုင်ငံမှ ပြည်သူ့ဝန်ထမ်းများ အနေဖြင့် စင်ကာပူနိုင်ငံ၏ ဝန်ထမ်းများ ဝန်ဆောင်ပေးမှုကို လေ့လာသင့်သည်။ စင်ကာပူ ပြည်သူ့ဝန်ဆောင်မှုသည် လေ့လာအပ်သော သာဓကတခု ဖြစ်သည်။

ပြည်သူတို့၏ အခန်းကဏ္ဍ အကြံပြုချက်

တပါတီ အာဏာရှင် စနစ်အောက်တွင် တိုင်းပြည်၏ တံခါးပိတ် စီးပွားရေးဝါဒ၊ ကိုလိုနီပညာရေး စနစ် ဟု မှတ်ယူဆန့်ကျင်၊ ဓနသဟာယ နိုင်ငံများ အုပ်စုမှခွဲထွက် စသည့်တို့ ဖြတ်သန်းခဲ့ပြီးနောက် တသွေး တသံ တမိန့်ဖြင့် စစ်အာဏာရှင်အောက် ဆယ်စုနှစ်ပေါင်းများစွာ အဖိနှိပ်ခံဘဝဖြင့် နေထိုင်ခဲ့ရပြီး အိမ်နီးချင်း နိုင်ငံများ ဖွံ့ဖြိုးဆဲ အဆင့်သို့ တိုးတက်သွားနေချိန် မြန်မာ ပြည်သူတွေ၏ စိတ်ဓာတ်၊ အတွေးခေါ်၊ စီးပွားရေး၊ ပညာရေး၊ လူနေမှုဘ၀ အစုံ ချွတ်ခြုံကျ နေခဲ့ရသည်။

တိုးတက်သော နိုင်ငံများတွင် အယူအဆ၊ ဓလေ့၊ ကိုးကွယ်မှု၊ အသားအရောင် မတူကွဲပြားသည့် ဘက်ပေါင်းစုံ (rich cultural strength) ကို အားအင်စု အဖြစ် စုစည်းဖန်တီး တည်ဆောက်နေချိန်၌ မြန်မာပြည် အတွက်မူ ထို တိုးတက်မှု အခြေအနေ ရောက်ရန် အလွန်တရာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ၂ နှစ်သား ဝန်းကျင်သာ ရှိသေးသည့် လက်ရှိ အရပ်သားအစိုးရ အနေနှင့် ချက်ချင်းကြီး ပြောင်းလဲဖို့ ဆိုသည်မှာ မဖြစ်နိုင်သည်မှာ မှန်သော်လည်း ဝန်ထမ်းဆိုင်ရာ၊ ပြည်သူဆိုင်ရာ၊ ပူးပေါင်း လုပ်ဆောင်မှု ဆိုင်ရာများကို စီမံကိန်းများ ချမှတ် အကောင်အထည် ဖော်ရမည်။

အစိုးရနှင့် ပြည်သူ ပူးပေါင်းလုပ်ဆောင်ရမည့် အခန်းကဏ္ဍ

တိုင်းပြည် တိုးတက်စေမည့် “ပြည်သူတို့၏ လုပ်အားသည် ပဋိပက္ခကင်း၍ ညီညွတ်ခြင်း အပေါ် မူတည်” ဟူသည့် အချက်ကို စံနှုန်းအဖြစ် ယူကာ ပြည်သူတို့၏ စိတ်ဓာတ်၊ ပညာ၊ သဟဇာတ အစဉ်အမြဲ ရှိနေစေဖို့ ပညာသင်ကျောင်းများမှ လူမှု အသိုင်းအဝန်း အားလုံးထိ အသိ၊ သတိ (educate, motivate, brainstorm) မြှင့်တင်ပေးရမှာ သလို တဖက်မှာလည်း သာတူညီမျှ အခွင့်အရေး ရရှိစေဖို့ ဥပဒေရေးရာ ထိန်းကျောင်းမှုများ (Anti-Racism Law, Multiculturalism, Anti-Discrimination) ဖြင့် ဘောင်ခတ် ထိန်းချုပ်နိုင်သည်ကို တွေ့နိုင်သည်။

မြန်မာတချို့ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေသည့် ဓလေ့တခုမှာ မိမိ၏ ကိုယ် နှုတ် အမူအယာက လူတဖက်သားအား ထိခိုက်စေပြီး နစ်နာသွားသည် ဟု မမှတ်ယူခြင်းပင်။ ဥပမာ- ငမဲ၊ တောသား၊ ဂျပု၊ အိမ်စေ၊ လူနည်းစု ဘာသာဝင်များ အပေါ် ပစ်မှတ်ထား ခေါ်ဝေါ်သမုတ်မှုများ၊ မရှိဆင်းရဲသားများအား မတူမတန် ဆက်ဆံမှုများ၊ အမူအယာဖြင့် နှိမ်ချ စော်ကားမှုများ၊ ဘဝပေး ကုသိုလ်ကံကြောင့် ကိုယ်လက် အင်္ဂါချွတ်ယွင်း သူများအား ခွဲခြား ဆက်ဆံ အခေါ်အဝေါ်များ စသည်တို့ကို မြန်မာ့ ဓလေ့စရိုက် တခုသဖွယ် မှတ်ယူနေသည်ကို စိတ် မကောင်းဖွယ်ရာ တွေ့ရသည်။

သို့ဖြစ်လေရာ ပြည်သူတို့၏ စိတ်ဓာတ်၊ ပညာ၊ သဟဇာတ မြှင့်တင်ခြင်း၊ ဥပဒေရေးရာ ထိမ်းချုပ် ကြိုးညှိမှုများ ပြုလုပ်ရင်း ကွာဟနေသည့် လူမှု အသိုင်းအဝိုင်းကို အင်အား အဖြစ် ပေါင်းစည်း ပြောင်းလဲနိုင်ဖို့ လိုသည်။ ဤတွင် ပြည်သူနှင့် နိစ္စဓူ၀ ထိစပ်နေသည့် သတင်းမီဒီယာ၊ အနုပညာနယ်ပယ်၊ ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်း၊ လူမှုရေး၊ ငြိမ်းချမ်းရေး ပရဟိတ အဖွဲ့စုံ၊ အစိုးရ ယန္တရား အစရှိသည်တို့၏ ပူးပေါင်းဆောင်ရွက်မှုက လွန်စွာ အရေးကြီးသည်။

တဆက်တည်း “ပညာလို အိုသည် မရှိ” ဟု ဆိုရိုးနှင့် အညီ ပြည်သူများ အားလုံး ပညာတတ်ဖို့၊ ဗဟုသုတ ပေးသည့် စာအုပ် စာပေများ ဖတ်ဖို့ လိုအပ်နေပြီ ဖြစ်သည်။ မိမိတို့၏ သားသမီးများအား ခေတ်ပညာအမွေ မဖြစ်မနေ ပေးရမည်။ ကျောင်းပညာ မဖြစ် မနေ သင်ကြားရမည့် ဥပဒေ ပြဋ္ဌာန်းရမည်။ ပညာသင်ကြားရေးကြောင့် အများပြည်သူ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး လိုအပ်သည့် ပညာရေး စရိတ် ဘတ်ဂျက်များ တိုးမြှင့်သုံးစွဲရမည်။

ပြည်သူများ အရေးပေး အားကိုးရလောက်မည့် ပညာသင်ကြားခြင်း စနစ်၊ ကျက်ဖြေစနစ် မဟုတ်ဘဲ တွေးခေါ် ဆင်ခြင် လေ့လာ သုံးသပ်နိုင်သည့် နိုင်ငံကြီးသုံး ပညာရေး စနစ်မျိုး မြှင့်တင်ရမည်။ သို့မှသာ အမှန်တရားအပေါ် ရဲရဲဝံ့ဝံ့ ရပ်တည် တတ်သော၊ ပြောရဲ ဆိုရဲ သတ္တိခဲစိတ် ရှိသော၊ အချော့ အခြောက်များ အပေါ် မပျော့ မကြောက်တတ်သော၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း တွေးခေါ်ဆင်ခြင် လုပ်ဆောင်တတ်သော နိုင်ငံ့အကျိုးဆောင် များစွာ ပေါ်ထွန်းလာနိုင်ပေမည်။

နိဂုံးချုပ်ရလျှင် “သဟဇာတ လူ့အဖွဲ့အစည်း (Harmonious Society) မှ တိုးတက်သော နိုင်ငံတော်ကြီးဆီ အရောက် လှမ်းနိုင်ရေး” အတွက် အထက် ဖော်ပြပါ အကြံပြုချက်များအား ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဆောင်ရွက် သွားနိုင်မှသာ တိုင်းပြည် တိုးတက်ပြောင်းလဲမှုများ သိသိသာသာ ပေါ်ထွန်းလာမည်သာမက “ပါတီကို ကြည့် မဲထည့်ပါ” “ပြောင်းလဲချိန် တန်ပြီ” ဆိုခဲ့သည့် စကား အားမာန်များ ၂၀၂၀ ရွေးကောက်ပွဲကာလ မတိုင်မီ အကျိုးသက်ရောက်လာနိုင်မည် ဖြစ်ပါကြောင်း။ ။

( ဒေါက်တာသိန်းမိုးဝင်းသည် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ The University of New South Wales မှ Mechatronic Engineering ဘာသာရပ်ဖြင့် PhD ဘွဲ့ကို ရရှိခဲ့သူဖြစ်ပြီး ဆစ်ဒနီ မြို့တွင် လက်ရှိနေထိုင်နေသူဖြစ်သည်။ မြန်မာပြည်အရေး ဆစ်ဒနီ ရောက်မြန်မာ့အသိုင်းအဝိုင်းနှင့်အတူ စဉ်ဆက်မပြတ် ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading