နှစ် ၇၀ ပြည်တွင်းစစ် နှင့် လွတ်လပ်ရေး အတွေး

ထက်မြက်
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၄ ရက်က နေပြည်တော်တွင် ကျင်းပသော နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား မြင်ကွင်း / ထက်နိုင်ဇော် / ဧရာဝတီ

၂၀၁၇ ဒီဇင်ဘာ လကုန်ပိုင်းက အောင်လံမြို့ ဝိသုဒ္ဓါရုံ သာသနာပြု စာသင်တိုက် ပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တ ဣန္ဒောဘာသ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်) ဆရာတော် ကြီးက ကျနော်တို့ကို ကန်နှစ်ဆင့် ရွာသို့ ခေါ်ဆောင် သွားပါသည်။

ဆရာတော်ကြီးသည် စာပေဝါသနာပါသော သံဃာတော်တပါးလည်း ဖြစ်၏၊ ဝတ္တုများ၊ ကဗျာများလည်း ရေးလေ သည်။ လောကီဆိုင်ရာ ဝတ္ထုများ ရေးရာတွင် ကလောင်နာမည်မှာ ပဲခွပ်မှူး (အောင်လံ) ဖြစ်၏။

ကန်နှစ်ဆင့်ရွာ၏ ခြံဝင်းတခုထဲ ရောက်သောအခါ စိုက်ထားသော ကျောက်တုံးကြီး တတုံး ရှိရာခေါ်သွားပြီး ထိုကျောက်တုံး ကြီးမှာ အင်္ဂလိပ် သိမ်းပိုက်သော နယ်မြေနှင့် မြန်မာတို့ အုပ်စိုးသော နယ်မြေဟူ၍ သတ်မှတ်လိုက် သော နယ်ခြား ကျောက်တိုင်ဖြစ်သည်ဟု ကျနော်တို့ကို ရှင်းပြလေသည်။

ထိုကျောက်တုံးကြီးသည် အင်္ဂလိပ်တပ်ကို ဦးဆောင်သော မေဂျာ အာလန်က စိုက်ထူထားသော ကျောက်တိုင်ဖြစ်လေ သည်။

အမှတ်အသား ရေးထား၊ ထွင်းထားသည်များ မရှိပေ၊ အပေါ်ဘက်ဆိုလျှင် ကျောက်သားများ ပဲ့နေ၏။ ထိုနယ်ခြား ကျောက်တိုင်ကြီးမှာ အိမ်တအိမ်၏ ခြံဝင်းထဲ စိုက်ထူထားခြင်းလည်း ဖြစ်လေသည်။

စင်စစ်အားဖြင့် ထိုကျောက်တိုင်ကို သမိုင်း အမှတ်အသား တခုအဖြစ် သတ်မှတ်သင့်၏။

အင်္ဂလိပ်၊ မြန်မာ ပိုင်နက် နယ်ခြားကျောက်တိုင် အဖြစ် ရေးမှတ်ထားသော မှတ်တမ်းတခု၊ မော်ကွန်းတခုကို ရေးထိုး ထား သင့်သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်က နေပြည်တော်တွင် ကျင်းပသော ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တွင် တွေ့ရသည့် သမ္မတ ဟောင်း ဦးသိန်းစိန်
ဧရာဝတီ

ယဉ်ကျေးမှု ဝန်ကြီးဌာနက သော်လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရက သော်လည်းကောင်း ဆရာတော်ကြီးထံ သြဝါဒ ခံယူကာ ကျောက်တိုင်ကို ထိန်းသိမ်းထားသင့်သည်။

သို့သော် နေရာကို အာဏာဖြင့် သိမ်းပိုက်လိုက်လျှင်ကား ထိုနေရာကို ပိုင်ဆိုင်သော အိမ်ရှင်အတွက် ထိခိုက်နစ်နာ နိုင်သောကြောင့် တန်ရာတန်ကြေး (ပေါက်ဈေး) အစိုးရက ပေးခြင်းနှင့် အိမ်ခြံမြေ အစားထိုး ပေးခြင်းတို့ကို ပြုလုပ်နိုင် လျှင် လူသာဓု၊ နတ်သာဓု ခေါ်ပေလိမ့်မည်။

၁၈၈၅ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးသည် ဗြီတိသျှ ကိုလိုနီအဖြစ် ဗြီတိသျှ နယ်ချဲ့သမား၏ တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံလိုက်ရ၏။

အထက်ဗမာနိုင်ငံကို အုပ်စိုးနေဆဲ သီပေါမင်းတရားကြီးကို အင်္ဂလိပ်စစ်တပ်မှ ကာနယ်စလေဒင်က ခေါ်ဆောင်သွား သည် မှာ ၁၈၈၅ ခုနှစ် ဖြစ်လေသည်။

ကန်နှစ်ဆင့်ရွာမှာ ကျောက်တိုင်ကိုကြည့်ရင်း ရင်ထဲတွင် နယ်ချဲ့သမားတို့၏ မတရားသိမ်းပိုက်မှုနှင့် လွတ်လပ်ရေးကို ဆုံးရှုံးလိုက်ရခြင်းကို ရင်ထဲတွင် စို့နင့်အောင် ခံစားလိုက်ရလေသည်။

အင်္ဂလိပ်- ဗမာ စစ်ပွဲများဖြစ်ပွားပြီးနောက် အောက်ဗမာနိုင်ငံ တခုလုံး အင်္ဂလိပ်တု့ိ့ လုံးဝ သိမ်းယူလိုက်သော အခါတွင် ထိုကျောက်တိုင်မှာ အထက်ဗမာနိုင်ငံ၊ အောက်ဗမာနိုင်ငံ ခွဲခြားခံလိုက်ရသည့် ရင်နင့်စရာ မှတ်တမ်း ဖြစ်ကြောင်း သိရှိ လိုက်ရလေသည်။

ထိုအခါတွင် လွတ်လပ်ရေး ဆုံးရှုံးမှုနှင့် လွတ်လပ်ရေး ရလဒ်ခံ စားမှုတို့သည်လည်း ခေါင်းထဲတွင် အတွေးမျှင်များ အဖြစ် ယှက်သန်း ဖြစ်ပေါ် လာခဲ့ရပါတော့သည်။

၂၀၁၈ ဇန်နဝါရီ ၄ ရက်နေ့သည် ဗြီတိသျှ နယ်ချဲ့အုပ်ချုပ်မှု အောက်မှနေ လွတ်လပ်ရေးရခဲ့သည့် နှစ်ပေါင်း ၇၀ တင်း တင်း ပြည့်သောနေ့လည်း ဖြစ်လေသည်။

၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့်ကာလက အာရှတိုက်ရှိ နိုင်ငံများမှာ ကိုလိုနီ ထမ်းပိုးအောက်မှ ဒုတိယ ကမ္ဘာစစ်ကြီးနှင့် အတူ ရုန်းထွက် လာနိုင်သည့် ကာလလည်း ဖြစ်သည်။

ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ် လိုက်ပြီးသည်နှင့်အတူ ဒုတိယ ကမ္ဘာစစ်ကြီးကိုလည်း ကမ္ဘာ့ပြည်သူများနှင့် ကမ္ဘာ့ နိုင်ငံ များက တပ်ပေါင်းစုကြီး ဖွဲ့ကာ ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲများ ဆင်နွှဲခဲ့ကြသည်။

ယခင်ကနေမဝင် အင်ပါယာအဖြစ် ကမ္ဘာတွင် ကိုလိုနီနိုင်ငံ အများဆုံး သိမ်းယူအုပ်ချုပ်ခဲ့သော ဗြီတိသျှ နယ်ချဲ့ သမား များ လက်အောက်မှလည်း အာရှတိုက်နိုင်ငံများသည် တိုက်ခိုက်ရုန်းထွက်ကာ လွတ်လပ်ရေးကို တည်ဆောက်နိုင်ခဲ့ပါ သည်။

ပြည်သူများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရသည့် နိုင်ငံများတွင် ၁၉၄၇ ခုနှစ်၌ အိန္ဒိယနိုင်ငံက လွတ်လပ်ရေး ရရှိခဲ့ သည် နှင့် အတူ ထိုနှစ်မှာပင် ထိုလွတ်လပ်ရေး ရရှိမှုတွင် အိန္ဒိယ အုပ်ချုပ်မှုအောက်မှ ရုန်းထွက်ပြီး ပါကစ္စတန် နိုင်ငံကို အစ္စလမ် ဘာသာဝင်များက ထူထောင်နိုင်ခဲ့ပါသည်။

နောက်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် ရောက်သော အခါတွင်လည်း မြန်မာနိုင်ငံက လွတ်လပ်ရေး ရရှိခဲ့ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုသော လွတ်လပ်သည့် ဒီမိုကရေစီ နိုင်ငံတခုအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည် နိုင်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်နှစ် ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တရုတ်နိုင်ငံကလည်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အဖြစ် ကြေညာကာ ကူမင်တန်များကို တိုက်ပွဲဆင် အနိုင်ယူ၍ ကမ္ဘာ့အလယ်တွင် ဆိုရှယ်လစ် နိုင်ငံသစ် အဖြစ် ကြေညာနိုင်ခဲ့သည်။

တရုတ်၊ မြန်မာ၊ အိန္ဒိယတို့မှာ တနှစ်စီသာ ကွာခြားပြီး လွတ်လပ်ရေးရကာ ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်ခဲ့လေ သည်။

သို့သော် ဝမ်းနည်းစရာ ကောင်းလှသည်မှာ မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရသည့်နှစ်မှာပင် ပြည်တွင်းစစ်ကြီး ကလည်း လွတ်လပ်ရေးနှင့် အတူ မွေးဖွားလာခဲ့သည်။

ပြည်သူအားလုံး၊ တိုင်းရင်းသား အားလုံး၊ နိုင်ငံရေးပါတီ အားလုံး ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နိုင်ငံသစ်ကို တည်ဆောက်ရမည့် အစား အချင်းချင်း သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့ကြသည့် အဖြစ်ဆိုးမှာ ရင်ထုမနာ ဖြစ်ရ သော အဖြစ်များပင် ဖြစ်ပါသည်။

ထိုတိုင်းရင်းသား အားလုံးနှင့် ပြည်သူတရပ်လုံးမှာ လွတ်လပ်ရေး ရရှိရန်အတွက် တယောက်အသက် တယောက်ပေး ကာ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သည်။

သို့သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရခြင်းသည် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေခဲ့သော အကြောင်းအရင်း တချက်လည်း ဖြစ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အမျိုးသား စည်းလုံးညီညွတ်ရေး ရရှိအောင် ကြိုးပမ်းပြီး ၁၉၄၇ တွင် ပင်လုံ စာချုပ်ကို ချုပ်ဆို နိုင်ခဲ့သော်လည်း နောက်တနှစ် အကြာ လွတ်လပ်ရေးလည်းရ၊ ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့သောကြောင့် မြန်မာနိုင်ငံ၏ သမိုင်းမှာ အရုပ်ဆိုး အကျည်းတန်ခဲ့ရသည်။

မြန်မာနိုင်ငံသည် ထိုကဲ့သို့ လွတ်လပ်ရေးသက်တမ်း အနှစ် ၇၀ ရှိခဲ့သည့် အချိန်တွင် အာရှတိုက်နှင့် ကမ္ဘာ့အလယ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံ အဖြစ် ဂုဏ်သိက္ခာ ညိုးနွမ်းခဲ့ရသလို ဆင်းရဲသောနိုင်ငံ၊ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံ အဖြစ် လည်း အထင်သေး၊ အမြင်သေး ခံရသည်မှာလည်း မြန်မာပြည်သူများအဖို့ သိမ်ငယ်စရာနှင့် ရှက်စရာ ကောင်း လှ ပါသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ နယ်နိမိတ်ချင်း ဆက်စပ်နေသော နိုင်ငံများဖြစ်သည့် ကမ္ဘာတွင် လူဦးရေ အများဆုံး နိုင်ငံကြီး ၂ခုမှာ ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ၊ ငြိမ်းချမ်းမှုရှိသော နိုင်ငံများ၊ အမျိုးသား စည်းလုံးညီညွတ်မှု ရှိသော နိုင်ငံများ ဖြစ်နေကြပါသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိုလျှင် ကမ္ဘာတွင် အငတ်မွတ်ဆုံးနိုင်ငံ အဖြစ်မှ ယခုအခါ၌ ကမ္ဘာတွင် ဒုတိယ စီးပွားရေး အတောင့်တင်းဆုံး နိုင်ငံ ဖြစ်လာသည်။ လူဦးရေ သန်းပေါင်း ၁၃၀၀ ကို ဝဝလင်လင် ကျွေးမွေး နိုင်ခဲ့သလို ကမ္ဘာပေါ် တွင် ဘီလီယံနာ သူဌေး အများဆုံးနိုင်ငံ အဖြစ်လည်း လက်မထောင် ကြွားဝါနိုင်ခဲ့လေသည်။

ထို့အတူ ကမ္ဘာပေါ်တွင် လူဦးရေ သန်းတထောင်ကျော် ရှိသည့် အိန္ဒိယနိုင်ငံမှာလည်း စီးပွားရေး တောင့်တင်းသော နိုင်ငံ၊ ဒီမိုကရေစီ စနစ်ကို အခိုင်အမာ တည်ဆောက်နိုင်သော နိုင်ငံ၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေး ကို တည်ဆောက်နေသော နိုင်ငံလည်းဖြစ်ခဲ့သည်။

ယခင်က ငတ်မွတ် ခေါင်းပါးနေသော နိုင်ငံကြီးများသည်ပင်လျှင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများ အဖြစ် ပြောင်းလဲ ခဲ့ရသည်မှာ အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာခြင်း၊ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုသော ခေါင်းဆောင်များ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း၊ တိုင်းရင်းသားချင်း၊ ပြည်သူအချင်းချင်း တိုက်ခိုက် သတ်ဖြတ်သော ပြည်တွင်းစစ် မရှိ ခြင်း၊ အမျိုးသားစိတ်ဓာတ် ထက်သန်ပြင်းပြသလို တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားခြင်း တို့ကြောင့် ယခု ကဲ့သို့ ကမ္ဘာ့အလယ်တွင် ထိပ်တန်းနိုင်ငံများ အဖြစ် တက်လှမ်း နိုင်ခဲ့လေသည်။

အာရှတိုက်တွင် ဒုတိယ ကမ္ဘာစစ်၌ အဏုမြူဗုံးဒဏ်ကိုပင် ခံခဲ့ရသော ဂျပန်နိုင်ငံပင်လျှင် ကမ္ဘာတွင် ထိပ်တန်း နိုင်ငံ တခု ဖြစ်ခဲ့သလို တောင်နှင့်မြောက် ကွဲပြားပြီး စစ်ဖြစ်ခဲ့သော ကိုရီးယားနိုင်ငံပင်လျှင် ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်သော တောင်ကိုရီးယားလို နိုင်ငံမျိုး၊ ကမ္ဘာတွင် စစ်ရေးအင်အား တောင့်တင်းပြီး အဏုမြူလက်နက် ပိုင်ဆိုင်သော မြောက် ကိုရီးယားလို နိုင်ငံမျိုးများ ဖြစ်ခဲ့ကြလေသည်။

စစ်ဘေးဒဏ် ခံခဲ့ရသော ဗီယက်နမ်လို နိုင်ငံမျိုးမှာလည်း အာရှတိုက်တွင် စီးပွားရေး တည်ငြိမ်သော နိုင်ငံ၊ အာရှကျား တကောင် အဖြစ် စီးပွားရေး ဖွံ့ဖြိုးသော နိုင်ငံဖြစ်လာခဲ့သည်မှာလည်း အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက် နိုင်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော် လွတ်လပ်ရေး အနှစ် ၇၀ ရှိခဲ့သော မြန်မာနိုင်ငံမှာမူ ယခုထက်ပို၍ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် လွတ်လပ်ရေး အခမ်းအနားများ ကျင်းပကာ မိမိနိုင်ငံ၏ Identity နှင့် မိမိနိုင်ငံ၏ တောင့်တင်းမှုကို ဂုဏ်ယူ ဝင့်ကြွားနေရမည့် အစား ပြည်တွင်းစစ်ကြီးကို အနှစ် ၇၀ ကြာ ခါးစည်းခံခဲ့ရသည်။ ငြိမ်းချမ်းရေးရရှိရန် ညှိနှိုင်းနေကြရသည်။

သို့သော် စစ်ပွဲများကား ရှိနေဆဲ၊ တိုက်ခိုက်နေဆဲ၊ တိုင်းရင်းသားချင်း သတ်ဖြတ်နေဆဲပင်၊ ထိုသို့ တိုင်းပြည်၏ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သည်မှာ အမျိုးသားချင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း၊ ယုံကြည်မှု အားနည်း နေခြင်း၊ စွန့်လွှတ် အနစ်နာခံမှု မရှိခြင်း၊ ကိုယ်ကျိုးစီးပွားကို ဦးထိပ်ထားခြင်း တို့ကြောင့် ဖြစ်သည်ကို အားလုံး လက်ခံယုံကြည်မည် ဆိုပါက လွတ်လပ်ရေး၏ အရသာကို ယခုထက် ပို၍ ကြည်နူး ဝမ်းမြောက်စွာ ခံစားကြရ ပေလိမ့်မည်။ ။

Loading