၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ ဆိုတော့ ထောင်ထဲမှာ နေခဲ့ရတဲ့ နေ့တွေကို ပြန်အမှတ်ရ နေမိတယ်။ အဲဒီလို နေ့ထူးနေ့မြတ် (အထူးသဖြင့် လွတ်လပ်ရေးနေ့) ဆိုတာ အကျဉ်းထောင်တွေထဲမှာ ရှိနေကြတဲ့ အကျဉ်းသား မှန်သမျှရဲ့ မျှော်လင့်ချက်ကြီးတွေနဲ့ နားစွင့်ခဲ့ကြရတဲ့ နေ့တနေ့ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနေ့တွေမှာ နိုင်ငံတော် သမ္မတကြီးတွေက လွတ်ငြိမ်းချမ်းသာခွင့် (သို့မဟုတ်) အကျဉ်းကျနေ့ရက်တွေကို လျော့ချ ပေးတဲ့ အလေ့အထနဲ့ အစဉ်အလာတွေ ရှိခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
ထောင်ထဲမှာ အကျဉ်းသားဘဝ ရောက်ဖူးခဲ့သူတိုင်း ဒီခံစားချက်ကို သိကြပါတယ်။ ကိုယ် မလွတ်တာတောင်မှ တခြား လူတွေ လွတ်သွားတာကို မြင်ရတဲ့အခါ အားရဝမ်းသာနဲ့ အစိုးရမင်းများကို ဝိုင်းပြီးကျေးဇူးတင်ကြရတာ အမောပါ။ ကိုယ်နဲ့ အတိုက်အခံ ဖြစ်နေတဲ့ အစိုးရကိုတောင် အဲဒီလို အခါသမယတွေမှာ အကျဉ်းသား လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့ အတွက် ချီးကျူး ထောပနာ ပြုပေးကြစမြဲ ဖြစ်ပါတယ်။
အဲဒီလို ရက်တွေဟာ ဘယ်လိုအကျဉ်းသားပဲ ဖြစ်ဖြစ် အကျဉ်းသားအားလုံးရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ အဲဒီ နေ့ရက်တွေနား နီးကပ်လာရင် အကျဉ်းထောင် အမှုထမ်းတွေဆီကို ဘာများ ထူးခြားမှု ရှိနေပါသလဲ ဆိုပြီး စုံစမ်း မေးမြန်း ကြရတာ အကျဉ်းသားတိုင်းရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။
သေဒဏ်ကျခံထားရသူက သေဒဏ်က အသက် လွတ်သွား နိုင်သလို နှစ်ကြီးထောင်ဒဏ်သမားတွေလဲ နှစ်တွေလျော့ကျ သွားနိုင်ပါတယ်။ လွတ်နီးတွေဆိုရင်လဲ အချိန်မရွေး ချက်ချင်း လက်ငင်း လွတ်မြောက်သွားနိုင်တာမို့ အားလုံးက မျှော်နေကြတဲ့ နေ့ရက်တွေ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ဆောင်းပါးရေးနေချိန် ဇန်နဝါရီ ၅ ရက်နေ့ အထိ အကျဉ်းထောင်တွေဆီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ဆိုလို့ တယောက်မှ သတင်းမကြားရသေးပါဘူး။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကို မေးကြည့်တော့လည်း သူတို့ဘာမှ မကြားသေးဘူး လို့ အကြောင်းပြန်ပါတယ်။
ထောင်ထဲမှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသား အပေါင်းတို့ကို ကျနော် ကိုယ်ချင်းစာကြည့်လိုက်မိပါတယ်။ သူတို့ခမြာ ထုံးစံအတိုင်း သေချာပေါက် မျှော်လင့် နေကြမှာဆိုတာ အလွန်ကို သေချာပါတယ်။ မျှော်လင့်သလို ဖြစ်မလာတော့ရင် အလွန်ကိုပဲ စိတ်ထိခိုက်မှု ဖြစ်ကြရမှာပါ။ အထူးသဖြင့် ထောင်ထဲက အကျဉ်းသားတွေအတွက် မျှော်လင့်နိုင်တာ အဲဒီနေ့ရက်လေးတွေပဲ ရှိလို့ ဖြစ်ပါတယ်။
အစိုးရအဖွဲ့ရဲ့ နှစ်သစ်ကူး ဆွမ်းလောင်းလှူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတာတွေ၊ လူပရိသတ် တသိန်းကျော်တဲ့ တရားဓမ္မ ပွဲတွေ ကျင်းပနေတာ တွေ့ရတော့ အကျဉ်းသားတွေအတွက်လည်း ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ ကျနော် မျှော်လင့်ပေးခဲ့မိတာဟာ မမှားလောက်ဘူးလို့ ထင်ခဲ့ရပေမယ့် တကယ့်လက်တွေ့မှာတော့ မှားသွားခဲ့ရပါတယ်။
နိုင်ငံရေး အကျဉ်းသားဘဝကို လုံးဝ မရောက်ဖူးခဲ့တဲ့ အစိုးရမင်းများ လက်ထက်တုန်းကတောင်မှ နှစ်စဉ် နှစ်တိုင်းလိုလို လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပါတယ်။ လျှော့ရက်တွေ ပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ တခုကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်မှုတွေလုပ်ပြီး လွတ်မြောက်ဖို့ လိုအပ်သူတွေကို လွတ်မြောက်စေခဲ့ဖူးပါတယ်။
အဲဒီနည်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား လွတ်မြောက်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပြီဆိုရင် သာမန်အကျဉ်းသားတွေလည်း သတ်မှတ်ချက် အတိုင်း လိုက်ပါလွတ်မြောက်ကြတာ အလေ့အထ တခုလို ဖြစ်လာခဲ့ပါတယ်။
အခုလို နိုင်ငံရေး အကျဉ်းသားဘဝနဲ့ နေခဲ့ဖူးတဲ့ နိုင်ငံရေးပါတီကြီးရဲ့ အစိုးရအဖွဲ့ လက်ထက်မှာဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား လက်ကျန်တွေကိုလည်း မလွဲမသွေ လွှတ်ပေးလိမ့်မယ် လို့ ကျနော့်ဘက်က မျှော်လင့်ခဲ့မိပါတယ်။
ကျနော့် မျှော်လင့်ချက်က မှားနေဆဲပါ။ နိုင်ငံရေးအကျဉ်းသား စိစစ်မှုတွေတောင် လုပ်တယ် မကြားရတော့ပါဘူး။ AAPP တို့လို နိုင်/ကျဉ်း အဖွဲ့တွေလို အဖွဲ့အစည်းတွေရဲ့ စာရင်းအရ နိုင်ငံရေး အကျဉ်းသား တရာနီးနီး အကျဉ်းထောင် တွေထဲမှာ ကျန်နေဆဲ လို့ သိရပါတယ်။
AAPP က လုပ်တဲ့ နိုင်/ကျဉ်း စာရင်းတွေ ဆိုရင် မူလအမှုတွဲတွေ အထိ သေသေချာချာ လေ့လာပြီးမှ နိုင်ငံရေး အကျဉ်းသား စာရင်းထဲကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက စိစစ်မှုတွေ အရ ဆိုရင် တကယ့်လက်တွေ့ ဖြစ်ရပ်နဲ့ တရားစွဲ ခံရတဲ့ ပုဒ်မတွေက တခြားစီ ဖြစ်နေတာ အများအပြား တွေ့ခဲ့ရပါတယ်။ ထောင်ချဖို့ သက်သက်ပဲမို့ အကျဉ်းသားတွေရဲ့ တရားစွဲတဲ့ ပုဒ်မတွေကို ကြည့်ပြီး သူတို့ကို လူဆိုးလူကောင်း အလွယ်တကူ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ သေသေချာချာ စိစစ်ထားခဲ့တဲ့ စာရင်းတွေ ဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဆိုရင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၂ဝ လောက်ရှိတယ် ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ကိုယ်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဘဝ ရောက်ခဲ့ဖူးတဲ့လူ မှန်သမျှဟာ လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ချင်းစာစိတ်ရှိနေမှာ ကတော့ သံသယ ရှိစရာ မလိုလောက်အောင် ယုံကြည်ရပါတယ်။ ဒါပေမယ့် ဘာကြောင့် သူတို့နဲ့ ဘဝတူတွေကို ခုထိ ဆွဲမထုတ်နိုင်သေး တာလဲ။ ဘာကြောင့် ကြိုးပမ်း အားထုတ်မှု ဝါယမ စိုက်တာတွေ မတွေ့ရသေးတာလဲ။ မေးစရာပါ။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဆိုရင် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ လွတ်လပ်ရေး အောင်ပွဲ အခမ်းအနားကို ကျနော် တက်ရောက်တော့ ပေးလာတဲ့ ရင်ထိုးနောက်မှာ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ နာမည်တွေ ပါလာပါတယ်။ မေးကြည့်တော့ အဲဒီ အကျဉ်းသားရဲ့ လိုအပ်ချက်တွေကို အကူအညီပေးရအောင် (အကူအညီ ပေးနိုင်အောင်) နာမည်တွေကို မဲဖောက်ထားတာ တဲ့။
ကျနော်ရတဲ့ ကဒ်နောက်ကျောက နာမည်က “မခင်ထား” ထားဝယ်ထောင် လို့ ရေးထားပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ ကျနော်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဘဝကို ရောက်သွားလို့ အဲဒီတယောက်ကို မကူညီနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ကျနော်ထောင်ထဲ ရောက်ပြီး နှစ်နှစ်လောက် ကြာတော့ အဲဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မဲ ပေါက်လို့ ဆိုပြီး ကျနော့်မိသားစုဆီ အကူအညီပေးဖို့ တယောက် ရောက်လာပါတယ်။ နာမည်က ဒေါ်စပယ် တဲ့။ နိုင်/ကျဉ်း ကျနော့်ကို ဘာများကူညီရမလဲ ဆိုပြီး မိသားစုဆီ လာမေးပါတယ်။ နောက်ပိုင်းမှာ မိသားစုနဲ့ ညှိနှိုင်းပြီးတော့ ကျနော်ဖတ်ဖို့ စာအုပ်တွေ ပို့ပေးခဲ့တယ်။
အဲဒီ အကူအညီမျိုးဟာ ထောင်ထဲမှာ နေနေတဲ့ လူတယောက် အတွက် အလွန်ကို ခွန်အားဖြစ်စေတယ်။ မျှော်လင့်ချက် အားမာန်တွေကို မွေးဖွါးပေးနိုင်စေတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဒေါ်စပယ်ဟာ ကျနော့်သားနဲ့ ချွေးမတို့ရဲ့ ဆရာမ အရင်းကြီး ဖြစ်နေလို့ ကျနော်တို့ မိတ်ဆွေဘဝက ပိုပြီးတော့ တောင်မှ မိသားစုဆန်တဲ့ အနေအထားကို ရောက်ခဲ့ရတယ်။
အတိုက်အခံ ဘဝတုန်းက ရှိခဲ့တဲ့ ကူညီဖေးမမှုတွေဟာ ကိုယ်တိုင်အစိုးရ ဖြစ်လာခဲ့တဲ့အခါမှာ ဘာဆို ဘာမှ မတွေ့ရတော့ စိတ်ထဲမှာ ဝမ်းနည်းနေမိပါတယ်။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေဟာ အစိုးရမှာ အပြည့်အဝရှိတယ် လို့ ကျနော်ယုံကြည်မိပါတယ်။
ဘယ်သူကမှ ဝင်ရောက် တားဆီး ပိတ်ပင်တာမျိုးလည်း မလုပ်နိုင်ဘူးလို့လည်း ခိုင်ခိုင်မာမာ ယူဆမိပါတယ်။ ဘာကြောင့် ဖြစ်မလာတာလဲ ဆိုတာ စိတ်မကောင်း ဖြစ်ရုံမှ တပါး ကျနော် စဉ်းစားမရတော့ပါ။ နိုင်/ကျဉ်းဟောင်း ၁၂ဝ က လက်ရှိ နိုင်/ကျဉ်း ၁ဝဝ လောက်ကို မကယ်နိုင်တာဟာ သမိုင်းကြောင်းမှာ ရေးထိုးရရင် အလွန်ကိုပဲ အကျည်းတန် လှပါပြီ။
ဘာတွေ ဖြစ်ကုန်ကြတာလဲ။ ဝိုင်းပြီး ဖြေပေးကြပါဦး။ ။
(စိုင်းညွန့်လွင်သည် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။)