မွတ်စလင်များ ရခိုင်မြောက်ပိုင်းက ထွက်ခွာသွားရခြင်း အကြောင်းများ

စိုင်းလုံ
နိုဝင်ဘာလ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ခိုလှုံကြသော မွတ်စလင်မိသားစု / Reuters
Want create site? Find Free WordPress Themes and plugins.

သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်မှ အဖြစ်အပျက်များ ပေါ်ပေါက်လာအပြီး ရခိုင်မြောက်ပိုင်းက မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြုံစဖူး များပြားလှသော အရေအတွက်ဖြင့် ထွက်ပြေးနေကြခြင်း အကြောင်းနှင့် မည်သည့်အတွက်ကြောင့် အခြားသူများက နောက်တွင် ကျန်ရစ်နေကြသနည်း စသည့် မေးခွန်းများ မြင့်တက်လာခြင်းအတွက် မြန်မာ့ရေးရာ ဝေဖန်သူများက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူများ (အထူးသဖြင့် အနောက်တိုင်း မီဒီယာများ) က မွတ်စလင်များသည် လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် သူတို့၏ ကျေးရွာများမှ ထွက်ပြေးကြခြင်း ဖြစ်သည်ဟု အလျှင်စလို ကောက်ချက်ချခဲ့ကြသည်။ သူတို့၏ ကျေးရွာများ၌ လုံခြုံရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ဆောင်ရွက်သည့် အချိန်တွင် မွတ်စလင် အများအပြား ထွက်ပြေးခဲ့ကြသည်မှာ မှန်ပါသည်။ သို့သော်လည်း ထိုသို့ သုံးသပ်ခြင်းက ရှုပ်ထွေးသော အခြေအနေတခုကို အမှန်တကယ်ရှိနေသည်ထက် ပို၍ လွယ်ကူစွာဖြင့် ကောက်ချက်ချလိုက်ခြင်းသာ ဖြစ်ပါလိမ့်မည်။

ဥပမာပြရလျှင် မွတ်စလင်များ ထွက်ပြေးကြခြင်း၏ တခုတည်းသော အကြောင်းပြချက်မှာ တပ်မတော်၏ စစ်ဆင်ရေးများကြောင့် သက်သက်သာ ဖြစ်ခဲ့လျှင် ကျနော်တို့ အနေဖြင့် တပ်မတော်က စစ်ဆင်ရေးများ ရပ်တန့် လိုက်သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ရက် နောက်ပိုင်းတွင် မွတ်စလင်များ ထွက်ပြေးခြင်း သိသိသာသာ လျော့ကျသွားသည်ကို မြင်ရလိမ့်မည် ဖြစ်သည်။ လက်တွေ့တွင် မွတ်စလင်များ အရေအတွက် အလွန် များပြားစွာ ထွက်ပြေးခြင်းက လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများ ရပ်တန့်ခဲ့ပြီး နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များ အရေအတွက် များပြားစွာ ထွက်ပြေးရခြင်းကို အကြောင်းရင်း တခုတည်းအဖြစ် မှတ်ယူ၍ မရနိုင်ပါ။ အချို့မွတ်ဆလင်များက အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် စစ်ဆင်ရေးများကို စိုးရိမ်ကြောက်လန့်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း မွတ်စလင်များသည် လုံခြုံရေးတပ်ဖွဲ့များကို ကြောက်ရွံ့ခဲ့ကြသည် သာမက သူတို့ ကိုယ်ပိုင်အသိုင်းအဝိုင်းမှ စစ်သွေးကြွများကိုလည်း ကြောက်ရွံ့ခဲ့ကြရသည်ဟု မှတ်ယူသင့်ပါသည်။

ထွက်ပြေးခြင်း မပြုမီ မွတ်စလင် လယ်သမားတဦးက သူနှင့် သူသိသော အခြား မွတ်စလင် အမျိုးသား အများအပြားသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့သော လူစုလူဝေးများထဲမှ တခုတွင် ပါဝင်ခဲ့ကြကြောင်း ဖွင့်ဟ ဝန်ခံခဲ့သည်။ ပါဝင်ခဲ့ရခြင်း၏ အဓိကအကြောင်းမှာ သူတို့ ပူးပေါင်းပါဝင်ခြင်း မပြုပါက သတ်ပစ်မည်ဟု စစ်သွေးကြွများက ခြိမ်းခြောက်ခဲ့ကြသောကြောင့် ဖြစ်သည်။ “ကျနော်တို့ကို ဘယ်သူမှ ကာကွယ်ပေးမထားဘူး။ တကယ်လို့ အစိုးရက ကျနော်တို့ကို ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ခဲ့ရင် ကျနော်တို့ စစ်သွေးကြွတွေနဲ့ ပူးပေါင်းခဲ့မှာ မဟုတ်ဘူး။ လူစုလူဝေးထဲမှာ ပါဝင်ခဲ့မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သော မွတ်စလင်မိသားစု အချို့လည်း ရှိပါသည်။ အဓိက အကြောင်းရင်းမှာ သူတို့၏ ကျေးရွာများတွင် ဘဝရပ်တည်ရေးအတွက် ပို၍ ပို၍ ခက်ခဲလာသောကြောင့် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်မှုများ ရှိနေပြီးသား ဖြစ်ခြင်းက အကြောင်း တစိတ်တပိုင်း ဖြစ်သလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လုံလောက်စွာ မရရှိခြင်းကလည်း တစိတ်တပိုင်း ပါဝင်သည်။

မောင်တောမြို့နယ်မှ မွတ်စလင်ရွာသားတဦးက “ကျနော်တို့ မြို့ ပေါ်တွေကို အလုပ်ရှာဖို့ သွားလို့မရဘူး။ ရခိုင်တွေက ကျနော်တို့ကို ဘာအလုပ်မှ ပေးမှာ မဟုတ်ဘူး။ တခြား ဘယ်သူ့ဆီက ဘာအကူအညီမှလည်း ကျနော်တို့ မရဘူး။ တကယ်လို့ တခြားရွာတွေက ဒါမှမဟုတ် ရခိုင်ပြည်နယ် တခြားနေရာတွေက တခြားမိတ်ဆွေတွေက ကျနော်တို့ကို ကူညီချင်တယ် ဆိုရင်တောင်မှ သူတို့ ကျနော်တို့ဆီ ဘာမှ ပို့လို့ရမှာ မဟုတ်ဘူး။ ရခိုင် မိတ်ဆွေတွေကလည်း ကျနော်တို့ကို ကူညီဖို့ အရမ်းကြောက်ကြတယ်။ ကျနော်တို့မှာ စားစရာ ကုန်တဲ့အခါ ဒုက္ခသည်ဖြစ်လာဖို့ကလွဲပြီး ကျနော်တို့မှာ ရွေးချယ်စရာ မရှိဘူး” ဟု မှတ်ချက်ချခဲ့သည်။ Cox’s Bazar မှ ဒုက္ခသည် စခန်းများ၏ အခြေအနေက သက်တောင့်သက်သာရှိလိမ့်မည် မဟုတ်ကြောင်း သိသော်လည်း ဒုက္ခသည်များအနေနှင့် ကုလသမဂ္ဂ အေဂျင်စီများ နှင့် အခြားနိုင်ငံတကာ အဖွဲ့ အစည်းများ ထံမှ စားနပ်ရိက္ခာခွဲတမ်းများ ရရှိနိုင်လိမ့်မည်ဟုလည်း သူက ပြောသည်။

အချို့ကျေးရွာသူ ကျေးရွာသားများကမူ သူတို့ရွာများမှ ထွက်လာခဲ့ခြင်းမှာ သူတို့ကို ထိုသို့ပြုလုပ်ရန် “အထက်မှ လူများ” သို့မဟုတ် “အထက်အကြီးအကဲများ” က ခိုင်းစေခြင်းကြောင့် ဖြစ်ကြောင်း မရေမရာနှင့် မှတ်ချက်ပေး ကြသည်။ သို့သော်လည်း သူတို့၏ အထက်ပုဂ္ဂိုလ်များက မည်သူမည်ဝါ ဖြစ်ကြောင်း မေးမြန်းသည့်အခါ ဖော်ပြ ရန် ငြင်းဆန်ခဲ့ကြသည်။ ရခိုင်တိုင်းရင်းသားများက အဆိုပါ အထက်ပုဂ္ဂိုလ်များ ဆိုသည်မှာ ရခိုင်ရိုဟင်ဂျာ ကယ် တင်ရေးတပ်မတော် (ARSA) မှ ခေါင်းဆောင် အဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသော်လည်း မွတ်စလင် လေ့လာစောင့်ကြည့်သူ အချို့က မတည်ငြိမ်သည့် အခြေအနေကို အခွင့်အရေးယူ၍ သူတို့၏ နိုင်ငံရေး အစီအစဉ် များကို မြှင့်တင်ချင်နေသော နိုင်ငံရေးသမား အချို့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်အများအပြားကို ကြိုးကိုင်ချယ်လှယ်နေခြင်း ဖြစ်သည်ဟု ကောက်ချက်ချကြသည်။ အချို့သော ကျေးရွာသူ ကျေးရွာသားများကမူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဘင်္ဂလားဒေ့ရှ်သို့ ရောက်နှင့်ပြီး ဖြစ်သော သူတို့၏ မိတ်ဆွေများနှင့် မိသားစုများက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများတွင် ပိုကောင်းသော အခြေအနေများ ရှိကြောင်း သူတို့ကို စည်းရုံးခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

အမှန်မှာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ မွတ်စလင် ရွာသူရွာသားများသည် အစိုးရက အဆိုပါရွာများရှိ မွတ်စလင် ရွှေ့ပြောင်းဒုက္ခသည်များအတွက် အစားအစာနှင့် အခြား လိုအပ်သော အကူညီများ စတင်ပေးခဲ့ပြီး နောက်ပိုင်းမှာပင်လျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခြင်းကို ရပ်တန့်ခဲ့ခြင်း မရှိပါ။ ဘူးသီးတောင် ဒေသခံ အချို့၏ အဆိုအရ မွတ်စလင် မိသားစု အများအပြားသည် တိရိစ္ဆာန်များ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပရိဘောဂများ အပါအဝင် သူတို့၏ ပိုင်ဆိုင်မှုများကို အလွန်နည်းပါးသော လျှော့ဈေးဖြင့် ရောင်းချခဲ့ကြပြီး ရောင်းချ၍ ရသည့်ငွေဖြင့် ရွှေများ ပြန်လည်ဝယ်ယူပြီးနောက် အနီးဆုံး ဆိပ်ကမ်း သို့မဟုတ် နယ်စပ်သို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များက Cox’s Bazar သို့ မွတ်စလင် ဒုက္ခသည်များကို တင်ဆောင်လာသော လှေများ မဝင်ရောက်နိုင်အောင် တားဆီးနေသည့်ကြားမှ ဘင်္ဂလားဒေ့ရှ်မှာ လာသောလှေ တနေ့လျှင် အနည်းဆုံး ၂ စီး ဘူးသီးတောင်မြို့နယ်မှ ဆိပ်ကမ်းတခုသို့ ဒုက္ခသည်များကို တင်ဆောင်ရန် ရောက်လာနေကြောင်း သိရသည်။ လိုက်ချင်သူ များပြားသည့်အတွက် လှေခက တယောက်လျှင် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ လတ်တလောတွင် မြင့်တက်သွားခဲ့သည်။

မှတ်သားသင့်သည့် အချက်မှာ တွေ့ဆုံမေးမြန်းခဲ့သော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ လူငယ် မွတ်စလင်အမျိုးသား ၃ ဦးက Cox’s Bazar သို့သွားရန် သူတို့ ဆုံးဖြတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံမှ မွတ်စလင် ဒုက္ခသည်များသည် တတိယနိုင်ငံများသို့ သွားရောက်နိုင်၍ နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သော ဘဝသစ်ကို ပြန်လည်စတင်နိုင်လိမ့်မည် ဆိုသော ကောလာဟလကြောင့် ဖြစ်သည်ဟု ဖြေကြားခဲ့ကြပါသည်။

အထက်တွင် ရည်ညွှန်းခဲ့သည့် အကြောင်းရင်းများက ပြည့်စုံ လုံလောက်မှုမရှိသေးပါ။ သို့သော်လည်း တင်ပြ လိုသည့် အချက်မှာ မွတ်စလင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးကြခြင်းတွင် တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများသည်သာ တခုတည်းသော အကြောင်းရင်း မဟုတ်ပါ။ ထို့ကြောင့် မွတ်စလင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခြင်းကို တားဆီးကာကွယ်သည့် နေရာတွင် အစိုးရနှင့် နိုင်ငံတကာ ၂ ခုလုံးက ပိုမိုကျယ်ပြန့်သည့် အသံများကို နားထောင်ခြင်းအားဖြင့် ဆက်နွယ်နေသော အကြောင်းရင်း အားလုံးကို ထည့်သွင်း စဉ်းစားပေးရမည် ဖြစ်သည်။

ပထမဆုံး အနေဖြင့် အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဥပဒေကို လေးစားလိုက်နာပြီး နေထိုင်သူ အားလုံးကို အကာအကွယ်ပေးနိုင်မည့် တရားဥပဒေ စိုးမိုးရေးကို သေချာစေရမည် ဖြစ် သည်။ ဒုတိယ အနေဖြင့် အစိုးရ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အရပ်သားများကို “အထက်ပုဂ္ဂိုလ်များ” ၏ ကြိုးကိုင်ချယ်လှယ်မှုမှ ကာကွယ်ပေးနိုင်ရေး အတွက် အတူတကွ ဆောင်ရွက်ကြမည် ဖြစ်သည်။

နောက်ဆုံး အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သူအားလုံး သင့်တင့်လျှောက်ပတ်စွာ နေထိုင် အသက်မွေးနိုင်ရေးကို သေချာအောင် ပြုလုပ်ရင်း အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အခြားသော သက်ဆိုင်ရာ တာဝန်ရှိသူများက အပြစ်မဲ့ အရပ်သားများ အခြေအမြစ်မရှိသော ကောလာဟလများ၏ သွေးဆောင်ခံရခြင်းမှ ကာကွယ်ရန် ဒေသအတွင်းရှိ ပြည်သူများ အားလုံးကို တိကျသေချာသော သတင်းအချက်အလက်များ ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

(စိုင်းလုံသည် ရန်ကုန် အခြေစိုက် လွတ်လပ်သော လေ့လာဆန်းစစ်သူ တဦး ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကို နှစ်ပေါင်းများစွာ လေ့လာနေသူလည်း ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Fear, Hunger, Hopes for a New Life — the Many Reasons Driving the Rakhine Exodus  ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading