အောက်တိုဘာ ၃၀ ရက် ဧရာဝတီက ရေးသားဖော်ပြခဲ့တဲ့ “ရှမ်း ၂ ပါတီ ပေါင်းစည်းရေး မဖြစ်နိုင်သေးဟု ဆို” ခေါင်းစဉ်ပါ သတင်းမှာ ရှမ်းပါတီ ၂ ခုဖြစ်တဲ့ “ကျားဖြူ”လို့ သိကြတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နဲ့ “ကျားခေါင်း”လို့ သိကြတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD)တို့ ပေါင်းစည်းရေး မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှု အဆင်မပြေတဲ့အတွက် မဖြစ်နိုင်ဘူးလို့ ကျနော်တို့ ကျားခေါင်း ဘက်က ပြောတယ်ဆိုပြီး ရေးလိုက်လို့ ရှမ်းနိုင်ငံရေးလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။
တကယ်တော့ ကျားဖြူ ကျားခေါင်း ပေါင်းစည်းရေး ကိစ္စက အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ ၂ဝ၁၄ လောက်ကတည်းက နှစ်ဖက်စလုံး ဆွေးနွေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂ဝ၁၅ လောက်ကြတော့ ကျားဖြူဖက်က ရွေးကောက်ပွဲပြီးတော့မှ ပြန်ဆွေးနွေးမယ်ဆိုလို့ ရပ်ဆိုင်းသွားတာဖြစ်ပါတယ်။
အခုတော့ ကျားဖြူဖက်က ပေါင်းစည်းရေးကို ဆုံးဖြတ်လိုက်တယ်ဆိုပြီး ရှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU နာယက (အမှန်ကတော့ ဥက္ကဌ) ဆီ စာရေးတောင်းဆိုလိုက်တာကနေ ပြန်စလာတာ ဖြစ်ပါတယ်။ CSSU ဆိုတာ ရှမ်းနိုင်ငံရေး ပါတီတွေ၊ ရှမ်းလက်နက်ကိုင်တွေအနေနဲ့ ရှမ်းလူမျိုးများ အခြေအနေ၊ ရှမ်းနိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်းရေး အခြေအနေစတဲ့ ရှမ်းပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးလုပ်ကိုင်ကြဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီလို့ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်။
ခက်တာက အွန်လိုင်းမှာ ဖတ်ရတဲ့ CSSU ဆီပို့တဲ့စာထဲမှာ ကျနော်တို့ SNLD ဆိုပြီး ရည်ညွန်းတာ တခုမှမပါတဲ့အပြင် ကျနော်တို့ကိုလည်း မိတ္တူမပေးပါဘူး။ စာကို ကျနော်တို့က Facebook မှာပဲ မြင်ရတာ ဖြစ်ပါတယ်။ CSSU ဖက်ကလည်း ကျနော်တို့ကို ဒီနေ့အထိ ဘာမှ အကြောင်းကြားတာ မရှိပါဘူး။ ဒါကြောင့် SNLD အနေနဲ့ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်ထားတာ ဘာမှမရှိပါဘူး။ တရားဝင် ပြောဆိုလာမှု ဘာတခုမှ မရှိဘဲနဲ့တော့ ကြိုတင်ပြီး ဆုံးဖြတ်ထားစရာအကြောင်းလည်း မရှိပါဘူး။ ဒါကို ကျနော့်အနေနဲ့ တရားဝင် ပြောကြားလိုပါတယ်။ ကိုယ့်ကို တရားဝင်လမ်းကြောင်းက မဆက်သွယ်သေးတဲ့အပြင် ကိုယ့်ကို အမှန်တကယ် ရည်ညွှန်းတာ ဟုတ်-မဟုတ် မသေချာတာမို့ ဘာမှလုပ်ဖို့ မလိုဘူးလို့ ခံယူထားပါတယ်။
ဒါပေမယ့်လည်း ပေါင်းစည်းရမယ့်သူ အချင်းချင်း အရင် မဆွေးနွေးဘဲ လူအများသိအောင် လက်ဦးမှု ယူထားတဲ့ Facebook ပေါ်က ကျားဖြူရဲ့ CSSU ဆီ ပေးတဲ့စာကိုတော့ ကျနော်တို့ သေသေချာချာ ဖတ်ပါတယ်။ စာပါ အကြောင်းအရာတွေက ပေါင်းစည်းရေးဆိုတာထက် ရွေးကောက်ပွဲနေရာ ခွဲဝေရေးကို ဦးစားပေး တိုက်တွန်းထားတာကို တွေ့ရမှာပါ။ ကျနော်တို့ဆီက ပြည်သူ့ကိုယ်စားလှယ်တွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲ တုန်းက လူထုကို ပေးခဲ့တဲ့ ကတိကဝတ်တွေကိုတောင် ကျေပွန်အောင် မဆောင်ရွက်နိုင်သေးပါဘူး။ သုံးနှစ် လောက်လိုနေသေးတဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲကိစ္စကို မစဉ်းစားနိုင်သေးပါဘူး။ ဘာကြောင့် ဒီအချိန်မှာမှ ရွေးကောက်ပွဲကိစ္စကို ပေါင်းစည်းရေး အကြောင်းပြလုပ်လာရသလဲ ဆိုတာ ကျနော်တို့အတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
၂ဝ၁၆ ခုနှစ် ကျားဖြူပါတီ ပဉ္စမအကြိမ် ပါတီညီလာခံက ဆုံးဖြတ်ပြီး ထုတ်ပြန်ထားတဲ့ သဘောထားကြေညာချက်ထဲမှာ “ မိမိပါတီအား ဖျက်သိမ်း၍သော်လည်းကောင်း၊ ပါတီ၏ အခြေခံမူဝါဒများကို ပြုပြင်၍သော်လည်းကောင်း အခြားပါတီနှင့် ပူးပေါင်းရေးကို ကျင့်သုံးမည်မဟုတ် ” ဆိုပြီး ထုတ်ပြန်ထားတာ ရှိပါတယ်။ ပါတီညီလာခံရဲ့ သဘောထားကို ပါတီညီလာခံမှာပဲ ပြန်လည်ပြင်ဆင်ရတဲ့ နိုင်ငံရေးဓလေ့ကို နားလည်သင့်တယ်လို့ ထင်မြင်မိပါတယ်။
ပါတီပေါင်းစည်းရေးဆိုတာ မူဝါဒ သဘောတရားအရ ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေ တူညီအောင် ဆွေးနွေးပြီး သဘောတူညီချက်ရမှ ပေါင်းရတာမျိုးဆိုတာ အားလုံးသိပါတယ်။ ဒီအတိုင်း လွယ်လွယ်ပေါင်း လိုက်လို့ မရပါဘူး။ ကျနော်တို့ ရှေ့မှာ မွန်ပါတီတွေ ပေါင်းစည်းရေး၊ ရခိုင်ပါတီတွေ ပေါင်းစည်းရေး အတွေ့အကြုံ တွေက ထင်ထင်ရှားရှား ရှိနေတာကို ကျနော်တို့တတွေ သင်ခန်းစာယူရပါမယ်။
စိတ်ရင်းအမှန်အတိုင်း ပြောရရင် ပါတီပေါင်းစည်းရေးကို ကျနော်တို့က လိုလားပါတယ်။ လိုအပ်ရင် SNLD ပါတီကိုတောင် ဖျက်သိမ်းပြီး ပေါင်းနိုင်တယ်လို့ ၂ဝ၁၄ က ကျနော်ပြောခဲ့ဖူးပါတယ်။ ကျနော့်ပါတီဝင် တချို့ကတောင် ကျနော့်ကို စိတ်ခုသွားခဲ့ကြသေးတယ်။ ဒါပေမယ့် မဲဆန္ဒရှင် လူထုရဲ့ အကျိုးစီးပွားပေါ် အခြေ မခံဘဲ လူလည်ကျတဲ့ ကလိမ်ကကျစ် ပါတီပေါင်းစည်းရေးမျိုးကိုတော့ ကျနော်တို့က သတိထား ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒါကို အပြစ်တင်လို့ မရပါဘူး။
အခုတော့ အွန်လိုင်းမီဒီယာတွေမှာ ငြင်းခုန်ရန်ဖြစ်နေတာတွေ အများကြီး တွေ့နေရတယ်။ အဲဒီမှာ ကျနော်တို့ SNLD က ပေါင်းစည်းရေးကို မလိုလားသလိုလို အပြောများနေကြပါတယ်။ တကယ်တော့ အထက်မှာ ဆိုခဲ့သလို SNLD ဆီကို ဘာစာမှ မရောက်လာလို့ ဒီကိစ္စကို စဉ်းစားဆွေးနွေး ဆုံးဖြတ်ထားတာ ဘာမှ မရှိပါဘူး။ CSSU ဥက္ကဌ ဆီတောင် စာက မရောက်သေးဘူး။ အွန်လိုင်းမှာ မြန်မာဘာသာနဲ့ ထုတ်ပြန်ထားပြီး ဖြစ်နေပြီ။ အားလုံးသိအောင် ဖြန့်ဝေပြီးနေပြီ။ ဒါပေမယ့် ကျနော်တို့ဆီကို တရားဝင် ဘာမှ ပို့ပေးတာ မရှိပါဘူး။
SNLD ကို ဆဲနေကြတာတွေလည်း တွေ့ပါတယ်။ ကျနော်တို့ ဘာမှ တုန့်ပြန်စရာ မရှိပါဘူး။ တကယ်ဆို နိုင်ငံရေးကို နားမလည်ဘဲ နားလည်တယ်လို့ ကိုယ့်ကိုယ်ကို ထင်နေလို့ပါ။ အွန်လိုင်းပေါ်မှာသာ လူကြိုက်များဖို့ လုပ်တာကို တကယ့် နိုင်ငံရေးလို့ ထင်နေကြသူတွေကို ပြောချင်တာက လက်တွေ့မှာ နိုင်ငံရေးဆိုတာ ပြောနေကြသလို မရိုးရှင်းပါဘူး။ ပါတီတွေ လုပ်သမျှအားလုံးကို ပြည်သူထူထု မသိနိုင်ပါဘူး။ အခုလို အရေးကြီးတဲ့ ပါတီပေါင်းစည်းရေးကိစ္စမျိုးမှာဆို လူထုကို အသိပေး ကြေညာချက် ထုတ်ပြန်တယ်ဆိုတာ ပါတီဝင် အချင်းချင်း၊ ပါတီခေါင်းဆောင်တွေ အချင်းချင်း၊ မိတ်ဖက် မဟာမိတ် ပါတီတွေ အချင်းချင်း အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ပြီးမှ ထုတ်ပြန်ကြရပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်ရတယ်ဆိုတာ မသိဘဲ ရမ်းပြောနေလို့ မရပါဘူး။ ရမ်းပြောသမျှကို ကျနော်တို့ လိုက်လုပ်နေရရင် “သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်” ပုံပြင်ထဲကလို လိုက်လုပ်လို့ မဆုံးအောင် ဖြစ်သွားတော့မှာပေါ့ဗျာ။
မူဝါဒ၊ စည်းမျဉ်းစည်းကမ်း အခြေမခံပဲ အုတ်ရောရော ကျောက်ရောရော ပေါင်းစည်းရေး ဆိုတာမျိုးက နိုင်ငံရေးမှာ ရလဒ်ကောင်း မထွက်တတ်ပါဘူး။ ၂ဝ၁ဝ ကနေ ၂ဝ၁၅ အထိ တာဝန်ယူခဲ့တဲ့လူတွေ ဘာလုပ်သွားသလဲ။ အခု ကျနော်တို့ ဘာတွေလုပ်နေသလဲ။ စစ်အုပ်ချုပ်ရေးကာလမှာ သူတို့ ဘာတွေ လုပ်ခဲ့သလဲ။ ကျနော်တို့ ဘာတွေလုပ်ခဲ့သလဲ။ ဒါတွေကို ချိန်ထိုးစဉ်းစားကြည့်တာနဲ့ ပေါင်းစည်းရေးအတွက် ဘယ်လောက် ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်တယ်ဆိုတာ သိနိုင်ပါတယ်။
SNLD ပါတီကို မှတ်ပုံပြန်တင်ပြီး လှုပ်ရှားလာရတာလည်း အဲဒီအပြုအမူတွေကို ညှိနှိုင်းဆွေးနွေးလို့ မရတဲ့ အကြောင်း တချက် ပါပါတယ်။ ကျနော်တို့ရဲ့ ၂၉ နှစ်ကျော် ဖြတ်သန်းမှုထဲမှာ အသာလေး နှုတ်ဆိတ်နေလိုက်ရုံနဲ့ သိန်းထောင်ချီတန်တဲ့ ပါမစ်တွေကို လွယ်လွယ်ကူကူ ရနိုင်တဲ့ အခြေအနေမျိုး ဖန်တီးလို့ ရတဲ့ အခြေအနေတွေ ရှိခဲ့ဖူးပါတယ်။ ကျနော်တို့ မရွေးချယ်ခဲ့ပါဘူး။ ယုံကြည်ချက်နဲ့ မူဝါဒကိုပဲ အဓိကထားပြီး ရွေးချယ်ခဲ့လို့ ထောင်ဒဏ်နှစ်ရှည်တွေတောင် အကျခံခဲ့ကြရတယ်။ ကျနော်တို့ SNLD ခေါင်းဆောင်ပိုင်း ထိပ်သီးငါးယောက်လောက်ကို ဆန်းစစ်ကြည့်ပါ။ စာရိတ္တ၊ ငွေရေး ကြေးရေး၊ မူဝါဒဆိုင်ရာတွေနဲ့ ပတ်သက်ပြီး မှတ်ကျောက်တင်ပြီး စစ်ဆေးခံရဲပါတယ်။ ငအတွေလို့ဘဲ ဆိုဆို သမိုင်းဆိုးနဲ့တော့ ကျနော်တို့ဟာ “ဟိုတယ်ပိုင်ရှင်” မလုပ်နိုင်ပါဘူး။
မြို့နယ် ဒါမှမဟုတ် နယ်မြေခွဲပြီး ရွေးကောက်ပွဲဝင်ဖို့ ပြောတဲ့ကိစ္စက SNLD ပါတီမှာတော့ ဆုံးဖြတ်ထားတာ မရှိပါဘူး။ ကျနော့်တယောက်တည်းရဲ့ သဘောထားတော့ ပြောနိုင်ပါတယ်။ နယ်မြေခွဲတာတွေ မြို့နယ်ခွဲတာတွေကို ကျနော်သဘောမကျပါဘူး။ ပါတီရဲ့ အကျိုးကိုပဲ ကြည့်တဲ့သဘော ဖြစ်နေပါတယ်။ လူထုရဲ့ ရွေးချယ်ခွင့်ကို ပိတ်ပင်လိုက်တာလို့ မြင်ပါတယ်။ ရှမ်းလူထုတွေကို ရှမ်းမဲပုံး တပုံးတည်းကိုပဲ မျက်စိမှိတ် မဲထည့်ခိုင်းသလို ဖြစ်နေတယ်။ အဲဒီမဲပုံးရဲ့ ကိုယ်စားလှယ်ကို မဲဆန္ဒရှင်တွေက မကြိုက်ရင် ဘာလုပ်ရမလဲ။ မကြိုက်လည်း မဲထည့်ရမှာလား။ ပြည်မက ပါတီကြီးတွေကို မကြိုက်ဘဲ ရွေးချယ်ရတော့မလား။ တခြား ရှမ်းတယောက်ကို ရွေးစရာ မရှိခဲ့ရင် သူတို့ ဘာလုပ်ရမလဲ။ မနစ်နာဘူးလား။ အဲဒီ ရှမ်းတပါတီတည်းက လူထုအပေါ် ကြိုက်သလို စီမံသွားတော့မလား။
ကျနော်တို့ဟာ ပါတီစုံစနစ်ကို လိုလားပြီး တပါတီအာဏာရှင်စနစ်ကို မကြိုက်လို့ ၁၉၈၈ တုန်းက တနိုင်ငံလုံး အုံကြွ တောင်းဆိုခဲ့ကြတာပါ။ အဲ့ဒီအတွက် လက်ရှိအခြေအနေထိ ရောက်လာနိုင်ခဲ့ကြတာကို မမေ့သင့်ပါဘူး။ ဒါတွေကို မေ့ပြီး Multi-party System ကို အပြစ်တင်နေကြတယ်။ ပါတီတွေ များမှာကို ကြောက်နေကြတယ်။ ပါတီတွေ များလို့ မဲဆန္ဒရှင်က ရွေးစရာ ပိုများတော့ မကောင်းဘူးလား။ လူထုက အမှားနဲ့အမှန် ရွေးချယ်ခွင့် မရတော့ မနစ်နာပေဘူးလား။ တကယ်တော့ ရှမ်းတွေဟာ ရှမ်းမဲပုံးကလွဲပြီး တခြားမဲပုံး မထည့်ဘူး (မထည့်ရဘူး) ဆိုတဲ့ အတွေးအခေါ်က လူထုကို စော်ကားတာပဲ ဖြစ်တယ်။ လူထုရဲ့ ရွေးချယ်ခွင့်ကို ပိတ်ပင်တားဆီးတာပဲ ဖြစ်တယ်။ ရှမ်းပါတီတွေက မဟုတ် မမှန်လို့ လူထုက အားကိုးမရရင် ပြည်မက ပါတီကို သူတို့ အားကိုးမှာပဲ။ ဒါက တရားတယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ရဲ့ တကယ့် တာဝန်ကတော့ ကိုယ်တိုင်က မှန်ကန်တဲ့ ခေါင်းဆောင်မှုနဲ့ မှန်ကန်တဲ့ ပေါ်လစီတွေကို ရှမ်းပါတီတွေ ကိုယ်တိုင် ကြိုးစားအားထုတ်နေဖို့ ဖြစ်ပါတယ်။ မမှန်မကန်တဲ့ ခေါင်းဆောင်မှုနဲ့ လူထုရဲ့ ဆန္ဒမဲကို ရယူဖို့ မကြိုးစားသင့်ပါဘူး။
လူထုက သူတို့ပိုင်တဲ့ ဆန္ဒမဲကို သူတို့ဖာသာ အမှား/အမှန် ၊ အကျိုး/အပြစ် ဆုံးဖြတ်ပြီး မဲထည့်ရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကျနော်တို့ ရှမ်းပါတီတွေအနေနဲ့ လူထုအတွက် အမှန်တကယ် ကျိုးကျိုးနွံနွံ ကြိုးစား လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။ မဟုတ်မမှန်တာ မလုပ်ရဲတော့မှာ ဖြစ်ပါတယ်။ ဟုတ်တာ မှန်တာကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမား မှန်သမျှဟာ လူထုမဲကို ရနိုင်မှာပါ။ လူထုမဲကို အမွေခွဲသလို မဲဆန္ဒနယ်တွေ ခွဲမှ၊ မြို့နယ်တွေခွဲမှ မဲရမှာ မဟုတ်ပါဘူး။
မမှန်မကန်လုပ်တဲ့လူတွေသာလျှင် ပြိုင်ဖက်ကို မထားချင်ကြတာ ဖြစ်ပါတယ်။ မှန်မှန်ကန်ကန် လုပ်ကိုင် သူတွေကတော့ စိတ်ပူစရာ မရှိပါဘူး။ လူထုက မအပါဘူး။ အတွေ့အကြုံ အများကြီး ရှိပါတယ်။ သူတို့ မှန်မှန်ကန်ကန် ရွေးချယ်တတ်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲကို ပြန်ကြည့်ပါ။ လူထုက ဆုံးဖြတ်တတ်ခဲ့တာတွေ တွေ့နိုင်ပါတယ်။ လူထုကို လွတ်လပ်ခွင့် ပေးရပါမယ်။ ရွေးချယ်ခွင့် ပေးရပါမယ်။ လူထုကို အကျိုးပြုနေရင် ကိုယ့်ကို ရွေးချယ်မှာပဲ။ လူထုအကျိုး ဘာမှ မလုပ်ကိုင်ဘဲနဲ့တော့ လူထုမဲကို အချောင်မရနိုင်ပါဘူး။
ကောင်းမွန်မှန်ကန်တဲ့ အလုပ်အကျွေးပြုမှုတွေ ရှိနေရင် ကျနော်တို့ ရှမ်းပါတီတွေ အနေနဲ့ ပြည်မက ပါတီကြီးတွေကိုလဲ ကြောက်စရာ မရှိပါဘူး။ လူထုက နားလည်ပြီးသားမို့ ကိုယ့်ကို ဆန္ဒမဲပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော် အမြဲပြောတဲ့ စကားတခွန်းရှိပါတယ်။ ကိုယ်က လူထုကို ချပြတယ် ဆိုတဲ့ အသုံးအနှုန်း ဘယ်တော့မှ မသုံးပါနဲ့ ။ လူထုကို တင်ပြတယ်ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးဖို့ အမြဲသတိပေးထားပါတယ်။
ဒါဆိုရင် ရှမ်းပြည်ညီညွတ်ရေးက ဘယ်လို ဆက်သွားမှာလဲ။ CSSU ကို ဖွဲ့စည်းထားတာ ရှမ်းပြည်ညီညွတ်ရေးအတွက် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ မှီတင်းနေထိုင်ကြသူ ရှမ်းပြည်သား အားလုံး ညီညွတ်ရေး ဖြစ်ပါတယ်။ ရှမ်းတွေ ညီညွတ်ရေးလုပ်ပြီးရင် ရှမ်းပြည်သားညီညွတ်ရေးကို ဆက်လုပ်ဖို့ ရည်ရွယ်ပါတယ်။ အဓိက ကတော့ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ နေရာ platform ရှိနေဖို့ လိုပါတယ်။ ဆွေးနွေးညှိနှိုင်းနိုင်တဲ့နေရာရှိနေရင် ပြဿနာ အကြီးကြီးတွေကို ရှောင်လွဲနိုင်မယ်လို့ ယူဆထားလို့ပါ။
ရှမ်းပြည်နယ်မှာ မှီတင်းနေထိုင်ကြသူ ရှမ်းပြည်သား ညီညွတ်ရေးဟာလည်း ပြည်ထောင်စုကြီးကို အထောက်အကူပြုဖို့ လိုပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်/တိုင်းဒေသကြီးတွေဟာ အပြန်အလှန် ကျေးဇူးပြုနေဖို့ လိုပါတယ်။ တခုတည်းက ချွန်ထွက်နေလို့ မရပါဘူး။ တခုတည်းက ကောင်းနေလို့ မရပါဘူး။ အပြန်အလှန် အကျိုးပြုနေမှ အခု ကြိုးစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးလို ကိစ္စတွေ၊ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စတွေဟာ အဆင်ပြေသွားနိုင်မှာ ဖြစ်ပါတယ်။
(စိုင်းညွန့်လွင်သည် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။)