လူဆိုတာ မွေးကတည်းက သေဒဏ်ချမှတ်ထားခံရသူများ ဖြစ်ပါသည်။ ထို့ကြောင့် သေမည့်ဘေးကတော့ လွတ်မြောက်နိုင်မည်တော့ မဟုတ်ပါ။ သို့သော်လည်း သက်တမ်းကို ရှည်နိုင်သမျှ ရှည်နိုင်အောင်တော့ ကြိုးစားရပါမည်။ ထိုသို့ ကြိုးစားရာတွင် အစိုးရ၊ လွှတ်တော်တို့ တွင် ပို၍ တာဝန်ရှိပေမည်။
မြန်မာနိုင်ငံသည် ကင်ဆာဖြစ်နှုန်း များပြားသော နိုင်ငံများစာရင်းတွင် ပါဝင်နေသော နိုင်ငံဖြစ်နေသည် ကိုလည်း တွေ့ရှိရသည်။ ထိုသို့ ဖြစ်ပျက်နေခြင်းများသည် ခေတ်အဆက်ဆက် အစိုးရများမှ နိုင်ငံတော်အဆင့် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဘတ်ဂျက်သုံးစွဲမှု နည်းပါးခြင်း၊ လူအများကြား ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတ ဖြန့်ဖြူးမှုနည်းပါးခြင်း၊ ဆေးဝါးအလုံအလောက်မရှိခြင်း၊ ပြည်သူ့ဆေးရုံများက လူထုကျန်းမာရေးနှင့် ပတ်သက်ပြီး ပြည့်စုံအောင် မလုပ်ဆောင်နိုင်ခြင်းများက အဓိက ကျနေပေသည်။
ထို့အပြင် အစားအသောက်၊ ဆေးဝါးများနှင့် အရက်တို့ကို ထိန်းချုပ်ရာတွင်လည်း အရည်အသွေး စစ်မှန်မှု၊ ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိ မရှိတို့ကို စစ်ဆေးနိုင်မှု အားနည်းခြင်းများ၏ ရလဒ်များလည်း ဖြစ်ပေသည်။ ဆေးဝါးအတုများ၊ အရက်အတုများ၊ ဓာတုဆေးဝါးဖြင့် ထုတ်လုပ်ထားသော အသီးအနှံ၊ အစားအသောက်များကြောင့်လည်း ပါဝင်ပါသည်။
ဓာတ်သတ္တုပစ္စည်းများ၊ ရွှေများ၊ ကျောက်မျက်များ တူးဖော်ရာတွင် အသုံးပြုသော အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများကို စနစ်တကျ စွန့်ပစ်ခြင်းဖြစ်အောင် မထိန်းချုပ်နိုင်ပဲ စည်းမဲ့ကမ်းမဲ့ နီးစပ်ရာ ချောင်းများ၊ မြောင်းများ အတွင်းသို့ စွန့်ပစ်နေခြင်းကလည်း မြစ်ရေ၊ ချောင်းရေ အားကိုးနေရသော ပြည်သူများနှင့် သက်ရှိငါးများအတွက် အန္တရာယ်ဖြစ်စေသလို ထိုငါးများကို စားသုံးသူများအတွက်လည်း ရေရှည် ကျန်းမာရေးကို များစွာ ထိခိုက်စေပါသည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံသား တဦး၏ ပျမ်းမျှသက်တမ်းသည် အခြားသော နိုင်ငံများဖြင့် နှိုင်းယှဉ်လျှင် သက်တမ်းတိုလာသည်။ ထိုအထဲတွင်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သက်တမ်းသည် ပိုမိုတိုလာသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရပေမည်။
ယခုနှစ်ပိုင်းများတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ သေဆုံးမှုများမှာ ခပ်စိပ်စိပ် ဖြစ်လာသည်ကို စိတ်မကောင်းစွာ ကြားသိနေရသည်။ ပြီးခဲ့သည့် အပတ်များတွင်မှာပင် ဇော်မင်း (ခ) ဘောင်းဘောင်းနှင့် စန်းဇော်ထွေးတို့ ကင်ဆာဖြင့် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရသည်။ အေအေပီပီမှ ပြုစုနေသော မှတ်တမ်းများ အရ ၁၉၆၂ ခုနှစ်မှ စပြီး ယနေ့အချိန်ထိ ထောင်မှ လွတ်ပြီး သေဆုံးသူပေါင်း ၂၉၀ ခန့်ရှိပြီး ထိုစာရင်းမှာ ပြည့်စုံသော အရည်အတွက် မဟုတ်သေးပါ။ အခြား သိရှိသူများမှ အချက်အလက်များ ပို့ပေးရန်လည်း မေတ္တာရပ်ခံပါသည်။
ထိုသို့ သေဆုံးရခြင်းတွင် ကင်ဆာဖြင့် သေဆုံးသူများလည်း ရာခိုင်နူန်း တော်တော်များပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများတွင် ကင်ဆာဖြစ်ပွားနူန်းမှုများ ပိုမိုနိုင်ဖွယ် ရှိပါသည်။ အကြောင်းရင်းမှာ ထောင်တွင်းရှိနေစဉ် စားသောက်ခဲ့ရသော အစားအသောက်များနှင့်လည်း သက်ဆိုင်ဖွယ် ရှိပါသည်။ ထောင်တွင်း ရှိနေစဉ် ကျနော်တို့မှာ အစားအသောက် ဆင်းရဲမှုများကြောင့် တော်ရုံမှိုတက်ခဲ့လျှင်ပင် လွှင့်မပစ်ဘဲ စားခဲ့ရသည်များလည်း ရှိခဲ့သည်။ အထူးသဖြင့် ငါးပိကြော်နှင့် ငရုပ်သီးကြော်များကြောင့်လည်း ဖြစ်ပေသည်။
နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်တွင်း ရောက်သွားသောအခါတွင်လည်း အသက်ရှင်သန်ရေး အဓိက လိုအပ်ချက်များဖြစ်သည့် လုံလောက်သော အာဟာရ ထောက်ပံ့မှု၊ သန့်ရှင်းသော သောက်သုံးရေ ဖြည့်တင်းမှု၊ လုံလောက်သော ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိသည့်အပြင် အချို့သော နိုင်ငံရေးအကျဉ်းသားများသည် ရှေ့တန်းစစ်မြေပြင်သို့ ပေါ်တာအဖြစ် အပို့ခံရခြင်းများ၊ ရုပ်ပိုင်း စိတ်ပိုင်း ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ ရဲဘက်စခန်းသို့ အပို့ခံရပြီး အလုပ်ကြမ်း စေခိုင်းခံရခြင်းများ၊ တိုက်ခန်းထဲတွင် တယောက်တည်း နှစ်ပေါင်းများစွာ အပိတ်ခံထားရခြင်း၊ ပြစ်ဒဏ်ဟု ဆိုကာ ခြေကျင်း ဒေါက်ခတ်ခံရပြီး သမံတလင်းပေါ်တွင် ရက်ပေါင်းများစွာ အိပ်စက်ရခြင်းများ စသည့် ဆိုးရွားလှသည့် ဒုက္ခများကို ခံစားရပါသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများကိုသာမက မိသားစုများကို ဒုက္ခပေးလိုသည့် ရည်ရွယ်ချက်ဖြင့် မိသားစုများနှင့် ဝေးရာထောင်များသို့ ပြောင်းရွှေ့ခြင်းများလည်း အာဏာပိုင်များက ပြုလုပ်ခဲ့ပါသေးသည်။ ထိုသိုု့ ဆိုးရွားမှုများကြောင့် အကျဉ်းထောင်တွင်း သေဆုံးသွားခဲ့ရသူများ ရှိခဲ့သလို အသက်မသေသော်လည်း ဘဝသေနေသူများ အများအပြား ဖြစ်နေကြရပါသည်။ ဥပမာ – ကိုသက်ဝင်းအောင် ဆိုလျှင် ငှက်ဖျားရောဂါကို အချိန်မီ ကုသခွင့် မရရှိခဲ့သောကြောင့် မန္တလေးထောင်တွင်းတွင် ကျဆုံးခဲ့ရသည်။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွင် တာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည့် ကိုတင်ထွန်းလှိုင်သည် ယနေ့အချိန်ထိ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရပြီး အသက်ရှင်လျက်နှင့် ဘဝသေနေသည့်အဖြစ် ခံစားနေရသည်။
နိုင်ငံရေးအကျဉ်းသားများ၏ ဘဝသည် အသက်ရှင်လျက် ထောင်တွင်းက ပြန်လာနိုင်ခဲ့သော်လည်း သူတို့၏ အခက်အခဲများက ပြီးဆုံးခဲ့သည် မဟုတ်သေးပါ။ လူ့အသိုင်းအဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရန် တည်ဆဲအစိုးရအပါအဝင် အစိုးရ အဆက်ဆက်က ကူညီသည် မရှိသည့်အပြင် အနှောင့်အယှက် ပေးခြင်းများလည်း ရှိနေပါသေးသည်။
အဆိုးဆုံးမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုခြင်း မရှိဘဲ ရာဇဝတ် အကျဉ်းသားအဖြစ်ဖြင့်သာ လွှတ်ပေးခြင်းဖြစ်ပြီး ခြွင်းချက်မရှိ လွှတ်ပေးခြင်း မဟုတ်ပါ။ ရာဇသတ်ကြီး ကျင့်ထုံး ပုဒ်မ ၄၀၁ အရ လွှတ်ပေးခဲ့ခြင်းသာ ဖြစ်ပြီး ယင်း၏ ပိုဒ်ခွဲ ၃ တွင် ဖော်ပြထားရာ၌ အကယ်၍ ပြန်လွှတ်ပေးခံရသော အကျဉ်းသားတဦးဦး က ပြန်လွှတ်ပေးသည့် ရည်ညွှန်းချက်များကို ဖောက်ဖျက်သည်ဟု အာဏာပိုင်များက ယူဆပါက “ဝရမ်း” မပါဘဲ ဖမ်းဆီးနိုင်ပြီး ယခင် မပြီးဆုံးသေးသည့် ကြွေးကျန်ပြစ်မှုကို ပြန်၍ ကျခံစေနိုင်သည်ဟု ဆိုထားသောကြောင့်ဖြစ်ပါသည်။
ထိုသို့ နှောင်ကြိုးဖြင့် လွှတ်လိုက်ခြင်း ဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသားများသည် ရုပ်အားဖြင့် အကျဉ်းထောင်တွင်းမှ လွတ်မြောက်ခဲ့သော်လည်း အချိန်မရွေး ပြန်အဖမ်းခံရနိုင်သည် ဟူသော စိုးရိမ်စိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားရသည်။ လွတ်လပ်မှု မရှိသည့်အတွက် ထိုနိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် များစွာ ထိခိုက်စေပါသည်။
အာဏာပိုင်များ၏ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ယောင်ခံလိုက်ခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဆက်သွယ်နေသူများအား သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း မေးခွန်းများ မေးမြန်းခြင်းများ ပြုလုပ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အများမှ ကြောက်စိတ်ဝင်လာပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအား လူအများက မဆက်ဆံရဲတော့ဘဲ အထီးကျန်ဖြစ်သွားစေပါသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ မှ အချို့မှာ ဆရာဝန်များဖြစ်ကြပြီး ထောင်မှ ပြန်လွတ်လာပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ဆရာဝန်လိုင်စင် ပြန်လည် မရရှိသဖြင့် သူတို့၏ ပင်မအလုပ်ဖြစ်သည့် ဆရာဝန်အလုပ်ကို ပြန်လည်မလုပ်ကိုင်နိုင်အောင် ခံစားကြရပါသည်။ ထိုနည်းတူ အချို့မှာ ရှေ့နေ ဖြစ်ကြပြီး ယနေ့ တည်ဆဲအစိုးရ လက်ထက်အထိ ရှေ့နေလိုင်စင် ပြန်လည်မရရှိသေးသော ရှေ့နေအချို့ ရှိနေပါသေးသည်။
ကျောင်းသားများအဖို့မူ အဖမ်းမခံရမီ သူတို့သင်ကြားနေသော ဘာသာရပ်များကို ဆက်လက်သင်ကြားခွင့် မရှိတော့ပါ။ အချို့သော ဆေးတက္ကသိုလ်၊ စက်မှု ကျောင်းသားများသည် ထောင်မှ ပြန်လွတ်ပြီးသော်လည်း မိမိတိုု့၏ မူလ တက္ကသိုုလ်ပညာရပ်အား ဆက်လက်သင်ကြားပိုင်ခွင့် မရကြတော့ပါ။ အခြား ဘာသာရပ်တခုခုကို ပြောင်းရွှေ့ပြီး အဝေးသင်တက္ကသိုလ်သာ တက်ရောက်နိုင်ခွင့် ရကြပါတော့သည်။
အချို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများ မှာ ဝန်ထမ်းများဖြစ်ခဲ့ကြပြီး ပင်စင်ခံစားခွင့်လိုမျိုး ခံစားခွင့်များ မရတော့ပါ။ ဥပမာ တကိုယ်တော် ဦးအုန်းသန်းဟု လူသိများသူသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ လ ၁၈ ရက်နေ့ ညတွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဖမ်းဆီးခံရချိန်တွင် သူသည် သစ်တောဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ သို့သော် ရာဇဝတ်အကျဉ်းသားအဖြစ်သာ အသတ်မှတ်ခံရခြင်းကြောင့် ယနေ့အချိန်တွင် ပင်စင်ခံစားခွင့် မရရှိသူ တစ်ယောက်ဖြစ်နေပါသည်။
အချို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ သံဃာတော်များ ဖြစ်ကြပြီး ထောင်မှ ပြန်လွတ်သောအခါတွင် သူ ယခင်နေထိုင်ခဲ့သော ဘုန်းကြီးကျောင်းမှ ပြန်လည်လက်မခံရဲသောကြောင့် လူဝတ်လဲလိုက်ရသည့် သံဃာတော်များလည်း ရှိခဲ့ပါသည်။ အချို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ အဖမ်းဆီးမခံရချိန် စီးပွားရေးလုပ်ကိုင်နေသူများ ဖြစ်ကြသော်လည်း ပြန်လွတ်လာသောအခါ ထိုစီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်သည့် အခြေအနေ မရှိတော့ခြင်းများ ကြုံတွေ့ရပါသည်။
အချို့မှာ ၎င်းတို့ပိုင်ဆိုင်သော လယ်မြေ အသိမ်းခံရခြင်းများ၊ အချို့မှာ ဝန်ထမ်းဖြစ်သည့်အတွက် အဖမ်းခံရသည့်အတွက်ကြောင့် ဝန်ထမ်းအိမ်မှ ဖယ်ရှားခံရသဖြင့် မိသားစုမှာ ဒုက္ခ အကြီးအကျယ် ရောက်ကြရသည်များ ရှိခဲ့ပါသည်။ အချို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ ထပ်မံအဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် အိမ်နီးနားချင်း နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်သွားသူများလည်း ရှိကြပါသည်။ ထိုသူများထဲမှာ အချို့မှာ စစ်အစိုးရ၏ အမည်မည်း စာရင်းထဲသို့ သွပ်သွင်းခြင်း ခံခဲ့ရပြီး နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်း ခံလိုက်ရသည်များလည်း ရှိနေပါသည်။
ယခင် စစ်အစိုးရ အဆက်ဆက် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း အများစုမှာ မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ကြန့်ကြာမှု သို့မဟုတ် ထုတ်မပေးမှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး ပညာသင်ကြားနိုင်မှုနှင့် အလုပ်လုပ်ကိုင်မှုများ ဆုံးရှူံးခဲ့ရသည်များ ရှိခဲ့ပါသည်။ ထိုသို့ခံစားခဲ့ရသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်တိုင်ပင်မက မိသားစုဝင်များပါ ထိုသို့ မြန်မာနိုင်ငံကူးလက်မှတ် ငြင်းပယ်ခြင်းခံခဲ့ရသည်များ ရှိခဲ့ပါသည်။
ယခုနောက်ပိုင်းတွင် တစုံတရာ ဖြေလျှော့မှုများ လုပ်ပေးလာခဲ့သော်လည်း သာမန် နိုင်ငံသားများနည်းတူ အခွင့်အရေး ရနေသည်တော့ မဟုတ်သေးပါ။
ထို့ထက် ပိုဆိုးသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများသည် အကျဉ်းထောင်တွင်းနှင့် စစ်ကြောရေးတွင်း ခံစားရသော ဝေဒနာများသည် အကျဉ်းထောင်တွင်းမှ လွတ်မြောက်ပြီ ဆိုတာနှင့် ပျောက်သွားသည် မဟုတ်ဘဲ ထိုဝေဒနာများကို လက်ရှိအချိန်ထိလည်း ခံစားနေရဆဲဖြစ်နေပါသည်။ ထိုဒဏ်ရာများကြောင့် နိုင်ငံရေးအကျဉ်းသားအများစုသည် အလုပ်အကိုင်ရရန် အခွင့်အလမ်းလည်း တော်တော်လေးနည်းပါးကြသည့်အပြင် ရပ်တည်နိုင်ရေးအတွက်ပါ တော်တော်လေး ခက်ခဲနေကြသည်များ ရှိနေပါသည်။ ထိုသူများသည် အကူအညီလိုအပ်နေသူများ ဖြစ်နေကြပါသည်။
အေအေပီပီ၏ တွဲဘက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသူ တယောက်အနေဖြင့် ထိုသို့ လိုအပ်နေသူများထဲမှာ အကူအညီ အလိုအပ်ဆုံးဟု ယူဆရသူ နိုင်ငံရေးအကျဉ်းသား ၆၀ ဦး၏ စာရင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၏ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းထံသို့ တင်ပြခဲ့ပြီး ကူညီပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။ သို့သော်လည်း အကူအညီပေးမှုများ ပြုလုပ်နေသည် ဆိုသည်ကို ယနေ့တိုင် မကြားရသေးပါ။
လက်ရှိတည်ဆဲ အစိုးရနှင့် လွှတ်တော်များတွင် ယခင်က နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူများ များစွာ ပါဝင်နေပါသည်။ သို့ပါသောကြောင့် ဘဝတူ နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် တစုံတရာ ကူညီဆောင်ရွက်ပေးရန် အချိန်ကျရောက်နေပြီ ဖြစ်ပါကြောင်း အကြံပြုပါသည်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (မြန်မာနိုင်ငံ) – AAPP ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သည်။)