ကျန်းမာရေးဝန်ကြီး အတွက် နားဝင်မချိုတဲ့ ခေါင်းလောင်းသံ တချက်

လင်းငယ်
စစ်တွေမြို့ စခန်းတခုအတွင်းရှိ ဆေးပေးခန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး စစ်ဆေးကြည့်ရှုနေစဉ် / The Global New Light of Myanmar
Want create site? Find Free WordPress Themes and plugins.

အစိုးရဝန်ထမ်း ဆရာများ MSc မာစတာဘွဲ့ (အရပ်အခေါ် အထူးကုဘွဲ့အတွက်) အတွက် ဝင်ခွင့်စာမေးပွဲ အောင်စာရင်းက လတ်တလော ဂယက်ရိုက်နေတဲ့ သတင်းတပုဒ်ပါ။ ရေးဖြေ ပထမအဆင့် အောင်မြင်ပြီး၊ လူတွေ့ ဖြေဆိုပြီးတဲ့ နောက် ထွက်လာတဲ့ စာရင်းမှာ ထူးဆန်းစွာ ကျန်သူတွေ များနေခြင်းနဲ့ ပတ်သတ်ပြီး ဆရာဝန်တွေရဲ့ ဝေဖန်မှုတွေ ပျံ့နှံ့နေခြင်း ပါ။ ထူးဆန်းတယ် လို့ ပြောရတာက လုပ်ရိုးလုပ်စဉ်၊ ဖြစ်ရိုးဖြစ်စဉ် အတိုင်း မဟုတ်လို့ပါ။ တစုံတဦးက သိသာထင်ရှားစွာ ဖြုတ်ချလိုက်ခြင်း ဟု ယူဆနေသူတွေလည်း မနည်းပါဘူး။ ကျန်းမာရေး လောကရဲ့ ထူးခြား သတင်းတွေက ဒါ ပထမဆုံး မဟုတ်ပါဘူး။ တကယ်တော့ ဒီဖြစ်ရပ်က ဘာမှန်း သေချာတပ်အပ် မပြောနိုင် သော်ငြား မှားယွင်းနေတဲ့ စနစ်တခုရဲ့ ရောဂါလက္ခဏာ (symptom) တခုလို့ ပြောရင် ရနိုင်မယ် ထင်ပါတယ်။

၂ နှစ်ဆိုတဲ့ အတိုင်းအတာဟာ လူတယောက်ကို နားလည်ဖို့ လုံလောက်ပါတယ်။ သို့သော် နိုင်ငံတခု လူ့အသိုက်အဝန်း တခုအနေနဲ့ ဆိုရင်တော့ တော်တော်ကို တိုတောင်းလွန်းတယ် လို့ ပြောရင် ရနိုင်ပါမယ်။

အပြောင်းအလဲကို ဦးဆောင်နေရတဲ့ အစိုးရတရပ် အတွက်တော့ နှစ်ပေါင်းများစွာ ယိုယွင်းမှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ မငြိမ်းချမ်းမှုတွေ အပါအဝင် ပြဿနာပေါင်း သောင်းခြောက်ထောင် အတွက် ၂ နှစ်ဆိုတာ မနေ့တနေ့ကလို ကုန်သွားနိုင်ပါတယ်။ လက်ရှိအစိုးရရဲ့ အချိန်ယူရမယ် လို့ အကြောင်းပြချက် ပေးတာဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူး လို့တော့ ပြောရခက်ပါတယ်။ ဒီအထဲမှာ စွမ်းဆောင်ရည် နိမ့်ပါးနေတဲ့ ဗျူရိုကရေစီ ယန္တယားတရပ်ကိုလည်း အမွေအဖြစ် ရထားလိုက်ပါတယ်။ စွမ်းဆောင်ရည် အားနည်းတဲ့ ယန္တယားတရပ်နဲ့ လိုချင်တဲ့ မြန်မြန်ဆန်ဆန် အပြောင်းအလဲကို လုပ်ယူဖို့က ဟာကျူလီလို အင်အားမျိုး ရှိမှသာ ရပါလိမ့်မယ်။

အခြားတဖက်မှာလည်း အပြောင်းအလဲကို မျှော်လင့်ချက်ကြီးကြီးနဲ့ အောင့်အီးခဲ့ရတဲ့ နှစ်တွေကို ကုန်လွန်ခဲ့ကာ အဆင်ပြေတဲ့ လူမှုဘဝကို ပိုင်ဆိုင်ချင်တာ၊ အချိန်တွေ ကြာလာတာနဲ့အမျှ ပြေလည် မသွားတာတွေကို သာမာန် ပြည်သူ အများစုက စိတ်မရှည် ဖြစ်လာနေတာကို မြင်သာပါတယ်။ သာမာန်ပြည်သူ လူအများစုဘက်က အသံတွေဟာ လည်း အလွန်အင်မတန်မှကို ဆီလျော်ပါတယ်။

သူတို့ရဲ့ ဖြစ်ချင်တာ မဖြစ်လို့ ငြီးတွားတဲ့ အသံတွေဟာ အပြစ်မမြင် သင့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အပြောင်းအလဲ အတွက် သူတို့ မဲပေးခဲ့ကြတာကိုး။ နိုင်ငံရေး သီဝရီတွေ သုံးပြီး ပြည်သူတွေကို နားမလည်ဘဲ ပြောနေတယ် ထင်ရင်တော့ မှားပါလိမ့်မယ်။ အခုတောင် နောက် ရွေးကောက်ပွဲဆိုတာကို ပြည်သူတွေက ပြောနေကြ ပါပြီ။

အစိုးရရဲ့ ဝန်ကြီး၊ ဝန်ကလေးတွေရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လာကြ ပါပြီ။ ပွတ်တိုက်မှုအချို့လည်း ဖြစ်လာကြ ပါတယ်။ ဒီအထဲမှာ ကျန်းမာရေး ဝန်ကြီးဌာနလည်း မလွတ်ပါဘူး။ ခေါင်းဆောင်ရဲ့ မျက်နှာကြောင့် နှူတ်ဆိတ်နေသူတွေ ရှိပေမယ့် အမှန်တကယ် စွမ်းဆောင်ရည် ကောင်း မကောင်းကတော့ မညှာမတာ မေးခွန်း ထုတ်သင့်တယ် လို့ မြင်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက်

အစိုးရသစ် အပြောင်းအလဲနဲ့အတူ ပါဝင်လာတဲ့ လူသိနည်းသော ကျန်းမာရေး ဝန်ကြီး အပေါ် မျှော်လင့်ခဲ့ကြပါတယ်။ အလုပ်အကိုင် အတွေ့အကြုံ နိုင်ငံတကာအဆင့်မှာ လုပ်လာတာက မျှော်လင့်ချက်ကို အားကောင်းစေခဲ့ပါတယ်။ အဆင်မပြေမှုတွေကြောင့် ဝန်ထမ်းဘဝကို စွန့်ခွာချင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေတောင် အချိန်ပေးပြီး စောင့်ကြည့်ခဲ့ ကြပါတယ်။ သို့သော် သူတို့ မေ့နေခဲ့သည့် တချက်က ကျန်းမာရေး ယန္တယားကြီး တခုလုံး ဝန်ကြီးတယောက် (လွန်ရောကျွံရာ ပီအေနဲ့ အနီဝန်းကျင် တချို့လောက်သာ) ပြောင်းလဲသွားတာကို ပါ။

အခြားတဖက်မှာလည်း နည်းပြတယောက်တည်းနဲ့ ဘောလုံး ကစားလို့ မရဘူးဆိုတာ သဘောပေါက်ထားသူများ ရှိပါလိမ့်မယ်။ အဲ့လိုလူတွေကတော့ မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲမယ် လို့ မျှော်လင့်ချက် အများကြီး မထားကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်းမာရေး ဝန်ကြီးဌာနထဲက ဗျူရိုကရက်ဟောင်းများရဲ့ အသားသေ အနေကြာမှုတွေကို ဘယ်လို ထိန်းမလဲဆိုတဲ့ မေးခွန်းက ကြိုနေပါတယ်။

ပြီးတော့ ဝန်ကြီးဆိုတာ နိုင်ငံရေး ရာထူးပိုပြီး အလေးကဲတဲ့ အတွက် တတ်သိပညာရှင် ဖြစ်ရုံမျှနဲ့ မပြီးသေးပါဘူး။ နိုင်ငံရေး အပြောင်းအလဲ ပါဝါမျှခြေကို ဌာနအတွင်းအပြင် ချိန်ညှိနိုင်ဖို့က အလွန် အရေးပါပါတယ်။ မြန်မာ့ဗျူရို ယန္တယားမှာတော့ ပါဝါကစားခြင်းနဲ့ သူ့လူ ကိုယ့်လူ လွန်ဆွဲခြင်းတွေ အရိုးစွဲနေတဲ့ အချက်ကြောင့်ပါ။ အမှန်တကယ် အလုပ် လုပ်နိုင်ဖု့ိအတွက် ကောင်းကောင်းကို ဟန့်တားနိုင်တဲ့ အင်အားစုတွေပါ။

လက်ရှိ တိုးတက်မှု အခြေအနေ

တကယ်တမ်း ၂ နှစ်အတွင်းမှာ တိုးတက်မှုများစွာ လုပ်ဆောင်နိုင်ခဲ့တာကို အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ အခုဆိုရင် အမျိုးသား ကျန်းမာရေး မဟာဗျူဟာ စီမံကိန်းကြီးကို အကောင်အထည်ဖော်နေပါပြီ။ တကိုယ်ရည်အမြင် အရ ဆိုရင်တော့ ဦးတည်ချက်ကောင်းတဲ့ အစီအစဉ်များ ဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် မဟာဗျူဟာ စီမံကိန်းတွေ မဟာဗျူဟာ မြောက်စွာ စာရွက်ထဲမှာသာ ရှိနေခဲ့တာ ကြောင့်လည်း လက်တွေ့ ဖြစ်လာပါ့မလား ဆိုတဲ့ မေးခွန်းတွေက ရှိနေပါတယ်။ အခုဆိုရင် နိုင်ငံတကာ အကူအညီတွေ ပိုမိုရရှိလာတဲ့ အခါ အဖွဲ့အစည်း အသီးသီးနဲ့ ကဏ္ဍအသီးသီးမှာ မဟာဗျူဟာတွေ ရေးဆွဲထားတာ ဆိုရင် ရေလို့တောင် ရပါ့မလားပဲ။ ပေါ်လစီနဲ့ မြေပြင် အခြေအနေကြား ကွာဟမှုကို ဆန်းစစ်ဖို့က အရေးကြီးပါတယ်။

ကျန်းမာရေး ဝန်ထမ်းအင်အား မြင့်တင်ခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေမှာ ဇောက်ချမြင့်တင်ပေးဖို့ ကြိုးစားနေတာတော့ အထင်သား မြင်သာပါတယ်။ ချီးကျူးရမှာပါ။ မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံတခုမှာ အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုတွေက အခရာ ကျပါတယ်။ လမ်းမှန်ပေါ် ဟုတ်မဟုတ်ကတော့ အချိန်က အဖြေပေးပါမယ်။ အခြားတဖက်မှာလည်း ကုသရေး ဝန်ထမ်းတွေဘက်က တိုးတက်မလာတဲ့ အခြေအနေတွေကို ငြီးတွားပြီး ပစ်ပယ်ထား ခံရတယ် ဆိုတဲ့ အသံတွေက နားထောင်ကြည့်ရင် အထင်းသား ကြားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ။

ပါဝါအချိန်အဆ

ဒါပေမယ့် ပါဝါအချိန်အဆကို မမေ့ဖို့လိုပါတယ်။ ကျန်းမာရေးလောကရဲ့ ပါဝါအင်အားဟာ အစိုးရ ဆေးရုံတွေမှာ လုပ်နေတဲ့ (ကုသရေး ဆရာဝန်တွေ) ဆီမှာ အများဆုံးရှိတယ် ဆိုတာကတော့ ပကတိ အခြေအနေပါ။ လူနေမှုစရိုက် အရ ခေတ်အဆက်ဆက် ရရှိထားတဲ့ ဆရာဝန်တွေအပေါ် လူထု လေးစားမှု အနေအထားကြောင့်လည်း ပါပါတယ်။ ပြည်သူတွေ ကျန်းမာရေးစနစ်နဲ့ ပတ်သက်လာရင် အဓိက ဆန်းစစ်လေ့ရှိတာက ဆေးရုံတွေဖြစ်ပါတယ်။

အခု အစိုးရဝန်ထမ်း ဆရာဝန်အများစုက ဘယ်လိုမြင်နေပြီလဲ။ သေသေချာချာ စစ်တမ်းကောက်လေ့လာထားတာမျိုး တော့ မတွေ့မိပါဘူး။ ဒါပေမယ့် ဆရာဝန်တွေ အများစု ပါဝင်တဲ့ လူမှုကွန်ရက်စာမျက်နှာကတော့ တဆင့်ခံ လေ့လာစရာ ကောင်းတဲ့ နေရာပါ။ အဓိကအားဖြင့် ဘာမှ မထူးဘူး ဆိုတာရယ်နဲ့ ပိုဆိုးလာတယ် ဆိုတဲ့ မတူတဲ့ အမြင်နှစ်ခုတော့ ကွဲနေပါတယ်။ သို့သော် ပိုကောင်းလာပါတယ် ဆိုတဲ့ အသံကတော့ ရှားပါးလွန်းနေတာ သတိပြုမိပါတယ်။

အကြမ်းဖျင်း သုံးသပ်နိုင်တာက ဆရာဝန် ဝန်ထမ်းတွေရဲ့ အမြင်မှာ တိုးတက်မှုက အားရစရာ၊ ကျေနပ်ဖွယ်ရာ မကောင်းဘူး ဆိုတာပါပဲ။ ဒီကြားထဲမှာ ဆရာဝန်တွေကို လုပ်ငန်းခွင်မှာပါ မလုံခြုံတော့ဘူးလား ဆိုတဲ့ အတွေးမျိုး ဝင်လာမယ့် ဖြစ်ရပ်တွေကလည်း မနည်းပါဘူး။ နောက်ဆုံး ချပ်သင်းက ဆရာဝန်ဖြစ်ရပ်မျိုးမှာ ဆိုရင် အကာအကွယ် ပေးမှု အားနည်းတာကို တွေ့ရတဲ့ အခါ စိုးရိမ်ပူပန်မှု မြင့်တက်လာတာ သဘာဝကျပါတယ်။

အခုနောက်ဆုံး လတ်တလော အငြင်းပွားစရာ အဖြစ် ဂုဏ်ထူးတန်း ဝင်ခွင့်မှာ လူတွေ့အဆင့်မှာမှ လူတွေ အဆမတန် ဖြုတ်ချ လိုက်တာအပေါ် မကျေမနပ် ဖြစ်လာတဲ့ ကိစ္စပါပဲ။ ဖြစ်လေ့ဖြစ်ထ မရှိတာရယ်၊ ဘာကြောင့် ဘယ်လို သတ်မှတ်ချက် တွေနဲ့ အအောင် မပေးကြောင်း ရှင်းရှင်းလင်းလင်း မြင်သာထင်သာ မရှိတာရယ်ကြောင့် အထင်အမြင် မှားစရာ ဘဝင်မကျစရာများ ပိုများလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ကတော့ ထုံးစံအတိုင်း အစုံပါပဲ။ ဒါတွေ ဘာကြောင့် ဖြစ်တာလဲ။ မသိနိုင်တဲ့ အဖြေပါ။ ဘာလို့ မသိနိုင်လဲ ဆိုရင် ဘယ်လို လုပ်မှန်း မသိလို့။ ဘယ်သူ လုပ်မှန်း မသိလို့ပါပဲ။ ပွင့်လင်းမြင်သာမှု ဆိတ်သုဉ်း နေခြင်းရဲ့ မြင်သာတဲ့ လက္ခဏာတရပ်လို့ ပြောရင် ရနိုင်ပါတယ်။

စွမ်းဆောင်ရည် မေးခွန်း

နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ကူညီထောက်ပံမှုတွေနဲ့ စီမံချက်တွေ ချမှတ်တိုင်း စွမ်းဆောင်ရည်မြင့်တဲ့ လုပ်ငန်းတွေ ပါဝင်တတ်ပါတယ်။ ဝန်ထမ်းတွေ စွမ်းဆောင်ရည် မြင့်တင်ရမယ် ဆိုရင် အမြဲတမ်း ပြေးမြင်ကြတာက အောက်ခြေဝန်ထမ်းတွေကို သင်တန်းတွေ ပေးရမယ် ဆိုတာပါပဲ။ တကယ်လည်း ခဏခဏပေးတယ်။ သားဖွားဆရာမလေးတွေ ဆိုရင် တလ တလ သင်တန်းတွေ တက်နေရတာနဲ့ ကာကွယ်ဆေးထိုးဖို့တောင် မနည်း အချိန်ယူရကြောင်း ငြီးတွားရတဲ့ အထိပါပဲ။ တကယ် တာဝန်ကြီးတဲ့ ပုဂ္ဂိုလ်တွေကတော့ စိတ်ဝင်စားတဲ့ လူတချို့က လွဲရင် တက်ရောက်လေ့ မရှိပါဘူး။

တကယ်တော့ ဝန်ကြီး အနေနဲ့ စဉ်းစားရမှာက နေပြည်တော် အဲကွန်းခန်းထဲက အရာရှိတွေကို ဘယ်လို စွမ်းဆောင်ရည် မြှင့်မလဲ ဆိုတဲ့ မေးခွန်းပဲ။ စွမ်းဆောင်ရည် ဆိုရာမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပါ ထည့်သွင်းစဉ်းစားရင် ပိုကျယ်ပြန့်သွားမလား။ လုပ်ချင်ကိုင်ချင်တဲ့ အမှန်တကယ်လည်း လုပ်နိုင်ကိုင်နိုင်တဲ့ တော်တဲ့ ဆရာတွေလည်း အများကြီး ရှိပါတယ်။ အဲ့လိုလူတွေရဲ့ လက်တွေ ခြေတွေကို ချုပ်တည်းထားတဲ့ ကြိုးနီတချို့ ဖြေလျော့ပေးနိုင်ရင်ကို အများကြီး စွမ်းဆောင်ရည် တက်လာမယ် လို့ မျှော်လင့်စရာ ရှိပါတယ်။

နောက်ဆုံးအချက် အနေနဲ့ကတော့ မြန်မာပြည်ဟာ အဂတိအညွှန်းကိန်း ၁၄၇ နဲ့ အောက်ခြေနား ပတ်ဝန်းကျင်မှာ ဆိုတာ ရပ်တည်နေတယ် ဆိုတာ မမေ့သင့်ပါ။ အစိုးရဌာန အသီးသီးရဲ့ အခြေအနေ ဖြစ်တဲ့ အတွက် ကျန်မာရေး ဝန်ကြီးဌာနလည်း လွတ်မယ် ထင်သလားလို့ မေးလျှင် လွတ်မယ် မထင်ပါ။ အနည်းဆုံးတော့ အောက်ခြေဝန်ထမ်း တွေရဲ့ ဌာနဆိုင်ရာ လူကြီးအများ အပေါ် ယုံကြည်မှုကို ဒီကိန်းဂဏန်းက သက်ရောက်ပါတယ်။ ထိုအခြေအနေမှာ လုပ်ထုံးလုပ်နည်း အားနည်းချက်၊ ပွင့်လင်းမြင်သာမှု အားနည်းချက်များ ရှိနေတဲ့အခါ လုပ်ငန်းစွမ်းဆောင်ရည်ကို သံသယ ဖြစ်လာကြတာ မထူးဆန်းပါ။

ဒါတွေကို ခြုံငုံသုံးသပ်ရရင် မဟာဗျူဟာ ပြဿနာတရပ် ထွက်ပေါ်လာပါတယ်။ ဒါဟာ ဗဟိုထိန်းချုပ်မှု လွန်ကဲပြီး ပွင့်လင်းမြင်သာမှု အားနည်းတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဌာနအသီးသီးကို ဘယ်လို ပြုပြင် ပြောင်းလဲမလဲ ဆိုတာပါပဲ။ ဒါဟာ ယိုယွင်းနေတဲ့ ဗျူရိုကရေစီ ယန္တယားကြီး တခုလုံးရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ မူလဇာစ်မြစ် ပြဿနာတွေကို မကိုင်တွယ်နိုင် သေးသမျှ နောက်ထပ် ပြဿနာတွေ ကတော့ ထပ်နေဦးမှာ ပါပဲ။ နားဝင်မချိုတဲ့ မေးခွန်းတွေ မေးနိုင်ဖို့အထိ ပွင့်လင်းနေပြီဟုတော့ မမျှော်လင့်နိုင်သေးပါ။ သို့အတွက် အဝေးကသာ ခေါင်းလောင်းတီး လိုက်ရခြင်း ဖြစ်ပါတယ်။ နားမဝင်မချိုက သည်းခံတော်မူ။

(လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading