မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီ အပေါဆုံး ခေတ်ကို ပြောမယ်ဆိုရင် ၈၈ အရေးတော်ပုံကြီးကို စစ်တပ်က ဖြိုခွင်း အာဏာ သိမ်းပြီးတဲ့နောက် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပြီး ပါတီတွေ ဖွဲ့ခွင့်ပေးလိုက်တဲ့ ကာလပဲ ဖြစ်ပါတယ်။
၈၈ လူထုဆန္ဒပြပွဲ ကာလတုန်းက အဖွဲ့အစည်းတွေ၊ ပါတီတွေ အတော်များများ ပေါ်ပေါက်ခဲ့သလို ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ပါတီတွေ ဖွဲ့ခွင့်ပေးလိုက်တဲ့ ကာလမှာလည်း သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ စည်းကမ်းတွေ အတိုင်း မြန်မာ့သမိုင်းမှာ ပါတီတွေ အများဆုံး ဖွဲ့စည်းကြ၊ မှတ်ပုံတင်ကြတာကို တွေ့ရတာပါပဲ။
အဲဒီတုန်းကတော့ လက်ဝဲ၊ လက်ယာ၊ ကြား ဘယ်သူမဆို ဒီမိုကရေစီကို ရေလဲသုံးနိုင်ရင် ပါတီ ထောင်နိုင်တယ် ဆိုသလိုပဲ ပါတီ အသီးသီး ထောင်လာကြတယ်။
ပလတ်စတစ် စက်ရုံ တည်ထားတဲ့ သူကလည်း ပါတီ ဥက္ကဋ္ဌအဖြစ်နဲ့ ပါတီထောင်တာပဲ၊ ပိုက်ဆံရှိပြီး ဘုရားလူကြီး လုပ်တဲ့ သူ၊ ပိုက်ဆံရှိလို့ ဘုရားလူကြီး လုပ်တာလား၊ ဘုရားလူကြီးလုပ်လို့ ပိုက်ဆံရှိတာလားတော့ မသိ။ အဲဒီလို လူ ကလည်း ပါတီထောင်ပြီး ပါတီ အစည်းအဝေးစတိုင်း နမောတသ ရွတ်တဲ့ အဖြစ်တွေနဲ့ မြန်မာ့သမိုင်းမှာ ရောင်စုံ ဒီမိုကရေစီ ခေတ်ကြီး ရှိခဲ့ပါတယ်။
ကျနော့်မိတ်ဆွေ ကျနော့်ထက် အသက်၂၀ ကျော်လောက်ကြီးတဲ့ နိုင်ငံရေးကို အလွန်စိတ်ဝင်စားတဲ့လူ ဆိုရင် ပါတီ တခု ကို ချက်ချင်း ထောင်လိုက်တာပဲ။ မဆလ ခေတ်တုန်းကတော့ ဆိုရှယ်လစ်ဝါဒကို စိတ်ဝင်စားတဲ့ ပိုက်ဆံရှိသူ တယောက် အဖြစ်ပေါ့၊ မဆလ ပါတီမှာလည်း ဝင်ရောက်ခဲ့ဖူးတယ်၊
နောက် စိတ်တိုင်းမကျတာနဲ့ ထွက်လိုက်တာလား၊ ပါတီသန့်စင်ရေးထဲ ပါသွားတာလားမသိ။ သူက သမ္မာဒိဋ္ဌိ သုတေသန အဖွဲ့မှာ ပါဝင်ပြီး မြို့နယ် ဥက္ကဋ္ဌ လောက်တော့ တာဝန်ယူ လိုက်ပုံရတယ်။ သူနဲ့စိတ်တူတဲ့ သူတွေ၊ ဝါသနာတူတဲ့ သူတွေ၊ စကားပြောလို့ရတဲ့ သူတွေနဲ့ စုလိုက်ပုံရပါတယ်၊ မဆလ ပါတီတုန်းကတော့ လူပေါင်းစုံ နဲ့ကြုံရ၊ တပ်ထွက်တွေနဲ့ တွေ့ရတော့ အလိုကျပုံ မရပါဘူး။
နောက် အာဏာသိမ်းအစိုးရ တက်လာပြီး ပါတီတွေ ထူထောင်ခွင့် ပေးလိုက်တဲ့ အချိန်မှာ ကျနော့် မိတ်ဆွေကြီးလည်း သူဖွဲ့ချင်တဲ့ ပါတီနဲ့ အမည်ကို ပေးလိုက်ပါတယ်။
ဆိုရှယ် ဒီမိုကရက်တစ် လေဘာ ပါတီ ဆိုပြီး ပေးလိုက်ပါတယ်။ ပါတီထဲ ပါတဲ့သူတွေက သူနဲ့ သဘောထားချင်း တူတဲ့ သူရော၊ မတူတဲ့သူရော၊ စီးပွားရေး သမားတွေရော၊ ဘာသာရေး သမားတွေရော၊ လယ်သမားတွေရော၊ အလုပ်သမား တွေ ရော၊ ကျောင်းသားတွေရော၊ သူ့ဆွေမျိုးတွေရော အစုံပါပဲ။
သူ့ပါတီကို ပထမဆုံး အသိအမှတ်ပြုတာက သြစတြေးလျက အာဏာရပါတီ ဖြစ်ခဲ့တဲ့ ဆိုရှယ် ဒီမိုကရက်တစ် လေဘာ ပါတီ ဖြစ်ပါတယ်။ သူက မာ့က်စ် ဝါဒီတဦးလည်း ဖြစ်ပါတယ်၊
ကျနော်က “ဟေ့လူ ခင်ဗျားက ဆိုရှယ် ဒီမိုကရက်တစ် လို့လည်း ပေးထားတယ်၊ နောက်ပြီး ခင်ဗျားက မာ့က်စ် ဝါဒီ တဦး မဟုတ်လား၊ ဦးကျော်ငြိမ်းတို့ကို ဖဆဆိုရှယ် ဆိုပြီး တိုက်ခဲ့ကြတာ မဟုတ်ဘူးလား၊ အဲဒီထဲက ထွက်လာတဲ့ သခင်လှကြွေ၊ သခင်လွင်၊ ဝိဒူရ သခင်ချစ်မောင် တို့ကို ဆိုရှယ်နီလို့တောင် ခေါ်ခဲ့ကြတာပဲ မဟုတ်လား” လို့ ရင်းနှီးသူ ပီပီ တရင်းတနှီးနဲ့ နောက်ပြောင် ဝေဖန် ခဲ့ပါသေးတယ်။
ရုပ်ရှင်မင်းသား ဒါရိုက်တာ ရဲဘော် သက်ရှည် ကလည်း ပါတီထောင်တယ်၊ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့မူကလည်း ပါတီထဲ ဝင်တယ်။ ပါတီပေါင်း ရာချီထူထောင်ပြီး စစ်အစိုးရကပဲ ဖျက်သိမ်းပစ်လိုက်တယ်။
ပြည်သူ့ တိုးတက်ရေး ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်လံဖမ်းဆီး ခဲ့ပါတယ်။ မြေအောက် ပါတီ၊ ယူဂျီ ပါတီ၊ ဟိုပါတီ၊ ဒီပါတီ ဆိုပြီး မျက်နှာဖုံးတွေ ဖမ်းစွပ်လိုက်ကြပါတယ်။
သတ်မှတ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းနဲ့မညီလို့ ဖျက်သိမ်းရတဲ့ ပါတီတွေမနည်းသလို ၈၈ မျိုးဆက် ကျောင်းသား အုပ်စုကို ဖမ်းဆီးပြီး အားလုံး ထောင်ထဲထည့်လိုက်တာ NLD ပါတီတောင် ဘယ်နေ့ မတရားသင်း ကြေညာ ခံရမလဲလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေရတယ်၊ CEC တွေ ဗဟိုကော်မတီတွေ အဖမ်းခံရ၊ အထွေထွေ အတွင်းရေးမှူးလည်း နေအိမ်အကျယ်ချုပ် ချခံရနဲ့ ဦးအောင်ရွှေတို့ အုပ်စုတောင် သတိနဲ့နေလို့ အဖမ်းမခံရတာ ဖြစ်ပါ တယ်။
နောက် ပါတီတွေ ပြန်လှုပ်ရှား လာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ချည်ပြီးတုတ်ပြီး အသိအမှတ်ပြု၊ ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထား၊ လမ်းပြမြေပုံ ၇ ချက်နဲ့ ချီတက်ဖို့၊ တနည်းပြောရရင် စစ်အာဏာရှင်တွေဟာ သူတို့ အကျိုးစီးပွား မထိခိုက်ရေး အတွက် အတတ်နိုင်ဆုံး အကာအကွယ်ပေးပြီး အကျိုးစီးပွား ကာကွယ်ရေး မထိခိုက်အောင်၊ မိမိတို့ အတွက် ရေပက်မဝင်အောင် ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံကြောင့် ပါတီတွေ ထောင်ခွင့် ရလာပြန်တယ်။

နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ဝင်အရွေးခံရမယ် ဆိုတာမျိုးနဲ့ ချုပ်ကိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့ နိုင်ငံရေး ပါတီတွေဟာ ပါတီ မဖြစ်တော့ဘူးပေါ့။
၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲ အတွက် ပါတီတွေ မှတ်ပုံတင်ဖို့ ကြေညာတဲ့အခါ အဲဒီ ဥပဒေ စည်းကမ်းချက်တွေကြောင့် NLD ပါတီ မယှဉ်ပြိုင်ခဲ့ပါဘူး။
သတ်မှတ်ထားတဲ့ ဥပဒေ စည်းကမ်းဘောင်တွေနဲ့ မကိုက်ညီတာကြောင့် တချို့ကျန်တဲ့ နိုင်ငံရေး ပါတီတွေလည်း ဝင်ပြိုင်ခြင်း မရှိခဲ့ပါဘူး။
NLD ပါတီဝင်ပြိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းလည်း အဲဒီဥပဒေ စည်းကမ်းတွေက ရှင်သန်နေဆဲပါပဲ။ ယခု အချိန်မှာ နောက်ထပ် နိုင်ငံရေး ပါတီတွေလည်း အသစ် မှတ်ပုံတင်လာကြတာကို တွေ့ရပါတယ်။
အဲဒီ ပါတီတွေ ထဲမှာ ပြည်သူလူထု အတွက် ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်တန် ကောင်းရဲ့လို့ ဆိုရမယ့် တတိယ ပါတီ၊ တနည်း Third Force လို့ခေါ်တဲ့ တတိယ အင်အားစုများ ပေါ်လာလေမလားလို့ နိုင်ငံရေး လောကနဲ့ ဒီမိုကရေစီ အစစ်အမှန်ကို မျှော်လင့်တဲ့ အင်အားစုတွေက စောင့်မျှော်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာကတော့ တတိယ ပါတီလို့ ခေါ်ရမယ့် တတိယ အင်အားစုဆိုတဲ့ နိုင်ငံရေး အင်အားစု အသစ် တခု အကြောင်းပါပဲ။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီ ကတော့ တတိယအင်အားစု ဆိုတာမရှိ။ ဒီမိုကရေစီ ကို လက်ခံလိုလားသူနဲ့ ဒီမိုကရေစီကို လက်မခံ ဆန့်ကျင့်သူတွေပဲ ရှိတယ်လို့ ဆိုတယ်။
ဒါပေမယ့် သူတို့ထဲက ယခင် ၈၈ မျိုးဆက် ငြိမ်းပွင့်ထဲက အင်အားစုတွေ ကတော့ ယခုဆိုရင် ပါတီအသစ် ထောင်ဖို့ စိုင်းပြင်းနေတာကို ကျနော်တို့ တွေ့မြင်နေကြရပြီ။
ဘာကြောင့် တတိယအင်အားစု ရှိသင့်ပါသလဲ။
ဆန်းစစ်မယ်ဆိုရင် လက်ရှိနိုင်ငံရေး အခြေအနေမှာ ပြည်သူတရပ်လုံးက တောင်းဆိုနေတဲ့ အမျိုးသား ညီညွတ်ရေး ဆိုတာ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာ ဒီမိုကရေစီရေး ဆိုတာ လက်ရှိနိုင်ငံရေး ပါတီတွေနဲ့ အာဏာရ ပါတီက ဆောင်ရွက် မပေးနိုင်ဘူးဆိုရင် တတိယ အင်အားစုလို့ခေါ်တဲ့ တတိယ ပါတီက ပေါ်ပေါက်လာကာ သူ့ကို ပြည်သူ လူထု က ထောက်ခံတယ် ဆိုရင် သူဟာ အင်အားကြီးပါတီ ဖြစ်သွားနိုင်တာပေါ့၊ ပြည်သူကို ရဲရဲရင့်ရင့်၊ ပြတ်ပြတ် သား သား၊ မှန်မှန်ကန်ကန် ခေါင်းဆောင်နိုင်တဲ့၊ ပြည်သူရဲ့ဆန္ဒကို ဖော်ဆောင်နိုင်တဲ့ အင်အားစုမျိုးဟာ ပေါ်ကို ပေါ်ပေါက် လာရမှာ ဖြစ်ပါတယ်။
မြန်မာပြည် နိုင်ငံရေးမှာ အဲဒီလို ပြည်သူလူထု တောင်းဆိုတဲ့ သမိုင်းပေး ဖြစ်ရပ်တွေ ရှိခဲ့တာပဲ။ ကိုလိုနီခေတ် ကတည်း က ယနေ့အထိ ပြည်သူတောင်းဆိုတဲ့ နိုင်ငံရေး အဖွဲ့အစည်း ဆိုတာ မိုးပေါ်က ကျလာတာ မဟုတ်ဘဲ ပြည်သူရဲ့ လိုအပ်ချက်၊ ဆန္ဒနဲ့ အတူ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်၊
အရင် ၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ၊ စစ်ကောင်စီကနေ စစ်အာဏာရှင် စနစ်၊ ၁၀ နှစ် ကျော် ကျော် အခြေခံဥပဒေမရှိဘဲ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်ခဲ့တာပဲ။ နောက် စစ်ကောင်စီက ထူထောင်လိုက်တဲ့ မဆလ ပါတီ၊ အဲဒါတွေဟာ ပထမ အင်အားစုတွေ အဖြစ် ရှင်သန်ပြီး တိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်မင်းလုပ် ခဲ့တာပဲ မဟုတ်လား။
အဲဒီ ပထမ အင်အားစု အပေါ် မကျေနပ်လို့ ပြည်သူ့အကျိုးကို ဆောင်ရွက်မယ် ဆိုတဲ့ ပါတီတွေ၊ နိုင်ငံရေး အင်အားစု တွေ ဟာ စစ်အာဏာရှင်တွေရဲ့ တဖွဲ့တပါတီပဲ ရှိရမယ် ဆိုတာကြောင့် အားလုံးဟာ မြေအောက်ပါတီတွေ ဖြစ်သွားရတယ်။
လက်နက်ကိုင် တော်လှန်ရေးထဲ ဆင်းပြီး မတရားသင်း ကြေညာခံထားရတဲ့ ပါတီတွေ ဖြစ်သွားပါတယ်။ အဲဒီထဲမှာ အင်အား အတောင့်ဆုံးနဲ့ စစ်အာဏာရှင် စနစ်နဲ့ မဆလ တပါတီစနစ်ကို ဗိုလ်နေဝင်း ပြောတဲ့ ဓားဓားချင်း ဆိုတဲ့ စကား လို သူသေနတ် ကိုယ်သေနတ်ချင်း ယှဉ်နိုင်တာက ဗမာပြည် ကွန်မြူနစ် ပါတီပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေပဲ။
ဒါပေမယ့် တိုင်းရင်းသား ပါတီတွေကိုတော့ ဗမာတပြည်လုံးကို ကိုယ်စားမပြုဘူးလို့ သတ်မှတ် ထားကြသလို သူတို့က လည်း သူတို့လူမျိုးစု အကျိုးအတွက်ပဲ ဖွဲ့စည်းထားကြတာ ဖြစ်တယ်။ ဒါကြောင့် ဒုတိယအင်အားစု အဖြစ် ဗမာပြည် နိုင်ငံရေး ကို ဦးဆောင်မှု မပေးနိုင်ခဲ့ပါဘူး။
စစ်ရေးအရရော၊ စည်းရုံးရေးအရရော အင်အားရှိနေသေးတဲ့ ဗမာပြည် ကွန်မြူနစ် ပါတီဟာ ဒုတိယအင်အားစု အဖြစ်နဲ့ စစ်အာဏာရှင်တို့ကို အံတုဖက်ပြိုင်ပြီး ဗမာပြည်နိုင်ငံရေးမှာ ပါဝင်ခဲ့တယ်။ လက်နက်ကိုင် အင်အားနဲ့ အာဏာ သိမ်းနိုင် လိမ့်မယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် ပြည်တွင်းစစ် သက်တမ်းနဲ့ အတူ ဒုတိယ အင်အားစုရဲ့ သက်တမ်းဟာလည်း ရှည်ကြာလာတာနဲ့ အမျှ နယ်ချဲ့ လက်ဝေခံတွေ၊ အမျိုးသားဓနရှင် အပါအဝင် ဓနရှင်ကြီးတွေဟာလည်း သူတို့ အကျိုးစီးပွား အတွက် အုပ်ချုပ်တဲ့ အစိုးရ အဆက်ဆက်နဲ့ ပူးပေါင်းပြီး လက်ဝဲ အင်အားစုတွေကို ဖြိုဖျက်ပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို ဆန့်ကျင်ခဲ့ကြတာကြောင့် အာဏာဟာ နီးလိုက်ဝေးလိုက်နဲ့ ရှည်ကြာလာတာကြောင့် ပြည်သူဟာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးလို တော်လှန်ရေးကြီးနဲ့ တတိယအင်အားစုကို ရွေးချယ်လိုက်တာပါပဲ။
၈၈ အရေးတော်ပုံကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဗကသ အဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ယခု ၈၈ မျိုးဆက် ငြိမ်းပွင့် ဆိုတဲ့ ကျောင်းသား လူငယ်တွေပဲ ဖြစ်ပါတယ်။
သူတို့တတွေကသာ ကျောင်းသားသမဂ္ဂ အဖြစ်နဲ့ရော၊ အဲဒီကနေ မွေးဖွားခဲ့တဲ့ နိုင်ငံရေးပါတီ အဖြစ်နဲ့ရော လူထုတိုက် ပွဲ ကြီးကို ဦးဆောင်နိုင်ခဲ့ရင် NLD ဟာ တတိယအင်အားစု ဖြစ်မလာနိုင်ပါဘူး။
ဒီကျောင်းသား လူငယ်တွေဟာ ဗမာပြည်ကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ မိခင် ကျန်းမာရေးကြောင့် ရောက် လာ တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်သွေးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင် မြှောက်ကာ တတိယအင်အားစု အဖြစ် ရွေးချယ်ခဲ့တာ နိုင်ငံရေးသမိုင်း ဖြစ်ရပ်တခုပါပဲ။
ပထမအင်အားစုကို မကျေနပ်တဲ့ ပြည်သူတွေဟာ ဒုတိယအင်အားစုရဲ့ အခြေအနေကြောင့် ယခုလို လစ်ဘရယ် ဒီမိုကရေစီ တိုက်ပွဲမှာ တတိယအင်အားစုကို မွေးထုတ်ပေးပြီး တတိယအင်အားစုရဲ့ ခေါင်းဆောင်မှုနောက် လိုက်ကြ မယ် ဆိုတာဟာ သမိုင်းဖြစ်ရပ်တခုဖြစ်သလို လိုအပ်တဲ့အချိန် တတိယအင်အားစု ပေါ်လာတယ် ဆိုတာကို သတိချပ်ရ ပါလိမ့်မယ်။
ဒါကြောင့် တတိယ အင်အားစု Third Force ဆိုတာ ရှိပါတယ်။ ဒီအင်အားစုဟာ ဖိနှိပ်တဲ့ အင်အားစုကို ဆန့်ကျင် လာမှာပဲ။ ပြည်သူနဲ့ အတူ ရှိတဲ့ အင်အားစုနဲ့ ပူးပေါင်းလာမှာပဲ။
ဒါကြောင့် တတိယအင်အားစု ဆိုတာ ရှိသလားဆိုရင် ရှိကို ရှိပါတယ်။ သမိုင်းက တောင်းဆို လာတဲ့အခါ အရည်အချင်း ရှိတဲ့ ခေါင်းဆောင်တွေနဲ့ အတူ တတိယအင်အားစု ဆိုတာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။