မြန်မာနိုင်ငံတွင် အမျိုးသမီးတဦးနှင့် စစ်ဗိုလ်ချုပ်ကြီးများ လွန်ဆွဲနေခဲ့သော ပြိုင်ပွဲတခု ရှိပါသည်။ ထိုပွဲကို တချို့က “The Beauty vs. The Beast” ဟု တင်စားကြပြီး ကစားနေခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိပြီ ဖြစ်သည်။
တကယ်တမ်းပြောရလျှင် ထိုပွဲသည် မြန်မာပြည်သူများနှင့် စစ်အုပ်ချုပ်ရေးကြားမှ ကာလရှည်တိုက်ပွဲတခု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူတို့၏ တာဝန်ပေးအပ်မှုဖြင့် စစ်အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့ ကူးပြောင်းရေး ထိုတိုက်ပွဲကို ခေါင်းဆောင်ရန် ဖြစ်လာခဲ့သည်။ မြန်မာပြည်သူတို့က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၁၉၉၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် အပြတ်အသတ် မဲပေးရွေးချယ်ခဲ့ကြသည်။
ထိုတိုက်ပွဲ စတင်သည့် အချိန်ကို ပြန်ကြည့်လျှင် လုံးဝ အကောင်အထည် မပေါ်နိုင်သည့် အသွင်ရှိခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ကျောင်းသားများက လမ်းများပေါ်သို့ ချီတက်၍ လုံခြုံရေးတပ်ဖွဲ့များနှင့် စက်သေနတ်များကို ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည်။
ဒီမိုကရေစီရေး လှုပ်ရှားသူများက စစ်အုပ်ချုပ်ရေးကို လက်ဗလာနှင့် ရင်ဆိုင်ခဲ့ကြသည်။ တပ်ကလည်း နှိမ်နင်းဖြိုခွဲသည်။ တက်ကြွလှုပ်ရှားသူများက နောက်တကြိမ် ထပ်ကြိုးစားလျှင် ထပ်မံ ဖြိုခွဲခြင်း ခံရပြန်သည်။ တော်လှန်ရေးက စက်ဝန်းတခုလို သံသရာလည်နေခဲ့၏။
အုတ်နံရံတခုကို ခေါင်းဖြင့် ဝင်တိုက်သူ မည်သူမဆို ထိခိုက်ကွဲကြေသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ စစ်အစိုးရကို ဆန့်ကျင်သည့် မိသားစုများကြားတွင် ပြောနေကျစကားတခု ရှိသည်။ “အုတ်နံရံကို ခေါင်းနဲ့ ဝင်တိုက်ရင် မင်းခေါင်းပဲ ကွဲလိမ့်မယ်” ဟူ၍ ဖြစ်သည်။ မှန်ပါသည်။ မရေမတွက်နိုင်သော ဦးခေါင်းများစွာ ကွဲကြေခဲ့ကြရသည်။
သို့သော်လည်း ထိုသို့ စွန့်လွှတ်ခဲ့သူများနှင့် ရဲရင့်သူတို့၏ ပေးဆပ်မှုများကြောင့် သိသာသော ပြောင်းလဲမှုများ မြင်ခဲ့ရသည်။
ဤနှစ်ပေါင်း ၃၀ အတွင်း ဖြစ်ခဲ့သည်မှာ တော်လှန်ရေးတခုဆိုသည်ထက် ဆင့်ကဲဖြစ်စဉ်တခု ဖြစ်ခဲ့သည်။ ယခုအချိန်အထိလည်း မပြီးဆုံးသေးပေ။
အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အစိုးရမှသည် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ သူ့ကို ဆက်ခံသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှသည် အရပ်သားအမည်ခံ အစိုးရ၏ သမ္မတ ဖြစ်လာသူ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အထိ၊ စစ်ဗိုလ်ချုပ်ကြီး များက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ကို ထောက်ခံသူများ (မြန်မာနိုင်ငံလူဦးရေ ၅၄ သန်းမှ အများစုပါဝင်သော ဒီမိုကရေစီ အင်အားစု တခုလုံး)ကို နှိပ်ကွပ်ခဲ့ကြသည်။
စစ်ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ပေါင်းများစွာသော ဒီမိုကရေစီအရေး လှုပ်ရှားသူများ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ကြရသည်။
၂၉ နှစ်ကြာမြင့်ခဲ့ပြီးသည့် ယခုအချိန်တွင် အနေအထားက ယခင်နှင့်မတူ အတော်လေး ခြားနားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတဦး မဟုတ်တော့ဘဲ ဒီမိုကရေစီ အစိုးရတခု၏ ခေါင်းဆောင် ဖြစ်လာသည်။ ရာနှင့် ချီသော နိုင်ငံရေး အကျဉ်းသားဟောင်းများသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေကြပြီ ဖြစ်သည်။ တချို့က ပြည်ထောင်စု သို့မဟုတ် ပြည်နယ်/ တိုင်း အစိုးရများတွင် အုပ်ချုပ်ရေး နေရာများ ရရှိခဲ့ကြသည်။ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ယခင်ကထက် နေရာပို၍ ရရှိလာခဲ့သည်။ မီဒီယာများ စာနယ်ဇင်း လွတ်လပ်ခွင့် ပိုမို ရရှိလာခဲ့သည်။
သို့သော်လည်း အဓိကကျသော အပြောင်းအလဲတခု ဖြစ်လာရန် ကျန်နေသေးသည်။ နိုင်ငံရေး နယ်ပယ်တွင် တပ်မတော် ထွက်ခွာသွားရေး ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်မှာ အရင်ကတည်းက မဖြစ်နိုင်ခဲ့သည့် အချက်တခုဖြစ်ခဲ့ပြီး ယနေ့တိုင်လည်း မဖြစ်နိုင်သေးသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များတွင် တပ်မတော်က အာဏာကို အင်အားသုံး၍ ထိန်းချုပ်ခဲ့သည်။ ယခုအခါတွင် အခြေခံဥပဒေအရ အာဏာကို အတိုင်းအတာတခုအထိ ထိန်းချုပ်ထားနိုင်သည်။ ၂၀၀၈ ခုနှစ်တွင် ယခင်စစ်အစိုးရက ရေးဆွဲခဲ့သော အခြေခံဥပဒေက တပ်မတော်ကို နိုင်ငံရေးတွင် ပါဝင်နိုင်ခွင့်ကို အကာအကွယ်ပေးထားသည်။ တပ်မတော်က ထိုအခြေခံဥပဒေကို ကာကွယ်သည်။
၂၉ နှစ်ကြာခဲ့သော်လည်း ဤနိုင်ငံရေး ကစားပွဲသည် ရှိနေဆဲ ဖြစ်သည်။ တပ်မတော်သည် တိုင်းပြည်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးတွင် ယခင်ကလို ရာနှုန်းပြည့် မပါတော့သော်လည်း အတိုင်းအတာတခုအထိ ပါဝင်ပတ်သက်နေဆဲ ဖြစ်သည်။
ယခုအခါ NLD က တိုင်းပြည်ကို အုပ်ချုပ်နေသည်။ သို့သော်လည်း အရှိတရားမှာ NLD သည် စနစ်ဟောင်းမှ ယန္တရားဖြင့် လည်ပတ်နေရဆဲ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေ့စဉ် အုပ်ချုပ်ရေးလုပ်ငန်းများအပြင် ရေရှည်မူဝါဒ ချမှတ်ရေးတွင် စစ်ဗိုလ်ချုပ်ဟောင်းများအပြင် လက်ရှိ ဗိုလ်ချုပ်များနှင့် ခက်ခဲစွာ ညှိနှိုင်းဆောင်ရွက်နေရသည်။
အခြေခံ နိုင်ငံရေးအဆောက်အအုံကို ပြင်ဆင်ရန် ကျန်နေဆဲ ဖြစ်သည့် အချိန်တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှသည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဥပဒေများ ပြင်ဆင်ပြောင်းလဲရေး အထိ ကိစ္စအများအပြားက မျှော်မှန်းထားသည်ထက် ပိုမို၍ ရှုပ်ထွေးနေသည်။ အဆိုပါ အရေးပါသော ကိစ္စများသည် လက်ရှိ နိုင်ငံရေး အခြေအနေများ အရ သက်တမ်းနုသည့် ဒီမိုကရေစီ အစိုးရအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။
ပြဿနာများကို ရှောင်လွှဲ၍ မရနိုင်ပါ။ စနစ်တခုလုံး ပြင်ဆင်ရေး နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုုကို ဆက်၍ လုပ်ရမည် ဖြစ်သည်။
သို့သော်လည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်မှာ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ပြုလုပ်နိုင်ရန် လက်ရှိ တပ်မတော်ခေါင်းဆောင်ပိုင်းက လိုလား/မလိုလားပင် ဖြစ်သည်။ ထိုအချက်သည် သူတို့၏ နိုင်ငံရေးသဘောထားပေါ်တွင် မူတည်နေသည်။
၂၀၁၁ ခုနှစ်တွင် အရပ်သား အမည်ခံအစိုးရသို့ အာဏာလွှဲပြောင်းပေးခြင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီဝင်များကို ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်းနှင့် NLD အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အာဏာ ရယူနိုင်ခဲ့သော လွတ်လပ်၍ တရားမျှတသည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ စသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများသည် ဗိုလ်ချုပ်ကြီးများ၏ သဘောဆန္ဒမပါဘဲ ဖြစ်လာခဲ့သည် မဟုတ်ပါ။
သို့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလတွင် NLD ပါတီက ကြေညာထားခဲ့သလို အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်တခု ပေါ်ထွန်းရေးအတွက် ဗိုလ်ချုပ်ကြီးများက သဘောတူနိုင်ချေ နည်းသည်။
အစိုးရပိုင် သတင်းစာများတွင် NLD အစိုးရက လာမည့် ၂၀၁၈ ခုနှစ် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အတွက် ၎င်းတို့ ၏ အမျိုးသားရေး ဦးတည်ချက်များကို ဖော်ပြထားသည်။ အဓိက ဦးတည်ချက်များထဲမှ တခုမှာ “ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ပေါ်ပေါက်ရန် ကြိုးပမ်း ဆောင်ရွက်ရေး” ဖြစ်သည်။
ဤသည်ပင် တပ်မတော်နှင့် NLD အစိုးရကြားမှ မပြီးဆုံးသေးသော နိုင်ငံရေးအကျပ်အတည်းတခု ဖြစ်သည်။
ဗိုလ်ချုပ်ကြီးများ၏ စိတ်သဘောထားကို မှန်းကြည့်ရမည်ဆိုလျှင် သူတို့ကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အထူး အခွင့်အရေးများအပြင် လုံခြုံရေးကိစ္စများတွင် ကိုယ်ပိုင်စီရင်ဆုံးဖြတ်ခွင့် အပြည့်အဝ အာမခံချက်ပေးထားသော သူတို့၏ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းတွင်သာ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖြစ်ပေါ်စေရန် လိုလား နှစ်ခြိုက်ကြမည် ဖြစ်သည်။
နိုင်ငံရေးနယ်ပယ်အတွင်း သူတို့၏ အခန်းကဏ္ဍကို ထိခိုက်ပျက်ပြားစေမည့် မည်သည့် အပြောင်းအလဲကိုမျှ စစ်ဗိုလ်ချုပ်ကြီးများက သည်းမခံကြမည့် သဘောရှိသည်။
အပြောင်းအလဲ ဖြစ်လာစေချင်လျှင် သူတို့ ယုံကြည်လက်ခံနိုင်လောက်စရာ တစုံတရာ လိုအပ်ပါလိမ့်မည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ကြီးများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အလေးပေးခဲ့သည်။ အထူးသဖြင့် သူ၏ အစိုးရနှင့် တပ်မတော်ကြားတွင် ဖြစ်သည်။
သို့သော်လည်း ထိုအတွက် ပုံသေနည်း မရှိပါ။ ဗိုလ်ချုပ်ကြီးများနှင့် ဤကစားပွဲသည်ပင် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံရေးအနုပညာ ဖြစ်သည်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အယ်ဒီတာဖြစ်သည်။ ၎င်း၏ Beauty vs. the Beast: The Ongoing Battle for a True Democracy ကို ဘာသာပြန်ဆို ဖော်ပြသည်။)