ရခိုင် အကျပ်အတည်းက ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးအိပ်မက်ကို ဖျက်ဆီးနေသည်

David Scott Mathieson
ရခိုင်ပြည်နယ် မောင်တောမြို့ပြင်တွင် ကင်းလှည့်နေသော မြန်မာ့တပ်မတော်သားများ / Reuters
Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက ၎င်းတို့၏ မူဝါဒ အောင်မြင်မှုများနှင့် ဦးစားပေးမှုများကို ဖော်ပြထားသည့် တောက်ပြောင်သားနားသော စာစောင်တခုကို မကြာသေးမီက ထုတ်ဝေခဲ့သည်။ ရိုဟင်ဂျာ မွတ်ဆလင်တို့ ထွက်ပြေးခြင်း နှင့် ဒုက္ခသည် ပြဿနာကို ကိုင်တွယ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာတွင် အနုတ်လက္ခဏာဆောင်သော သတင်းများ ဆူဆူညံညံ ထွက်ပေါ်နေချိန်တွင် အပေါင်းလက္ခဏာဆောင်သော သတင်းတချို့ ထွက်လာရန် အားထုတ်မှုတခု အနေဖြင့် ဖြစ်သည်။

“ငြိမ်းချမ်းရေး၊ ပြစ်ဒဏ်ခတ်ရေး မဟုတ်သော ပြန်လည်သင့်မြတ်ရေး” ဟု ခေါင်းစဉ်တပ်ထားသော အပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်ကို ဖြေရှင်းရေးအတွက် အစိုးရ၏ အားထုတ်မှုများ အတိုင်းအတာကို ဝံ့ကြွားစွာ ဖော်ပြခဲ့သည်။ ပြည်တွင်းစစ်ကို ဖြေရှင်းရာတွင် “တိုးတက်မှုများ ရရှိနေခဲ့ပြီး ပင်လုံညီလာခံက မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများအတွက် ဆွေးနွေးရေးနှင့် နိုင်ငံရေး အဖြေများ ရှာဖွေရေးတွင် ဆုံချက် အသစ်တခုကို ပေးသည်” ဟုလည်း ဖော်ပြထားသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချို့ကြား တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ၂ နှစ်ပြည့်သည့် အနေဖြင့် ပြီးခဲ့သည့် လအတွင်းက အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်တွင် စုဝေးခဲ့ခြင်းက တိုးတက်မှုသည် လုံးဝ အစစ်အမှန် မဟုတ်သေးကြောင်း ဖော်ပြနေသည်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးကို သူ့အစိုးရ အဖွဲ့၏ အဓိက မူဝါဒအဖြစ် ထားရှိရန် ရည်ရွယ်သော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရပ်တန့်နေသည်။ တိုင်းရင်းသား ခေါင်းဆောင် အချို့နှင့် အကြိုသဘော တွေ့ဆုံ စည်းဝေးခဲ့သည့် သူ၏ ဖခင်ဖြစ်သူ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ၏ သင်္ကေတကို ဆွဲယူရန် ကြိုးစားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံ ညီလာခံက အသေးစိတ်အချက်များနှင့် ဦးတည်ချက် ကင်းမဲ့နေခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးနိုင်ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြန်မာ့တပ်မတော် နည်းတူ ပြစ်တင်ခံခဲ့ရသည်။ တိုးတက်မှုအတွက် အစိုးရက အဓိက အခိုင်အမာပြောဆိုခြင်းများက ၂၀၁၆ ခုနှစ် သြဂုတ်လ နှင့် ယခုနှစ် မေလ အတွင်းတွင် ပြုလုပ်ခဲ့သော ကြီးမားသည့် ညီလာခံ ၂ ခု အပေါ်တွင် မူတည် နေသည်။ အဆိုပါ အခမ်းအနားများသို့ တက်ရောက်သူ ၇၀၀ ဝန်းကျင် ရှိခဲ့သော်လည်း ကြီးကျယ်ခန်းနားစွာ ပြင်ဆင်ထားရုံမှအပ ဆယ်စုနှစ်များစွာ ရှိခဲ့သည့် ပဋိပက္ခနှင့် ခုခံမှုများမှ အရေးပါသည့် ကိစ္စများကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပါ။

တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးကြားတွင် ညီညွတ်ရေး သဟဇာတရှိရေးနှင့် ပတ်သက်သည့် ပိုင်စိုးပိုင်နင်း တိုက်တွန်းမှုများ တနင့်တပိုး ပါဝင်နေသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများက ငြိမ်းချမ်းရေးသို့ ဦးတည်ရာတွင် ညှိနှိုင်းခြင်းမပြုမီ လိုက်နာမှုပြုစေလိုသော ချဉ်းကပ်မှုကို ရောင်ပြန်ဟပ်နေသည်။

မေလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အစိုးရ နှင့် တပ်မတော်တို့ကြားတွင် ပြည်ထောင်စု သဘောတူ စာချုပ်၊ အစိတ်အပိုင်း (၁) ကို လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍများမှ နောက်ထပ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည် အချက် ၃၇ ချက်ကို သဘောတူညီမှု ရရှိခဲ့ကြသည်။ လက်မှတ်ထိုးပြီးသည့် အချိန်မှ စ၍ အဆိုပါ ကိစ္စများထဲမှ မည်သည့် အချက်ကိုမှ လုံလုံလောက်လောက် ဆွေးနွေးခြင်း မရှိသေးပါ။

ရပ်တန့်လုနီးပါး ဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး လိုအပ်သော လူသားအရင်းအမြစ်များနှင့် အဖွဲ့အစည်းများ စုစည်းရန် ပျက်ကွက်ခဲ့သည့်အတွက် အစိုးရကို အပြစ်တင် ဝေဖန်မှုများခံခဲ့ရသည်။ နိုင်ငံခြား အထောက်အပံ့ဖြင့် ဖွဲ့စည်းထားသည့် မကောင်းပြောမှုများခံခဲ့ရသော မြန်မာငြိမ်းချမ်းရေးစန်တာ (NPC) ၏ နေရာတွင် ပြန်လည်ဖွဲ့စည်းခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး စန်တာ (NPC) က ပြုလုပ်မြဲ ညှိနှိုင်း ဆွေးနွေးမှုများကို ထောက်ပံ့ရန်သာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် သက်ဆိုင်သော ပုံမှန် အခမ်းအနားများကို ပြုလုပ် ရန်ပင် ပျက်ကွက်ခဲ့သည်။

NCA လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများအပြားအတွက် ဒေါ်အောင်ဆန်း စုကြည်၏ အရေအတွက်နည်းပြီး ခပ်ကျဲကျဲ ထွက်ပေါ်လာတတ်သော တရားဝင် ကြေညာချက်များက ရာဇသံ လွှမ်းနေခဲ့ပြီး အားလုံးပါဝင်သည့် အချေအတင် ဆွေးနွေးခြင်းကို ချောမွေ့စေခြင်းထက် ခပ်ရေးရေး ခြိမ်းခြောက်မှုနှင့် ပို၍ တူနေခဲ့သည်။ ရခိုင်ပြဿနာကို အဓိကထား ပြောကြားခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အခက်အခဲ အများအပြား နှင့် ရင်ဆိုင်နေရကြောင်း ဝန်ခံခဲ့သည်။

“ကမ္ဘာပေါ်က မည်သည့်နေရာမဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒီလိုပဲဖြစ်တဲ့အတွက် ကျမ မအံ့သြပါဘူး။ အခက် အခဲတွေ တွေ့ရပါတယ်။ တခါတရံ လုပ်ငန်းစဉ်က နှေးတယ်၊ တခါတလေ ရပ်သွားတယ်။ တခါတလေကျရင် အားလုံး ပျက်စီးသွားပြီလို့ ထင်ရတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျမတို့ အားလုံး အတူတကွ ရှေ့ဆက်သွားကြပါမယ်” ဟု သူက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စွဲစွဲမြဲမြဲတောင်းဆိုမှုများ၊ မရေရာသည့် ကတိများနှင့် ရခိုင်ပြည်နယ် ပဋိပက္ခတွင် သူ့ အစိုးရအဖွဲ့ ၏ ကိုင်တွင်ပုံမှားယွင်းခြင်းကြောင့် ဖြစ်ရသည့် လမ်းလွဲမှုများ အားလုံးက ရှင်းလင်းတိကျသော လုပ်ငန်း အစီအစဉ်မရှိဘဲ ဆန္ဒ၊ အနှစ်အရသာကင်းမဲ့မှုနှင့် အမိန့်များ ပေါင်းစုထားသော မပီပြင်သေးသည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တခု ဖြစ်ကြောင်း ဖော်ပြနေသည်။ ပဋိပက္ခများ စတင်ပြီး ၂ လကျော်အကြာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရ ခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့ပြီး ပြည်သူများကို “ရန်မဖြစ်ကြရန်” တိုက်တွန်းခဲ့သည်။

ယင်းက ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းစည်းမှ လျှို့ဝှက်သော သဘာဝနှင့် မြန်မာနှင့် အနောက်တိုင်း အကြံပေး လက်တဆုပ်စာထံမှ သူရရှိသော ပေါ်ပင် အကြံဉာဏ်များကို ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် ဗြိတိန် ဝန်ကြီးချုပ် တိုနီဘလဲ Tony Blair ၏ ဝန်ထမ်းအဖွဲ့ အကြီးအကဲဟောင်း ဖြစ်ခဲ့ဖူးသည့် ဂျိုနသန်ပိုဝဲလ် Jonathan Powell လည်း အပါအဝင် ဖြစ်သည်။ သူ၏ အစိုးရမဟုတ်သည့် အဖွဲ့အစည်း ဖြစ်သော Inter Mediate က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အကြံပေးနေသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ အတွင်းစည်းမှ အကြံပေးများက သူ၏ ငြိမ်းချမ်းရေး အစီအစဉ်အပေါ် အပေါင်းလက္ခ ဏာဆောင်သော သက်ရောက်မှု တစုံတရာ ရှိခဲ့သည်ဆိုလျှင် သက်သေအထောက်အထားက ယခုချိန်ထိ မသဲကွဲသေးပါ။

သို့သော်လည်း ငြိမ်းချမ်းရေးအတွက် လမ်းပိတ်နေသည်မှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ စမ်းတဝါးဝါး အားထုတ်မှုများကြောင့် မဟုတ်ဘဲ အလွန်အာဏာပြင်းသည့် မြန်မာနိုင်ငံမှ တပ်မတော်ကြောင့် ဖြစ်ပါသည်။ မေလ ငြိမ်းချမ်းရေး ညီလာခံ တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်သူများကို NCA မူဘောင်များအတိုင်း စွဲမြဲလက်ခံရန် ခြိမ်းခြောက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှု ခွင်ကို တင်းကျပ်ခဲ့သလို အနာဂတ် ဖက်ဒရယ်မူ ဘောင်ထက် ကျော်လွန်သည့် အဆိုပြုချက်မှန်သမျှကို ဆန့်ကျင်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ရပ်ကို ထပ်မံပြောကြားခဲ့သည်။ ယခုအခါ ၂ နှစ်ကြာခဲ့ပြီ ဖြစ် သော အဆိုပါမူ ၆ ရပ်ကို နောက်ထပ် ညှိနှိုင်းဆွေးနွေးမှုများ၏ အဓိက အတားအဆီး အဖြစ် ကျယ်ကျယ် ပြန့်ပြန့် မြင် ထား ကြသည်။ အဆိုပါ အချက်များက မည့်သည့် အကြောင်းအရာကို မဆို ဆွေးနွေးမှုကို ရပ်ဆိုင်းရန် သို့မဟုတ် ချုံ့ပစ်ရန် အသုံးချနိုင်သောကြောင့် ဖြစ်သည်။

တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ခုတွင် ငြိမ်းချမ်းရေး ရယူရန်အမှန် တကယ် ဆန္ဒရှိရန်၊ သဘောတူစာချုပ်များ၌ ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူ စာချုပ်များကို အမြတ်မထုတ်ရန်၊ ဒေသခံများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန် နှင့် ဒီမိုကရေစီ နိုင်ငံတခု သို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်စွာ ချီတက်ရန်တို့ ပါဝင်သည်။

ပြောင်းလွယ်ပြင်လွယ်မရှိသည့် အဆိုပါ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ကန့်သတ်ချက်များက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကို ဆက်လက်တိုက်ခိုက်နေခြင်းနှင့် အရပ်သားများ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကာလရှည် ကြာ ကျူးလွန်ခဲ့ ခြင်းတို့နှင့်အတူ လက်တွေ့ အခြေအနေမှ တပ်မတော်၏ ဓလေ့စရိုက်များနှင့် ဆက်စပ်နေသည်။ ဆယ်စုနှစ် များစွာ ရှိခဲ့သည့် သဘောထားတင်းမာသော စစ်အုပ် ချုပ်ရေးမှ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းနေသည့်တိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တပ်မတော်၏ ဖြောင့်မှန်မှုအပေါ် ယုံကြည်မှု တိုးမလာခဲ့ပါ။

အရပ်ဘက် လူ့အဖွဲ့ အစည်းမှ အများစု၊ အထူးသဖြင့် တိုင်းရင်းသား အသိုင်းအဝိုင်းများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စစ်မှန်သော ဆွေးနွေးညှိနှိုင်းမှု မရှိခြင်း သို့မဟုတ် အားလုံးပါဝင်နိုင်မှု မရှိခြင်းကို ပို၍ ဝေဖန်လာကြသည်။ အမျိုးသမီး နှင့် လူငယ်အဖွဲ့များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းအများနှင့် သဘာဝ အရင်းအမြစ်၊ မြေယာ နှင့် တရားမျှတမှု စသည့် ကိစ္စရပ် များကို ဆောင်ရွက်လုပ်ကိုင်နေသည့် အခြားသောသူများ အားလုံးမှာ အစိုးရ၏ ဘေးဖယ်ထားခြင်း သို့မဟုတ် ဥပေက္ခာပြု ခြင်း နှင့် ကြုံတွေ့နေရသည်။ တခါတရံတွင် တပ်မတော်၏ ခြိမ်းခြောက်မှုကို ခံရသည်။

ထင်ရှားသော ဥပမာတခုမှာ ဥရောပ-မြန်မာရုံး (Euro-Burma Office) ကို တည်ထောင်၍ ကာလကြာရှည်စွာ ဦးဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ဆယ်စုနှစ် ၂ ခုကျော်ပါဝင်ဆောင်ရွက်ခဲ့သည့် ဦးဟန်ညောင်ဝေ ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် အရပ်သားများဘက်တွင် သူက အငြင်းပွားဖွယ်ရာ မရှိ အဓိက ကျသူတယောက် ဖြစ်သည်။ သို့သော်လည်း အစိုးရက သူ့ကို ဗီဇာထုတ်ပေးရန် ငြင်းပယ်ခဲ့သည်မှာ ယခုဆိုလျှင် လပေါင်းများစွာ ရှိပြီ ဖြစ်သည်။

အချို့က နာမည်ပျက်စာရင်း သွင်းခြင်းတမျိုးဟု ရှုမြင်ကြသည့် ယခုကဲ့သို့ ပိတ်ပင်ခြင်းမှာ ဝေဖန်မှုဟု ယူဆရသည် မှန်သမျှ အတွက် သည်းမခံနိုင် ထိရှလွယ်ခြင်းကို ရောင်ပြန်ဟပ်ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရုံးမှ တိုက်ရိုက်လာသည်ဟု လေ့လာစောင့်ကြည့်သူ အများအပြားက ယူဆကြသည်။ လတ်တလော ရက်သတ္တပတ်များတွင် ဦးဟန်ညောင်ဝေ အပေါ် ပြောဆိုရေးသားတိုက်ခိုက်မှုများ ပြင်းထန်လာခဲ့ပြီး ပြည်ပရောက် ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွင်းတွင် တစိတ်တဝမ်းတည်း ညီညွတ်မှုတခု မွေးမြူနိုင်ရန် သူက နှစ်ပေါင်းများစွာ အားထုတ်ခဲ့သည်ကို အကြောင်းပြု၍ ဦဟန်ညောင်ဝေက ရိုဟင်ဂျာ စစ်သွေးကြွများနှင့် ကြံရာပါတဦး ဖြစ်ကြောင်း စွပ်စွဲမှုများ ဆိုရှယ်မီဒီယာတွင် ပေါ်ပေါက်လာခဲ့သည်။

မြန်မာ သတင်းဂျာနယ်တစောင်ဖြစ်သော သူရိယနေဝန်းက ဦးဟန်ညောင်ဝေ၏ ပုံကို မျက်နှာဖုံးတင်ခဲ့ပြီး “နိုင်ငံ ရန်သူ (Enemy of the State)” ဟု အင်္ဂလိပ် မြန်မာ ၂ ဘာသာဖြင့် ခေါင်းစဉ်တပ်ခဲ့သည်။ ထိုသို့ဖြစ်ခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပဋိပက္ခ မှေးမှိန်သွားခြင်း၊ အားလုံးပါဝင်ရေးဖြစ်လာအောင် ထိန်းသိမ်းရန် နှင့် အရုပ်ဆိုးသော အစွန်းရောက် အမျိုးသားရေး ဝါဒီလှုပ်ရှားမှုများကို တားဆီးရန် အစိုးရ၏ ပျက်ကွက်ခြင်းတို့ကို ညွှန်ပြနေသည်။

ကျယ်ပြန့်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရခိုင်ပဋိပက္ခ၏ သက်ရောက်မှုများက ယခုအချိန်အထိ အပြည့်အဝ နားမလည်သေးပါ။ သို့သော်လည်း အခြေအနေအပေါ် အစိုးရ၏ ဆိုးရွားသော ကိုင်တွယ်ပုံက နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုကို ကြီးမားစေခဲ့ပြီး ထိုကဲ့သို့သော ပြစ်တင်မှုများက နိုင်ငံခြားသား မုန်းတီးသော အမျိုးသားရေးဝါဒကို မီးထိုးပေးသလို ဖြစ်ခဲ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့သို့ တပ်မတော်က စိတ်ကောင်းစေတနာ ဟန်ပန်ပြခဲ့ခြင်း မှန်သမျှကိုလည်း ခွာချပစ်ခဲ့သည်။

ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် သို့မဟုတ် ARSA ကို ၂၀၁၄ ခုနှစ် အကြမ်းဖက်ဆန့်ကျင်ရေး ဥပဒေပြဌာန်းပြီးသည့် အချိန်မှစ၍ ပထမဆုံး အနေဖြင့် အစိုးရက အစွန်းရောက် အကြမ်းဖက်အဖွဲ့ အဖြစ် အခိုင်အမာ သတ်မှတ်ရည်ညွှန်း လိုက်ခြင်းအပေါ် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) ကို လက်မှတ် ရေးထိုး မထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် စိုးရိမ်ပါသည်။ လက်တွေ့တွင်လည်း ပြီးခဲ့သည့် နှစ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင် မာဟာမိတ်အဖွဲ့တခု ဖြစ်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များကို အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ်သတ်မှတ်ရန် အဆိုပြုချက်တခုကို ရှမ်းပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။

ကျယ်ပြန့်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရခိုင်ပဋိပက္ခ ၏သက်ရောက်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာ ခြင်းကို မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များ လက်မှတ်ထိုး၍ အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သော စာတစောင်တွင် ဖော်ပြ ထားသည်။ အဆိုပါစာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ဖော်ပြထားသော်လည်း နှေးကွေးနေခြင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်က ပိတ်ဆို့နေခြင်းများ နှင့် အတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက် မှ ARSA နှင့် ပဋိပက္ခ အကြောင်းလည်းပါဝင်သည်။

“ရခိုင်မြောက်ပိုင်းမှ ပဋိပက္ခအပေါ် အစိုးရနှင့် တပ်မတော်၏ ကိုင်တွယ်ပုံက ပြင်းထန်သော စစ်ဆင်ရေး ပုံစံ အမျိုးမျိုး တလျှောက်တွင် အစိုးရ၏ ဖြတ် ၄ ဖြတ် ဗျူဟာအောက်၌ KNU နှင့် ကရင်တိုင်းရင်းသားများ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် အမှတ်ရစေပါသည်။ စစ်ဆင်ရေးများကြောင့် ကရင်ပြည်သူ ၂၀၀၀၀၀ ကျော် ပြည်တွင်း စစ်ရှောင် ဒုက္ခသည်များ ဖြစ်ခဲ့ကြရပြီး ၁၅၀၀၀၀ ကျော် ဒုက္ခသည်များ ဖြစ်ခဲ့ကြရသည်”

“ငြိမ်းချမ်းရေး ရရှိအောင် အားထုတ်မှုများ ပြုလုပ်နေစဉ်တွင် ထိုသမိုင်း တပတ်ပြန်လည်လာသည်ကို မြင်ရသည့်အတွက် KNU က ဝမ်းနည်းမိပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်း တိမ်းစောင်းသွားမည်ကို အထူးပင်စိုးရိမ်ပါသည်”ဟု စာတွင် ဖော်ပြထားသည်။

ကရင်တိုင်းရင်းသား ဧရိယာများတွင် ဆယ်စုနှစ်များစွာ လက်နက်ကိုင် ပဋိပက္ခကို ပြန်လည်အမှတ်ရခြင်းနှင့် သုံးပါများ လွန်းပြီ ဖြစ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံများကို မြန်မာနိုင်ငံ၏ လူမျိုးစု ပဋိပက္ခဖြစ်ပွားရာ နေရာများ အားလုံး တွင် အမှတ်ရသင့်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ပစ်မှတ်ထားသည့် တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို စိုးရိမ်စွာ စောင့်ကြည့်နေကြ သည်။ နောက်တကြိမ် သူတို့ အလှည့် ဖြစ်လာနိုင်သည်ကို စိတ်ပူနေကြသည်။

KNU ၏ စာက သြဂုတ်လ ၂၅ ရက် နောက်ပိုင်းတွင် ရိုဟင်ဂျာ မွတ်ဆလင်များ အပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သော NGO တခု နောက်သို့ လိုက်ခြင်း ဖြစ်ကြောင်း ဖြစ်နိုင်ပါသည်။ “နှစ်ပေါင်းများစွာ အတွင်း ကျွန်ုပ်တို့ပြည်သူများ အပေါ်ကျူးလွန်သော တပ်မတော်၏ ရာဇဝတ်မှုများကြောင့် ဖြစ်ရသည့် ပျက်စီး ဆုံးရှုံးမှုများကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်” ဟု အရပ်ဖက် အဖွဲ့အစည်းတခု ဖြစ်သော ကရင် အမျိုးသမီး အဖွဲ့ (KWO) က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

“ပြီးခဲ့သည့် နှစ် အတွင်းတွင် ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တွင် အရပ်သားများ အပေါ် တိုက်ခိုက်မှုများကို ကျွန်ုပ် တို့ ဆက်လက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ၎င်းတို့သည် ယခုအခါ စစ်ရှောင် ဒုက္ခသည် စခန်းများတွင် ဆိုးရွားသော အခြေအနေ နှင့် နေထိုင်နေကြရသည်။ အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။ တပ်မတော်ကို ဆက်လက်၍ ကင်း လွတ်ခွင့် မပြုသင့်တော့ပါ။ ယခုအချိန်သည် ကျွန်ုပ်တို့ အားလုံး တိုင်းရင်းသား အခွင့်အရေး နှင့် ရိုဟင်ဂျာများ အပါအဝင် အားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် အစိုးရ စနစ်တခု အတွက် သဘောတူညီချက်တခု ရရှိရမည့် အချိန် ဖြစ်သည်။”

သေချာသည်မှာ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တပ်မတော်က အကြီးမားဆုံး အတားအဆီး အနေဖြင့် ဆက်လက်ရှိနေပါသည်။ တပ်မတော်က ရခိုင် ပဋိပက္ခတွင် ၎င်းတို့ ယုံကြည်သည့် အတိုင်း လုံးဝ လွတ်လပ်စွာနီးပါး ကိုင်တွယ်ခွင့် ရနေသည်။ အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လန်းဆန်း လတ်ဆတ်သော စိတ်ကူးများ၊ အကြံဉာဏ်များ၊ စေ့စပ်ညှိနှိုင်းရေး ဗျူဟာများ ခွန်အားများဖြင့် ပြန်လည် လန်းဆန်းအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုအရာအားလုံးက တိုင်းပြည်အတွင်းတွင် ပေါများစွာ ရှိနေပါသည်။

တုန့်ဆိုင်းနေခြင်းနှင့် ယခုအချိန်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ကျရှုံးနေမှုများအရ ဒေါ်အောင်ဆန်းစုကြည် အတွက် အဖြေက (ဖြစ်သမျှကို) ကြိတ်မှိတ်ခံ၍ ဖြေရှင်းခြင်းနှင့် အားလုံးကို ငြင်းပယ်ရန် မဟုတ်ပါ။ အဘယ်ကြောင့် မြန်မာနိုင်ငံက ပြည်တွင်းစစ်ကို နှစ်ပေါင်း ၇၀ ကြုံတွေ့ခဲ့ရသည်ဆိုခြင်းနှင့် အချိန်နောက်မကျမီ မျှတ၍ ကြာရှည်ခိုင်မြဲသော ငြိမ်းချမ်းရေးတခု မည်သို့ ရရှိနိုင်မည်ဆိုသည်ကို နားလည်သဘောပေါက်ရန် အမှန်တကယ် ကြိုးစားမည့် အားလုံးပါ ဝင်သော ချဉ်းကပ်မှု အသစ်တခုသာ ဖြစ်သင့်ပါသည်။

(David Scott Mathieson သည် ရန်ကုန် အခြေစိုက် လွတ်လပ်သော လေ့လာသုံးသပ်သူ တဦး ဖြစ်ပါသည်။ Asia Times ပါ ၎င်း၏ Rakhine crisis killing Suu Kyi’s peace dream ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading