မြန်မာ့စီးပွားရေး တိုးတက်မှု အတွက် ကုထုံးသစ်လိုပြီ

ဦးမြင့်
မြန်မာ့စီးပွားရေးသည် နာမကျန်းဖြစ်နေပြီ / Reuters
Want create site? Find Free WordPress Themes and plugins.

ထောင်စုနှစ်သစ် အစမှ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံသည် ၁၁ နှစ်ဆက်တိုက် ကိန်းဂဏန်း ၂ လုံးရှိသော စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှုန်း ရရှိခဲ့သည်။ ထိုဆယ်စုနှစ်တွင် အာရှနိုင်ငံ အများစုသည် ကိန်းဂဏန်း ၂ လုံး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို မရရှိခဲ့ကြပေ။

ထို ၁၁ နှစ်တာကာလအတွင်း ဘူတန်နိုင်ငံက ၂ နှစ်၊ ကမ္ဘောဒီးယား နိုင်ငံက ၄ နှစ်နှင့် တရုတ်နိုင်ငံသည်ပင်လျှင် ၆ နှစ်သာ ကိန်းဂဏန်း ၂ လုံးရှိသော ဖွံ့ဖြိုးတိုးတက်မှုနှုန်းရခဲ့သည်။ ထို့အပြင် အာရှနိုင်ငံ ၁၈ နိုင်ငံ၏ ထိုဆယ်စုနှစ် အတွင်း ပျှမ်းမျှ စီးပွားရေး ဖွံဖြိုးမှုနှုန်းသည် ၅ ဒသမ ၆ ရာခိုင်နှုန်းသာရှိသော်လည်း မြန်မာနိုင်ငံ၏ ပျှမ်းမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၁၂ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး အခြားအာရှနိုင်ငံများ၏ နှုန်းထက် ၂ ဆကျော် ပိုမိုများပြားနေသည်။

မြန်မာနိုင်ငံရှိ လူအများစုက ထိုကိန်းဂဏန်းများကို မယုံကြည်ကြပေ။ မြန်မာနိုင်ငံတွင် စီးပွားရေးလောက ၂ ခုရှိသည် ဟု အချို့က သံသယဝင်ကြသည်။ တခုမှာ ပြည်သူများ နေထိုင်သော ပကတိ လက်တွေ့လောကနှင့် အခြားတခုမှာ အစီရင်ခံစာများ၊ စာရင်းဇယားများ၊ အညွှန်းကိန်းများတွင် ဖော်ပြထားသော စီးပွားရေးလောကဟူ၍ ဖြစ်သည်။

ထိုသို့ ကွဲလွဲနေသော အမြင်ကို အထင်အရှား သိမြင်ရန် ဈေးတခုခုသို့ သွားပြီး လူအများစုမှာ ဘ၀ ရှင်သန်ရေး အတွက် နေ့စဉ် ရင်ဆိုင် ဖြတ်သန်း နေရသည့် အခြေခံ လိုအပ်ချက်များ ရရှိရေး ရောင်းသူနှင့် ဝယ်ယူသူတို့ ခက်ခက်ခဲခဲ တွေ့ကြုံနေရမှုကို လေ့လာလျှင် သိမြင်နိုင်ပေသည်။

လိုရင်းတိုရှင်းပြောရလျှင် မြန်မာ့စီးပွားရေးသည် နာမကျန်းဖြစ်နေပြီး ထိုနာမကျန်းသော စီးပွားရေးကို ကုစားပေးရန် ဆရာဝန်ထံ ပြရမည်၊ ရောဂါ ရှာဖွေရမည်၊ ညွှန်ကြားသော ဆေးကို သောက်ရမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့စီးပွားရေးကို မည်သည့်ဆေးပေးသင့်သနည်း။

ကျန်းမာသန်စွမ်းသော မြန်မာနိုင်ငံ ဆိုသည်မှာ ပိုမိုကောင်းမွန်သော ဘဝတခု အတွက် ပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်း ပေးနိုင်သော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်သည်။ ၎င်းတွင် နိုင်ငံတကာ အသိုင်းအဝန်းနှင့်လည်း ကြီးမားသော အပြန်အလှန် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိရမည် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝန်းသည် မြန်မာနိုင်ငံကို တိုးတက်သော နိုင်ငံဖြစ်လာစေရန် သာမက ၂၁ ရာစုဒေသတွင်းနှင့် ကမ္ဘာ့ပြဿနာများကို ရင်ဆိုင်ရာတွင် အားကိုးနိုင်သော နိုင်ငံတခု ဖြစ်လာစေရန် ကူညီမည် ဖြစ်သည်။

ထိုသို့သော အခြေအနေသို့ ရောက်ရှိရန် မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန် ဒေသများမှ ရနိုင်သမျှ အသိပညာ၊ နည်းပညာ၊ ကျွမ်းကျင်မှုနှင့် ရင်းမြစ်များကို အသုံးချရန်လိုသည်။ ဘုံပြဿနာများကို အဖြေရှာရာတွင်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုသည်။

အောင်မြင်စွာ ကုသနိုင်ရေးအတွက် အဓိက အခန်းကဏ္ဍမှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သူများကို ထောက်ခံအားပေးရမည်၊ တပ်မတော်က ပူးပေါင်းဆောင်ရွက် ထောက်ခံအားပေးရမည်၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံကြုံတွေ့နေရသော အဓိက ပြဿနာများကို ဖြေရှင်းရန် ကောင်းစွာ ပြင်ဆင်ထားသည့် အစီအစဉ်နှင့် အကြံဉာဏ်များ ဖော်ထုတ်နိုင်ရန် အားပေးသင့်သည်။

ထို့အပြင် တိုင်းရင်းသားများကလည်း ထိရောက်သော စီးပွားရေးကုထုံး တခု ဖြစ်လာစေရေး အတွက် ကြီးမားသော ပါဝင် အကျိုးဆောင်မှု ပြုလုပ်ရမည်။ မတူကွဲပြားမှုသည် နိုင်ငံအတွက် အဖိုးတန်ရတနာ အဖြစ် သဘောထားမည် ဖြစ်ကြောင်းလည်း တိုင်းရင်းသားများကိုလည်း အာမခံရမည် ဖြစ်သည်။

လူ့အဖွဲ့အစည်းသစ် တည်ဆောက်ရာတွင် တန်းတူညီမျှသော လုပ်ဖော်ကိုင်ဖက် အဖြစ် လက်ခံရုံသာမက ပထဝီအနေအထားနှင့် အခြားသော ဆိုးကျိုးများကြောင့် တိုးတက်မှု၏ အသီးအပွင့်များကို တိုင်းရင်းသားများ ညီတူညီမျှ ခံစားနိုင်ခြင်း မရှိလျှင် အထူးစဉ်းစား သုံးသပ်မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်း ညီတူညီမျှ မခံစားရသည့် တိုင်းရင်းသားများကို အာမခံသင့်သည်။

ဆေးညွှန်းသည် လုံး၀ အသစ်အဆန်းတော့ မဟုတ်ပေ။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်မှ စတင်ပြီး စီးပွားရေး ပြဿနာကို ဖြေရှင်းရန် ရုန်းကန်နေရသည်။ ၂၀၁၇ ခုနှစ်တွင်မူ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေသည့် အကြောင်းရင်းသစ်များလည်း ပါဝင်လာသည်။

လက်ရှိအစိုးရသည် အများပြည်သူ ရွေးကောက်တင်မြှောက်ထားသော အစိုးရ ဖြစ်သည်။ အစိုးရ၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် ကြိုးစားအားထုတ်မှုများကို သံသယရှိရန် မလိုပေ။ နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည့် အစိုးရ၏ အောင်မြင်မှုများသည် အများပြည်သူ မှတ်တမ်းပင် ဖြစ်သည်။ သို့သော် လွန်ခဲ့သော ၂ နှစ်အတွင်း လုပ်ဆောင်ပေးခဲ့သည်မှာ မျှော်မှန်းချက်များကို ပြည့်မီခြင်း မရှိသေးပေ။

အစိုးရသည် စီးပွားရေးကို ပေးသင့် ပေးထိုက်သည့် အာရုံစိုက်မှု ပေး/မပေး မသေချာကြောင်းနှင့် အစိုးရ၏ စီးပွားရေးမူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ၎င်းတို့ အနေဖြင့် နားလည်ရန် ခက်ခဲကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ညည်းညူ ကြသည်။ ထိုမေးခွန်းများကို အစိုးရက ဖြေရှင်းပေးမည့် အချိန်ကို ၎င်းတို့စောင့်မျှော်နေကြသည်။ ၎င်းတို့ ထိုသို့ စောင့်ဆိုင်း နေချိန်တွင် စီးပွားရေးသည် ရပ်ဆိုင်းနေမည် ဖြစ်သည်။

စီးပွားရေးကို ပြန်လည် လှုပ်နှိုးရန် အစိုးရအတွက် အဖိုးတန်ရတနာမှာ မြန်မာပြည်သူ အများစု ဆက်လက်လေးစား ချစ်ခင်နေသော ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ်သည်။ အဓိကကျသော ပြုပြင်ပြောင်းလဲရေးများ၊ ဆောင်ရွက်ချက်များဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရ၏ အခြားအရေးပါသော လုပ်ဆောင်ဆဲ လုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်ဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးရှင်သန်မှု ပြန်လည် ရရှိရန် အခြေခံလုပ်ငန်းများကို ချမှတ်ပေးနိုင်သည်။

ပထမအချက် အနေဖြင့် စီးပွားရေးသည် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့်အတူ နိုင်ငံတော်၏ ဦးစားပေးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖော်ပြသည့် ကြေညာချက်ကို အစိုးရက ထုတ်ပြန်ရမည်။ အောင်မြင်သော စီးပွားရေးသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်းရန် အတွက်သာမက ပြည်ပသို့ ထွက်ခွာသွားသူများ ဆန္ဒအလျှောက် ပြန်လာပြီး အခြေချ ထူထောင်ရေး အတွက်လည်း အရေးပါသည်။

ဒုတိယ အချက်အနေဖြင့် အဓိက အရေးပါသော ပါဝင်ပတ်သက်သူများ အားလုံးက ထောက်ခံနိုင်သော စီးပွားရေး မဟာဗျူဟာ ကို အစိုးရက ရေးဆွဲရမည်၊ ကျန်းမာရေး၊ ပညာရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ထို့အပြင် ပုဂ္ဂလိက ဦးဆောင်ပြီး နိုင်ငံစီးပွားရေးကို ဖွံ့ဖြိုးစေရာတွင် ဈေးကွက်ဦးတည်သော နည်းလမ်းကို အသုံးပြု သောကြောင့် နောက်တွင် ကျန်ခဲ့မည့် ထိခိုက်လွယ်သော အုပ်စုများကို အကာအကွယ်ပေးရန် အစီအမံများလည်း လိုသည်။

အမျိုးသား စီးပွားရေး မဟာဗျူဟာသည် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ အကြား ကြီးထွားနေသော ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်စပ်မှုကိုလည်း အသိအမှတ် ပြုရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် သတင်းအချက်အလက် တော်လှန်ရေးနှင့် ကမ္ဘာတခုလုံး လွှမ်းခြုံ ဆက်စပ်မှုဖြစ်စဉ်တို့ကြောင့် ရရှိလာသော အခွင့်အလမ်းများကို အသုံးချရန် လိုအပ်သကဲ့သို့ ၎င်းတို့၏ ဆိုးကျိုးများကိုလည်း ခုခံကာကွယ်ရန် အစီအမံများ လိုသည်။

တတိယအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ၏ ပါတီမှ စီးပွားရေးကော်မတီ၊ သူမ၏ စီးပွားရေး အကြံပေးများနှင့် စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့် အရာရှိများနှင့်လည်း မကြာခဏ အမြင်ဖလှယ်သင့်သည်။ ထိုအရာရှိများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ပိုမိုကြီးမားသော လွတ်လပ်ခွင့်နှင့် ၎င်းတို့၏ ကျွမ်းကျင်ရာနယ်ပယ်တွင် ဆုံးဖြတ်ချက်ချရန် ခွင့်ပြုသော လုပ်ပိုင်ခွင့်လိုသည်။

မြန်မာနိုင်ငံ၏ ရွေးချယ်တင်မြှောက်ခံ အစိုးရသည် စီးပွားရေး ရှေ့တန်းရောက်အောင် အခွင့်အလမ်း ပေးနိုင်သည်။ စီးပွားရေး၊ ဘာဏ္ဍာရေးနှင့် အုပ်ချုပ်ရေး စွမ်းရည်ရှိသူ လက်တကမ်းမှာ အများအပြားရှိသည်။ မြန်မာ့စီးပွားရေး တိုးတက် ရှင်သန်မှု ပြန်လည် ထိန်းသိမ်းနိုင်ရေး အတွက် အသေးစိတ်လုပ်ငန်း စီမံချက် စတင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ အနေဖြင့် ထိုကျွမ်းကျင်သူများနှင့် ထိတွေ့ညှိနှိုင်းကာ ၎င်းတို့၏ အကြံပြုချက်များကို လက်ခံစဉ်းစား သင့်သည်။

(ဦးမြင့်သည် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စီးပွားရေး အကြံပေး ဖြစ်သည်။ သူသည် ယခင်က သမ္မတ၏ စီးပွားရေးအကြံပေးအရာရှိချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုဆောင်းပါးသည် ရန်ကုန်တွင် ၂၀၁၇ ခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပသည့် UMFCCI ညီလာခံတွင် ပြောသော အဖွင့်မိန့်ခွန်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading