ပဋိပက္ခ ဆိုသည့် စကားရပ်သည် မြန်မာနိုင်ငံနှင့် အလွန်ရင်းနှီး ကျွမ်းဝင်ဖြစ်နေသော စကားရပ် ဖြစ်သည်။ အမှန်ပင် မြန်မာနိုင်ငံတွင် ပဋိပက္ခ အများအပြား ရှိနေသည်။ တချို့သော ပဋိပက္ခများမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသား အရေးနှင့် အမှတ်လက္ခဏာ ပေါ်တွင် အခြေခံ၍ ဖြစ်နေသော ပဋိပက္ခမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှု အကြီးမားဆုံး ဖြစ်သည်။
၎င်းပြဿနာကိုလည်း နိုင်ငံရေးနည်းနှင့် ဖြေရှင်းမှ ရမည်ဟု ယုံကြည်ထားကြသည်။ ထိုပြဿနာကို အရင်းပြု၍ လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ တိုင်းရင်းသားအရေးမှာ နှစ်ရှည်ကြာ ပဋိပက္ခများ၏ အဓိကကျသော အကြောင်းရင်း ဖြစ်နေသည် ဆိုသည့် အချက်မှာလည်း ငြင်း၍ မရပေ။
နှစ်ပေါင်းများစွာ တပ်မတော် အုပ်ချုပ်ခဲ့သော ကာလများတွင် ၎င်းပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့ပေ။ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲမှ စ၍ မြန်မာနိုင်ငံတွင် အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လမ်းစများ ပေါ်ထွက်လာ ခဲ့သည်။ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အပြန်အလှန် စကားစပြောနိုင်လာခဲ့ကြသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့သည် ပဋိပက္ခကို အချိန်တိုတွင်း ဖြေရှင်း၍ ရနိုင်မည် မဟုတ်ပေ။
၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲအပြတ်အသတ်နိုင်၍ အစိုးရ ဖွဲ့လာနိုင်ခဲ့သောအခါ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ဖြစ်စဉ်ပေါ်တွင် ပြည်တွင်း၊ ပြည်ပမှ မျှော်လင့်ချက် မြင့်မားလာခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် အနောက်နိုင်များနှင့် ဆက်ဆံရေးမှာလည်း အကောင်းဘက်သို့ ဦးတည်လာခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသော ပဋိပက္ခနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံအပေါ် ပြည်ပ နိုင်ငံအများစု၏ အာရုံစိုက်ခြင်းခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် နိုင်ငံတကာမှ ဖိအားပေးမှုများ၊ ပြစ်တင်ရှုံ့ချမှုများ နှင့် ကြုံလာရသည်။ ၎င်း ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုတို့ကိုပါ မေးခွန်း ထုတ်လာကြသည်။ ဝေဖန်လာကြသည်။
သို့အတွက် တိုင်းရင်းသားဖြစ်မှု ဆိုသည်ကို မည်ကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုကြသနည်း။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ဖြစ်ခြင်းနှင့် နိုင်ငံ့အရေး ပြဿနာမှာ မည်မျှလောက် ဆက်စပ်နေသနည်း။ ထို့အပြင် တိုင်းရင်းသားဖြစ်မှုနှင့် နိုင်ငံသား ဖြစ်မှုတွင် မည်ကဲ့သို့ ချိတ်ဆက်နေသနည်း ဆိုသည်ကို နားလည် သဘောပေါက်ဖို့ အရေးကြီးလာသည်။
တိုင်းရင်းသားဖြစ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း
တိုင်းရင်းသား ဆိုသည်ကို အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ နိုင်ငံအလိုက် ကွဲပြား ခြားနားကြသည်။ ဘုံသဘောတူညီ လက်ခံ ထားသည့် တခုတည်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဟူ၍ ရှိရန် မလွယ်ကူပေ။ တိုင်းရင်းသားကို ညွှန်းဆိုသော အင်္ဂလိပ်စကားလုံး ‘ethnicity’ ဆိုသည်မှာပင် Oxford English Dictionary တွင် ၁၉၅၃ ခုနှစ်တွင်မှ စတင် ထွက်ပေါ် လာသည်။
အလယ်ခေတ်လောက်တွင် ထွက်ပေါ်ခဲ့သော မူရင်း ‘ethnic’ ဆိုသည့် စကားရပ်နှင့် ဆက်စပ်နေသည်။ ၎င်းစကားလုံးသည် ဂရိဘာသာ စကားမှ ဆင်းသက်လာပြီး လူမျိုးစု၊ မျိုးနွယ်စု အစရှိသည့် အဓိပ္ပာယ် ကောက်ယူနိုင်သည်။ တိုင်းရင်းသား လူမျိုးစု တခု ဆိုသည်မှာ သမိုင်း အစဉ်အဆက် တူညီသော ဝိသေသလက္ခဏာများ အချင်းချင်းကြား တည်ရှိလာသော၊ မျှဝေကျင့်သုံး လာသော လူ့မှုအသိုင်းအဝိုင်းတခုကို ဆိုလိုသည်။
၎င်း ဝိသေသလက္ခဏာများ မှာလည်း အခြားသော လူ့မှုအသိုင်းအဝိုင်းနှင့် ကွဲပြားလျှက်ရှိသည်။ ထိုသို့ ကွဲပြားမှုသည် အသိုင်းအဝိုင်း တခုနှင့် တခုကြား တနည်းအားဖြင့် ‘Us’ နှင့် ‘Them’ ပိုင်းခြားထားခြင်း ဖြစ်သည်။ အရေးကြီးသည့် အချက်မှာ ထိုသို့ ပိုင်းခြားချက်ကို အသိုင်းအဝိုင်း နှစ်ဖက်စလုံးမှ အသိအမှတ်ပြုဖို့ လိုအပ်သည်။
တိုင်းရင်းသား မျိုးနွယ်စု တခုနှင့် တခုအကြား ပိုင်းခြားမှုနှင့် အခြားသော ကျား/မ ကဲ့သို့ လူမှုလက္ခဏာရပ်များ ကွဲပြားခြင်းနှင့် အဓိကျသော မတူညီသည့် အချက်မှာ ‘သမိုင်းအစဉ်အလာ’ ဆိုသည့် အချက်ဖြစ်သည်။ တိုင်းရင်းသား ဖြစ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ‘သမိုင်းအစဉ်အဆက်’ ဆိုသည့် အချက် အဓိကကျရသည်မှာ မိမိ၏ တိုင်းရင်းသား ဖြစ်မှုသည် မိမိ၏ မိဘ၊ အဖိုး/အဖွားများမှ တဆင့် ရရှိလာသောကြောင့် ဖြစ်သည်။
လူမှုအသိုင်းအဝိုင်းများကို ခွဲခြားနိုင်သည့် လူမှုလက္ခဏာရပ်များတွင် ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားခြားနားနေမှုတို့ ပါဝင်နိုင်သည်။ ထို့အတူ တိုင်းရင်းသားဖြစ်မှု ဝိသေသလက္ခဏာရပ်ကို ထည့်သွင်း စဉ်းစားရာတွင် နိုင်ငံအလိုက် ကွဲပြားခြားနားချက် များစွာ ရှိနိုင်သည်။ ဥပမာ ကွိဘက်တွင် ဘာသာစကားကို ထည့်သွင်း စဉ်းစားပြီး မြောက်ပိုင်း အိုင်ယာလန်တွင်တော့ ဘာသာရေးကို ထည့်သွင်းစဉ်းစားသည်။
ဘယ်ဂျီယံတွင် ၎င်းအချက် နှစ်ခုစလုံးကို ထည့်တွက်သည်။ အိန္ဒိယတွင် တိုင်းရင်းသား လက္ခဏာကို သတ်မှတ်ရာ၌ ဘာသာရေးသည် အခြေခံအကျဆုံး အချက်အလက်ဖြစ်ပြီး ဘာသာစကားသည်လည်း အရေးကြီးသည့် အချက်ဖြစ်သည်။ ထို့အပြင် မည်သည့် မူရင်းနိုင်ငံ ဖြစ်သည်ကို ထည့်သွင်း စဉ်းစားသင့်သည် ဆိုသည့် အချက်နှင့် ၎င်းတို့ အမှတ်လက္ခဏာ အပေါ် တွင်သာ စဉ်းစားသင့်သည် ဆိုသည့် အချက်တို့ အကြား သဘောထားကွဲလွဲမှုများလည်း ရှိသည်။ အိန္ဒိယ၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် တဦးချင်းစီ၏ အမှတ်လက္ခဏာကို ၎င်းနိုင်ငံ သုံးနိုင်ငံမှ မူရင်း မည်သည့် နိုင်ငံမှ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားသည်။
တိုင်းရင်းသား ဖြစ်ခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် ဒီမိုကရက်တစ် အမြင်နှင့် ဗဟုဝါဒမှ ထွက်ပေါ်လာသော မိမိကိုယ်ကိုယ် သတ်မှတ်ပြဋ္ဌာန်းနိုင်သည် ဟူသော အယူအဆ တခုလည်း ရှိသည်။ ဤ အယူအဆအရ လူနည်းစု တစုသည် ၎င်းတို့၏ အတွေ့အကြုံနှင့် ယဉ်ကျေးမှုများကို အခြေခံ၍ ကိုယ်ပိုင် ပိုင်းခြားသတ်မှတ်နိုင်သည်။ ထိုသို့ သတ်မှတ်ရာတွင် မိမိတို့၏ သမိုင်းအစဉ်အလာကို ဆန့်ကျင်၍ ကိုယ်လိုလားရာကို ရွေးချယ်၍ ဖွင့်ဆိုသတ်မှတ်ခြင်းမျိုး ဖြစ်လာနိုင်ခြေရှိသည်။
ဘာသာစကား ကဲ့သို့ တချို့ဝိသေသ လက္ခဏာရပ်များကို အရေးတကြီး ထည့်သွင်းစဉ်းစားနေရသည့် နိုင်ငံမျိုးတွင် အဖြေရှာရန် စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။ ဤနေရာတွင် ကိုယ်ပိုင်သတ်မှတ်ပြဌာန်းခွင့်ကို သဘောမတူ ကန့်ကွက် လိုခြင်း မဟုတ်ပါ။ သို့သော် နိုင်ငံတနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ လက်ရှိအခြေအနေနှင့် ထွက်ပေါ်လာနိုင်သော အကျိုးဆက်များ ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည် ဟု ဆိုလိုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် တိုင်းရင်းသား
မြန်မာနိုင်ငံ၏ နှစ်ရှည်ကြာ လက်နက်ပဋိပက္ခများမှာ တိုင်းရင်းသားတန်းတူညီမျှ အခွင့်အရေးရရှိရေး၊ နိုင်ငံရေး ကိုယ်စားပြုမှု၊ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်များနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် တိုင်းရင်းသား ဖြစ်မှု ဆိုသည့် အရေးမှာ မြန်မာနိုင်ငံအတွက် ထိလွယ် ရှလွယ် အကဲဆတ်လွန်းလှသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်ထောင်စုစာရင်း ကောက်ယူခြင်း ဆိုင်ရာ လက်စွဲတွင် ‘တိုင်းရင်းသား ဟူသည် သမိုင်းကြောင်းဆိုင်ရာ နားလည် သဘောပေါက်မှုများကို မျှဝေခြင်း၊ သို့မဟုတ် တိုင်းရင်းသားလူမျိုးစုများ၏ ပိုက်နက် နယ်မြေဆိုင်ရာ (ဒေသလုံး ဆိုင်ရာ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ) မူလအစနှင့် ဘာသာစကား သို့မဟုတ် ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် ပြုမူနေထိုင်ပုံ စသည့် သီးသန့် ယဉ်ကျေးမှု စရိုက်လက္ခဏာများပေါ်တွင် အခြေခံသည်’ ဟုဖော်ပြထားသည်။
သို့သော်လည်း ၎င်း အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ သက်ဆိုင်ရာ တိုင်းရင်းသားများ အနေဖြင့် အများလက်ခံ သဘောတူညီမှု ရယူထားသော အဓိပ္ပါယ်ဖွင့်ဆိုချက် မဟုတ်ပဲ ၂၀၀၆ ခုနှစ် ကုလသမဂ္ဂ၏ ဥရောပ စီးပွားရေး ကော်မရှင် (UNECE) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို တိုက်ရိုက် ယူသုံးထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား ဖြစ်မှုနှင့် နိုင်ငံသား ဖြစ်ခြင်းမှာလည်း တိုက်ရိုက် ချိတ်ဆက်ထားသည်။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေတွင် နိုင်ငံသား ဖြစ်ခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ‘နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတခုခု၌ မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ ကာလမှ စ၍ ပင်ရင်း နိုင်ငံ အဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်’ ဟု ဖော်ပြထားသည်။
ထို့အပြင် ပုဒ်မ ၅ ၌ ‘တိုင်းရင်းသားတိုင်းသည် လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း မွေးရာပါ နိုင်ငံသား ဖြစ်သည်’ ဟု ထည့်သွင်းထားသည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားကို သတ်မှတ်ရာတွင် သမိုင်းကြောင်း အရ မူရင်း နေထိုင်ခဲ့သူများ ဖြစ်ခြင်းကို အလေးပေး စဉ်းစားထားသည် ကို တွေ့ရသည်။
မြန်မာနိုင်ငံလို ပထဝီအနေထား အရ လူဦးရေ ထူထပ်သော အိန္ဒိယ၊ တရုတ် နှင့် ဘင်္ဂလားဒေ့ရှ် ကဲ့သို့သော နိုင်ငံများနှင့် ထိစပ်နေသည့် အတွက် ထိုကဲ့သို့ ထည့်သွင်း စဉ်းစားရသည့် အခြေအနေ ဖြစ်သည်။ သို့သော်လည်း ၎င်းအချက်သည်ပင်လျှင် သက်ဆိုင်ရာ တိုင်းရင်းသားများ သဘောတူလက်ခံထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက် မဟုတ်သေးပေ။
စိန်ခေါ်မှုများနှင့် အဖြေရှာခြင်း
ရခိုင်အရေး နောက်ပိုင်း မြန်မာနိုင်ငံရှိ ပြည်သူတို့၏ စိုးရိမ်မှုမှာ ပိုမို မြင့်တက်လာခဲ့သည်။ အများစုက ရခိုင်အရေးနှင့် ဆက်စပ်ပြီး လက်ရှိ ၁၉၈၂ နိုင်ငံသား ဥပဒေသည် ဌာနေတိုင်းရင်းသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးထားသည့် အကာအကွယ် တံတိုင်းဟု ထင်မြင်ကြသည်။ တဖက်မှာလည်း အင်အားပေါင်းစုံဖြင့် တွန်းဆောင့်ခံနေရသော တံခါးပေါက်လည်း ဖြစ်နေသည်။
လက်တွေ့တွင် နိုင်ငံသား စိစစ်ရေးကဒ် မရရှိပါပဲ ပြည်သူ့ဝန်ဆောင်မှုများကို လက်လှမ်း မမှီနိုင်သည့် ဌာနေ တိုင်းရင်းသားများ အမြောက်အများ ရှိနေသလို ဌာနေတိုင်းရင်းသား မဟုတ်ပါပဲ နိုင်ငံသားကဒ် ရရှိထားသူများလည်း ရှိနေသည်။ ပထဝီအနေအထား အရ မြန်မာနိုင်ငံသည် ရွှေ့ပြောင်းဝင်ရောက် နေထိုင်သူများ၊ လူဦးရေ ထိုးဖောက် စိမ့်ဝင်ခြင်း၊ အစုလိုက် ရွှေ့ပြောင်း ဝင်ရောက်လာခြင်းမျိုးနှင့် ကြုံလာနိုင်ခြေများ ရှိနေသေးသည်။
လက်ရှိဥပဒေတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ ဟူ၍ ပိုင်းခြား သတ်မှတ်ထား သော်လည်း ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ အတွက် ၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်ခင် မြန်မာပြည်တွင်း ရောက်ရှိ နေထိုင်ပြီး သူနှင့် ၎င်းတို့၏ မျိုးဆက်ဖြစ်ရမည် ဆိုခြင်း အတွက် လွတ်လပ်ရေး နောက်ပိုင်းမှ မြန်မာနိုင်ငံတွင် ဝင်ရောက် အခြေချ နေထိုင်သူများ၊ သို့မဟုတ် မိမိတို့၏ မျိုးဆက်မှာ လွတ်လပ်ရေး မတိုင်ခင် ကတည်းက ရှိခဲ့ကြောင်း သက်သေပြရန် ခက်ခဲသူတို့ အတွက် နိုင်ငံသားဖြစ်ခွင့် ခက်ခဲပါလိမ့်မည်။
နိုင်ငံအတော်များများတွင်လည်း ခေတ်ကာလနှင့်၊ လူ့အခွင့်အရေး စံနှုန်းများနှင့် လျော်ညီစွာ နိုင်ငံအတွင်း လာရောက် နေထိုင်ကြသူများကို သင့်တော်သည့် နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးရရှိဖို့ ဆောင်ရွက်ထားကြသည်။ သို့သော် နိုင်ငံအလိုက် သတ်မှတ်ချက်ကွဲပြား၍ နိုင်ငံသား အဆင့်သတ်မှတ်ချက်များလည်း ကွဲပြားကြသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံအတွက် လက်ရှိ ဖိအားများနှင့် နောင်ကြုံလာနိုင်မည့် အကျပ်အတည်းတို့ အတွက် မဖြစ်မနေ အဖြေရှာရပါလိမ့်မည်။ ဌာနေတိုင်းရင်းသား ဖြစ်မှုနှင့် နိုင်ငံသားဖြစ်မှုအကြား ဆက်ထုံးကို ဖြေရပါလိမ့်မည်။ ဌာနေ တိုင်းရင်းသား အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးကို ခွဲခြားရပါလိမ့်မည်။
နိုင်ငံသားဖြစ်ခြင်းကို အမျိုးသား အကျိုးစီးပွား ရှေးရှုပြီး ခေတ်နှင့် လျော်ညီအောင် အဆင့်လိုက် အလွှာလိုက် အဖြစ် ပြင်ဆင်သင့်ပါသည်။ မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားဖြစ်ခြင်း ကိုလည်း သက်ဆိုင်သူ တိုင်းရင်းသားများဖြင့် ဆွေးနွေးတိုင်ပင်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် ပြန်လည် သတ်မှတ်ရပါလိမ့်မည်။
ဌာနေ တိုင်းရင်းသားတို့၏ နိုင်ငံရေး အခွင့်အရေးကို နိုင်ငံရေး ဆွေးနွေးပွဲလမ်းကြောင်းမှ တဆင့် ညှိနှိုင်း ဆွေးနွေးယူရပါ လိမ့်မည်။ ဤအရေးသည် အလွန်အကဲဆတ် ထိရှလွယ်ပါသည်။ နည်းနည်းလေးမှ အမှားခံမည် မဟုတ်ပါ။ သို့သော် မိမိကိုယ်တိုင် ထုတ်သော အဖြေကသာ မိမိအတွက် အကျိုးအများဆုံး ဖြစ်မည် ဟု ယူဆပါသည်။
(ထွဋ်မင်းမြတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် နိုင်ငံတကာ ဖွံ့ဖြိုးမှု လေ့လာရေး International Development Studies ဘာသာရပ် မဟာဝိဇ္ဇာဘွဲ့အတွက် သင်ကြားနေသော ကျောင်းသားဖြစ်သည်)