နာမည်ခေါ် အရှက်ခွဲခြင်းနှင့် ဒီမိုကရေစီ ပန်းတိုင်

လင်းငယ်
၂၀၁၇ ခုနှစ် မေလ ၂ ရက်နေ့ ဘရပ်ဆဲလ်မြို့ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို ခုခံကာကွယ်နေသော ဒေါ်အောင်ဆန်းစုကြည် / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာလို တိုက်ရိုက် ဘာသာပြန်ရလျှင် အရှက်ခွဲခြင်း ဟု ဆိုရမည် ထင်သည်။ အရှက်ခွဲသည်မှ ရိုးရိုးတောင် မဟုတ်၊ နာမည်ခေါ်ကာ အရှက်ခွဲခြင်းမျိုး (name and shame strategy) ဖြစ်သည်။ သာမာန် လူ့လောက ကျင့်ဝတ်နှင့် ကြည့်လျှင် အလွန် ရိုင်းပျသော အလုပ်ဖြစ်သည် ဟု မြင်စရာ ရှိသည်။ သို့သော် နိုင်ငံတကာတွင် တရားဝင်သဘော အဖြစ်ပင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည် ဆိုလျှင် အံသြပေမည်။ လူ့အခွင့်အရေး အကြောင်း ရင်းနှီးသူများကတော့ သိပါလိမ့်မည်။ လူ့အခွင့်အရေး ချိုးဖောက်ခြင်းကို နာမည်ထုတ်ဖော်ကာ လူသိရှင်ကြား ပြောဆိုအပြစ်တင်ခြင်း ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် တရားဝင် နိုင်ငံတနိုင်ငံကို အပြစ်တင် ထုတ်ဖော်ခွင့် ပေးထားပါသည်။ ဘာကြောင့်ပါလဲ။

နာမည်ကို လူသိရှင်ကြား ထုတ်ဖော် အပြစ်တင်ရတဲ့ အကြောင်းရင်းက လူအများသိစေချင်၍ ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ သတိထားမိ လာစေရန် ဖြစ်သည်။ ထို့သို့ သတိထားမိကာ စိတ်ဝင်စားလာပြီး ဝိုင်းဝန်း ဖိအားပေးစေရန် ဖြစ်သည်။ ထိုသို့ ဖိအားပေးခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံရသည့် နိုင်ငံအနေဖြင့်လည်း ဆုံးရှုံးမှုများကို စိုးရိမ်ကာ ပြုပြင်ပြောင်းလဲမည်ဟု မျှော်လင့်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဖိအား အပေးခံရသူကလည်း မိမိနိုင်ငံ နာမည် ပျက်မည်ကို စိုးရိမ်ခြင်းနှင့် စီးပွားရေး အခွင့်အလမ်းများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြုပြင်လေ့ရှိကြသည်။

သို့သော် မေးရမည့် မေးခွန်းက နိုင်ငံတကာက လူသိရှင်ကြား ထုတ်ဖော် အရှက်ခွဲတိုင်း နိုင်ငံတွေက လိုက်ပါ ပြောင်းလဲကြသလား။ အဖြေက ၂ မျိုးထွက်သည်။ ပြောင်းသည့်အခါ ပြောင်းပြီး မပြောင်းသည့်အခါ မပြောင်းပါ။ သို့ဆိုလျှင် “ဘယ်လို အခြေအနေတွေမှာ ပြောင်းသလဲ”။ ပညာရှင် လောကမှာပင် ဝိဝါဒ ကွဲစရာ အဖြေမျိုးစုံ ရှိနေပါသည်။ ငြင်းခုံကြသည်။

ထူးခြားသည့် ထုတ်ဖော်အရှက်ခွဲခြင်း

“ဒီလိုလုပ်တာဟာ ကောင်းတဲ့ အပြောင်းအလဲကို ယူဆောင်လာတယ်” ဟု ထောက်ခံသူများလည်း ရှိသည်။ အပြုအမူ သေးပေမယ့် သက်ရောက်မှု ကြီးမားကြောင်း ပြောဆိုကြသည်။ ၁၉၈၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဆိုဗီယက်သံရုံးရှေ့က လမ်းကို အမှတ် ၁ အင်ဒရေဇာခါရော့ဗ် ပလာဇာလမ်း အဖြစ် အမေရိကန် အစိုးရက သတ်မှတ်လိုက်သည်။ နိုဘယ်ဆုရှင် ဇာခါရော့ဗ်နှင့် ဇနီးကို ဆိုဗီယက် အစိုးရက ဖမ်းဆီးပြီး နယ်နှင်ဒဏ် ပေးလိုက်တာကို တုံ့ပြန်တဲ့ အနေနဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆိုဗီယက် အစိုးရအနေနှင့် ဝါရှင်တန်မှာ ရှိတဲ့ သူတို့ သံရုံးဆီ စာရေးဖို့ လိပ်စာတပ်တိုင်း ဇာခါရော့ဗ် နာမည်ကို မဖြစ်မနေ အသုံးပြုနေရမည်။ သံရုံးတွင် အလုပ်ကိစ္စဖြစ်စေ၊ ပွဲလမ်းသဘင် ဖြစ်စေ ကျင်းပတိုင်း ထိုလမ်းပေါ်မှ မဖြစ်မနေ ဖြတ်လျှောက်ရမည်။ လမ်းနာမည်ကို အသုံးပြု ပြောဆိုရမည် ဖြစ်သည်။ ဤနည်းဖြင့် ထပ်တလဲလဲ သတိပေးနေခြင်း ဖြစ်သည်။ ရလာဒ်အဖြစ် လမ်းအမည်ပြောင်းပြီး ၁ နှစ် အကြာတွင် နယ်နှင်ဒဏ် ပေးထားရမှ မော်စကိုသို့ ပြန်လာခွင့်ပြုပြီး နောက်ပိုင်းတွင် နိုင်ငံခြားသို့ပါ ထွက်ခွင့်ပေးခဲ့သည်။

တထပ်တည်း တူသည့် နောက်ထပ် ဇာတ်လမ်းတပုဒ်ကို အနှစ် ၃၀ အကြာ၊ ၂၀၁၄ တွင် အမေရိကန် အစိုးရက ထပ်မံ ဖန်တီးခဲ့ပြန်သည်။ ဤတကြိမ်တွင် တရုတ်နိုင်ငံမှ နိုဘယ်ဆုရှင် လူရှောင်ဘို အတွက် ဖြစ်သည်။ တရုတ်သံရုံးရှေ့မှ လမ်းကို အမှတ် ၁ လူရှောင်ဘိုလမ်း အဖြစ် သတ်မှတ်ခဲ့သည်။ မတူညီသော အခြေအနေအကြောင်း များစွာကြောင့် ယင်း လုပ်ရပ်ကို ဝေဖန်သူ အများအပြား ရှိသည့် အထဲတွင် “ကလေးကလားဆန်တဲ့ အပြုအမူ” ဟုပင် အဝေဖန်ခံရသည်။ သို့သော် ရလာဒ်မှာ လူရှောင်ဘိုသည် တရုတ်နိုင်ငံတွင်ပင် ဆုံးပါးသွားပြီး ၎င်းအတွက် တရုတ်အစိုးရထံမှ တစုံတခုသော အပြောင်းအလဲ ပေါ်ထွက် မလာခဲ့ပေ။

မလိုလားအပ်သော ဆိုးကျိုး

ဆန့်ကျင်ဘက် အဖြစ် ထိုသို့ ဝေဖန်ပြစ်တင်ခြင်း သက်သက်ဖြင့် အကျိုး မရှိဟု ဆိုကြပြန်သည်။ ဝေဖန် ပြစ်တင်ခြင်းဖြင့် အဓိက ဆိုးကျိုး ၃ မျိုး ရှိနိုင်သည် ဟုဆိုသည်။ ပထမဆုံး အချက်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်လိုက်လျှင် လူ့အခွင့်အရေး ဖိနှိပ်မှုများ လတ်တလော ပို၍ မြင့်တက်သွားတတ်သည်။ ဥပမာ နိုင်ငံရေး အကျဉ်းသားတယောက်ကို ဖမ်းဆီးသည့် ကိစ္စနှင့် ပတ်သက်ပြီး အပြစ်တင်လိုက်သည့် အခါမှ အပြစ်ဒဏ်များ အဆမတန် ပေးပစ်လိုက်ခြင်းမျိုး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုသို့ ဇာတ်လမ်းပေါင်း များစွာ ကြာဖူးခဲ့ကြမည် ထင်သည်။

ဒုတိယအချက်မှာ နိုင်ငံတကာ ယန္တရားများကို ပြန်လည် အသုံးပြုကာ အခြားသူများ၏ အပြစ်များကို လိုက်လံဝေဖန် အပုပ်ချကာ ကိုယ့်အပြစ်ကို ဖုံးကွယ်တတ်ကြသည်။ ထိုသို့ နိုင်ငံမျိုးတွင် တရုတ်နှင့် ရုရှားသည် ကျွမ်းကျင်အဆင့်တွင် ရှိသည်ဟု ပြောရမည်။ တရုတ်ဆိုလျှင် နိုင်ငံတကာ မီဒီယာများနှင့် ပညာရပ်လောကကိုပင် လွှမ်းမိုးနိုင်ရန် လုပ်ဆောင်နေသည်များ ရှိသည်။ ပြည်တွင်းတွင်လည်း နိုင်ငံတကာကို နေရာတကာ ပါတတ်သည့် လူကြမ်း မင်းသားများ၊ မင်းသားခေါင်း ဆောင်းထားသည့် ဘီလူးများပမာ ပုံဖော်လေ့ ရှိသည်။ ပြည်တွင်းအားသည် ပြည်တွင်းမှာသာ ရှိကြောင်း တွင်တွင်ပြောကာ မိမိတို့၏ အပြစ်ကို ရှုထောင့်ပြောင်း ပုံဖော်လေ့ ရှိသည်။ ၂၀၁၀ မတိုင်မီက သတင်းစာများကို ပြန်လှန်ကြည့်လျှင် တွေ့နိုင်ပါမည်။

တတိယအချက်မှာ ဟန်ပြ ပြောင်းလဲခြင်းသာ ဖြစ်ပြီး အနှစ်သာရ မပြောင်းလဲသည့် အခြေအနေ ဖြစ်သည်။ မြန်မာ့နိုင်ငံ၏ အပြောင်းအလဲသည် ထိုသို့သော အပြောင်းအလဲများထဲမှ တခုအဖြစ် ပညာရှင်များက ထောက်ပြသည်များ ရှိသည်။ အခြား တဖက်တွင်လည်း နိုင်ငံတကာ ဖိအားထက် အမှန်တကယ် ပြောင်းလို၍ ပြောင်းလဲခြင်းဖြစ်သည် ဟု ခုခံချေပ ပြောဆိုသည် များလည်း ရှိသည်။

အထက်ပါအချက်များကို ခြုံ၍ကြည့်လျှင် နိုင်ငံတကာ ဝေဖန်မှုများကို တန်ပြန်ရာတွင် မိမိတို့၏ ဘောင်ထဲ ဝင်လာစေရန် ပြန်လည် ဘောင်ခတ်ခြင်း သဘောတရား (counter framing) ကို မြင်ရမည် ဖြစ်သည်။

လက်ရှိ မြန်မာ့အရေးနှင့် ဆန့်ကျင်ဘက် တူရူချက်များ

ဤမျှဆိုလျှင် “ဘာကြောင့် နိုင်ငံတကာက မြန်မာ့အရေးကို ပစ်ပစ်ခါခါ ဝေဖန်နေကြသလဲ” ဆိုသည့်ကို နားလည်နိုင်မည် ထင်ပါ သည်။ အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ (HRW) နှင့် အခြား နိုင်ငံတကာ မီဒီယာများဘက်မှ မျိုးစုံ ပြစ်တင်ဝေဖန်နေကြသည်မှာ ယခုထိမရပ်နိုင် မစဲနိုင်သေးပေ။

သူတို့ အပြစ်တင်သည်က “ဘာကြောင့် အပြစ်တင်သည်ကို နားလည်လျှင် ကိုယ် ဘာကို လုပ်သင့်သည်” ကို ရှင်းရှင်းလင်းလင်း မြင်သာမည် ဖြစ်သည်။ အနည်းဆုံးတော့ သူတို့နဲ့ စကားနိုင်လုနေရုံဖြင့် အကျိုးမထူး။ ကိုယ့်လက်ရှိ ပကတိအခြေအနေကို စူးစမ်းပြီး အန္တရာယ်များသည့် (counter framing) ထဲ ကျမသွားစေရန် သတိထား ဆောင်ရွက်ကြသင့်သည် ဟု မြင်မိပါသည်။

ထိုသို့ဖြစ်လျှင် အားလုံးအတွက် ဆုံးရှုံးမှုသာ ဖြစ်မည်။ ထိုအထဲမှ လက်ရှိ မြန်မာအတွက် အလွန်အရေးကြီးသည် ဟု ထင်မြင်မိ သည့် အချက် ၄ ချက်ကို ဖော်ပြလိုပါသည်။

မီဒီယာကို ဘောင်ခတ်ခြင်း ။ ။ မီဒီယာ လွတ်လပ်ခွင့်ရှိသည့် ဒီမိုကရေစီနှင့် တာဝန်ခံမှုရှိသည့် လူ့အသိုက်အဝန်း တည်ဆောက်ရန် မဖြစ်မနေ လိုအပ်ပါသည်။ မီဒီယာသည် ပြည်သူတို့၏ နား၊ မျက်စိဖြစ်သည်။ နားနှင့် မျက်စိကို ပိတ်လိုက်လျှင် ပြည်သူတို့၏ သိပိုင်ခွင့် ဆုံးရံှူးရသလို အာဏာရှိသူတို့ ထင်သလို လုပ်ခွင့်ရသွားမည်သာ ဖြစ်သည်။ ထိုအခြေအနေတွင် အထက် ရှင်းပြချက်များ အတိုင်း နိုင်ငံတကာ မီဒီယာများ၏ ရပ်တည် ပြောဆိုမှုကို တန်ပြန်ရာတွင် ရောထွေးလုံးချသည့် နည်းဖြင့် “မီဒီယာတွေဟာ မကောင်းဘူး” ဆိုသည့် ဘောင်ထဲသို့ မသိမသာ သွတ်သွင်းနေသည် ဟု ယူဆရသည်။ လက်ရှိ မြေပြင် အခြေအနေ သတင်းရယူရန် ခက်ခဲမှု၊ မီဒီယာ စစ်စစ်မဟုတ်ဘဲ လူမှုကွန်ယက်ပေါ်တွင် ရည်ရွယ်ချက် ရှိရှိဖြင့် သတင်းမှား ဖြန့်ချိမှုများကို ထည့်သွင်း မစဉ်းစားဘဲ မီဒီယာလွတ်လပ်ခွင့်ကို နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်မှုပမာ ပြောဆိုခြင်းများသည် အလွန် မဆီလျော်သော အနေအထားဖြစ်သည်။

နယ်ချဲ့လက်သစ်ဝါဒ (neocolonialism) ဟု ကင်ပွန်းတပ်ခြင်း ။ ။ ယနေ့ခေတ်တွင် အကျိုးစီးပွားချင်း ဆက်စပ်မှုသည်သာ နိုင်ငံတကာ ဆက်ဆံရေး၏ အဓိကမူဘောင်သဖွယ် ဖြစ်နေပြီ။ မည်သူမျှ ကိုယ်နှင့် မဆိုင်သည့် ကိစ္စကို လာရောက် မပါဝင်သလို၊ ကိုယ်ကျိုး ရှိ၍ လာရောက်ပတ်သက်ခြင်း ကိုလည်း ငြင်းပယ်ရန် ခက်ခဲသည်။ အခြား တဖက်တွင်လည်း နိုင်ငံတကာ မိသားစု အတွင်းသို့ ပြန်လည်ဝင်ရောက်ကာစ အတိတ်က အထီးကျန် နိုင်ငံတခုအနေဖြင့် မကျွမ်းကျင်သည့် ဆက်ဆံရေး အနေအထားများ ရှိမည် ဖြစ်သည်။

ယခု အခါ မည်သည့် နိုင်ငံမှ တခါးပိတ်၍ နေနိုင်မည့် ခေတ် မဟုတ်တော့သည်ကို စိတ်ကူး မယဉ်သူတိုင်း သိကြသည်။ ဤသည်ပင် မြန်မာ့ အကျိုးစီးပွား ဖြစ်သည်။ ထိုသို့ နိုင်ငံတကာ မိသားစုများနှင့် ဝင်ထွက် ဆက်ဆံရမည့် အချိန်တွင် အရာရာကို ပြည်တွင်းရေး လုပ်ကာ အိမ်တွင်းပုန်း လုပ်၍ မဖြစ်ပေ။ နိုင်ငံခြားသား မြင်တိုင်း၊ နိုင်ငံခြားသားများ ပါဝင်ပတ်သက်တိုင်း ဝင်ရောက် စွက်ဖက်ခြင်း ဟု မြင်နေခြင်း၊ နယ်ချဲ့လက်သစ်ဝါဒ အဖြစ် စွပ်စွဲခြင်းသည် ကျန်ခဲ့ပြီ ဖြစ်သော ၂၀ ရာစု၏ နည်းဟောင်း လမ်းဟောင်းများသာ ဖြစ်သည်။

လူကြိုက်များ နိုင်ငံရေး အားကောင်းလာစေခြင်း ။ ။ အထူး ပြောဖွယ်ရာ မလိုလောက်အောင် လူကြိုက်များ စကား အပြောအဟော ကောင်းသူများ အားကောင်းလာသည်။ ပဋိပက္ခဆိုသည်က နေ့ချင်းညချင်း ဖြေရှင်း၍ ရသည် မဟုတ်။ အချိန် ပေးရသည်။ ခေါင်းအေးအေးဖြင့် စဉ်းစားရသည်။ သွေးပူနေသည့် အချိန်တွင် စိတ်လှူပ်ရှားဖွယ် စကားများ ပြောတတ်သူများကို အဟုတ် ထင်တတ်သည်။ သို့သော် ထိုကဲ့သို့သော သူများသည် ပြဿနာကို ဖြေရှင်းနေသူလား၊ ပိုဆိုးစေရန် လုပ်နေသူလား ဆိုသည့် အချက်ကို စောကြောသင့်သည်။

ဘာသာမတူသူများ ပါဝင်သည်ကို အကြောင်းပြုကာ ဘာသာ တရပ်ရပ်ကို ပြစ်တင် ပြောကြားခြင်း၊ လူမျိုး တမျိုးကို အကြောင်းပြု၍ လူမျိုးရေး မုန်းတီးမှုများ လှုံ့ဆော်ခြင်းများကို သတိရှိရှိ တုံ့ပြန်ရန် လိုအပ်သည်။ မြန်မာ့အရှိတရား တိုင်းရင်းသား ပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်သည်ကို မမေ့သင့်။ ထိုသို့ မဟုတ်ပါက ငြိမ်းချမ်းသာယာသော အနာဂတ် မြန်မာနိုင်ငံတော် အတွက် အမုန်းတရားများက အရုပ်ဆိုး အကျည်းတန် စေလိမ့်မည်။

လူ့အခွင့်အရေးကို လူတစု အခွင့်အရေးအဖြစ် ပုံဖော်နေခြင်း။ ။ နောက်ဆုံးအချက်နှင့် အရေးကြီးဆုံး အချက်အဖြစ် လူ့အခွင့် အရေးကို ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေခြင်း ဖြစ်သည်။ “ကွန်မြူနစ်” ဆိုသည့် စကားလုံးကို ကြောက်ခဲ့သလို လူ့အခွင့်အရေး ဆိုသည့် စကားလုံးကိုလည်း ကြောက်နေသူများ၊ မကြားချင်သူများ အများအပြား ရှိနေသည်။ နိုင်ငံတကာအနေဖြင့် ၎င်းတို့ အာရုံစိုက်ရာ၊ ၎င်းတို့ အမြင်အရ လူအခွင့်အရေးအချိုးဖောက် အခံရဆုံး၊ အနစ်နာဆုံး ဆိုသော လူအုပ်စုကို ဦးတည် ပြောဆိုမည်သာ ဖြစ်သည်။ ထိုသို့ ပြောခြင်းကြောင့် လူ့အခွင့်အရေးသည် မြန်မာပြည်အတွက် မလိုအပ် ဟု မပြောအပ်။

မြန်မာပြည်သူများသည်လည်း လူများသာ ဖြစ်သည့် အတွက် လူများ၏ မွေးရာပါ အခွင့်အရေးကို ခံစားထိုက်သည်သာ ဖြစ်သည်။ လူ့ အခွင့်အရေးသည် လူတစုအခွင့်အရေး၊ အထူးသဖြင့် ဘာသာလူမျိုးတခုရဲ့ အခွင့်အရေး ဟု ကင်ပွန်းတပ် ပုံဖျက်နေခြင်းသာ ဖြစ်သည်။ ရာစုနှစ်ပေါင်း များစွာ ပြည်တွင်းစစ် အတွင်း၊ စစ်အာဏာရှင် အုပ်စိုးစဉ် ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက် ခံခဲ့ရသည်။ ယခုအချိန်ထိလည်း မြန်မာပြည်သူများကို ဖိနှိပ်ထားသည့် လူရာမသွင်းသည့် အပြုအမှု၊ လုပ်ရပ်နှင့် ဥပဒေပေါင်း များစွာ ရှိနေသေးသည်။

လယ်သိမ်းခံ တောင်သူများ အတွက် လူ့အခွင့်အရေးကို ကိုင်စွဲကြရမည်။ ပညာရေးစနစ် တိုးတက်ရန် အတွက် လူ့အခွင့်အရေး စံနှုန်းများကို စံပြုရမည်။ နောက်ဆုံး ငြိမ်းချမ်းရေးသည်ပင် လူ့အခွင့်အရေးကို အားလုံးက လေးစားထိန်းသိမ်း မြှင့်တင်ပေးနိုင်သည့် အချိန်မှသာ ရရှိနိုင်မည် ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူများ၏ ဟစ်သံပေးခြင်းအား လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရ သူများ၊ ချိုးဖောက်ခံနေရဆဲ သူများက မေ့လျော့ကာ သံယောင် မလိုက်ဖို့က အလွန်အရေးကြီးသည် ဟု ဆိုပါရစေ။ တချိန်တည်း မှာပင် ကိုယ့်ထက် ပိုဆိုးကာ၊ ပိုမို ထိခိုက်ခံစားသူများကို စာနာမူ ပြသရမည်မှာ ယဉ်ကျေးသော လူသားတို့၏ လူ့ကျင့်ဝတ်ပင် ဖြစ်သည်။

ငြိမ်းချမ်းသာယာသော လူ့ဘောင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လိုက်ပါပြောင်းလဲ နေသော နိုင်ငံ၊ လူလူချင်း တန်းတူရည်တူ ဆက်ဆံတတ်သော လူ့အဖွဲ့အစည်း၊ လောကပါလ တရားများ ထွန်းကားသော အရပ်အဖြစ် အောင်မြင်စွာ တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ထိုသို့ တည်ဆောက်နိုင်ရန်အတွက် အပြင်ရန် အတွင်းရန်များကို သတိရှိရှိဖြင့် တုံ့ပြန် ဆောင်ရွက်ကြပါ ဟု တိုက်တွန်းလိုက်ရပါသည်။ ။

(လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading