ယခု တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့သည် ၉၇ နှစ်မြောက် အမျိုးသားနေ့ ဖြစ်ပေသည်။
၁၉၂၀ ပြည့်နှစ်က ရန်ကုန် တက္ကသိုလ် ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သည့် နေ့အား အမျိုးသားနေ့ အဖြစ် သတ်မှတ် လိုက်ခြင်း ဖြစ်၏။
အမျိုးသားနေ့ သတ်မှတ်ရေးအတွက် ၁၉၂၂ ခုနှစ်က ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပသော ဂျီစီဘီအေ အထူး ကွန်ဖရန့် က သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ဆရာတော် ဦးဥတ္တမ အဖမ်းခံရသည့် နေ့ကို သတ်မှတ်မလား၊ သီပေါမင်း ပါတော်မူသော နေ့ကို သတ်မှတ်မလား၊ ရန်ကုန် တက္ကသိုလ် အက်ဥပေဒကို သပိတ်မှောက်သော နေ့ကို သတ်မှတ်မလား ဟု စဉ်းစား ဆုံးဖြတ်ကြရာ နောက်ဆုံး ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်သော နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်လိုက်ကြ ပါသည်။
အင်္ဂလိပ် ရက်စွဲ ဒီဇင်ဘာ ၅ ရက်နေ့ကို မသတ်မှတ်ဘဲ ဗမာ ရက်စွဲ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို သတ်မှတ် ခဲ့ကြ လေသည်။ အင်္ဂလိပ် ရက်စွဲနှင့် ကိုက်ချင်မှ ကိုက်ပေမည်။ သို့သော် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် နေ့မှာမူ လွဲစရာ အကြောင်း မရှိပေ။
အမျိုးသားနေ့ ကျင်းပခဲ့ရာတွင် မျိုးချစ်စိတ်ဓာတ် ထက်သန်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးကို အခြေခံပြီး လွတ်လပ်ရေးကို ဦးတည် တောင်းဆိုသော အမျိုးသား အစိုးရ၊ ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံ ဖြစ်ရေး တို့ကို ရည်ရွယ်၍ ကျင်းပခဲ့သည်မှာ ယနေ့ ကာလ ၉၇ နှစ်မြောက်ခဲ့ပြီ ဖြစ်သည်။
ထိုစိတ်ဓာတ်ကို အမျိုးသားတိုင်း မမေ့ မလျော့ဘဲ အမျိုးသားရေး နိုးကြားစေအောင် အမျိုးသား အစိုးရက နှစ်စဉ် နှစ်တိုင်း ကျင်းပ လာခြင်း ဖြစ်ပါသည်။
အမျိုးသားရေးအတွက် တိုက်ပွဲ ဝင်ခဲ့ကြရာတွင် ဗမာစာသည် တို့စာ၊ ဗမာ စကားသည် တို့စကား ဆိုသော ကိုယ့်အမျိုးသား ကိုသာ မဏ္ဍိုင်ထားပြီး သခင်စိတ်ဓာတ် ရှိလာအောင် မိမိတို့သည် လွတ်လပ်သော နိုင်ငံ၊ လွတ်လပ်သော လူမျိုး၊ ကိုယ့် စကား၊ ကိုယ့်စာ၊ ကိုယ့်ဘုရင် ကိုယ့်သခင်ဖြင့် ယဉ်ကျေးမှု အစဉ်အလာ ရှိခဲ့သော လူမျိုးတမျိုး၊ နိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ ကြောင်း၊ နယ်ချဲ့တို့ကသာ မတရား ကျွန်ပြုထားခဲ့ကြောင်း လှုံ့ဆော် စည်းရုံးသည့် အနေဖြင့် အမျိုးသား နေ့ကို ဂုဏ်ပြု သတ်မှတ် ထားခဲ့ခြင်း ဖြစ်သည်။
မြန်မာ ပြည်သူများအနေဖြင့် ဗြီတိသျှ နယ်ချဲ့ အုပ်ချုပ်မှုကို တော်လှန်၍ လွတ်လပ်မှုကို တောင်းဆိုခဲ့သလို ဖက်ဆစ် ဂျပန်များ အုပ်ချုပ်လာသည့် အခါတွင်လည်း ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ နောင် လွတ်လပ်ရေး ရလာသည့် အခါတွင်လည်း တိုင်းပြည် အုပ်ချုပ်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် လုပ်ဆောင် ခဲ့ရလေသည်။
ထိုမှ ဆက်လက်ပြီး စစ်အာဏာရှင် စနစ်၏ ခါးသီးသော ဖိနှိပ် ညှဉ်းပန်းမှု ကာလတွင်လည်း ပြည်သူတို့သည် ဒီမိုကရေစီ အခွင့်အရေး တောင်းဆိုမှုနှင့် မိမိတို့ဘဝ စားဝတ်နေရေး ဖူလုံမှု၊ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုတို့ အတွက် တိုက်ပွဲ ဝင်ခဲ့ကြရသည်။
တိုင်းရင်းသား လူမျိုးများမှာလည်း လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့ကြသလို ဗမာ လူမျိုးကြီး ဝါဒ ၏ ဖိနှိပ်မှု၊ လွှမ်းမိုးမှု ကိုလည်း ယခုထက်တိုင် လက်နက် စွဲကိုင်ကာ တော်လှန် တိုက်ပွဲ ဝင်ခဲ့ကြရသည်။ ဗမာ လူမျိုးကြီး နှင့် တိုင်းရင်းသား လူမျိုးများကြား ကွာဟ နေမှုကို တန်းတူ အခွင့်အရေး ရရှိရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး တို့အတွက် ပြည်တွင်း စစ်ကြီးကို နှစ်ပေါင်း ၇၀ နီးပါး တိုက်ပွဲ ဝင်ခဲ့ကြရပါသည်။
ထိုသို့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့ရသလို တိုင်းရင်းသား လူမျိုးများသည်လည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး အတွက် တိုက်ပွဲ ဝင်နေကြရပါသည်။
စင်စစ်အားဖြင့် ယခုလို ၉၇ နှစ်မြောက် အမျိုးသားနေ့တွင် ပြည်သူတရပ်လုံးမှာ မိမိတို့၏ အမျိုးသား အချုပ်အခြာ အာဏာ (National Sovereignty) နှင့် အမျိုးသားရေး လက္ခဏာ (National Indentity) များမှာ အပြည့်အဝ အခိုင်အမာ မရရှိသေး ခြင်းပင် ဖြစ်သည်။
လွတ်လပ်ရေးနှင့် ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲခဲ့ရခြင်းမှာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် အမျိုးသား ကိုယ်ပိုင် လက္ခဏာ အတွက် တနိုင်ငံလုံးရှိ ပြည်သူများ အားလုံး တိုက်ပွဲ ဝင်ခဲ့ရခြင်း ဖြစ်သလို ယနေ့လို အခြေအနေ မျိုးတွင်လည်း ရခိုင်ပြည်နယ်လို ဒေသမျိုးတွင် အချုပ်အခြာ အာဏာ ထိပါးမှုများ ဖြစ်လာရလေသည်။
ထိုပြဿနာမျိုးသည် ရခိုင်ပြည်နယ် တခုတည်း အတွက် မဟုတ်ပေ။ တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သော၊ မြန်မာ ပြည်သူ အားလုံးနှင့် သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ အချုပ်အခြာ အာဏာ ခိုင်မာရေးနှင့် မည်သည့် အကြောင်းနှင့် ပင် ဖြစ်စေ မိမိနိုင်ငံတွင်း ဝင်ရောက်လာသည်ကို တိုက်ပွဲ ဝင်ရန်မှာ မြန်မာပြည်သူ အားလုံး၏ တာဝန်လည်း ဖြစ်သည်။
ထို့ကြောင့် အချုပ်အခြာ အာဏာ ခိုင်မာရေးနှင့် ကာကွယ်ရေးကို တည်ဆောက်ရန် အတွက် တိုင်းရင်းသား လူမျိုးစုများ အပါအဝင် မြန်မာတနိုင်ငံလုံး အနေဖြင့် အမျိုးသား ညီညွတ်ရေးကို တည်ဆောက်ရန် လိုအပ်လှပေသည်။
အမျိုးသား ညီညွတ်ရေးကို တည်ဆောက်ရန် အတွက် နှစ် ၇၀ ခန့် ကြာနေပြီ ဖြစ်သော ပြည်တွင်း စစ်ကြီးကို ရပ်ဆိုင်းရန် လိုအပ်လေသည်။ ဘုံရည်မှန်းချက် တခုကို သဘောတူ လုပ်ဆောင်နိုင်ရန် ပေးလာသော အခြေအနေ၊ ရရှိလာသော အခွင့် အရေးများကို ဆုပ်ကိုင်ပြီး တိုင်းရင်းသား အားလုံး အနေဖြင့် ကျေကျေလည်လည် ညှိညှိနှိုင်းနှိုင်း သဘောထား ကြီးကြီးဖြင့် ယုံကြည်မှု တည်ဆောက်ကာ ဆွေးနွေး သင့်ပေသည်။
ယခု ၂၁ ရာစု ပင်လုံတွင် အပေးအယူ ရှိရှိ၊ တဖက်ကို တဖက် နားလည်မှု ရှိရှိ၊ မျှမျှတတဖြင့် ဆွေးနွေး နိုင်လျှင် ငြိမ်းချမ်း ရေး ကို အမြန်ဆုံး ဖော်ဆောင် နိုင်ပေလိမ့်မည်။
ထိုသို့ ညီညွတ်ရေး ခိုင်မာလျှင် အမျိုးသား အချုပ်အခြာ အာဏာ တည်မြဲရေးသည်လည်း အားကောင်း လာမည်မှာ သေချာ ပါသည်။ အမျိုးသား ညီညွတ်ရေး ပြိုကွဲနေသမျှ အချုပ်အခြာ အာဏာသည်လည်း လျော့နည်း နေမည်သာ ဖြစ်သည်။
အချုပ်အခြာ အာဏာ မခိုင်မာလျှင် နိုင်ငံ၏ လွတ်လပ်ရေးကို ထိပါးလာကြ ပေမည်။ ကျူးကျော်မှုနှင့် စွက်ဖက်မှုများ အားကောင်း လာပေမည်။ ထိုအခြေအနေကို အုပ်စိုးသူ လူတန်းစားရော၊ အုပ်စိုးခံ ပြည်သူများရော သဘောပေါက် နားလည် ရပေမည်။
တချိန်တည်းတွင် အမျိုးသားရေး လက္ခဏာသည်လည်း နိုင်ငံသား အားလုံးအတွက် အရေးကြီးလှပါသည်။ ဗမာ လူမျိုးများ အတွက်ရော၊ တိုင်းရင်းသား ပေါင်းစုံ လူမျိုးများ အတွက်ရော ကိုယ်ပိုင် လက္ခဏာ အသီးသီး ရှိကြ၏။
ကိုယ်ပိုင် လက္ခဏာ ဆိုသည်မှာ မိမိတို့ မှီတင်းနေထိုင်သော နိုင်ငံတွင် အသိအမှတ် ပြုသည့် မိမိတို့ လူမျိုး၏ ကိုယ်ပိုင် လက္ခဏာ၊ မိမိတို့ ကိုးကွယ်သော ယဉ်ကျေးမှု၏ ကိုယ်ပိုင် လက္ခဏာ အသီအသီး ရှိကြလေသည်။
ကိုယ်ပိုင် လက္ခဏာ အသစ်တခု ဖန်တီးရန် တခြားနိုင်ငံမှနေ မိမိတို့ နိုင်ငံထဲ ဝင်ရောက် နေထိုင် ဖန်တီးယူ၍ မရနိုင်ပေ။ ဖန်တီးယူသော ကိုယ်ပိုင် လူမျိုး၊ ကိုယ်ပိုင် လက္ခဏာ ကို မည်သည့် နိုင်ငံကမှ လက်ခံလိမ့်မည် မဟုတ်ပေ။ ထိုသို့ ဖန်တီးမှု ကိုလည်း နိုင်ငံတခုစီ၏ အချုပ်အခြာ အာဏာကို အခြေခံ၍ အသိအမှတ် ပြုရပေမည်။
ဥပမာ ယနေ့ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် အချုပ်အခြာ အာဏာနှင့် ကိုယ်ပိုင် လက္ခဏာ ဖန်တီးလိုသော သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဟု ခေါ်ဆိုသော ဘင်္ဂါလီ လူမျိုးတို့၏ ဖန်တီးမှုပင် ဖြစ်ပါသည်။
ထို အသစ် လူမျိုးတခု မိမိတို့ဘာသာ ဖန်တီးလိုက်သော ကိုယ်ပိုင် လက္ခဏာတခုကို နိုင်ငံ၏ သမိုင်း၊ နိုင်ငံတွင် ဖြစ်တည် ခဲ့သော တိုင်းရင်းသား လူမျိုးတို့၏ သမိုင်းကို လေ့လာ စုံစမ်းမှု မရှိဘဲ အသိအမှတ် ပြုရန် ကြိုးစားခြင်းသည် ထိုနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါး စော်ကားခြင်း ဖြစ်သလို လွယ်လွယ် ကူကူ လက်ခံခြင်းသည်လည်း မိမိတို့၏ အသိ ရေချိန်၊ နိုင်ငံရေး ရေချိန်တို့ကို ဖော်ပြရာလည်း ရောက်လေသည်။
ထို့ကြောင့် လွန်ခဲ့သော ၉၇ နှစ်က အမျိုးသားနေ့ ပေါ်ပေါက်ရခြင်းသည် ၁၉၂၀ က အမျိုးသား သပိတ်ကြီး အပေါ် အခြေခံ ၍ ပေါ်ပေါက်ကာ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့ကြသလို ယနေ့ ကာလတွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ အချုပ် အခြာ အာဏာနှင့် အမျိုးသားရေး လက္ခဏာ တို့အတွက် အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရန် လိုအပ် လာပါ တော့သည်။
၂၀၁၅ ရွေးကောက်ပွဲကြီး ပြီးကတည်းက ၂ နှစ် သက်တမ်းထဲ ဝင်လာသော NLD အစိုးရ လက်ထက်တွင် နိုင်ငံတကာ လေ့လာ သုံးသပ်သူများနှင့် အထူးသဖြင့် အမေရိကနှင့် ဥရောပ နိုင်ငံများက မြန်မာနိုင်ငံတွင် စည်းလုံး ညီညွတ်မှု ပြိုကွဲ နေကြာင်း ထောက်ပြကြသည်။
ပြည်တွင်းရှိ နိုင်ငံရေး လေ့လာသူများ နှင့် ပြည်သူများကလည်း အမျိုးသား စည်းလုံးညီညွတ်ရေး အားနည်းနေသည်ကို သဘောပေါက်ကြပါသည်။
အနောက်နိုင်ငံများက ထောက်ပြရာတွင် မြန်မာနိုင်ငံတွင် အစိုးရ ၂ ဖွဲ့လို ဖြစ်နေကြောင်း၊ အစိုးရနှင့် အာဏာသည် အရပ် သား အစိုးရနှင့် တပ်မတော်ကြား တစည်းတလုံးတည်း မရှိနေခြင်းကြောင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို ဟန့်တား နေသလို ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေသည်ဟု အလေးအနက် ပြောဆိုကြ၏။
NLD အစိုးရက ဖွဲ့စည်းပေးသည့် ရခိုင် ပြဿနာ စုံစမ်းရေး ကော်မရှင် ဖြစ်သော ကိုဖီအာနန် စုံစမ်းစစ်ဆေးရေး ကော်မရှင် က ကုလ သမဂ္ဂတွင် တင်ပြခဲ့သည်။
ခေါင်းဆောင် ဖြစ်သူ ကိုဖီအာနန်ကို လုံခြုံရေး ကောင်စီက တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အရပ်သား အစိုးရနှင့် တပ်မတော် အစိုးရလို ဖြစ်နေသည်၊ တသွေးတသံတည်း မဟုတ်ဘဲ ၂ ဖွဲ့ သဘောထားကွဲပြီး အုပ်ချုပ်နေသည်ဟု တင်ပြသွားခြင်းမှာ သူတို့ မြင်တွေ့ကြုံကြိုက်ခဲ့သည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း သဘောထားပေးခြင်း ဖြစ်လေ သည်။
မည်သို့ပင် ဖြစ်စေ ထိုကဲ့သို့ ထိပါးခံလာရသည့် အမျိုးသား အချုပ်အခြာ အာဏာ (National Sovereignty) နှင့် အမျိုးသားရေး လက္ခဏာ (National Indentity) တို့ အားနည်း လာရခြင်းသည် ငြိမ်းချမ်းရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်ရေး မရှိခြင်းကြောင့် ဖြစ်ပါသည်။
ထိုအခြေအနေမျိုးကို ယခုလို အမျိုးသားနေ့တွင် အခိုင်အမာ တည်ဆောက်ကြရေး အတွက် အားလုံးက ဆုံးဖြတ်ရန် လိုအပ် လှပါတော့သည်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။
ဤဆောင်းပါးကို နိုဝင်ဘာလ ၁၃ ရက် (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျရောက်သည့် ၉၇ နှစ် မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ဖော်ပြပါသည်။