လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အရေး ဥပဒေဖြင့် ကာကွယ်ပါ

Daniel Aguirre
၂၀၁၆ ခုနှစ် မေလအတွင်း စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန္ဒပြသူတဦး ရဲတပ်ဖွဲ့အား ရင်ဆိုင်နေစဉ် / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ၂၀၁၆ ခုနှစ် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ အကောင်အထည် ဖော်ခြင်းကြောင့် အစိုးရနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အတွက် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက်လာစေရေးနှင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု ရာဇဝင်ရှိသော ရင်းနှီးမြှုပ်နှံသူ များကို ပိတ်ပင်ရန် လုပ်ဆောင်ရေး အတွက် လမ်းပွင့်သွားသည်။

ထို့ကြောင့် ထိခိုက်နစ်နာသူ တဦးချင်းနှင့် အသိုင်းအဝန်းများသည် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ ကတိကဝတ်ကို စမ်းသပ်ကြရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်လည်း နိုင်ငံတကာ တရားဥပဒေနှင့် မြန်မာနိုင်ငံ၏ ဖွဲစည်းပုံ အခြေခံဥပဒေက လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ အတွက် တရားမျှတမှုကို အာမခံချက်ပေးထားသည်။

ရင်းနှီးမြှုပ်နှံသူများသည် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လိုကြောင်း ဖော်ပြခြင်း ရှိ/မရှိ စဉ်းစားသုံးသပ်ရန် ရင်းနှီးမြှုပ်နှံမှုနည်း ဥပဒေက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ညွှန်ကြားထားသည်။

ရင်းနှီးမြှုပ်နှံသူများ၏ ကောင်းမွန်သော စရိုက်လက္ခဏာနှင့် ဂုဏ်သတင်းကို စဉ်းစားသုံးသပ်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ထိုရင်းနှီးမြှုပ်နှံမှု၏ အကျိုးစိးပွားနှင့် ဆက်စပ်ပတ်သက်သူ တဦးသည် မြန်မာနိုင်ငံတွင်း သို့မဟုတ် အခြားသော တရားစီရင်ရေး နယ်ပယ်များ အတွင်း ဥပဒေချိုးဖောက်ခဲ့ခြင်း ရှိ/မရှိကိုလည်း လေ့လာနိုင်သည်။

သဘာဝပတ်ဝန်းကျင်၊ အလုပ်သမား၊ အခွန်၊ လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လူ့အခွင့်အရေး ဥပဒေ စသည်တို့ကိုလည်း ထိုနည်းဥပဒေများတွင် အတိအလင်း ဖော်ပြထားသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူ တဦးသည် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်၊ သဘာဝပတ်ဝန်းကျင် စံနှုန်းများကို ချိုးဖောက်ရာတွင် ပါဝင် ပတ်သက်ခဲ့သည် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည်ဟု သတ်မှတ်ခံရပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံခွင့် ထုတ်မပေးသင့်ပေ။

ထိုသို့သော ကုမ္ပဏီက ရင်းနှီးမြှုပ်နှံခွင့် လျှောက်ထား လာပါကလည်း လူမှုအခြေပြု အဖွဲ့အစည်းများသည် ထိုလုပ်ငန်း၏ ရာဇဝင်မှတ်တမ်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အာရုံစိုက်မိအောင် ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံခွင့် မရအောင်လုပ်ဆောင်ရမည် ဖြစ်သည်။

မြန်မာအစိုးရ အဆက်ဆက်တို့သည် နိုင်ငံဖွံ့ဖြိုးရေး အတွက်နှင့် ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားရေး အတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးကိုသာ အာရုံစိုက်ကြသည်။

တချိန်တည်းမှာပင် လူမှုအခြေပြု အဖွဲ့အစည်းများမှ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် အရေး ဆောင်ရွက်သူများ သည် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ထိခိုက်မှုများကြောင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆန့်ကျင်ကြသည်။ မြေယာပိုင်ဆိုင်ခွင့်များကို လုံလောက်စွာ ကာကွယ်ပေးခြင်း မရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်ချက် များကို အကောင်အထည်ဖော်ခြင်း မရှိကြောင်းနှင့် လုပ်ငန်းများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု တရားမျှတမှု ရရှိအောင် ဆောင်ရွက်လိုကြောင်း ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ရန် အတွက် တရားဥပဒေကို အသုံးပြုရာတွင် စိန်ခေါ်မှုများ ရှိနေသည်။ စီးပွားရေး လုပ်ငန်းများ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သော အငြင်းပွားမှုများကို မကြာခဏဆိုသလို ထိလွယ် ရှလွယ်သော နိုင်ငံရေးကိစ္စ အဖြစ် သတ်မှတ်ခံရတတ်ပြီး တရားရုံးများ ကလည်း ထိုသို့သော ကိစ္စများတွင် ကြားဝင် ဆောင်ရွက်နိုင်ခြင်း မရှိသလို ဆောင်ရွက်လိုစိတ်လည်း မရှိလှပေ။ ၎င်းတို့သည် အုပ်ချုပ်ရေးပိုင်းက ချမှတ် လိုက်သည့် အရေးပါသော ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်လိုခြင်းနှင့် အခွင့်အရေး ချိုးဖောက်သူများကို အရေးယူလိုခြင်း မရှိကြပေ။

သို့သော် ရပ်ရွာအသိုင်းအဝန်းမှ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် ရှေ့နေများသည် ဥပဒေကို ကျင့်သုံးရေးနှင့် ကျင့်သုံးသင့်ကြောင်း တရားရုံးများကို ဖိအားပေးရန် အခွင့်အလမ်း များပြားလာအောင် လုပ်ဆောင်နေ ကြသည်။ ရှေ့နေများသည် ရပ်ရွာ အသိုင်းအဝန်းများ ဘက်မှ ရပ်တည်လိုက်ပါ ဆောင်ရွက်ခြင်း အားဖြင့် လူ့အခွင့်အရေး ကာကွယ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သည်။

တရားရုံးများသည် နိုင်ငံ၏ ဥပဒေကို မလိုက်နာဘဲ တာဝန်မဲ့သော ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသော အုပ်ချုပ်ရေးပိုင်း၏ ဆုံးဖြတ်ချက်များကို ဥပဒေနှင့် ညီ/မညီ စိစစ်လုပ်ဆောင်သော နေရာများ ဖြစ်ရန် လိုပြီး သင့်တော်သော နေရာများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ အတွက် ပြန်လည် ကုစားမှု သို့မဟုတ် လျော်ကြေး ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သည်။

အထူး စီးပွားရေးဇုန်များမှ အပ ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ဆိုင်သော ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေ များသည် ရင်းနှီးမြှုပ်နှံသူများ သတင်းအချက်အလက် ရရှိရေးနှင့် ၎င်းတို့၏ လုပ်ငန်းများကို ထိခိုက်စေမည့် လုပ်ထုံး လုပ်နည်း အပြောင်းအလဲ ရှိလျှင် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့် လုပ်ပိုင်ခွင့်နှင့် လျော်ကြေး အပါအဝင် လုပ်ငန်း ပြန်လည်သိမ်းယူ ခံရနိုင်ခြေမှ အကာအကွယ် အတွက် ဥပဒေကြောင်း အရ အာမခံချက် ဖြစ်သင့်သည်။ ရင်းနှီးမြှုပ်နှံသူများ သည် ရေရှည် မြေ အသုံးပြုပိုင်ခွင့် ရှိရမည်။

တာဝန်သိသော ရင်းနှီးမြှုပ်နှံသူများသာ ထိုသို့သော အကာအကွယ်များမှ အကျိုးခံစားခွင့် ရစေရန် လူမှုအခြေပြု အဖွဲ့များက ကူညီသင့်သည်။ ဥပဒေအရ ဆိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် သဘာဝပတ်ဝန်းကျင်နှင့် ရပ်ရွာ အသိုင်းအဝန်းကို ကြီးမားစွာ ထိခိုက်နိုင်သော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာမည့် သူများကို ခွင့်ပြုချက်၊ ထောက်ခံချက် ထုတ်ပေးသော ကင်းသမား ဖြစ်သည်။

ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု သွင်ပြင်များ ထိရောက်မှု ရှိရန် အတွက် တရားရုံးများတွင် ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ရန် တစုံတရာသော အတိုင်းအတာအထိ အခွင့်အာဏာ ရှိရမည် ဖြစ်သည်။

အနိမ့်ဆုံးအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကဲ့သို့သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများသည် ဥပဒေနှင့် အညီ ကျိုးကြောင်း ဆီလျော်စွာ လုပ်ဆောင်ရန်နှင့် လူ့အခွင့်အရေးကို လေးစားကာကွယ်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရမည် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ၏ စည်းကမ်းများနှင့် မညီသော ကုမ္ပဏီများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုလျှင် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို တရားစီရင်ရေးက ပြန်လည် သုံးသပ်နိုင်ရမည်။

သို့သော် မြန်မာနိုင်ငံမှ တရားရုံးများသည် အုပ်ချုပ်ရေးပိုင်း၏ ဆုံးဖြတ်ချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တားမြစ် စာချွန်တော် (constitutional writs) လျှောက်ထားပြီး ပြန်လည် သုံးသပ်ခွင့် ရှိသည်။

ရှေ့နေများသည်လည်း အများ ပြည်သူ၏ တာဝန်ထမ်းဆောင်မှု ဆိုင်ရာ တားမြစ်စာချွန်တော်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ကဲ့သို့ အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားမဝင်သော အမိန့်များကို ချေဖျက်နိုင်သော တားမြစ်စာချွန်တော်များ (writs of mandamus and certiorari) အသုံးပြုခွင့် ရှိသည်။

ထိုအချက်ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သည် တာဝန်မဲ့သော ရင်းနှီးမြုပ်နှံမှုများကို တားဆီးရန် အခွင့်အာဏာကို ကျင့်သုံးစေရန် လုပ်ဆောင်နိုင်သည်။

အလားတူစွာပင် လူ့အခွင့်အရေး လိုက်နာရန် ပျက်ကွက်သော သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ဥပဒေချိုးဖောက် ပျက်ဆီးစေသော တာဝန်ခံမှု ရှိစေရမည် ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ရန် မြန်မာနိုင်ငံတွင် နည်းလမ်းအနည်းငယ်သာ ရှိသည်။ ကုမ္ပဏီများကို ရာဇဝတ်ကြောင်း စီရင်ခြင်း၊ အုပ်ချုပ်ရေးပိုင်း ပိတ်ပင်မှုဖြင့် အရေးယူခြင်းနှင့် တရားမကြောင်း အရ အရေးယူခြင်း တို့တွင် လုပ်ငန်းအဆင့်ဆင့် အဟန့်အတားများ ရှိပြီး အထူးသဖြင့် နိုင်ငံပိုင် လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်း ဖြစ်လျှင် ပိုမိုခက်ခဲသည်။

ဥပမာအားဖြင့် ဆိုရပါက ၁၉၀၉ ခုနှစ် ကာလစည်းကမ်းသတ် ဥပဒေ အရ ထိခိုက်ချိန်မှ တနှစ်အတွင်း တိုင်ကြားရန် လိုအပ်သဖြင့် ထားဝယ်ခရိုင် ဟိန္ဒားသံဖြူသတ္တုတွင်းအား ရွာသားများက စွဲဆိုသော ပေါ့ဆခြင်း ဆိုင်ရာ တရားမမှုသည် မအောင်မမြင် ဖြစ်ခဲ့ရသည်။

အစိုးရကို တရားစွဲလျှင် တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၈၀ အရ ကြိုတင် သတိပေးရန် လိုပြီး တရားလို၏ အမည်ကို တရားမစွဲဆိုမည် ၂ လ ကြိုတင်ကာ အစိုးရကို အကြောင်းကြားရန်လိုပြီး အခြား သေးငယ်သော လုပ်ငန်းဆိုင်ရာ အပြစ်အနာအဆာများ ကပင် တရားဆွဲဆိုခြင်းကို တားဆီးနိုင်သည်။

ရှေ့နေများသည် တခါတရံ ထိုသို့သော လုပ်ငန်း အဆင့်ဆင့်ကို အကျွမ်းတဝင် မရှိဘဲ ဒေသခံ အသိုင်းအဝန်းများကလည်း လက်စားချေခံရမည် ကို ကြောက်ပြီး ၎င်းတို့၏အမည်ကို ကြိုတင် မပေးလိုကြပေ။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် လူ့အခွင့်အရေး အခြေအနေကို မထိခိုက်စေရန် အာမခံနိုင်ရေး အတွက် စိန်ခေါ်မှု များစွာ ရှိနေသေးသည်။ ထိုစိန်ခေါ်မှုများကို ကျော်လွှားရန် လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ရှေ့နေများသည် အုပ်ချုပ်ရေးပိုင်း ဖြစ်သော မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နှင့် ထိတွေ့ဆက်ဆံပြီး တာဝန်သိသော ရင်းနှီးမြုပ်နှံမှုများ ကိုသာ ခွင့်ပြုစေကာ အုပ်ချုပ်ရေးပိုင်း၏ လုပ်ရပ်များကို တရားစီရင်ရေးပိုင်းက ပြန်လည် သုံးသပ်စေရန် စတင် အသုံးပြုရမည် ဖြစ်သည်။

အလားတူစွာပင် လူ့အခွင့်အရေး ချိုးဖောက်သော သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော ရင်းနှီးမြှုပ်နှံသူများ ကိုလည်း ဆက်လက် တရားစွဲဆိုရမည် ဖြစ်သည်။ ဩဇာကြီးမားသော ရင်းနှီးမြှုပ်နှံသူများကို လူ့အခွင့်အရေး ဥပဒေ အပါအဝင် တရားဥပဒေဘောင်အတွင်း ထိန်းချုပ်ရန် လိုအပ်သည်။

ထိုပြဿနာများကို ကိုင်တွယ်ရန် လူမှု အခြေပြုအဖွဲ့များနှင့် ရှေ့နေများသည် တရားဥပဒေ မူဘောင်ကို အသုံးမပြုနိုင်လျှင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်သည် တိုးတက်နိုင်ဖွယ် မရှိပေ။ ရှေ့နေများသည် အဖိုးထိုက်တန်လှသော အတွေ့အကြုံများ မရရှိဘဲ လူထုက ဆက်လက် အယုံအကြည် ကင်းမဲ့နေပေမည်။ ထိုလုပ်ငန်း အဆင့်ဆင့်မှာ ရှည်လျား ခက်ခဲသော်လည်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကို တာဝန်မဲ့သော ရင်းနှီးမြှုပ်နှံမှု အန္တရာယ်မှ အကာအကွယ် ပေးရန်လိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Daniel Aguirre ၏ Use the Law to Protect Human Rights and the Environment from Irresponsible Investment ကို ဘာသာပြန်သည်။ ၎င်းသည် ဂျီနီဗာအခြေစိုက် နိုင်ငံတကာဂျူရီများကောင်စီ (ICJ) ၏ ဥပဒေရေးရာ အတိုင်ပင်ခံ ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading