လာအိုနောက်မှာ ကျန်ရစ်မှာလား

ထက်မြက်
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ / adventurelaos.com
Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ကုန်သည်စက်မှု အသင်းချုပ် ညီလာခံကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံ မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ သုံးသပ်ချက်တွေကို ပညာရှင်တွေ တင်ပြသွားတာကို ကြားရတဲ့အခါ မြန်မာ့ စီးပွားရေး အတွက် ရင်လေးစရာ ဖြစ်နေတာကို တွေ့ရပါတယ်။

အထူးသဖြင့် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်ရဲ့ သုံးသပ်ချက်ပါပဲ။ သူ့သုံးသပ်ချက်ကို ကြားရတဲ့အခါ မကြာ သေး ခင် က မြန်မာအစိုးရ ဘဏ္ဍာရေး ဝန်ကြီး သုံးသပ်ပြောဆိုတာနဲ့ တခြားစီဖြစ်နေတာကို ကြားရတဲ့အတွက် လက်ရှိ ကုန် ဈေးနှုန်းတွေ မိုးထိနေတဲ့ကြားမှာ နေရတဲ့ ပြည်သူ တယောက်အဖြစ် ဘဏ္ဍာရေးဝန်ကြီးရဲ့ သုံးသပ်ချက်ကို ပြုံးမိပါ တယ်။

မကြာသေးခင်က ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့ရာမှာ မကြာမီအတောအတွင်း မြန်မာ့စီးပွားရေးဟာ အမြန်ဆုံး တိုးတက် သွားလိမ့်မယ်။ ဂျက်အင်ဂျင် တပ်လိုက်သလို အမြန်နှုန်းနဲ့ စီးပွားရေးတိုးတက်မှု ရလဒ်ကို ခံစားရလိမ့်မယ်လို့ ကြွားသွားတဲ့ အချိန်မှာ အောက်ခြေ လူတန်းစားတွေကတော့ ကုန်ဈေးနှုန်းတွေ မိုးထိအောင်တက်နေတဲ့ အခြေအနေ ကို ရင်ဆိုင်နေရတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ တပ်မတော်နဲ့ ရင်ကြားစေ့ရေးမူကို ချမှတ်ပြီး စီးပွားရေးမူကို ခိုင်ခိုင်မာမာ မချမှတ်နိုင်သေးပါဘူး။

တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးကိုလည်း ထက်ထက်သန်သန် မတည်ဆောက်နိုင်သေးတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဟာလည်း ဦးသိန်းစိန်အစိုးရ ကထက် ဘာမှ မထူးခြားလာပါဘူး။

ဒီအချိန်မှာ ရခိုင်ပြဿနာလို အမှောင့်ပယောဂတွေကလည်း ဝင်လာ၊ အနောက်အုပ်စုရဲ့ ဖိအားကလည်း ပိုကြီးလာ၊ ကုလသမဂ္ဂ ကလည်း ခြေခြေမြစ်မြစ် လေ့လာစုံစမ်းမှုနဲ့ ဖြစ်စဉ်အမှန်ကို နားမလည်တာတွေကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေဟာ ဆိုးသထက် ဆိုးလာတယ်လို့ ကောက်ချက်ချရမှာပါပဲ။

ဒီအချိန်မှာ ဒီဇင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ ကုန်သည်စက်မှု အသင်းချုပ်ညီလာခံမှာ ပညာရှင်တွေရဲ့ ဆွေးနွေးချက် ထဲမှာ ပါတဲ့ ဒေါက်တာ ဦးမြင့်ရဲ့ သုံးသပ်ချက်က အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အဲဒီမှာ ဒေါက်တာ ဦးမြင့်က ဘယ်လိုသုံးသပ် တင်ပြသွားသလဲဆိုရင် မြန်မာနိုင်ငံဟာ အခုအတိုင်းသာ စီးပွားရေး မူဝါဒ တွေကို ကျင့်သုံးပြီး လုပ်ဆောင်နေမယ် ဆိုရင်တော့ NLD အစိုးရသက်တမ်း ကာလအတွင်း လာအိုနိုင်ငံကို တောင် အမီမလိုက်နိုင်ဘဲ နောက်ကျကျန်ရစ်ခဲ့မယ်လို့ ပြောသွားတာကြောင့် ဝန်ကြီးပြောသွားတဲ့ ဂျင်အင်ဂျင်ကြီး မတပ်ဆင်ရ သေးတာလား၊ စက်ပျက်သွားတာလား ဆိုတာကတော့ မကြာခင်အဖြေပေါ်ပါလိမ့်မယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ဒေါက်တာ ဦးမြင့်က ဘယ်လို ပြောသွားသလဲဆိုရင် –

“အတိုချုံးပြောရရင် ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ နာမကျန်းဘူးလို့ ကျနော်ထင်ပါတယ်၊ ဒီစီးပွားရေး နာမကျန်းမှုကို ကုသဖို့ ဆရာဝန်နဲ့ ဆွေးနွေးရန်၊ ဆေးစစ် ရောဂါရှာဖွေရန်၊ ညွှန်းထားသည့် ဆေးသောက်ရန် စသဖြင့် လိုက်ဆောင်ရွက်ရန် ဖြစ်ပါတယ်”လို့ တိုင်းပြည် စီးပွားရေးကို သုံးသပ်တယ်။

၁၉၄၈ မှ ယနေ့အချိန်ထိ နှစ် ၆၀ ကျော် မြန်မာနိုင်ငံ၏ GDP ကိုလေ့လာ၍ ၁၉၅၀ နှင့် ၁၉၆၀ နှစ်များတွင် GDP ကိန်းဂဏန်း ၂လုံးအထိ တိုးတက်မှု ၅ ကြိမ်ရှိပြီး တိုးတက်မှု အများဆုံး ဖြစ်ကြောင်း ပြောသည်။

ထို့နောက် ၁၉၇၀ မှ ၁၉၉၀ ကျော်အထိ ကိန်းဂဏန်း ၂လုံးကျော်သည် မရှိခဲ့ဘဲ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ အထိ ၁၁ နှစ် အထိ ကိန်းဂဏန်း ၂လုံးအထက် တိုးတက်မှု ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတဦးချင်း၏ GDP မှာ ၁၉၃ ဒသမ ၂ ဒေါ်လာသာ ရှိခဲ့ပြီး အာဆီယံတွင် အောက်ဆုံး ဖြစ်ခဲ့သည်။

၂၀၁၀ တွင် ကမ္ဘောဒီးယားနိုင်ငံကို အမီလိုက်နိုင်ခဲ့သည်။ လက်ရှိတွင် တဦးချင်း GDP မှာ ၁၃၀၀ ခန့်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က ၂၀၂၀- ၂၁ အရောက်တွင် တဦးချင်း GDP ၁၈၂၃ ဒေါ်လာ ဖြစ်မည်ဟု ခန့်မှန်းထားသည်။

မြန်မာ-လာအို ချစ်ကြည်ရေး တံတား (ဓာတ်ပုံ – tachileik.net)

လာအိုနိုင်ငံ၏ ၂၀၁၅ နိုင်ငံသား တဦးချင်း GDP မှာ ၂၁၅၉ ဒေါ်လာ ဖြစ်သည်။ ထို့အပြင် လာအိုမှာ နောင် ၅ နှစ်တွင် ဆက်လက် တိုးတက်ဦးမည်ဖြစ်၍ IMF ခန့်မှန်း ထားသည့်အတိုင်း တိုးတက်ခဲ့လျှင်ပင် လက်ရှိအစိုးရ သက်တမ်း အတွင်း လာအိုကို အမီလိုက်နိုင်ရန် အလားအလာ နည်းနေကြောင်းလည်း ပြောပါသည်။

အဲဒီသုံးသပ်ချက်နဲ့ ဘဏ္ဍာရေးဝန်ကြီးရဲ့ ဂျက်အင်ဂျင် တပ်သလို အမြန်နှုန်းနဲ့ တိုးတက်မယ်ဆိုတဲ့ စကားကို နှိုင်းယှဉ် ပြီး မိမိဘဝအသိနဲ့ စဉ်းစားရင် အမှန်ကို သိနိုင်ပါတယ်။

ဒါပေမယ့် ခက်တာက အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော၊ ဝန်ကြီးတွေရော၊ ပါတီ ခေါင်းဆောင်တွေကရော လက်တွေ့နဲ့ ကင်းကွာ တဲ့ ခေါက်ရိုးကျိုး နေတဲ့ အတွေးအခေါ်တွေ ရှိနေတာက တိုင်းပြည် မတိုးတက်နိုင်တာပါပဲ။

မဆလ ခေတ်ကလည်း ဆိုရှယ်လစ်စနစ် တည်ဆောက်မယ် ဆိုပြီး ပြည်သူပိုင် သိမ်းလိုက်တာ ကွမ်းယာဆိုင်က အစ ကုန်စုံဆိုင် အဆုံး ပုဂ္ဂလိက ပိုင်ဆိုင်တာ ဘာမှ ခွင့်မပြုတော့ပါဘူး၊ အဲဒီကတည်းက စီးပွားရေး ကျဆင်း လာလိုက်တာ စစ်ဗိုလ်တွေပဲ ချမ်းသာသထက် ချမ်းသာလာတဲ့ အခြေအနေမျိုးကိုပဲ ရောက်ရှိ လာပါတယ်။

ယခုလိုပညာရှင်တွေ သုံးသပ်တာကို အလေးထားရမှာ ဖြစ်သလို လက်တွေ့ကျတဲ့ ပြည်သူလူထုကို အကျိုးရှိစေမယ့် မူဝါဒတွေ ချမှတ်ပြီး စီးပွားရေးကို မှန်မှန်ကန်ကန် လုပ်နိုင်ရင်တော့ ဖွံ့ဖြိုး တိုးတက်လာမှာ သေချာပါတယ်၊ ဒီလိုမှ မဟုတ်ပဲ ငါသိ၊ ငါတတ်၊ ငါပဲ လုပ်နိုင်တယ် ဆိုတဲ့ ဗိုလ်နေဝင်းတို့၊ ဗိုလ်သန်းရွှေ တို့လို ထင်ရာစိုင်းပြီး လုပ်နေရင်တော့ နှာခေါင်းကျည်ပွေ့ တွေ့ရပါလိမ့်မယ်။

ပြည်သူကို အခြေမခံတဲ့ အောက်ခြေ လူတန်းစားဘဝနဲ့ ကင်းလွတ်တဲ့ အပြောအဆို၊ အပြုအမူတွေကို ဗိုလ်သိန်းစိန် အစိုးရ လက်ထက်က ပြုမူခဲ့သလို ယခုလည်း ဖြစ်လာတာကို တွေ့ရတယ်။

ယခုလည်း ကုန်သည်စက်မှု ညီလာခံမှာ အဖွင့်စကား ပြောသွားတဲ့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး ဦးအောင်ထူး မိန့်ခွန်းကို ကြည့်လိုက်ရင် ယခင် စစ်အစိုးရ ခေတ်တွေတုန်းကနဲ့ မတူဘူးလို့ ကောက်ချက် ချရ မှာ ဖြစ်ပါတယ်။

အဲဒီညီလာခံအဖွင့် မိန့်ခွန်းမှာ ဦးအောင်ထူးက –

“သတင်းစာတွေ၊ စာနယ်ဇင်းတွေ ဖတ်တဲ့အခါမှာ ကျနော် သဘောမပေါက်တာ တခုရှိတယ်၊ ဈေးကွက် စီးပွားရေးစနစ် ကူးပြောင်းနေပြီ၊ ဒါပေမယ့် လူတွေက အစိုးရကိုပဲ ဘာကြောင့် အပြစ်တင်နေရတာလဲ၊ ကုန်ဈေးနှုန်း တက်တာ၊ တခုခု ဖြစ်တာနဲ့ ဟာအစိုးရ အစိုးရ၊ ဒါဟာ ကျနော်တို့ရဲ့ Mind set က မပြောင်းလဲဘူး ဆိုတဲ့ သဘောဖြစ်တယ်၊ ဈေးကွက် စီးပွားရေး စနစ်မှာ ဈေးကွက်ကို လွှမ်းမိုးတာ အစိုးရမဟုတ်ဘူး၊ ဈေးကွက်ကို လွှမ်းမိုးထားတာ ဝယ်လိုအားနဲ့ ရောင်း လို အား လို့ခေါ်တဲ့ ဈေးကွက် အင်အားစုတွေပဲ ဖြစ်တယ်”လို့ ပြောသွား ပါတယ်။

မဲခေါင်ဒေသတွင်း ဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နိုင်ငံများပြ မြေပုံ (ဓာတ်ပုံ – eda.admin.ch)

ကုန်ဈေးနှုန်း တက်တာ၊ ကျတာ၊ စီးပွားရေး တိုးတက်တာ၊ ကျဆင်း တာတွေဟာ အစိုးရနဲ့ မဆိုင်ဘဲ ဈေးကွက်ကို လွှမ်းမိုး ထားတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားတွေကြောင့် ဖြစ်တယ် ဆိုတဲ့ စီးပွားရေး ဒုဝန်ကြီးရဲ့ အမြင်ဟာ လူထုရဲ့ သဘောထား မဟုတ်ဘဲ ဘောဂဗေဒ ပညာရှင်တွေရဲ့ သဘောထား၊ စီးပွားရေး ပညာရှင်တွေရဲ့ အမြင်သာ ဖြစ်နေ တယ်။ အခြေခံ လူတန်းစားတွေနဲ့ ကင်းကွာပြီး အစိုးရမှာ တာဝန်မရှိဘူးလို့ ငြင်းပယ်လိုက်တဲ့ အရင် ခေါက်ရိုးကျိုး သဘောထားသာ ဖြစ်ကြောင်း ပွင့်ပွင့် လင်းလင်း ပြောဆိုလိုက်ရပါတယ်။

တယောက်ကလည်း ဂျက်အင်ဂျင်လို အမြန်နှုန်းနဲ့ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်မယ်လို့ ကြွားလိုကြွား၊ နောက် တယောက်ကလည်း စီးပွားရေး မတိုးတက်တာဟာ အစိုးရကြောင့် မဟုတ်ဘူး၊ ဝယ်လိုအားနဲ့ ရောင်းလိုအား လို့ ခေါ်တဲ့ ဈေးကွက် အင်အားစုတွေကြောင့် ဖြစ်တယ်လို့ ပြောလို့ပြော၊ ခေါင်းရှောင် လာတာကြောင့် ဘယ်သူ့မှာ တာဝန် ရှိတယ်ဆိုတာ ဘယ်လိုဆုံးဖြတ်ကြရမလဲ၊ ပြည်သူလူထုက လက်ညှိုးထိုး အပြစ်ပြောနေတာ မဟုတ်ဘူး။

ကုန်ဈေးနှုန်းတွေ ကျဆင်းတာမရှိဘဲ မတန်တဆ တက်နေတာရယ်၊ ထမင်း နပ်မှန်အောင် စားဖို့ ခက်ခဲလွန်းနေတာ ကြောင့် အာဏာရတဲ့ ပြည်သူကို တာဝန်ယူထားတဲ့ အစိုးရက ဖြေရှင်းပေးဖို့၊ ဖြေရှင်း မပေးနိုင်ရင် အစိုးရမှာ တာဝန်ရှိ တယ်လို့ ရိုးရိုးသားသား တင်ပြနေကြတာပဲ ရှိပါတယ်။

ဝန်ကြီးပြောသလို အစိုးရမှာ တာဝန်မရှိဘူးဆိုရင် ဝယ်လိုအားနဲ့ ရောင်းလိုအား ညီညွတ်မျှတအောင် ဘယ်လို လုပ်ကြ မလဲ၊ မလုပ်နိုင်ရင် ဝယ်လိုအားနဲ့ ရောင်းလိုအားကို ဖမ်းပြီးထောင်ထဲ ထည့်ကြမှာလား။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှအောင် ဘယ်သူတွေက ဖန်တီးနေသလဲ၊ စားသုံးသူတွေနဲ့ ကုန်သည် ပွဲစားတွေက ဖန်တီးနေကြသလား၊ အဲဒါကို ကုန်ဈေးနှုန်း ကျအောင်၊ ဝင်ငွေ တိုးတက်အောင် တာဝန်ယူရမှာက ဘယ်သူလဲ။

ပြည်သူကတော့ မိမိတို့ကြုံလာရတဲ့ အခက်အခဲတွေရှိရင် အစိုးရကိုပဲ ရင်ဖွင့်ကြရမယ်။ အစိုးရမှာ တာဝန်ရှိတယ်လို့ပဲ ပြောဆိုရမှာပဲ။

လမ်းပေါ်သွားရင်း လမ်းလယ်က ချိုင့်ကိုနင်းမိပြီး ခြေထောက်ကျိုးရင်လည်း စည်ပင်သာယာနဲ့ အစိုးရမှာ တာဝန်ရှိ တယ် လို့ စွပ်စွဲရမှာ သဘာဝပါပဲ။

လန်ဒန်လို မြို့ကြီးတွေမှာ အဲ့ဒီလိုချိုင့်ကို နင်းမိလို့ မိမိပိုင်ပစ္စည်း ဆုံးရှုံးရင် အစိုးရကို တရားစွဲတဲ့အကြောင်း၊ ထိခိုက် ဒဏ်ရာရရင်လည်း အစိုးရကို လျော်ကြေး တောင်းတဲ့အကြောင်း၊ ကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနားဝ ရှိနေ ပါတယ်။

အရေးကြီးတာက တိုင်းပြည် အာဏာရလာတဲ့ ဘယ်အစိုးရမဆို၊ အာဏာသိမ်းလို့ပဲ ရလာရလာ၊ လူထုက ယုံကြည်လို့ မဲထည့်ပြီးလို့ပဲ ရလာရလာ၊ တိုင်းပြည်မှာ ဖြစ်နေသမျှ ကိစ္စတွေကို ဖြေရှင်းပေးရမှာက အစိုးရပဲဖြစ်တယ်။

တာဝန်ယူမှုနဲ့ တာဝန်ခံမှုမရှိရင် အစိုးရ တက်လုပ်နေတာ ရှက်စရာ ကောင်းလိမ့်မယ်။ ဝန်ကြီး တက်လုပ်နေတာလည်း တာဝန် မဲ့လွန်းတယ်လို့ ပြောရမယ်။ ရောဂါဘယ ထူပြောလာတယ်၊ လုံလောက်တဲ့ ဆေးဝါးကုသမှု မရှိဘူးဆိုရင် ကျန်းမာရေး ဝန်ကြီးမှာ တာဝန်ရှိတယ်။ အစိုးရမှာ တာဝန်ရှိတယ်။

ပြည်တွင်းစစ်ကြီး ဖြစ်ပြီး ငြိမ်းချမ်းရေး ရအောင် မလုပ်နိုင်ရင် ကာကွယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်၊ တပ်မတော် မှာ တာဝန်ရှိတယ်၊ အဲဒီလိုပဲ အဲဒီ ဝန်ကြီးဌာနတွေကို အုပ်ချုပ်ရတဲ့ သမ္မတ တို့၊ ဝန်ကြီးချုပ်တို့၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့မှာလည်း တာဝန်ရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading