ရရှားနိုင်ငံမှာ ဇာဘုရင်ခေတ်က ဇာစနစ်ကို ဆန့်ကျင်တဲ့ ဆိုရှယ် ဒီမိုကရက်တွေ ပေါ်လာပေမယ့် ဇာစနစ်ကို အနိုင် မတိုက်နိုင်ဘဲ အာဏာခွဲဝေဖို့ ကြံတာမျိုး၊ ညှိနှိုင်းစေ့စပ်ပြီး ပြည်သူကို ဆက်ဖိနှိပ်ဖို့ ကြိုးစားတာတွေကြောင့် နောက်ဆုံး မှာ ဆိုဗီယက် ယူနီယံ ကွန်မြူနစ်ပါတီ ပေါ်ပေါက်လာတာပါပဲ။
ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီ ဆိုတဲ့ ပါတီဟာ ပြောင်းလဲမှုတွေနဲ့ အတူ ကွန်မြူနစ်ပါတီ ဖြစ်လာရတယ်၊ ရုရှား ရဲ့ ဇာဘုရင် ခေတ်ကြီးကို လုံးဝပြောင်းပြီး ဆိုဗီယက် ယူနီယံကို တည်ထောင်နိုင်ခဲ့တာဟာ အင်အားကောင်းတဲ့ တတိယ အင်အားစုပါပဲ။
တရုတ် ပြည်မှာလည်း ကူမင်တန် ပါတီဟာ အင်အား ကောင်းခဲ့ပေမယ့်လည်း တရုတ်ပြည် ကွန်မြူနစ်ပါတီ တည် ထောင် လိုက်တဲ့ အခါ အစပိုင်းက တတိယ အင်အားစု ဖြစ်ပေမယ့် နောင်အခါ တရုတ်ပြည်ရဲ့ အနာဂတ်ကို ဖန်တီးတဲ့ အင်အားကြီး ပါတီကြီးတရပ် ဖြစ်လာပြီး ကမ္ဘာမှာ တရုတ်ဟာ ကြောက်ခမန်းလိလိ အင်အားကြီးလာခဲ့တယ်။
ဒါကြောင့် တတိယ အင်အားစုဟာ သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာပြီဆိုရင် ပျောက်ကွယ် မသွားဖို့၊ အချိန် အခါ နဲ့ ကိုက်ညီတဲ့ အင်အားတခုဖြစ်ဖို့ ကတော့ အလွန်အရေးကြီးပါတယ်။ သမိုင်းရဲ့ တောင်းဆိုမှုအရ တတိယ အင်အားစုကို တည်ထောင်နိုင်မှသာ သမိုင်းကပေးလိုက်တဲ့ ခေတ်ရဲ့ တာဝန်ကို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ပါတီတွေ အတော်များများ ဖွဲ့စည်းလာတာနဲ့အတူ တချို့ပါတီတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုက်ပွဲကြီး အတွင်း ပါဝင်ခဲ့တဲ့ သူတွေ၊ ဦးဆောင်မှု တစုံတရာရှိတဲ့ သူတွေဟာ နိုင်ငံရေး ပါတီတွေကို ထူထောင်ခဲ့ကြပါတယ်။
ဒါပေမယ့် အခုအချိန်မှာ စစ်အာဏာရှင်စနစ်နဲ့ သူ့ရဲ့ နိုင်ငံရေးပါတီတွေရဲ့ နည်းမျိုးစုံ တိုက်ခိုက်မှုတွေကြောင့် အဲဒီ နိုင်ငံရေး ပါတီတွေဟာ ပြည်သူရဲ့ ထောက်ခံမှုကို မရခဲ့သလို ယခုအချိန်ထိ သမိုင်းရဲ့ တောင်းဆိုမှုခံရတဲ့ ပါတီတွေ ဖြစ်မလာခဲ့ပါဘူး။
နိုင်ငံရေးပါတီ တခုကို ထူထောင်မယ်ဆိုရင် နိုင်ငံရေး သဘောတရားရှိဖို့ လိုသလို ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ တနည်း ပြောရရင် အဖိနှိပ်ခံနေရတဲ့ အောက်ခြေ လူတန်းစား အများစုကြီးရဲ့ အကျိုးစီးပွားကို အကောင်အထည် ဖော်နိုင်တဲ့ နိုင်ငံရေး အတွေးအခေါ် ပိုင်ဆိုင်တဲ့ ပါတီ ဖြစ်ရမယ်။
ဒီမိုကရေစီ ဖော်ဆောင်မယ် ဆိုတာကြီးနဲ့ပဲ ပြည်သူ့ အကျိုးစီးပွားကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ဒီမိုကရေစီ ဆိုတာ လွတ်လပ်မှု၊ တရားမျှတမှုတွေ အတွက်သာ အဓိကကျပြီး လူထုရဲ့ အကျိုးစီးပွား အတွက်တော့ ဒီမိုကရေစီ တခုတည်း နဲ့ တော့ မဖော်ဆောင်နိုင်ပါဘူး။
အဲဒီလို မဖော်ဆောင်နိုင်တဲ့ မည်သည့် ပါတီ မဆို၊ မည်သည့် ခေါင်းဆောင်မဆို သမိုင်းမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားမှာ သေချာတယ်။
နိုင်ငံရေးပါတီ တရပ်ဟာ ပြည်သူလူထု အများစုကြီးရဲ့ ထောက်ခံမှုကို ရရှိမှ အင်အား တောင့်တင်းတဲ့ ပါတီ ဖြစ်မှာပဲ။ အထူးသဖြင့် အလုပ်သမား၊ လယ်သမား၊ ဓနရှင်ပေါက်စ ပညာတတ် လူလတ်တန်းစားတွေရဲ့ အဓိက ထောက်ခံမှုကို ရယူနိုင်မှသာ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ သူတို့အတွက် ဆောင်ရွက်ပေးဖို့ တာဝန်ပေးခံရတဲ့ ပါတီ ဖြစ်မယ်။
ပါတီကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေဟာ သမိုင်းကြောင်းကောင်းတဲ့ သူတွေ၊ တကယ်ကို စွန့်လွှတ် အနစ်နာခံမယ့် သူတွေ ဖြစ်ဖို့လိုပါတယ်။
ဆိုလိုတာက နိုင်ငံရေး ခေါင်းဆောင်ဆိုတာ (၁) အသက်နဲ့အတူ ကိုယ်ကျိုးစီးပွား အားလုံးကို စွန့်လွှတ်အနစ်နာခံသူ ဖြစ်ခြင်း (၂) ပြောစရာ ထောက်ပြစရာ မရှိလောက်အောင် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ (၃) ခေါင်းဆောင်မှု ပေးနိုင် တဲ့ ပညာ အရည်အချင်း ရှိခြင်း၊ (၄) နိုင်ငံရေး ဖြတ်သန်းမှုနဲ့ အတွေ့အကြုံရှိခြင်း၊ (၅) လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်များ အပေါ် ထောက်ထား စာနာခြင်းနဲ့ အနစ်နာခံမှုရှိခြင်း၊ (၆) ယဉ်ကျေး သိမ်မွေ့ခြင်း၊ (၇) ဆင်းရဲ မွဲတေသူ များ၊ ညှဉ်းပန်း နှိပ်စက်ခံနေရ သူများ၊ ဒုက္ခဆင်းရဲနဲ့ ကြုံတွေ့နေသူများကို ကူညီဖေးမပြီး အတတ်နိုင်ဆုံး ထောက်ပံ့ ပေးကမ်းခြင်း၊ (၈) ယဉ်ကျေး ပျူငှာစွာပြောဆို စည်းရုံးနိုင်စွမ်း ရှိခြင်း၊ (၉) ကိုယ်ရည်မသွေးဘဲ မိမိကိုယ်ကို နှိမ့်ချနိုင် ခြင်း၊ (၁၀) စာပေ ယဉ်ကျေးမှုများနဲ့ ပတ်သက်ပြီး လေ့လာ အားထုတ်မှုရှိခြင်း၊ (၁၁) လူထု ခေါင်းဆောင်၊ ပြည်သူ့ ခေါင်းဆောင် မှန်မှန်ကန်ကန် ဖြစ်ဖို့ ပြည်သူ့ကြား၊ အထူးသဖြင့် အောက်ခြေ လူတန်းစားများ ကြားမှာ အမြဲထိတွေ့ ဆက်ဆံနိုင်သူ ဖြစ်ခြင်း၊ (၁၂) အပြောနဲ့ နိုင်ငံရေးမလုပ်ဘဲ၊ အလုပ်နဲ့ နိုင်ငံရေးလုပ်ကာ လူထုနဲ့ တသားတည်း ရှိခြင်း စတဲ့ အရည်အချင်းများ ရှိဖို့ လိုပါတယ်။

နိုင်ငံရေး အခြေအနေဟာ တတိယ ပါတီတရပ်၊ တနည်းပြောရရင် လူထုအတွက် စစ်မှန်တဲ့ အပြောင်းအလဲ တခု ဖော်ဆောင်နိုင်တဲ့ ပါတီတရပ်နဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်ရတော့မယ့် အချိန်ပဲဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီပါတီဟာ ဖော်ပြပါ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ပါတီမျိုး၊ ခေါင်းဆောင်မျိုးတွေ ဖြစ်မှသာ ပြည်သူက ထောက်ခံနိုင်တဲ့ ပြည်သူလူထုရဲ့ ပါတီစစ်စစ် ဖြစ်ပါလိမ့်မယ်။
ယနေ့ NLD ပါတီဟာ စဖွဲ့ကတည်းကနဲ့ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် ပြည်သူကို အကျိုးပြုမယ့် ပါတီ အဖြစ် ကနေ တဖြည်းဖြည်း လျော့ကျလာခဲ့ပြီ။ ဒါကမိမိရဲ့ ဆန္ဒစွဲ အရ ပြောနေတာ မဟုတ်ဘဲ လက်ရှိဖြစ်ပေါ်မှုအရ လူထု သဘောထား အတိုင်း တင်ပြနေရတာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်ပြုသလို ၂၀၀၈ ဖွဲ့စည်းပုံအောက် လူထုရဲ့ ပါတီကြီးတရပ်က ခေါင်းလျှိုဝင် လိုက်ပြီး တဲ့ နောက် ပါတီရဲ့ လမ်းစဉ်နဲ့ သဘောတရားတွေကလည်း ကဘောက်တိ ကဘောက်ချာ ဖြစ်သွားပါတော့တယ်။ အာဏာရလာပေမယ့် အာဏာဟာ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီရဲ့ အာဏာမဟုတ်ဘဲ ခွဲဝေယူရတဲ့၊ ဖွဲ့စည်းပုံအရ သတ်မှတ် ပေးထားတဲ့ စစ်တပ်ရဲ့ အလိုကျ အုပ်ချုပ်ရေး ယန္တရားကြီး ဖြစ်သွားခဲ့တယ်။
သမ္မတကို အနိုင်ရပါတီက ရွေးချယ်တယ် ဆိုပေမယ့်လည်း ၂၀၀၈ မှာ လက်ဝါးရိုက်ပြီး သပိတ်ဝင် အိတ်ဝင် ရေးဆွဲ ထားတဲ့ ဥပဒေ စည်းကမ်းတွေအရ စစ်တပ်သဘောမတူဘဲ ဘာကိုမှ လုပ်ပိုင်ခွင့်မရှိတဲ့ အနှောင်အတည်းတွေနဲ့ ဒီမိုကရေစီ တပိုင်း အစိုးရကို ဖွဲ့စည်းခဲ့ပါတယ်။
ဒါကြောင့် NLD အစိုးရ တနှစ်ခွဲကျော် လာတဲ့အထိ အရင် ဦးသိန်းအစိုးရထက် စောပြီးဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ဗိုလ်သန်းရွှေ အစိုးရရဲ့ ယန္တရားအတိုင်း ယခုမဏ္ဍိုင် ၃ ရပ်စလုံးကို တည်ဆောက်နေရတာဟာ ရွေးကောက်ပွဲမှာ ကတိ ခံဝန်ချက် ပေးခဲ့တဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကတိစကားကို ချိုးဖောက်ပြီး ပြည်သူကို ပြောင်လှည့်စား လိုက်သလို ဖြစ်နေပါတယ်။
ဒီလိုအချိန်မှာ ပြည်သူအတွက် အမှန်တကယ် လိုအပ်တဲ့ ဒီမိုကရေစီ ပါတီစစ်စစ်၊ ခေါင်းဆောင်မှုကို ပြတ်ပြတ် သား သား ပေးရဲတဲ့ ပြည်သူ့ပါတီ တရပ်၊ ဒီမိုကရေစီ အတွက်ဆိုရင် ဘယ်အဖွဲ့အစည်းကိုမှ မထောက်ထားဘဲ ပြည်သူကို သာ မျက်နှာ မူမယ့် ပါတီတရပ် လိုအပ်လာပြီဆိုတာ တချို့နိုင်ငံရေး သမားတွေနဲ့ လူငယ်တွေက သဘောပေါက် လာပြီး တတိယ အင်အားစုကို တည်ဆောက်ဖို့ ကြိုးပမ်းတာကို တွေ့ရပါတယ်။
၈၈ မျိုးဆက်နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့ ပါတီသစ် ထူထောင်ဖို့ ကြိုးစားတာကို တွေ့ရတယ်။ စစ်မှန်တဲ့ နိုင်ငံရေးမူဝါဒ တနည်းပြောရရင် အဖိနှိပ်ခံ ပြည်သူတွေဘက်က ရပ်မယ့် မူဝါဒတွေကို ချပြနိုင်ရမယ်။ အမေ ကျော် ဒွေးတော်လွမ်းတဲ့ မူဝါဒတွေကို ဖယ်ရှားရမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ့် မူဝါဒမျိုး၊ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေကို မှန်မှန်ကန်ကန် ပြောင်းလဲနိုင်မယ့် ပါတီမျိုးဖြစ်ဖို့ မဟာဗျူဟာ နည်းဗျူဟာတွေကို ယခုအချိန်ထိ မတွေ့ရသေးပါဘူး။
လူတန်းစားပေါင်းစုံ၊ နိုင်ငံရေးသမား တပတ်ရစ်တွေ ပေါင်းစုံနဲ့ အကြံဉာဏ်တွေ တောင်း၊ ဆိုးတာက နိုင်ငံတကာ လှည့် ပြီး ပါတီ တည်ထောင်ဖို့ စည်းရုံးနေတာက နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
နိုင်ငံခြား တိုင်းပြည်တွေက အစိုးရတွေ၊ ပါတီတွေရဲ့ အကူအညီတွေ တောင်းတာလား၊ သူတို့ဆီက အထောက်အပံ့ တွေ တောင်းပြီး ပါတီ ထူထောင်မှာလား ဆိုတဲ့ အတွေးတွေ ဝင်လာပါတယ်။ ရည်မှန်းချက်လေးတခု ချပြရုံနဲ့ အင်အား ကောင်းတဲ့ ပါတီဖြစ်မလာတာတော့ သေချာပါတယ်။
ဒီမိုကရေစီဆိုတာ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးကြီး တခု၊ နတ်ရေကန်ထဲ ချလိုက် သလို ချမ်းသာကြီးပွားမယ့် စနစ် တခု မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ လွတ်လပ်မှုကို အခြေခံပြီး ဗိုလ်ကျအနိုင်ကျင့်မှု မရှိအောင် အကာအကွယ် ပေးမယ့် စနစ်မျိုးဖြစ်တယ်။ ဒီမိုကရေစီကြောင့် တိုင်းပြည်ချမ်းသာလာမှာ မဟုတ်ဘူး။ လွတ်လပ်ပြီး တရားမျှတမှုကို သာ ဒီမိုကရေစီက ဖော်ဆောင် နိုင်ပါလိမ့်မယ်။
စစ်အာဏာရှင် စနစ်ရဲ့ အနှစ် ၅၀ ကျော် သွေးစုပ် ဗိုလ်ကျလာမှု အောက်မှာ ဒီမိုကရေစီဆိုပြီး ကြွေးကြော်လာတာ တကယ်များ ရမလား ဆိုပြီး မဲပေးလိုက်ကြတယ်။
ယခုအချိန်ထိ ဒီမိုကရေစီလည်း မရသေး။ တိုင်းပြည်လည်း မချမ်းသာသေး။ ပြုပြင်ပြောင်းလဲမှုလည်း ဘာမှမရှိသေး တော့ လူထုဟာ နောက်ထပ် အနှစ် ၅၀ ကျော် အရင်လိုပဲ အနိုင်ကျင့် ခံနေရဦးမှာလား၊ အပြောတမျိုး၊ အလုပ်တမျိုးနဲ့ လွတ်လပ်ရေး ရပြီးကတည်းက ဖွတ်ကြောပြာစုဘဝမှာ ရုန်းထွက်နိုင်ပ့ါမလား ဆိုတာကို သံသယနဲ့ နေထိုင်ခဲ့ကြရပါ တော့ တယ်။
ယခု ပါတီထူထောင်မယ့် အင်အားစုတစုဟာ ပြည်သူ့ဘက်မှာ တကယ်ရှိပြီး ပြည်သူ့အကျိုးပြုမယ့် တတိယ အင်အားစု တကယ် ဖြစ်ချင်တယ်ဆိုရင် အဲဓီပါတီကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင် မိမိတို့ကိုယ်မိမိတို့ ဝေဖန် သုံးသပ် ကြရလိမ့်မယ်။ မိမိတို့ နိုင်ငံရေး ဖြတ်သန်းမှု ဘယ်လောက်ရှိသလဲ၊ ပြည်သူတွေကို ဘယ်လို အကျိုးပြုခဲ့ကြသလဲ၊ ပြည်သူတွေကို ဘယ်လို သစ္စာဖောက်ခဲ့ ကြသလဲ၊ စစ်အာဏာရှင်တွေနဲ့ ဘယ်လောက် ပူးပေါင်းခဲ့သလဲ၊ မိမိတို့ အကျိုး စီးပွားကိုရော ဘယ်လောက်ကြည့်ခဲ့သလဲ၊ မိမိတို့ ကိုယ်ကျင့်သိက္ခာကို ဘယ်လောက် စောင့်ထိန်းခဲ့ကြသလဲ ဆိုတာ တွေကို လေးလေးနက်နက် ပြန်သုံးသပ်ကြရလိမ့်မယ်။
အတိုင်းအတာ တခုအထိ ထင်ရှားခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေဆိုရင် သူတို့သမိုင်းက ဖျောက်လို့၊ ပြင် လို့၊ ဖြည့်လို့ မရနိုင်ပါဘူး။
ပါတီကို အဖြစ်သက်သက် တည်ထောင်မယ် ဆိုရင်တော့ အထွေအထူး ခေါင်းခဲစရာ မလိုပါဘူး။ အခု စည်းရုံး လုပ်ဆောင် ပြနေတာနဲ့ပဲ လုံလောက်ပါပြီ၊ ဒါပေမယ့် မိမိရဲ့ ခြေထောက်ပေါ် မိမိ ခိုင်ခိုင်မာမာ ရပ်နိုင်ဖို့ပဲ လိုတယ်။ ပြည်သူရဲ့ အကူအညီနဲ့ ပြည်သူကို အခြေခံနိုင်ဖို့သာ အဓိကလိုအပ်ပါတယ်။ မိမိတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှု အားလုံး ဟာ ချစ်စရာ၊ လေးစားစရာ၊ အားကိုးစရာ ဖြစ်နေမယ်ဆိုရင် ပြည်သူဘက်က မိမိတို့ဘက် ပါလာမှာ သေချာပါတယ်။
အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ အခုလို ပြည်သူရဲ့ အားကိုးရာရှာနေချိန်မှာ အားကိုးရာလည်း မရောက်၊ တတိယ အင်အားစုလည်း မဖြစ်ဘူးဆိုရင်တော့ ဒီပါတီဟာ ရေရှည်တည်မြဲဖို့ မလွယ်ပါဘူး။
သမိုင်းဖြစ်ပေါ်မှုအရ လူထု အထူးသဖြင့် အခြေခံလူတန်းစား ဖြစ်တဲ့ အလုပ်သမား၊ လယ်သမားတွေဟာ သူတို့ အားထား ရမယ့် လူတန်းစားပါတီ တရပ်နဲ့ မိမိတို့အပေါ် တကယ်ထောက်ထား စာနာပြီး မိမိတို့ဘက်က အမှန် တကယ် ရပ်မယ့် ခေါင်းဆောင်တွေကို ရှာဖွေလာကြပါလိမ့်မယ်။
သမိုင်းမှာ အမှန်အမှားဆိုတာက အနှေးအမြန်ဆိုသလို ပေါ်ပေါက်လာမှာပါပဲ၊ ဘယ်သူမဆို သမိုင်းကိုတော့ လှည့်ဖြား လို့၊ ဟန်ဆောင်လို့ မရနိုင်ဘူးဆိုတာ သံသယမရှိ ယုံစေချင်တာပါပဲ။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။