“အမုန်းသပ်” တချက်နဲ့ သမိုင်းအက်ကြောင်း

လင်းငယ်
Want create site? Find Free WordPress Themes and plugins.

(၁)
သမိုင်းကို ဘာကြောင့် သင်သင့်တာလဲ။ မေးရင် အများစု အလွတ်ရနေမယ့် အဖြေက “မအ,အောင်လို့”။ ဒါက သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသွားတဲ့ နာမည်ကျော် စကားမို့ လူသိများကြတယ်။ တကယ်တော့လည်း သမိုင်းဆိုတာ သင်ခန်းစာတွေ ယူစရာ အပြည့်နဲ့ မဟုတ်လား။

ဒါပေမယ့် သင်ခန်းစာတိုင်းက ကောင်းကျိုး ရှိသလား။ သင်ခန်းစာကနေ အမုန်းတရားတွေ၊ အဆိပ်အတောက်တွေ ထွက်မလာနိုင်တော့ဘူးလား လို့ ဆက်မေးရင် ရိုးရှင်းတဲ့ အဖြေ ရှိချင်မှ ရှိပါမယ်၊ သို့သော်သင်ခန်းစာကို ကောင်းကျိုး အတွက် အသုံးမချနိုင်တော့ဘဲ အမုန်းကို အာရုံပြုမိတဲ့ အခါ ဆိုးကျိုးတွေ များလာတတ်တာကို လက်ရှိ မြန်မာ့သမိုင်းက သက်သေထူနေပါတယ်။

ဒီတော့ မေးခွန်းတခုက ထပ်ပါလာတယ်။ သမိုင်းကို ဘယ်လို သင်မလဲ။ သမိုင်းဆိုတာ တုတ်ထမ်း ဓါးထမ်းပြီး ငြင်းကြတာ မျိုးလည်း ရှိတာကိုး။ သမိုင်းပေးတာဝန်အရ သမိုင်းကို လက်ဆင့်ကမ်းရမယ်လို့ ကြွေးကြော်ကာ ရှေ့က လူတွေ စိတ်ကြိုက် သမိုင်းတွေကို မဖြစ်မနေ အတင်းအကြပ် ပေးသွားကြတဲ့ အခါ သမိုင်းက ပုံပျက်သွားတတ်ပါတယ်။ သမိုင်းကို သမိုင်းအဖြစ် ပကတိအတိုင်း လက်ခံနိုင်ရန် အတွက် အခြေခံ စိတ်ထားလေး နည်းနည်းတော့ လိုလေမလားလို့ တွေးမိပါတယ်။ သမိုင်းကို စိတ်ခံစားမှု နည်းနိုင်သမျှ နည်းနည်းထားပြီး လေ့လာဖို့နဲ့ တရားသေ မယုံဖို့က အဓိက နှစ်ချက်ဖြစ်မယ် ထင်ပါတယ်။

(၂)

သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးသုစန္ဒီအကြောင်း သီချင်းတပုဒ်ကို လူမှု ကွန်ရက်ပေါ်မှာ တော်တော်ကြာခဲ့တဲ့ အချိန်တုန်းက နားထောင်ဖြစ်ခဲ့တယ်။လွမ်းလွမ်းဆွေးဆွေးလေးနဲ့ ရင်ထဲထိတဲ့ သီချင်းလေးပါ။ ချစ်သူနှစ်ဦးရဲ့ သေကွဲလား ရှင်ကွဲလား မသိရအောင် ကြမ္မာငင်ခဲ့ပုံက ရင်နင့်ဖွယ်ဖြစ်ရပါတယ်။

သီချင်းလေး အလယ်မှာ “သမိုင်းဆိုတာ ဘယ်လူမျိုးကိုမှ မစော်ကားဘူး။ တိတိကျကျ လေ့လာရင် အမှားကို ရှောင်တတ်မယ်။ အမှားကို သင်ခန်းစာယူပြီး အမှန်တရားကို လေ့ကျင့်ပါ။ တနည်း ပြောရရင် သမိုင်းဆိုတာ သံဝေဂယူဖို့၊ မှားခဲ့တဲ့ အမှားမျိုး ထပ်မံ မကျူးလွန်မိဖို့ ပိုပြီး အရေးကြီးတယ်။ သင့် သမိုင်း မရိုင်းပါစေနဲ့” ဆိုတဲ့ ဆုံးမစကားလိုလို ဘာလိုလို စကားပြောကြီး ပါလာတော့ သီချင်းကောင်းလေးတောင် ပျက်စီးသွားထင်ရတယ်။ ဒါပေမယ့် သီချင်းလေးရဲ့ ရသက စိတ်ထဲမှာ အချိန်အတော်ကြာ လွှမ်းမိုးနေခဲ့ပါတယ်။

သီချင်းရဲ့ မူလဖြစ်တည်ရာ အကြောင်းရင်းဖြစ်တဲ့ Twilight over Burma စာအုပ်ကို ဖတ်တဲ့ အခါမှာတော့ လွမ်းဆွေးစရာ ဇာတ်လမ်းလေးဟာ ရင်နာစရာ ဇာတ်လမ်းဖြစ်လာခဲ့တယ်။ လူတစုကို တူးတူးခါးခါး မုန်းမိလာတယ်။ အလွမ်းအဆွေး ဇာတ်လမ်းလေးနဲ့ လွှမ်းမိုးခံထားရတဲ့ စိတ်ဟာ ခံစားချက် ပြင်းထန်လာတယ်။ ကာလတွေ ကြာခဲ့ပြီ ဖြစ်တာတောင် လူတချို့ရဲ့ အာဏာအတွက် ဖျက်စီးခဲ့ကြတာကို အမုန်းကြီး မုန်းနေမိတယ်။

အထူးသဖြင့် အဲ့ဒီအတွက် တာဝန်ရှိတဲ့ လူတယောက်နဲ့ သူ့အပေါင်းအပါတွေကို မုန်းမိစေတယ်။ပိုဆိုးတာက အဲဒီလူရဲ့ အမျိုးအနွယ်အထိပါ မုန်းမိစေလောက်တယ်။ ဒါပေမယ့် သီးချင်းထဲက စာသားလေးတခုက ပြန်လှောင်နေတယ်။ သမိုင်း ဆိုတာ သင်ခန်းစာ ယူဖို့ဆိုတဲ့ အထက်က ပြောခဲ့တဲ့ စကားလေးပေ့ါ။ အခုတော့ သမိုင်းစာအုပ် ဖတ်ပြီး အမုန်းပွားနေပြီ။ ဒီသမိုင်းရဲ့ သင်ခန်းစာ စစ်စစ်ကို အလွယ်တကူပဲ ကျော်သွားမိခဲ့တယ်။ တရားမမျှတမှု၊ အာဏာအလွဲအသုံးချမှု စတဲ့ ယူစရာ သင်ခန်းစာ အများအပြားကို မေ့လျော့ခဲ့တယ်။

(၃)

သမိုင်းဆိုတာ အားကြီးသူတို့က ရေးကြတတ်ကြတာပါ။ အားကြီးသူ ဆိုတာမှာ အာဏာရှိသူ ဖြစ်နိုင်သလို အခြား ပညာအား ငွေးအားလည်း ဖြစ်နိုင်ပါသေးတယ်။ မြန်မာ့သမိုင်းကို ဘယ်သူတွေ ရေးခဲ့ကြသလဲ။ မှန်နန်းရာဇဝင်ဟာ ဘယ်လို လူတွေက ဘယ်လိုလူတွေ အတွက် ရေးခဲ့သလဲ။ ဘုန်းတော်ဘွဲ့ သမိုင်းတွေဆိုတာ မဖတ်ချင်မှ အဆုံး။

မြန်မာ့ ခေတ်ပြိုင် သမိုင်းတွေကိုတော့ ကာလအတော်ကြာ ပညာရေးစနစ်ရဲ့ လွှမ်းမိုးမှု အောက်မှာ ဖားကို ဆင်လုပ် ရေးထားခဲ့ကြပါတယ်။ အာဏာရှင် အဆက်ဆက်ဟာ အာဏာကို မွမ်းမံတည်ဆောက် ပေးနိုင်မယ့် သမိုင်းကိုသာ ဖန်တီးယူခဲ့ပြီး စစ်မှန်သော၊ ငြင်းခုံခွင့်ကို မပေးသော တဖက်ပိတ် သမိုင်းတွေနဲ့ လူတွေကို ဘောင်ခတ်ထားခဲ့ကြ ပါတယ်။ ဒါက အာဏာရှင် နိုင်ငံတိုင်းမှာသာမက အခြား အာဏာပိုင်ဝါဒ ထွန်းကားတဲ့ နိုင်ငံတွေမှာပါ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝ ဖြစ်ပါတယ်။

လတ်တလော ဥပမာအဖြစ် ထိုင်းက လူသိများတဲ့ တက်ကြွလှုပ်ရှားသူ ဆူလတ်ဟာ ဆိုရင် မြန်မာနဲ့ တိုက်ခိုက်ခဲ့တဲ့ နရစွမ်ရဲ့ စစ်ပွဲဟာ ထိုင်းသင်ရိုးညွှန်းတမ်း ထဲက ထိုင်းအစိုးရ ပြောတဲ့ နေရာမှာ မဖြစ်နိုင်ဘူးလို့ ဝေဖန်မိလို့ တရားရင်ဆိုင် နေရပါတယ်။ ဒါဟာ အင်အားကြီးသူတွေရဲ့ သမိုင်းကို တဖက်သတ် ပုံဖော်လိုခြင်း တမျိုးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သမိုင်းကို ပုံဖော်ရင်း သူတို့ဟာ သမိုင်းတာဝန်ကို ဆက်လက် ဖော်ဆောင်သူများ၊ ဘိုးဘေးတွေရဲ့ အမွေကို ထိန်းသိမ်းသူများ အဖြစ် သူတို့ရဲ့ တရားဝင်မှု၊ လူထုထောက်ခံမှုကို ရယူနိုင်လို့ပါပဲ။

ဒီလို အင်အားကြီးတဲ့ သမိုင်းက တန်ပြန်ရာမှာလည်း အင်အားကြီးတဲ့ စိတ်လှုံ့ဆော်မှုတွေနဲ့ ပြန်လုပ်တတ်ကြတယ်။ အင်အားကြီးသူတွေနဲ့ ငါတို့က ဆန့်ကျင်ဘက်မို့ သူတို့ ရေးထားတာ မှားတယ်၊ ငါတို့ ပြန်ရေးတာကသာ မှန်တယ် ဆိုတဲ့ ဟိုဟာ မမှန်ရင် ဒီဟာ မှန်ရမယ် ဆိုတဲ့ တရားသေဝါဒ ချောက်ထဲကို ကျသွားနိုင်ပါတယ်။ အခြားတဖက်ကို ဆန့်ကျင်ဖို့ တန်ပြန်တဲ့ သမိုင်း ပြန်လည် တည်ဆောက်ခြင်းတွေမှာ စိတ်ခံစားမှု၊ တရားသေ ဆန်မှုတွေ ပါနေနိုင်ပါတယ်။ အမုန်းတွေကို အခြေခံနေနိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလို သမိုင်းရဲ့ သတိချပ်သင့်တာကို မချပ်ရင် သမိုင်းဟာ “သူမုန်း” ဖြစ်သွား တတ်ပါတယ်။

သမိုင်းသင်တယ် ဆိုတာ မအ,အောင်၊ အလိမ် မခံရအောင် လို့ပါ။ ဘယ်သူ အလိမ်မခံရလဲ ဆိုတော့ အာဏာရှင် အင်အားကြီးတဲ့ လူတွေရဲ့ တဖက်သက် အလိမ်မခံရအောင်လို့ အများနားလည်ကြလေ့ ရှိပါတယ်။ သမိုင်းပညာရှင်ကြီး ပြောခဲ့တဲ့ သမိုင်းသင်ရတာ မအအောင် ဆိုတာရဲ့ အခြားအဓိပ္ပာယ်တခုကလည်း ဒီလို ဖြစ်နိုင်ပါတယ်။ ဘာလဲ ဆိုတော့ သင်ခန်းစာ အတုတွေရဲ့ အလိမ်မခံရအောင်ကော ကျနော်တို့ စဉ်းစားဖြစ်ခဲ့ရဲ့လား ဆိုတာပါပဲ။ အမုန်းတွေကို ကြီးထွား စေတယ် ဆိုရင်တော့ အဲ့ဒီသင်ခန်းစာကို ကျနော်တို့ ပြန်လည် ဆွေးနွေးဖို့၊ အကြိမ်ကြိမ် အထပ်ထပ် ဝေဖန်ဖို့ လိုပါလိမ့်မယ်။

(၄)

လတ်တလော ရခိုင်ပြည်နယ် မြောက်ဦးက အဖြစ်အပျက်ဟာ အခုမှ ဖြစ်လာတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ခေတ် အဆက်ဆက် ဖြစ်တည်နေခဲ့တာပါ။သမိုင်းကို ပြန်လှန်တယ် လို့ ခေတ် အဆက်ဆက် အစိုးရတွေက မြင်တယ်။ သို့တည်း မဟုတ် သူတို့ ဖန်တီးထားတဲ့ တခုတည်းသော သမိုင်းဆိုတာကြီးကို မတူညီတဲ့ ရှုထောင့်ကနေ စိန်ခေါ်တာကို လက်မခံနိုင်ဘူး။ တဖက်ကတော့ ကိုယ့်သမိုင်းကို ပြန်လေ့လာတာ၊ ဖြန့်ဝေတာ ဘာမှ အမှားမရှိဘူးလို့ မြင်တယ်။

ဘိုးတော်ဘုရား နန်းတက်တာ ဘယ်ခုနှစ်လောက်ကလဲ ဆိုတာ အခုခေတ် ဗမာတွေ သိသူ ရှားသလောက် ဖြစ်နေပေမယ့် ဘာဖြစ်လို့ ရခိုင်တွေက မှတ်မိနေကြတာလဲ။ ပဒေသရာဇ်ခေတ်က ပဒေသရာဇ်နိုင်ငံအချင်းချင်း တိုက်ခိုက်သိမ်းယူကြတာ ဟာ အခုခေတ် လူတွေမှာ တာဝန်ရှိသလား။ လတ်တလော ဖြစ်ပျက်နေတာတွေကရော သမိုင်းနဲ့ သက်ဆိုင်သလား။ ဒါမှ မဟုတ် လတ်တလော အဖြစ်တွေကြောင့်သာ သမိုင်းတွေကို ပြန်လည် တူးဆွနေကြတာလား။ မေးခွန်းတွေ တသီကြီးနဲ့ပါပဲ။

မေးခွင့် မရခဲ့တဲ့ မေးခွန်းတွေကို မေးခွင့်ရလာတာဟာ ကောင်းသော စတင်ခြင်းလို့ မယူဆနိုင်ဘူးလား။ သမိုင်းဟာ အငြင်းပွားရ ပါမယ်။ ဆွေးနွေး ငြင်းခုန်ရပါမယ်။ ဒါပေမယ့် အဲ့ဒီ သဘောထားကွဲလွဲမှုတွေ၊ ငြင်းခုန်မှုတွေကို ဖိနှိပ်စရာ မလိုပါ။ တဖက်နဲ့ တဖက် အကြမ်းဖက်မှုနဲ့ စိတ်ခံစားမှု ပြင်းထန်စွာ မတုံ့ပြန် သရွေ့တော့ သမိုင်းဟာ ပိုပြီး တောက်ပြောင် လာဖို့သာ ရှိပါတယ်။ နားလည်မှုရှိစွာ ငြင်းခုန်ဆွေးနွေး နိုင်မယ့် အခြေအနေတခု ဝိုင်းဝန်း ဖန်တီးခြင်းဟာ သမိုင်းကို အကောင်းဆုံး သင်ယူနည်းလို့ ပြောချင်ပါတယ်။ အဲ့သည်လို မဟုတ်ဘဲ လတ်တလော ဖြစ်တာလေးကိုသာ ကြည့်ပြီး အပြစ်တင်နဲ့ နည်းနဲ့သာ ချဉ်းကပ်မယ် ဆိုရင် တရားခံတယောက်တော့ တွေ့ကောင်း တွေ့ပါမယ်။ ပြဿနာရဲ့ အဖြေတော့ မဖြစ်နိုင်ပါဘူး။

(၅)

သမိုင်းကနေ သင်ခန်းစာ ယူတတ်ကြသလားတော့ မသိပါ။ လက်တွေ့ အဖြစ်အပျက်မှာတော့ သမိုင်းထဲက အမုန်းကို နောက်ထပ် သပ်တချက် ခပ်ပြင်းပြင်း ထပ်ရိုက်လိုက်တာပါပဲ။ “အမုန်းသပ်” တချက်ဟာ နဂိုက ရှိနေတဲ့ အက်ကွဲကြောင်း ကို ပိုပြီး နက်ရှိုင်းကျယ်ပြန့်သွားစေတာ ပါပဲ။

ဒီဖြစ်ရပ်ကို သမိုင်းနဲ့ ယှဉ်ပြီး တွေးတတ်မယ် ဆိုရင်တော့ ဖြေရှင်းနည်းက များများစားစား မရှိပါဘူး။ မြန်မြန်လည်း လုပ်ကြရ ပါမယ်။ ဒါဟာ အမုန်းကို ဦးမတည်စေဖို့ပါပဲ။ အကြမ်းဖက်မှုကို ဦးမတည်စေဖို့ ပါပဲ။ တရားမျှတမှုကို ပြန်လည် ယူဆောင်ပေးလာပေးဖို့ပါ။ နောက်ထပ် သမိုင်းအမှားတွေ ဇွတ်ဖန်တီးဖို့ ကြိုးစားရင်း တိုင်းရင်းသားပြည်သူတွေ အတွက်၊ တိုင်းပြည် အနာဂတ် အတွက် အလဟဿ မဖြစ်စေဖို့ပါ။ ။

(လင်းငယ်သည် စစ်တွေမြို့အခြေစိုက် မြန်မာဆရာဝန်တဦးဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက် ရေးရာများကို သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading