သူ့အတွေး သူ့အမြင်

အမျိုးသမီးနှင့် ငြိမ်းချမ်းရေး

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေးဆိုတာကို စစ်ပွဲတွေမရှိတာ၊ စစ်ပွဲတွေ အဆုံးသတ်တာလို့ လူအများက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးမှာ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံပေါ် မူတည်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာ ရှိပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှု၊ အတွင်းစိတ်သဘော တည်ငြိမ်အေးချမ်းမှု၊ ထိပ်တိုက်ရင်ဆိုင် အင်အားသုံးမှုများ ကင်းဝေးမှု စတာတွေဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။

အနောက်တိုင်း အတွေးအခေါ်တွေကနေ မြစ်ဖျားခံလာတဲ့ ငြိမ်းချမ်းရေးသိပ္ပံကတော့ စစ်ပွဲတွေ မဖြစ်လာအောင် ကာကွယ်ရေးနဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုမှုတွေဟာ တစတစနဲ့ စစ်ပွဲတွေသာမကတော့ဘဲ ငြိမ်းချမ်းစွာတည်ရှိသော အနေအထား (state of peace) ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကိုပါ ချဲ့ထွင်လာခဲ့ပါတယ်။

၂၀ ရာစုကာလ ကမ္ဘာတဝှမ်းမှာ ပေါ်ပေါက်လာတဲ့ အမျိုးသမီး လှုပ်ရှားမှုတွေကြောင့် လူတဦးချင်းစီပေါ်မှာ သက်ရောက်နေတဲ့ အကြမ်းဖက်မှု (violence) ကိုလဲ ငြိမ်းချမ်းရေးလေ့လာသူများက ထည့်သွင်း လေ့လာမှုတွေ ပြုလုပ်လာကြပါတယ်။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အမျိုးသမီးများကို တိုက်ခိုက်နေသော စစ်ပွဲတွေလို့ သတ်မှတ်ယူဆရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးရှိမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးအကြားက ဆက်နွယ်မှုတွေကို လေ့လာတဲ့အခါ ငြိမ်းချမ်းရေးအပေါ် အမျိူးသမီး လှုပ်ရှားသူများရဲ့ ကွဲပြားတဲ့အမြင်တွေ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အမျိုးသမီးများပါဝင်ရတဲ့ အခန်းကဏ္ဍတွေကို လေ့လာကြလေ့ရှိပါတယ်။ စစ်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးသိပ္ပံအပေါ် အခြေခံပြီး ကွဲပြားခြားနားတဲ့ အမျိုးသမီးဝါဒတွေကို နိုင်ငံရေးပညာရှင် မေရီဘားကူးစ်က သုံးမျိုးခွဲခြားပြီး ဖော်ပြခဲ့ဖူးပါတယ်။

ပစိဖိတ် အမျိုးသမီးဝါဒီများက အမျိုးသမီးတွေရဲ့ ပင်ကိုယ်စိတ်ဖြစ်တဲ့ မိခင်စိတ်ဟာ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများအတွက် သင့်လျော်တယ်လို့ အဆိုပြုခဲ့ကြပြီး၊ ငြိမ်းချမ်းရေး လမ်းစဉ်များအတွက် အမျိုးသမီး များကို အသုံးပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။

လစ်ဘရယ် အမျိုးသမီးဝါဒီများကတော့ အမျိုးသမီးများနဲ့ အမျိုးသားများဟာ တန်းတူညီမျှခွင့်ရှိရမှာ ဖြစ်တဲ့အတွက် စစ်မက်ရေးရာ ဆုံးဖြတ်ချက်များမှာပါ အမျိုးသားများနဲ့ အမျိုးသမီးများ တန်းတူရည်တူ ပါဝင်ဆုံးဖြတ်နိုင်ခွင့်ကို တောင်းဆိုခဲ့ကြပါတယ်။ စစ်မက်ဆန့်ကျင်ရေး အမျိုးသမီးဝါဒီများကတော့ လက်နက်ကိုင်စစ်ပွဲများနဲ့ လုံခြုံရေးကို စစ်ရေးရှုထောင့်က ရှုမြင်သုံးသပ်ချက်အားလုံးကို ဆန့်ကျင်ပြောဆိုခဲ့ကြပါတယ်။

အမျိုးသမီးတွေရဲ့ အသံတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီကိုလည်း တစထက်တစ ရွေ့လျား နေရာယူလာခဲ့ပါတယ်။ ၁၈၇၀ ပြည့်နှစ်မှာတုန်းက ဖရန်ကို-ပါရှန်းစစ်ပွဲနဲ့ အမေရိကန် ပြည်တွင်းစစ်တွေကို ဆန့်ကျင်ပြီး၊ မိခင်တွေဟာ တခြားမိခင်တွေရဲ့ သားတွေကို သတ်ဖြတ်ဖို့အတွက် သူတို့သားတွေကို ပြုစုပျိုးထောင်ခဲ့တာ မဟုတ်ဘူးလို့ အဆိုပြုခဲ့တဲ့ ဂျူလီယာဝါ့ဒ်ဟောင်းဆိုတဲ့ အမျိုးသမီးကြီးဟာ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှုတွေမှာ နာမည်ကျော်ကြားလှပါတယ်။

ဆယ့်ကိုးရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ်ရာစုအစပိုင်းကာလတွေ ရောက်တဲ့အခါကျတော့ အမျိုးသမီးများ ဦးဆောင်တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ ပညာရေး၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုတွေ အများအပြား ပေါ်ပေါက်လာပါတယ်။

၁၉၁၅ ခုနှစ်မှာ ကျင်းပတဲ့ Hague ငြိမ်းချမ်းရေးကွန်ဖရင့်မှာ အမျိုးသမီး တထောင်ကျော် တက်ရောက်ခဲ့ပြီး၊ စစ်ပွဲတွေမှာ အမျိုးသမီးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့အချက်ကို တညီတညွတ်တည်း တောင်းဆိုခဲ့ကြပါတယ်။

စစ်ပွဲဖြစ်မှ အမျိုးသမီးတွေကို ကာကွယ်တာထက် စစ်မဖြစ်အောင် ငြိမ်းချမ်းရေး လုပ်ရမယ်ဆိုတာကို လက်ခံ အတည်ပြုခဲ့တာကြောင့် အစိုးရဆယ့်လေးခုဆီကို ငြိမ်းချမ်းရေး စကားပြောဆိုဖို့ အမျိုးသမီးကိုယ်စားလှယ်တွေ ရွေးချယ်စေလွှတ်ခဲ့ကြပါတယ်။

အဲဒီအချိန်ကာလကစပြီး အမျိုးသမီး ငြိမ်းချမ်းရေး လှုပ်ရှားမှုများ စတင်ခဲ့ရာက ၁၉၈၀ ပြည့်လွန် ကာလတွေကိုရောက်တော့ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများအတွက် အမျိုးသမီးများ ဦးဆောင်ဖွဲ့စည်းခဲ့ကြတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အာရှတိုက်မှာဆိုရင် ဖိလစ်ပိုင် အမျိုးသမီးများဟာ ကလေးငယ်တွေကို အကာအကွယ်ပေးမယ့် ငြိမ်းချမ်းရေး ဇုန်တွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အထင်ရှားဆုံး ဥပမာတခုကတော့ အိုင်ယာလန်မြောက်ပိုင်းက အမျိုးသမီးမဟာမိတ်အဖွဲ့ပါ။ ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ အသေးစားချေးငွေ စတဲ့ ရေးရာလေးတွေဟာ တဘက်နဲ့ တဘက် ရန်သူလို တိုက်ခိုက်နေကြတဲ့ ကက်သလစ်နဲ့ ပရိုတက်စတင့် ဘာသာဝင် အမျိုးသမီးတွေကို ညီညွတ်စွာ ပြဿနာ ဖြေရှင်းရေးအတွက် ပူးပေါင်းမိစေခဲ့ပါတယ်။ အဲဒီက စတင်ပြီး အိုင်းရစ်အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး၊ အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။

အခုဆိုရင် ကမ္ဘာတလွှားက ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ တစတစ ကြီးမားလာခဲ့ပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂက ဦးစီးကျင်းပတဲ့ အမျိုးသမီးရေးရာ ကွန်ဖရင့်ကြီးတွေမှာ ကမ္ဘာတဝှမ်းက အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို နှီးနှောဖလှယ်ခွင့်ရကြပြီး၊ အမျိုးသမီးများ ချိတ်ဆက်လှုပ်ရှားကြတဲ့ ကွန်ရက်များကလည်း တစတစ ကျယ်ပြန့်လာခဲ့ပါပြီ။

အမျိုးသမီးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်ဆိုတဲ့ အခြေခံ သဘောတရားကိုလဲ နိုင်ငံတကာအစိုးရအများစုက သဘောတူလက်ခံခဲ့ကြရပါပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှု ပေါ်ထွန်းရေးက အရေးကြီးပါတယ်။

1999-UN Declaration on a Culture of Peace မှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူ့ဘဝကို လေးစားတန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအား ရပ်စဲခြင်း၊ အကြမ်းမဖက်ရေး သဘောတရားများကို ပညာပေးစည်းရုံးမှု၊ ဆွေးနွေးအဖြေရှာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင့်သုံးခြင်း၊ အခြားနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ကို လေးစားတန်ဖိုးထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ကျားမတန်းတူညီမျှ အခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ပဋိပက္ခပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသော အခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများသဘောဆန္ဒအား လေးစားမှု၊ ဆွေးနွေးအဖြေရှာမှု၊ အပြန်အလှန်နားလည်မှု စတဲ့ သဘောတရားတွေ၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတွေအကြားမှာ ပျံ့နှံ့လာခြင်း စတဲ့ သဘောတရားတွေ အပေါ်မှာ အခြေခံတဲ့ စံနမူနာတန်ဖိုး သတ်မှတ်ချက်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ဘဝနေထိုင်မှုတွေ ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ယဉ်ကျေးမှုပေါ်ထွန်းရေးအတွက် ကျားမတန်းတူညီမျှရေးကလည်း အခန်းကဏ္ဍ တခုအနေနဲ့ ပါဝင်ပါတယ်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခြောက်ထောင့် ငါးကြိမ်မြောက် အစည်းအဝေးမှာ ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ အိုင်ရင်းအယ်လ်ဘာတီက အမျိုးသမီးများဟာ ပဋ္ဋိပက္ခဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး လုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကျား၊ မရေးရာနဲ့ အမျိုးသမီးများ ဘ၀ တိုးတက်မြင့်မားမှုဆိုင်ရာမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်တဲ့ ရေချယ်မေရန်ဂျာကလည်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ တန်းတူရည်တူ ပါဝင်ခွင့်ရရေးနဲ့ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခွင့်ရရေးဟာ ပဋ္ဋိပက္ခဖြေရှင်းရေးအတွက် အရေးပါသော အချက်တချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ ကို ချမှတ်ခဲ့ပြီး၊ ဆုံးဖြတ်ချက်အမှတ် ၁၈၂၀၊ ၁၈၈၈၊ ၁၈၈၉၊ ၁၉၆၀၊ ၂၁၀၆၊ ၂၁၂၂ စတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ထပ်မံချမှတ်ခဲ့ကြပါတယ်။ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးရဲ့ အရေးပါသော agenda တခု ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ စစ်ပွဲယဉ်ကျေးမှုက ငြိမ်းချမ်းရေးယဉ်ကျေးမှုကို အခြေခံတဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲမှုဟာ လူသားသမိုင်းရဲ့ ပြောင်းလဲမှုတွေအားလုံးထဲမှာ အကြီးမားဆုံးနဲ့ အခက်ခဲဆုံး ပြောင်းလဲမှု တခုဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလိုပြောင်းလဲမှုကို ဆောင်ကျဉ်းပေးဖို့အတွက် အာဏာရဲ့ ဗဟိုချက်မမှာ ရှိနေသူများကအစ၊ ဝေလံခေါင်ဖျားတဲ့ ရွာငယ်လေးတွေက လူတွေအဆုံး ငြိမ်းချမ်းရေး ယဉ်ကျေးမှု ပြောင်းလဲရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုပါဝင်ရေးမှာ လူဦးရေရဲ့ တဝက်ကျော်ရှိတဲ့ အမျိုးသမီးများ ပါဝင်ရေးက အလွန်အရေးကြီးပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

(ဒေါ်ခင်မမမျိုးသည် Myanmar Institute of Gender Studies တည်ထောင်သူ ဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading