ရခိုင်ပြည် အတူယှဉ်တွဲနေထိုင်ရေး မျှော်လင့်ချက် ARSA က ရိုက်ချိုးခဲ့သည်

ကျော်စွာမိုး
ရခိုင်ပြည်မြောက်ပိုင်း ရသေ့တောင်မြို့နယ် တင်မေရွာအနီး တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်တဦးနှင့် ရွာသားတဦး / Reuters
Want create site? Find Free WordPress Themes and plugins.

ARSA အကြမ်းဖက်အဖွဲ့၏ သြဂုတ်လ တိုက်ခိုက်မှုနောက်ပိုင်း ခါးသီးသော အမှန်တရားတခုမှာ ရခိုင်နှင့် ရိုဟင်ဂျာဟုဆိုသူ ဘင်္ဂါလီ အသိုင်းအဝိုင်းနှစ်ခုအကြား ပြန်လည် အတူတကွ ယှဉ်တွဲနေထိုင်ရန် အင်မတန် ခက်ခဲသွားခြင်းပင်။

ထိုအခြေအနေသည် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် တုံ့ပြန်တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။

ARSA ခေါ် ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့သည် သြဂုတ်လ ၂၅ ရက်တွင် အစိုးရလုံခြုံရေးတပ်ဖွဲ့ စခန်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကို သတ်ဖြတ်၍ လက်နက်များကို သိမ်းယူခဲ့သည်။ တပ်မတော်ကလည်း ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ခဲ့ပြီး ထိုအပြန်အလှန်တိုက်ခိုက်မှုကြောင့် လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသည်။

ကုလသမဂ္ဂ၏ ကိန်းဂဏန်များအရ ယခုအခါ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၆ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ရှိသည့် ဒုက္ခသည် စခန်းများသို့ ထွက်ပြေးရောက်ရှိနေကြသည်။

ARSA သည် ရိုဟင်ဂျာများ၏ အခွင့်အရေးအတွက် တိုက်ခိုက်သည်ဟု ကြွေးကြော်သော်လည်း ဤတိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုပင် ဖြစ်သည်။

လေ့လာဆန်းစစ်သူများက ARSA ၏ သြဂုတ်လအတွင်း တိုက်ခိုက်မှုသည် တပ်မတော်မှ ပြင်းထန်သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများဖြင့် တုံ့ပြန်လာစေရန် တမင် ရန်စ တိုက်ခိုက်ခဲ့သည်ဟု ယူဆကြသည်။
အကျိုးရလဒ်အနေဖြင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဤကိစ္စပေါ်တွင် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို အပြည့်အ၀ ရရှိသွားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၊ ဘင်္ဂါလီ ဒုက္ခသည်များ ကိုယ်တိုင်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ လက်ရှိ ရင်ဆိုင်နေရသော အကျပ်အတည်းများကို ဖန်တီးခဲ့သူမှာ ARSA ပင် ဖြစ်သည်။

ထို ARSA ၏ လုပ်ရပ်များသည် အခြေအနေ ဆိုးဆိုးရွားရွား ခံစားနေရသည့် ဘင်္ဂါလီတို့၏ ဒုက္ခများကို ပိုမို ဆိုးရွားသွားစေခဲ့သည်။ ထို့ပြင် ရခိုင်ပြည်မှ တိုင်းရင်းသားလူမျိုးများနှင့် အတူ ယှဉ်တွဲနေထိုင်နိုင်မှုကို ရိုက်ချိုးပစ်ခဲ့ပြီး အနာဂတ်တွင်လည်း ထိုသို့ အတူယှဉ်တွဲနေထိုင်နိုင်ရန် ပိုမိုခက်ခဲသွားစေသည်။

အားလုံးမဟုတ်နိုင်သော်လည်း ရိုဟင်ဂျာဟုဆိုသူ ဘင်္ဂါလီအများစုက ARSA ၏ တိုက်ခိုက်မှုများကို ထောက်ခံခဲ့ကြပုံရသည်။

အမေရိကန် အခြေစိုက် NPR (National Public Radio) က အောက်တိုဘာလ အစောပိုင်းတွင် (Rohingya Refugees Pour Into Bangladesh, And Many Questions A Militant Group’s Actions) အမည်ရှိ သတင်းတခုကို ထုတ်လွှင့် ခဲ့သည်။ ထိုသတင်းသည် အခြား အနောက်နိုင်ငံ မီဒီယာအများစု ရေးသားပုံနှင့် ကွဲပြားသည်။

ထိုဆောင်းပါးသည် ရိုဟင်ဂျာ ဒုက္ခသည်များကို အင်တာဗျူးပြီး ARSA ၏ တိုက်ခိုက်မှုများသည် မလုပ်သင့်သည်များကို ဆိုးဆိုးရွားရွား လုပ်ဆောင်ခဲ့မှုဖြစ်ပြီး ထို့အတွက် အပြစ်မဲ့ ရိုဟင်ဂျာများ မည်သို့ဒုက္ခရောက်နေရကြောင်းကို ဖော်ပြထားသည်။

“ကျမခင်ပွန်းကို သတ်တဲ့ အတွက် စစ်တပ်ကို စိတ်ဆိုးတယ်။ ဒါပေမယ့် တိုက်ပွဲမှာ ပါဝင်ဖို့ ကျမခင်ပွန်းကို စည်းရုံးခဲ့တဲ့ သူတွေ(ARSA) ကိုလည်း ကျမစိတ်ဆိုးတယ်” ဟု အသက် ၂၀ အရွယ် ဒုက္ခသည်အမျိုးသမီးက NPR ကို ပြောဆိုခဲ့သည်။ သူ၏ အမျိုးသားဖြစ်သူမှာ ARSA ၏ စည်းရုံးခြင်းကို ခံရပြီးနောက် သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုများအတွင်း တပ်မတော်၏ နယ်မြေရှင်းလင်းရေးတွင် သေဆုံးခဲ့သည်။ သူ့တွင် ၉ လအရွယ် ကလေးတဦး ကျန်ရစ်ခဲ့သည်။

မောင်တောမြို့နယ်ရှိ နိုင်ငံတကာ အဖွဲ့အစည်းတခုတွင် အလုပ်လုပ်ခဲ့ပြီး ထွက်ပြေးလာသော ဒုက္ခသည် တဦးကလည်း “ARSA ရဲ့ တိုက်ခိုက်မှုတွေဟာ အလွန်ကြီးမားတဲ့ အမှားပါပဲ။ အဲဒီလို မတိုက်ခိုက်ခဲ့ဘူးဆိုရင် စစ်တပ်ကလည်း အခုလိုမျိုး တုန့်ပြန်မှာ မဟုတ်ဘူး။ သန်းတဝက်လောက်ရှိတဲ့ ဒုက္ခသည်တွေလည်း ဒီကိုရောက်နေမှာ မဟုတ်ဘူး” ဟု NPR သို့ ပြောသည်။

ထိုဒုက္ခသည် ကိန်းဂဏန်းများက “လူမျိုးတုံး သတ်ဖြတ်မှု၏ နမူနာ”ဟု ခေါ်ရလောက်အောင် ကုလသမဂ္ဂကို တွန်းပို့ခဲ့ပြီ ဖြစ်သည်။ ရိုဟင်ဂျာများ ဒုက္ခခံစားနေရသည်မှာလည်း သံသယဖြစ်စရာ မရှိပါ။

အနောက်နိုင်ငံများက မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဤကိစ္စပေါ်တွင် နှုတ်ဆိတ်နေမှုနှင့် တပ်မတော်၏ တန်ပြန်တိုက်ခိုက်မှုများအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ကြသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း သတိပြုမိလာသည့် နောက်တွင် သူတို့၏ ပြစ်တင်ဝေဖန်မှုများကို တပ်မတော်ဆီသို့ ပြောင်းလဲခဲ့ကြသည်။

မြန်မာနိုင်ငံသားအများစုကမူ အနောက်နိုင်ငံများက ARSA ကို အပြည့်အဝ အပြစ်တင်ရန် ပျက်ကွက်ခဲ့သည်ဟု ခံစား ကြရသည်။ ဤနောက်ဆုံးအကြိမ် အကြမ်းဖက်ပဋိပက္ခများကို စတင်ခဲ့သူမှာ ARSA ဖြစ်သည်ဟု သူတို့က ယုံကြည်သည်။

အနောက်တိုင်းမီဒီယာများက အက်တာအူလ္လာ ဦးဆောင်သည့် ARSA အဖွဲ့နှင့် ၎င်း၏ တိုက်ခိုက်မှုများကို သေသေချာချာ ရေးသားဖော်ပြခြင်း မပြုခဲ့ကြပါ။ ဤကိစ္စတွင် အနောက်တိုင်း မီဒီယာများ၏ အမြင်က အာရှအခြေစိုက် လေ့လာသုံးသပ်သူများ၏ အမြင်နှင့် ကွဲပြားခြားနားနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ရှိသည့် သံတမန်များနှင့် စကားပြောဆိုရင်း ကျနော်သတိပြုမိခဲ့သည်မှာ သူတို့အားလုံးက ARSA နှင့် ၎င်း တို့၏ အကြမ်းဖက်တိုက်ခိုက်မှုကို အပြစ်တင်ခဲ့ကြသည်။

အချို့သောသံတမန်များက မြန်မာပြည်သူလူအများစု၏ ယူဆချက်နှင့် ကွဲပြားစွာဖြင့် ARSA ကို ရိုဟင်ဂျာများ၏ လွတ်လပ် မှုအတွက် တိုက်ခိုက်နေသူများအဖြစ် မြင်ကောင်းမြင်ခဲ့ကြနိုင်ပါသည်။

သို့သော်လည်း မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရင့်စာနယ်ဇင်းသမားတဦး ဖြစ်သည့် Bertil Lintner က “ARSA အဖွဲ့နှင့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အာရပ်နိုင်ငံများတွေမှာ အခြေစိုက်တဲ့ အစွန်းရောက် အဖွဲ့များကြားမှာ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေကို အမေရိကန်လုံခြုံရေးအရာရှိတွေက မသိဘူးလို့ တွေးမယ်ဆိုရင်တော့ ညံ့ရာကြပါလိမ့်မယ်”ဟု ရေးသားခဲ့သည်။

“ARSA ကတော့ ထိုသို့ ဆက်နွယ်မှု လုံး၀ မရှိကြောင်း ငြင်းဆန်ခဲ့သည်။ ၎င်းတို့သည် ဘာသာရေးစစ်ပွဲ Jihad ဆင်နွှဲသည့် အဖွဲ့အစည်းတခု မဟုတ်ဘဲ လူမျိုးစုအ မျိုးသားရေးအတွက် မြန်မာတပ်မတော်၏ နှိပ်စက်မှုကို ခံနေရသော ရိုဟင်ဂျာများကို ကယ်တင်ရန်သာ ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

သို့သော်လည်း ၎င်းတို့၏ မူလနာမည် ဖြစ်သော ဟာရာကာ အယ်လ်ယာကင် Harakah al-Yaqin သို့မဟုတ် ကိုးကွယ်ယုံကြည်ခြင်း လှုပ်ရှားမှု Faith Movement ဆိုသည့်အမည်က မွတ်ဆလင်ကမ္ဘာမှ အစွန်းရောက် အစိတ်အပိုင်းများနှင့် ဆက်သွယ်မှုရှိကြောင်းကို ထောက်လှမ်းရေး အစီရင်ခံစာများအရ ဖော်ပြနေသည်ကို တွေ့ရသည်။

ARSA ကို လမ်းညွန်အကြံပေးသူ ရိုဟင်ဂျာ နွယ်ဖွား ပါကစ္စတန်နိုင်ငံသားတဦး ဖြစ်သည့် Abdus Qadoos Burmi က ပါကစ္စတန်နိုင်ငံမှ လက်ရှ်ကာ အီး တိုင်ဘာ Lashkar-e-Taiba သို့မဟုတ် အမှန်တရား တပ်ဖွဲ့ the Army of the Righteous နှင့် နီးစပ်မှု ရှိသူ ဖြစ်သည်။

ထိုအဖွဲ့ကို သေဆုံးသွားပြီဖြစ်သည့် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာ ဘင်လာဒင်၏ ငွေကြေးထောက်ပံ့မှုဖြင့် အာဖဂန် နစ္စတန် နိုင်ငံတွင် ၁၉၈၇ ခုနှစ်တွင် ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် တောင်အာရှ၏ အကြီးဆုံးအကြမ်းဖက် အဖွဲ့အစည်းများထဲတွင် တခုအပါအဝင် ဖြစ်သည်” ဟုလည်း ဖော်ထုတ် ရေးသားသည်။

ARSA ၏ ခေါင်းဆောင်ဖြစ်သည့် အက်တာအူလ္လာသည်လည်း ပါကစ္စတန်ရောက် ရိုဟင်ဂျာအသိုင်းအဝိုင်းမှ မွေးဖွားခဲ့ပြီး ကလေးဘဝကတည်းက ဆော်ဒီအာရေးဗီးယားသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုများနောက်ပိုင်း များမကြာမီမှာပင် မြန်မာအစိုးရက ARSA ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာခဲ့သည်။

ရခိုင်တိုင်းရင်းသား အများစုက ARSA နှင့် ရိုဟင်ဂျာ ကြားတွင် ကွဲပြားခြားနားမှုရှိသည်ဟု မြင်ပုံမရကြပါ။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် ARSA ကို သူတို့က ထောက်ခံခဲ့ကြသောကြောင့် ဖြစ်သည်။

ရိုဟင်ဂျာ အတော်များများမှာမူ ARSA ၏ အကြမ်းဖက်မှုများကို ထောက်ပံ့နေဆဲဖြစ်သည်ဟု ယုံကြည်ရသည်။ အောက်တိုဘာလအစောပိုင်းတွင် ရိုက်တာသတင်းဌာနမှ ရေးသားခဲ့သော သတင်းတပုဒ်တွင် တိုက်ခိုက်ရေးသမားအချို့က နောက်တကြိမ် တိုက်ပွဲဝင်ရန် သူတို့ အသင့် ဖြစ်နေကြောင်းကိုလည်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထိုအချက်များသည် အတိတ်က အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည့် ရခိုင်နှင့် ရိုဟင်ဂျာများအကြား ပြဿနာများ ပိုမိုကြီးထွားလာခြင်းကို ပြသနေပါသည်။

ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ဖော်ပြခဲ့သည့်အတိုင်း အကျပ်အတည်း ၃ ခုဖြစ်သည့် ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် လုံခြုံရေးကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ရသည့်အတွက် အသိုင်းအဝိုင်း ၂ ခုကြားမှ ယုံကြည်မှုက ပြိုကွဲပျက်စီးလုနီးပါး ရှိနေခဲ့ပါသည်။

သြဂုတ်လအတွင်းတွင် ARSA က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများနှင့်အတူ ယုံကြည်မှုက လုံးလုံးလျားလျား ပျက်စီးသွားခဲ့ ရသည်။

အကျိုးဆက်အနေဖြင့် ဌာနေတိုင်းရင်းသားအများစုက သူတို့ အနေဖြင့် ယခင် အတိတ်ကအတိုင်း ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲနေထိုင်ရန် လုံခြုံမှု မရှိတော့ဟု ခံစားနေကြရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခြားသော ဌာနေတိုင်းရင်းသားများကဲ့သို့ပင် အနာဂတ်တွင် အတူနေထိုင်၍ ဖြစ်နိုင်တော့မည် မဟုတ်ဟု ယုံကြည်ကြောင်းနှင့် သူတို့၏ ဘာသာရေးကျောင်းများတွင် ဘင်္ဂါလီများ အားလုံးသင်ကြားခဲ့ရသည်မှာ ရက်စက်စွာ သတ်ဖြတ်ရန်နှင့် တိုက်ခိုက်ရန် ဖြစ်ကြောင်းThe New York Times သတင်းဌာနသို့ မကြာသေးမီက ပြောကြားခဲ့သည်။

ရခိုင်တိုင်းရင်းသားများ၏ ထိုကဲ့သို့ သုံးသပ်ချက်များကို ARSA ၏ နောက်ဆုံးတိုက်ခိုက်မှုများက သက်သေထူသကဲ့သို့ ဖြစ်နေပါသည်။

တချိန်တည်းမှာပင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုများကြောင့် ဒုက္ခရောက်ကြရသော ရိုဟင်ဂျာဟုဆိုသူ ဘင်္ဂါလီ ဒုက္ခသည် အများအပြားကလည်း ၎င်းတို့၏ရွာများသို့ ပြန်သွားလိုစိတ် ရှိနိုင်တော့မည် မဟုတ်ပါ။

လက်ရှိတွင် သိန်းနှင့်ချီသော ရိုဟင်ဂျာ အရပ်သားဒုက္ခသည်များက ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ညစ်ပတ်သော ဒုက္ခသည် စခန်းများတွင် ဆာလောင်မှုများ၊ ရောဂါများ၊ စိတ်ဓာတ်ကျခြင်းများနှင့် နေထိုင်နေရသည်။ ပြန်လည် ခေါ်ယူရေးအစီအစဉ်တခုကို ဆွေးနွေးညှိနှိုင်းနေခဲ့သော်လည်း သူတို့၏ အနာဂတ်က အလွန်မှုန်ဝါးနေဆဲ ဖြစ်သည်။

ဤအရာများအားလုံးက ရခိုင်ပြည်နယ်၏ ပကတိအခြေအနေများပင် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အသိုင်းအဝိုင်း ၂ ခုကြားမှ အမုန်းတရားကို မည်သည့် အရာကမျှ လတ်တလော ကုစားမပေးနိုင်သည့် အသွင်ရှိနေသည်။

အစိုးရက ကတိပြုထားသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ၎င်းတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာလည်း မဖြစ်နိုင်ဟု ထင်ရသည့် အလုပ်ပင် ဖြစ်ပါတော့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ကျော်စွာမိုး၏ ARSA’s So-called Freedom Movement Smashes Hopes of Co-existence in Rakhine ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading