ရခိုင်အရေးကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာ သိုးမည်း ဖြစ်နေရဦးမည်

လင်းငယ်
ပဋိပက္ခအတွင်း မီးလောင်ခံထားရသော ဒုက္ဗသည် ကလေးငယ် ၂ ဦး / Reuters
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ မီဒီယာ စာမျက်နှာထက်က မြန်မာသတင်းများကို ဖတ်ကြည့်ပါ။ ကုလသမဂ္ဂ စင်မြင့်ထက်က သံတမန်စာမျက်နှာကို ကြည့်ကြည့်ပါ။ နိုင်ငံတကာ တက္ကသိုလ်များက ဆွေးနွေးဖလှယ်ပွဲများကို နားစွင့်ကြည့်ပါ။ အများသိပြီးသားဖြစ်တဲ့ လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အကြောင်းကို ဝေဖန် ပြစ်တင်ခြင်းများ မိုးလုံးညံနေသည်ကို အလွယ်တကူ တွေ့နိုင်ပါမည်။ နိုင်ငံတကာ လူမှုအသိုင်းအဝိုင်း ကြားတွင် မြန်မာနိုင်ငံသည် သိုးမည်းတကောင် ဖြစ်နေပြီ။

ယခု နောက်ဆုံး လုပ်ဆောင်မှုအဖြစ် ရခိုင်အရေးနှင့် ပတ်သက်ပြီး အကြံပေးကော်မရှင် တဖွဲ့ကို နိုင်ငံတကာမှ လူပုဂ္ဂိုလ်များနှင့် ဖွဲ့ပြန်သည်။ မြန်မာဘက်က သံတမန်တိုက်ကွက် ပြန်ဖော်သည် ဆိုသည့်သဘောမျိုး သတင်းတပုဒ်က ရေးသည်။ ထိုအမြင်ကို ငြင်းရန် အကြောင်းမရှိ သလို ထောက်ခံနိုင်သည့် သက်သေသက္ကာယလည်း မခိုင်လုံသေးသည့် ယူဆချက်တရပ်အဖြစ် လက်ခံထားရမည် သာ။

သို့သော် ထိုအမြင်ကို အခြေခံကာ ဆက်လက် စဉ်းစားကြည့်သောအခါ ဂရုပြုအပ်သည့် အကြောင်းအရာတရပ်ကို ထပ်မံ ထောက်ပြလိုပါသည်။ လတ်တလော ပြင်ဆင်ရမည့်၊ ပြင်ဆင်နိုင်မည့် ကိစ္စ မဟုတ်သော်လည်း အလွန်ကြီးမားသည့် သင်ခန်းစာ အဖြစ် မှတ်ယူနိုင်မှသာ နောင်လာလတ္တံ့သော နိုင်ငံတကာ အရေးကိစ္စများတွင် ကိုယ့်ဘက်က အသံကို လူသိရှင်ကြား ပိုမို ထုတ်ဖော်နိုင်မည် ဖြစ်သည်။

ရေရှည်အတွက် ကြိုးစားလုပ်ဆောင်ရမည့် ကိစ္စဖြစ်သည့် အတွက် လွယ်လွယ်ကူကူပင် အစိုးရများ၏ ဦးစားပေးလုပ်ငန်းများမှ ဖယ်ကြဉ်ခံရမည့် သင်ခန်းစာတခုသာ ဖြစ်နေဦးမည် ဟုလည်း မျှော်လင့်နိုင်သည်။ သို့သော် သင်ခန်းစာသည် ရေရှည်ပြုပြင်ရမည့် အချက်ဖြစ်ခြင်းကြောင့် အရေးပါမှု လျော့မသွားတန်ရာ။ တကယ့်ကြီးမားသည့် ပြဿနာမှာ မျိုးဆက်ပြတ်ခဲ့ပြီ ဖြစ်သော ပညာရှင် (academician) များ၏ ပျောက်ဆုံးနေသော အခန်းကဏ္ဍ၊ သို့မဟုတ် ပညာရှင်များ ရှားပါးနေခြင်း ဖြစ်သည်။

လတ်တလော ထိုင်းနိုင်ငံအတွင်းရှိ ပညာရေးနှီးနွယ် ကွန်ဖရင့်များတွင် ဆွေးနွေးသည့် ကိစ္စတော်တော်များများသည် ရခိုင်အရေး ကိစ္စနှင့် နှီးနွယ်သည်က များသည်။ လူကုန်ကူးမှု အကြောင်း၊ ရွှေ့ပြောင်းအခြေချမှု အကြောင်း၊ ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး အကြောင်း၊ ဖွံ့ဖြိုးရေး အကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး အကြောင်း၊ အာဆီယံအကြောင်း၊ ဒီမိုကရေစီ စနစ် ဖြစ်ထွန်းမှု အကြောင်း စသဖြင့် မည်သည့်အကြောင်း ပြောသည် ဖြစ်စေ ရခိုင်အရေးသည် ဥပမာပေးကာ မလွတ်တမ်းပြော၍ ရသည့် အကြောင်းအရာ ဖြစ်နေလေသည်။ ပြောလည်း ပြောကြသည်။ လေ့လာမှုပြုကာ စာတမ်းများ တင်ကြသည်။

ထိုသို့ ရခိုင်အရေးနှင့် ပတ်သက်ပြီး လေ့လာမှု ပြုထားသည့် စာတမ်း၊ စာအုပ်များသည် အများအားဖြင့် မြန်မာနိုင်ငံသား မဟုတ်သော သူများကသာ လေ့လာထားကြခြင်း ဖြစ်သည်။ အားလုံးနီးပါး ဟုပင် ပြော၍ ရနိုင်သည်။ မြန်မာနိုင်ငံသား မဟုတ်သူများ လေ့လာထားသည့် ရှုထောင့်အမြင်များသည် မြန်မာနိုင်ငံသားတို့၏ အတွေးအမြင်၊ အကောက်အယူ၊ စိုးရိမ် ပူပန်မှုများကို ထင်ဟပ်မှု နည်းပါးနေမည်သာ ဖြစ်သည်။ တဦးစ နှစ်ဦးစလောက်မှ လွဲ၍ အများစုသည် ပင်မရေစီးကြောင်း ဖြစ်သည့် (လူကြိုက်လည်း များသည့်) နိုင်ငံတကာအမြင်များကိုသာ ဦးတည်ထားလေ့ ရှိပြီး မြန်မာနိုင်ငံ၏ အပြစ်အနာအဆာ များက ထင်ထင်သာသာ ပေါ်နေလေ့ရှိသည်။

ထို့အတူ အခြား ဆန့်ကျင်ဘက် အယူအဆကို ကိုင်စွဲထားသူများသည် မီဒီယာ ပလက်ဖောင်းများကို အသုံးချနေကြသည်မှာ လူအများ သိပြီးသား ဖြစ်သည်။ ဤနေရာတွင် ဆန့်ကျင်ဘက် အယူအဆဆိုသည်မှာ မှားသည် မှန်သည်ကို ဝေဖန်ခြင်း မဟုတ်ဘဲ လတ်တလော ၎င်းတို့ကိုင်စွဲထားသည့် အယူအဆများသည် မြန်မာနိုင်ငံမှ လူအများစု၏ လက်ခံထားသော အယူအဆနှင့် မတူညီခြင်း ကွဲလွဲနေခြင်း ကိုသာ ဆိုလိုသည်။

မွတ်စလင် လူမှုအသိုက်အဝန်းသည် နိုင်ငံတကာ၏ စာနာမှုရရှိထားသူများ ဖြစ်သည့်အား လျော်စွာ ၎င်းတို့ အကြောင်း စောင်းပေးလေ့လာမှုများ ပြုထားကြသည်မှာ အပြစ်ပြောစရာ မရှိပါ။ လူဆိုသည်မှာ စိတ်ဝင်စားရာ လူကြိုက်များ လူသိရာ လေ့လာခြင်းဖြင့် ကိုယ့်ပညာရပ် နယ်ပယ်ကို ချဲ့ကြခြင်းသာ ဖြစ်သည်။ သို့သော် အတွေးအမြင် အယူအဆများသည် ဘက်တဖက်တည်း ဖြစ်နေသောအခါ အမှန်တရားသည် တဖက်စောင်းနင်း ဖြစ်လာတတ်သည်။ ထိုသို့ တဖက်စောင်းနင်း ဖြစ်နေခြင်း၏ ဒဏ်ကို ယခု မြန်မာနိုင်ငံခံရခြင်းဟု ပြောလျှင် ရသည်။

ရိုးရိုးရှင်းရှင်းပဲ စဉ်းစားကြည့်ပါ။ မြန်မာနိုင်ငံအကြောင်း မသိသည့် လူတယောက်သည် မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ် အကြောင်း လေ့လာမည် ဆိုပါစို့။ Google တွင် ရှာကြည့်မည်။ ထိုလူ မည်သည့် အချက်အလက်များကို သိရှိသွားမည် ထင်ပါသနည်း။ လက်တွေ့ စမ်းသပ်ကြည့်လို့ ရပါသည်။ မြန်မာဆိုသည့် စကားလုံးကို အင်္ဂလိပ်လို ရိုက်ထည့်ကြည့်လိုက်ပါ။ သတင်းတွေရော၊ ဓာတ်ပုံတွေရော၊ အများစုသည် အမြင်တခုတည်းကိုသာ ထပ်တလဲလဲ ဖော်ပြထားသည်များကို မကြည့်ချင်မှ အဆုံး တွေ့ရလိမ့်မည်။ ထိုအမြင်များသည် မြန်မာနိုင်ငံက အများစု လက်ခံထားသော အမြင်များ မဟုတ်သည့်အတွက် သည်းခံပြီးတော့ ဖတ်ရလိမ့်မည်သာ။

အလားတူပင် ပညာရှင်တယောက် မြန်မာနိုင်ငံအကြောင်း လေ့လာမည် ဆိုလျှင်၊ သို့တည်းမဟုတ် နိုင်ငံတကာက လူတယောက် ပညာရှင်များ လေ့လားထားသည်ကို စိတ်ဝင်စားလျှင် အရင်က လေ့လာထားသော တန်းဝင်ဘောင်ဝင်သည့် စာတမ်းများ လေ့လာချက်များကို ကိုးကားရလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် လူအများက ပညာရှင်များ၏ လေ့လာချက်များသည် ယုံကြည်ရသည် အားကိုးထိုက်သည် (creditability) ရှိသည် ဟု လက်ခံထားကြသည်။

ထိုပညာရှင်များသည် သူတို့ အားသန်သည့် ရှု့ထောင့်မှသာ လေ့လာထားကြသည်သာ ဖြစ်သည်။ ထိုလေ့လာမှုများသည် မြန်မာ နိုင်ငံသားတို့၏ အသံအစစ်အမှန်များကို ထင်ဟပ်နိုင်ခြင်း မရှိလျှင် ၎င်းတို့၏ ကောက်ချက်များသည်လည်း အလိုလို မြန်မာနိုင်ငံ ၏ ကောင်းကျိုးဆန့်ကျင်ရာသို့ ဦးတည်နေမည်သာ ဖြစ်သည်။ ထိုသို့ မြင်ကြသည့် အတွက်လည်း အပြစ်မြင်၍ မရပြန်။ လေ့လာမှုများသည် အဟောင်းပေါ် အသစ်ထပ် ရသည့် စံအလေ့အထများ အပေါ် အခြေခံသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် အမြင်တခုကို လူအများကြီးက ထပ်ကာထပ်ကာ ရေးသား ဖြန့်ဝေကြသော အခါ အင်အားကြီးသော အမြင်တခု၊ တွန်းလှန်ရန် ခက်ခဲ့သည့် ယူဆချက်တခု ဖြစ်လာသည်။ အမှန်တကယ်လည်း လက်တွေ့ ထိုသို့ ဖြစ်နေသည်ဟု တွေ့ကြုံရသမျှ မြင်မိသည်။

အဓိက ပြဿနာမှာ မြန်မာနိုင်ငံကိုယ်စားပြုကာ မြန်မာရှုထောင့်မှ နိုင်ငံတကာ တန်းဝင် လေ့လာထားနိုင်သည့် ပညာရှင် အရေအတွက် နည်းလွန်းနေသောကြောင့်ပင် ဖြစ်သည်။ ထိုသို့ ပြော၍ ပညာရှင်များကို ဘက်လိုက်ရန် စေ့ဆော်ခြင်း မဟုတ်။ ပကတိ အခြေအနေ၏ အရှိတရားကို ဖော်ထုတ်ပြသနိုင်လျှင်ပင် တစုံတရာ အကျိုးရှိသည်။ ဌာနေတိုင်းရင်းသားတို့၏ အခက်အခဲ အပူအပန်များကို လေ့လာတင်ပြခြင်းသည် ဘက်လိုက်ခြင်း မဟုတ်။ ပြဿနာရင်းမြစ်ကို ပိုမိုနားလည်ရန် ကူညီခြင်းသာ ဖြစ်သည်။ တဖက်သတ်အမြင်ကို မျှတစေခြင်းသာ ဖြစ်သည်။

တချိန်တည်းမှာပင် နိုင်ငံတကာလေ့လာမှုများကို ပညာအားဖြင့် မတူညီသော ရှုထောင့်မှ စိန်ခေါ်ဝံ့လျှင် ပို၍ ကောင်းသည်။ ရခိုင် ပြဿနာသည် ရှုထောင့်တခုတည်းမှ တရားသေ ချဉ်းကပ်လျှင် အလွန်အန္တရာယ်ကြီးသော အခြေအနေကို တွန်းပို့လိုက် သလို ဖြစ်သွားနိုင်သည်။

အခြားတဖက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်ပင် နိုင်ငံတကာ စင်မြင့်ကို ကောင်းကောင်း အသုံးချနေသည်။ ထိုအထဲတွင် ပညာရှင်များနှင့် တက္ကသိုလ်များကို အသုံးပြုခြင်းလည်း ပါဝင်သည်။ နီးကပ်သော ဥပမာအဖြစ် ဒါကာတက္ကသိုလ်မှ ပါမောက္ခ တယောက်သည် ထိုင်းနိုင်ငံမှာလာပြီး ရခိုင်အရေးနှင့် ပတ်သတ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘောထားအမြင်များ၊ အခက်အခဲများကို လေ့လာ တင်ပြသည်။ အဓိက အကြောင်းအရာကတော့ သူတို့ ဘယ်လောက် အနစ်ခံကာ ဆောင်ရွက်နေရ ကြောင်း၊ အခက်အခဲတွေ့နေ ကြောင်း၊ နိုင်ငံတကာ အကူအညီ လိုကြောင်း ဆိုသည့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အသံကို အပ်ကြောင်း ထပ်ခြင်းသာ ဖြစ်သည်။

နောက်တခုက လေ့လာအပ်သည့်၊ အတုယူထိုက်သည့် ထိုင်းတက္ကသိုလ်များ၏ လေ့လာချက်များ ဖြစ်သည်။ ထိုင်းနိုင်ငံ တောင်ပိုင်း ပဋိပက္ခများနှင့် ပတ်သက်၍ ထိုင်းတက္ကသိုလ်များ၏ လေ့လာထားချက်များသည် သြချလောက်သည်။ များလွန်းနေပြီဟု ပြောရလောက်အောင် ရှုထောင့်ပေါင်းစုံမှ လေ့လာထားသည်။ ပြဿနာ ဘာကြောင့် ဖြစ်ရတယ်၊ ဘယ်လို ဖြေရှင်းသင့်တယ် ဆိုမှအစ အသေးအဖွဲ့လေးများ အထိ ပါသည်။ ထိုသို့လေ့လာခြင်းဖြင့် နိုင်ငံတကာအလယ်တွင် အထောက်အထားများဖြင့် ပြောကြားနိုင်သလို၊ တာဝန်ရှိသူများ အမှန်တကယ် ဆုံးဖြတ်ချက်ချမှတ်ရာတွင်လည်း များစွာ အထောက်အကူပြုသည်။

ထိုသို့ ဆွေးနွေးပွဲများတွင် နိုင်ငံတကာ အမြင်ကို တွန်းလှန်ကာ မြန်မာနိုင်ငံရဲ့ အမြင်ကို တင်ပြရန် ခက်ခဲလှသည်။ တကိုယ်ရည်စာ တတ်စွမ်းသမျှ ပြန်လည် ရှင်းပြကြသော်လည်း လက်ခံနိုင်မှု အတိုင်းအတာက မရေရာ။ အဘယ်ကြောင့် ဆိုသော် လက်ဆုပ်လက်ကိုင် ပြောရန် လေ့လာချက်များက နည်းလွန်းသည်က တကြောင်း ဖြစ်သည်။ ဆန့်ကျင်ဘက်လူများက ဘယ်အချက်က ဘယ်လို စသည်ဖြင့် လေ့လာမှုများနှင့် ပြောချိန်တွင်၊ ကိုယ့်ဘက်က မရှိ။ နိုင်ငံတကာ တက္ကသိုလ်များ တက်ရောက်နေသည့် မြန်မာကျောင်းသားများထံမှ ထိုသို့ ငြီးတွားချက်များကို မကြာခဏ ကြားရသည်။ တချို့ကလည်း ဇွတ်အတင်း ဆန့်ကျင်ပြောသော အခါ မြန်မာတွေဟာ လူမျိုးရေး ခွဲခြားတယ်၊ မွတ်စလင် မုန်းတီးတဲ့ လူတွေဟု ကောက်ချက်ဆွဲ တာကို ခံရပြန်သည်။

တစိတ်တပိုင်း ပုံပျက်ပန်းပျက် ဒီမိုကရေစီ ဖြစ်နေခြင်း၊ စစ်တပ်ရဲ့ ကြီးမားသော အင်အားနဲ့ နိုင်ငံရေးမှာ ပါဝင် ပတ်သက်မှုများ၊ တိုင်းရင်းသားများနှင့် တိုက်ပွဲများ၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာ တို့ကို အကြောင်းပြနိုင်သော်လည်း နိုင်ငံတကာက လွယ်လွယ်ကူကူ လက်မခံကြ။

ရှုပ်ထွေးသည့် မြန်မာ့နိုင်ငံရေးနှင့် အခြေအနေကို အပြည့်အဝ နားလည်မှု မလွယ်ကူသည့် အတွက် သက်သက်မဲ့ အကြောင်း ပြချက် ပေးသည်ဟုသာ ကောက်ချက်ချကြသည်။ နားလည်အောင် ကြိုးစားလာရန် နားချနိုင်မည့် မျက်စိကြီးနားကြီး ပညာရှင်လည်း မရှိ။ ထိုအတွက် ပိုပြီး လွယ်ကူကာ လူကြိုက်များသည့် မြန်မာအစိုးရနှင့် စစ်တပ်ကို အပြစ်တင်ခြင်း လမ်းကြောင်းကိုသာ အများစုက လိုက်ကြသည်။

ခေတ်ဟောင်းက အပြစ်ဟောင်းများနဲ့ ကြီးထွားလာနေသည့် အမျိုးသားရေး အစွန်းရောက်များက ကိုယ့်ဘက်က အမြင်ကို ရှေ့တန်း ရောက်အောင် ပြောပြရန် လက်တွေ့ ဟန့်တားနေသည်များ ဖြစ်သည်။ အထူးသဖြင့် ဘာသာရေး အမျိုးသားရေး အစွန်းသည် အလွန်မှကို ပြောရခက်သည့် ကိစ္စဖြစ်သည်။ ၎င်းတို့ အတွက် ထောက်ကွက် ဖြစ်နေသည်။ သို့သော် ထိုအရာများ ဘာကြောင့် ဘယ်လို ရှင်သန်ကြီးထွားနေပြီး ဘယ်လို ပြဿနာများ ဖြစ်နိုင်သည် စသည်ဖြင့် မြန့်မာ အခက်အခဲ စစ်စစ်များကို လေ့လာတင်ပြ ထားသည်များက နည်းနေသည်။ အားကိုးထိုက်သည့် လေ့လာမှုများ လိုအပ်နေသည်။

ပညာရှင်များ၏ အားအင် လိုအပ်နေသည်။ မြန်မာနိုင်ငံက တက္ကသိုလ်များ မပြောနှင့် မီဒီယာများ အတွင်းတွင်ပင် ရခိုင်အရေး သည် ပွင့်ပွင့်လင်းလင်း မပြောထိုက်သည့် အကြောင်းအရာ တခုလို ဖြစ်နေသေးသည်။ အချက်နှစ်ချက် တိုက်တွန်းလိုသည်။ အကြမ်းဖျင်း တိုက်တွန်းချက်သာ ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်သည့်ဟု သဘောရပါသည်။

နိုင်ငံတကာသို့ ပညာသင်သွားမည့်သူများ ရခိုင်ကိစ္စကို လည်လည်ပတ်ပတ် သိအောင် အားထုတ်ပြီးမှ သွားပါ။ သို့မဟုတ် လေ့လာရန် အတွက် ကြိုးစားပါဟု တိုက်တွန်းချင်သည်။ မကြောက်ပါနဲ့။ တဦးတယောက်တည်း လေ့လာရုံနှင့် ပြီးပြည့်စုံမည် မဟုတ်သောကြောင့် တစတစ အချိန်ပေး စုဆောင်းရမည်သာ ဖြစ်သည်။

အနာဂတ် မြန်မာနိုင်ငံအတွက် ပညာရေးစနစ်၏ ဆိုးမွေကို လက်တွေ့ခံစားလိုက်ရခြင်း ဖြစ်သည့်အတွက် သင်ခန်းစာယူကာ အရာရောက်သည့် ပညာရှင်များ၊ နိုင်ငံတကာ တန်းဝင် ပညာရှင်များ မွေးထုတ်ရန် စတင်လုပ်ဆောင်သင့်သည်။ ကြားဖြတ် အနေဖြင့် သမ္မတပညာသင်ဆု ဖျက်သိမ်းသွားသည်က ဝမ်းနည်းဖွယ်ဟု ပြောချင်သည်။ ကိုယ့်တက္ကသိုလ်တွေ လူရိုသေရှင်ရိုသေ ဖြစ်အောင် လုပ်နေဆဲမှာ ပြင်ပက လူရိုသေရှင်ရိုသေ ရှိပြီးသား တက္ကသိုလ်များဆီ မြန်မာ့အမြင်များကို ထင်ဟပ်ကာ လေ့လာပြီး ရှင်းလင်းနိုင်ရန် မြန်မာနိုင်ငံသားများ များများပို့သင့်သည်။ ပို့ရန် လမ်းဖွင့်ရမည်။

လွန်ခဲ့သော ၅ နှစ်အတွင်း တိုးတက်လာသည် ဟုတော့ ပြောနိုင်သည်။ ထိုတက္ကသိုလ်များက ပညာရှင်များကို မြန်မာသို့ ဖိတ်ခေါ်ကာ မြန်မာပြည်မှ ပညာရှင်များနှင့် တွဲဖက်လေ့လာစေသင့်သည်။ အစိုးရ အသံ မဟုတ်သော၊ နိုင်ငံရေးနှင့် လူမျိုးရေး အစွဲပါသော အသံ မဟုတ်သော၊ ပညာရှင်များ၏ အသံများ ပိုမိုလိုအပ်နေပြီ ဟု မီးမောင်းထိုးပြပါရစေ။ သို့မဟုတ်လျှင်တော့ နေရာတကာ သိုးမည်း အဖြစ် ဆက်လက် ဆက်ဆံခံနေပေလိမ့်မည်။ ။

(လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading