ပညာရေးအသုံးစရိတ် တိုးမြှင့်ရန် ဆန္ဒပြတောင်းဆိုကြသော ကျောင်းသူ ကျောင်းသားများကို ကျောင်းမှ ထုတ်ပယ်သည့် သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျှက်ရှိပါသည်။ ကျောင်းသားများ၏ တောင်းဆိုမှုနှင့် အရေးယူ အပြစ်ပေးမှုတို့ကို တရားမျှတမှု ရှုဒေါင့်မှ ဆန်းစစ်လိုပါသည်။
ကျောင်းသားများ၏ တောင်းဆိုမှုသည် တရားမျှတပါသလား။
မြန်မာနိုင်ငံတွင် ပညာရေးအသုံးစရိတ်သည် ယခင် ၁၉၆၂ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ် ကာလများထက် အနည်းငယ် ပိုလာသည်ကို တွေ့ရသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်ပင်နည်းပါးလျှက် ရှိနေပါသေးသည်။ ၂ဝ၁၅ ခုနှစ် မေလတွင် ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ပညာရေးညီလာခံမှ နိုင်ငံအသီးသီးသည် ပညာရေး အသုံးစရိတ်ကို တနိုင်ငံလုံးအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်း မှ ၂ဝ ရာခိုင်နှုန်း အထိ သုံးစွဲရန် သဘောတူညီထားခဲ့ကြသည်။ ထိုအချက်ကို မြန်မာနိုင်ငံအစိုးရ နှင့် ပညာရေးဝန်ကြီးဌာနလည်း ပါဝင် သဘောတူညီ လက်ခံထားပြီးဖြစ်ပါသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာမူ ၇ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်း သိရှိရပါသည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၌ ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက် တွင် ပညာရေးအသုံးစရိတ်ကို ၂ဝ ရာခိုင်နှုန်း အထိ တိုးမြှင့်ရန် ပါဝင်ခဲ့သည်။ ထိုလေးပွင့်ဆိုင်ဆွေးနွေးပွဲ တောင်းဆိုချက်များကို အစိုးရနှင့် လွှတ်တော် ကိုယ်စားပြု တက်ရောက်သူများမှ သဘောတူညီခဲ့ကြသည်။ သို့ရာတွင် ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရန်နှင့် ဘဏ္ဍာငွေ ရင်းနှီးမြုပ်နှံမှုမှာ မျက်ကွယ်ပြုခံထားရဆဲဖြစ်ပါသည်။
သင်ထောက်ကူပစ္စည်းများ လုံလောက်မှု မရှိခြင်း၊ ဆရာ ဆရာမများ၏ အရည်အသွေးမြှင့်တင်ရန် လိုအပ်ခြင်း၊ လုံလောက်သော လစာပေးရန် လိုုအပ်ခြင်း၊ ကျောင်းသားဦးရေနှင့် လျော်ညီသော စာသင်ခန်းများ လိုအပ်ခြင်း၊ မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်တောရွာများတွင် စာသင်ကျောင်း မလုံလောက်ခြင်းနှင့် ပြုပြင်မွမ်းမံရန် လိုအပ်ခြင်း၊ ကျောင်းသားများ သွားလာရေး လွယ်ကူအောင် ဆောင်ရွက်ပေးရန် လိုအပ်ခြင်း၊ ရပ်ဝေးမှ ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းဆောင်များ လိုအပ်ခြင်း စသည့် ပညာရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် ပညာရေးအသုံးစရိတ်များမြှင့်တင်ရန် အလွန်လိုအပ်ကြောင်း ပညာရေးနှင့် သက်ဆိုင်သူများအားလုံး သိကြပါသည်။ ပညာရေး အသုံးစရိတ် တိုးမြှင့်ရန် တောင်းဆိုချက်သည် တရားမျှတသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်ရန် တောင်းဆိုသော ကျောင်းသားများကို ကျောင်းမှထုတ်ပယ်ခြင်းသည် တရားမျှတမှု ရှိပါသလား။
“ကျောင်းစည်းကမ်း ဖောက်ဖျက်သောကြောင့် အရေးယူသည်” ဟု တက္ကသိုလ်အာဏာပိုင်များက အကြောင်းပြသည်။ အဆိုပါ တက္ကသိုလ်စည်းကမ်း၏ တရားမျှတမှုကို ဆန်းစစ်ဖို့ လိုပါသည်။ စည်းကမ်းများကို အုပ်ချုပ်သူ အာဏာပိုင်တို့က တဖက်သတ်ရေးဆွဲထားပါသလား။ စည်းကမ်းလိုက်နာရမည့် ကျောင်းသား ကျောင်းသူများသည် စည်းကမ်းများ ချမှတ်ရာတွင် ပါဝင်ဆွေးနွေးအကြံပြုခွင့်နှင့် ဆုံးဖြတ်ခွင့်များ ရှိပါသလား။
ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်ဟု ကြွေးကြော်ထားသော်လည်း ဆုံးဖြတ်ချက်အသီးသီးတွင် သက်ဆိုင်သူတို့၏ ပါဝင်ခွင့်များကို ကန့်သတ်ထားဆဲဖြစ်သည်။ ထို့ကြောင့် အဆိုပါကျောင်းစည်းကမ်းများသည် တရားမျှတမှုမရှိဟု သုံးသပ်ပါသည်။
(ဒေါက်တာသိန်းလွင်သည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၏ မူဝါဒနှင့် သုတေသန အဖွဲ့ဝင်ဖြစ်သည်။)