လွတ်လပ်ရေး ရပြီး ပြည်ထောင်စုနေ့ဟု သတ်မှတ်ရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေး တိုင်ပင်စဉ်က သဘောတူခဲ့သော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့၏။
တိုင်းရင်းသား အားလုံး ဗြီတိသျှ ကိုလိုနီ စနစ်အောက်မှ ရုန်းထွက်ကာ ဗမာတို့နှင့် အတူ မခွဲမခွာဘဲ လွတ်လပ်ရေး တောင်းဆိုသော နေ့၊ အားလုံး တညီတညွတ်တည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သော နေ့ကို ပြည်ထောင်စု နေ့ဟု သတ်မှတ်ခဲ့ပါသည်။
လူအင်အားအများဆုံး ဖြစ်သော တိုင်ရင်းသားများ ပါဝင်ပတ်သက် လက်မှတ် ရေးထိုးခြင်းလည်း ဖြစ်သည်။ ရှမ်း၊ ကချင်၊ ကရင် တို့မှာ အင်အားအများဆုံး တိုင်းရင်းသားများ အဖြစ် သတ်မှတ်ကြ၏။ ကယား၊ ချင်း၊ ပအို့ဝ်၊ ပလောင်၊ ရခိုင် စသော တိုင်းရင်းသားများလည်း လက်မှတ် ရေးထိုးကြပါသည်။
လွတ်လပ်ရေးကို အားလုံး လိုချင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံး ဖြစ်သော ဗမာတို့နှင့် စည်းစည်းလုံးလုံး နေထိုင်လိုကြောင်း သဘောတူညီသော စာချုပ်လည်း ဖြစ်၏။
ထိုစာချုပ် ချုပ်ပြီးနောက် ၁၀ နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရှိကြောင်း ကိုလည်း ဗိုလ်ချုပ် အောင်ဆန်းက သဘောတူ လက်မှတ် ရေးထိုးခဲ့လေသည်။ မည်သို့ပင် ဖြစ်စေ ထိုသဘောတူညီချက်ကား ပင်လုံစာချုပ် တွင် ပါဝင်နေလေသည်။
ပင်လုံ စာချုပ်ရေးထိုးပြီး တိုင်းရင်းသား အားလုံး လွတ်လပ်ရေး လိုချင်ကြောင်း ဗြီတိသျှ အစိုးရကို အခိုင်အမာ အသိပေးပြီး မိမိတို့၏ သဘောထား စာချုပ် စာတမ်းများကို တင်ပြပြီးသည့်နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ် ရေး ရရှိခဲ့လေသည်။

၁၉၄၇ ခုနှစ်မှာပင် မိမိတို့ဘာသာ လွတ်လပ်သော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲ နိုင်ခဲ့ပါသည်။ ထို ၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့်လည်း ၁၉၆၂ ခုနှစ် အထိ တိုင်းပြည်ကို အုပ်ချုပ်နိုင်ခဲ့လေသည်။
မည်သို့ပင် ဖြစ်စေ ပင်လုံစာချုပ် လက်မှတ်ရေးထိုးပြီး ၁၃ နှစ်ကြာသည်အထိ တိုင်းရင်းသားများကလည်း စာချုပ်ပါ ခွဲထွက်ခြင်း ပြုသည် ဆိုသည်ကို ခွဲထွက်ခြင်း မပြု၊ သီးခြား ထူထောင်၍ တဗိုလ်တမင်း ပြည်ထောင်စု အတွင်းမှ ခွဲထွက် ကာ သီးခြားနိုင်ငံ၊ သီးခြား အစိုးရများ ထူထောင်ခြင်း မပြုခဲ့ပေ။
သို့သော် ပင်လုံစာချုပ်ပါ တိုင်းရင်းသားများနှင့် ပြည်မ ဗမာလူမျိုးများ၏ တန်းတူ အခွင့်အရေး ဗမာတကျပ်၊ ရှမ်းတကျပ် မူကို ကျင့်သုံးနိုင်ခြင်း မရှိဟု ဆိုကာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသည့်နောက် တိုင်းရင်းသား အတော်များများက လက်နက် စွဲကိုင် တော်လှန်ခဲ့ကြ၏။
ကိုယ်ကျိုးစီးပွား အတွက် မဟုတ်ဘဲ တိုင်းရင်းသားများ၏ တန်းတူ အခွင့်အရေး အတွက် တိုက်ပွဲဝင်ခဲ့သောကြောင့် ထို တိုင်းရင်းသားများသည် အကြမ်းဖက်သမားများ မဟုတ်၊ သောင်းကျန်းသူများ မဟုတ်ဘဲ တော်လှန်ရေးသမားများဟု သတ်မှတ်ခြင်းကို အားလုံးလိုလိုက လက်ခံ အတည်ပြုခဲ့ကြ၏။
မည်သို့ပင် ဖြစ်စေ ၁၉၄၇ ပင်လုံစာချုပ် ချုပ်ပြီးနောက် တချိန်တည်းတွင် ပင်လုံစာချုပ်၏ ဗိသုကာ အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရပြီးနောက် အားလုံးသွေးကွဲကာ ငြိမ်းချမ်းရေးနှင့် ကင်းကွာ ခဲ့ရသည်မှာလည်း အနှစ် ၇၀ ရှိပြီ ဖြစ်ပါသည်။
ထို့ကြောင့် ပြည်ထောင်စုနေ့ အခမ်းအနားများကို နှစ်စဉ် နှစ်တိုင်း ကျင်းပကြ၊ အမှတ်တရ ပွဲများ ပြုလုပ်ကြသည့်တိုင် အောင် ယခုထက်ထိ ပြည်ထောင်စု စိတ်ဓာတ် ဖွံ့ဖြိုးတိုးတက်လာသည် မရှိပေ။ ယခုလို ပြည်ထောင်စု စိတ်ဓာတ် အားနည်း လာသည့် အပေါ် အုပ်စိုးသူ ပြည်ထောင်စု အစိုးရကရော၊ တိုင်းရင်းသားများကရော သဘောပေါက်ကြခြင်း မရှိပေ။
ပြည်ထောင်စု၏ လေးနက်သော အနှစ်သာရကို မသိကြဘဲ ပြည်ထောင်စုထဲမှ ခွဲထွက်ရေး ဆိုသော အချက်ကိုသာ အဓိက ထား တိုက်တွန်းနေကြသည်။ ခွဲမထွက်ရေး မူကိုသာ အခြေခံပြီး ပြောနေကြ၏။ အဓိက အချက်ဖြစ်သော တန်းတူ အခွင့် အရေး ရရန်နှင့် ဗမာတကျပ်၊ ရှမ်းတကျပ်မူကို မေ့ဖျောက်ထားကြသည်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုသော ကိုယ်ပိုင် ပြဌာန်းခွင့် ဆိုသည်ကို စကား အဖြစ်သာ ပြောဆိုနေကြပြီး လက်တွေ့လုပ်မပြနိုင်ကြသေးပေ။
ယနေ့အထိ ပြည်နယ် အစိုးရများ ဖွဲ့စည်းသည့်အခါတွင် ပြည်မအစိုးရ၏ လွှမ်းမိုးမှုက အားကောင်းကောင်းဖြင့် ရှိနေဆဲ ဖြစ်နေ၏။ ပြည်နယ်တွင် ရွေးကောက် တင်မြှောက်လိုက်သော တိုင်းရင်းသားများ၏ သဘောဆန္ဒအတိုင်း မိမိတို့၏ ဝန်ကြီးချုပ်၊ မိမိတို့၏ ဘဏ္ဍာရေး စသည်တို့ကို မိမိတို့ဘာသာ ရွေးချယ်ခွင့်၊ စီမံခွင့်များ မရှိကြပေ။
ထိုအခြေအနေကို ချည်ပြီး တုပ်ပြီး ဖြစ်အောင် စစ်အာဏာရှင်များ က၂၀၀၈ ဖွဲ့စည်းပုံဖြင့် ပြည်မ အစိုးရကို ထိန်းချုပ် ထားခဲ့သည်။ ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်မ အစိုးရကသာ ရွေးချယ်ပေးသည်။ ပြည်မ အစိုးရက ခန့်ပေးလိုက်သော အစိုးရ အဖွဲ့တို့ဖြင့် အုပ်ချုပ်နေသေးသရွေ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည်မှာ မည်သည့်အခါမှ ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ပြည်နယ်များ ခွဲထွက်ခွင့်နှင့် ကိုယ့်သဘောနှင့်ကိုယ် အုပ်ချုပ်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်ပေသည်။
ထိုအခြေအနေဖြင့် ဒီမိုကရေစီ ဆိုသည်ကို မျှော်လင့်နေ၍ မရပေ။ ထိုအခါ ပင်လုံစာချုပ်၏ အနှစ်သာရမှာလည်း ပီပီပြင်ပြင် အကောင်အထည် မဖော်နိုင်တော့ပေ။ ထိုအခါ တိုင်းရင်းသားများ အနေဖြင့် မိမိတို့၏ လွတ်လပ်မှု၊ မိမိတို့၏ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိမှု၊ တန်းတူ အခွင့်အရေး ရရှိနိုင်မှုတို့အတွက် ရသည့်နည်းဖြင့် တိုက်ပွဲဝင်သော သူတို့ကို အပြစ်တင်ရန် ခက်နေပါတော့သည်။
ပင်လုံစာချုပ် လက်မှတ်ရေးထိုးပြီး ပြည်တွင်းစစ်ကြီးမှာ နှစ် ၇၀ ကြာအောင် ဖြစ်ပွားခဲ့ပါတော့သည်။
ယခုဆိုလျှင် ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့သည်မှာ ၇၁ နှစ်ရှိပြီ။ ထိုစာချုပ်၏ အနှစ်သာရများကို အောင်မြင်အောင် ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ကြသေးပေ။ တနည်း ပြောရလျှင် အမျိုးသား စည်းလုံး ညီညွတ်ရေးကို မတည် ဆောက်နိုင်ကြခြင်း ဖြစ်သည်။ ပြည်မရော၊ ပြည်နယ်ပါ တမျိုးသားလုံးတွင် တာဝန်ရှိကြလေသည်။
စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ရုံသာမက ပြည်တွင်းစစ်မှာလည်း ယခု အချိန်အထိ မပြီးဆုံးနိုင်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်နိုင်သည့် အဆင့်သာ ရှိပြီး တိုင်းရင်းသား အားလုံး အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေး သည်မှာ ရှက်စရာပင် ဖြစ်ပါသည်။
ပြည်ထောင်စု အစိုးရတွင်ရော၊ တိုင်းရင်းသား လက်နက်ကိုင်များတွင်ရော တာဝန်ရှိသည်။ ဘက် နှစ်ဘက်လုံးကို ကြည့်၍ မိမိဆန့်ကျင်ဘက်တွင် ရပ်ပြီး စာနာနိုင်မည် ဆိုလျှင် အဖြေကောင်း ရရှိနိုင်ပေသည်။
မင်းမရပ်လို့ ငါ မရပ်၊ မင်းတိုက်လို့ ငါတိုက်သည် ဆိုသည့် အာဃာတ များနှင့် ပြည့်နေလျှင် စစ်ပွဲမှာ ပြီးဆုံးနိုင်တော့မည် မဟုတ်ပေ။
ယူဖို့ပဲ မစဉ်းစားပါနှင့် ပေးဖို့စဉ်းစားပါ ဆိုသော စကားသည် အလျှော့အတင်း အတွက် ကောင်းမွန်သော စကားတခု ဖြစ်သော်လည်း ထိုတရားကို နှစ်ဖက်စလုံးက လက်ခံနိုင်မှ သဘာဝကျသည်။
ထိုစကားကို တင်ပြသူက မိမိဘက်ကို ချန်လှပ်ပြီး တဖက်ကိုသာ ဦးတည်ပြောသည် ဆိုလျှင်လည်း ထိုစကား၏ အနှစ်သာ ရမှာ အဓိပ္ပာယ် ကင်းမဲ့သွားပေလိမ့်မည်။
ယခု ဆိုလျှင် ပြည်ထောင်စု စိတ်ဓာတ် အားနည်းလွန်း သဖြင့် စစ်ပွဲများ အပြင်းအထန် ဖြစ်လာလေသည်။ ကချင် စစ်ပွဲ ဆိုလျှင် ခေတ်မီ တိုက်လေယာဉ်များပင် အသုံးပြု တိုက်ခိုက်နေသည်ဟု သိရသည်။
ညီညွတ်ရေး စိတ်ဓာတ်ဆိုသည်မှာ အချင်းချင်း စာနာစိတ်ဖြင့် အလျှော့ပေးစိတ်ဓာတ် ဖြစ်၏။ အထူးသဖြင့် အားကြီးသူက အားနည်းသူကို ညှာတာ ထောက်ထားနိုင်ဖို့ပင် ဖြစ်သည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ဖို့နှင့် အသာစီး ရဖို့ ကိုသာ အဓိက ထားနေလျှင် ဘယ်တော့မှ မညီညွတ်နိုင်သလို ပြဿနာကိုလည်း ဘယ်တော့မှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
ယခု ဆိုလျှင် အနှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကို စားပွဲဝိုင်းကို ခေါ်ဆောင်လာစေပြီး စစ်ပွဲပြီးဆုံးအောင် ဆောင်ရွက်နေ ခြင်းမှာ အားသာချက် တခုဟု ဆိုရပေမည်။ တိုးတက်လာသော အခြေအနေကို မပျက်ယွင်းစေဘဲ တဖက်က အခြေအနေ ကို တိုးတက်အောင် လုပ်သင့်သလို တဖက်ကလည်း စိတ်သဘောထား ကြီးကြီးဖြင့် စစ်ပွဲများကို ရပ်ဆိုင်းသင့်၏။
ပြည်ထောင်စုကြီး မပြိုကွဲဖို့မှာ အခရာကျပါသည်။ သို့သော် အင်အားကြီးသူက ငါ့ပြည်ထောင်စု၊ ငါ့နိုင်ငံ ဆိုပြီး ငါလုပ်ချင် သလို လုပ်၊ ငါ ခန့်ခွဲချင်သလို ခန့်ခွဲမည် ဆိုပါက တဖက်ကလည်း လက်မခံနိုင်ဘဲ အင်အားကြီးသူနှင့် ပူးပေါင်းချင်မည် မဟုတ်။ မိမိဘာသာ စီမံခန့်ခွဲပြီး လွတ်လပ်လပ် မျှမျှ တတ နေချင်ကြမည်ကို စာနာစိတ်၊ တရားမျှတ စိတ်ဖြင့် ခံစားမိဖို့ လိုသည်။ ထိုသို့ မဟုတ်လျှင် ပြည်ထောင်စုကြီးကို ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။
လက်နက်ကြောင့်၊ အာဏာကြောင့်၊ အင်အားကြောင့်သာ အချိန်အတိုင်းအတာ တခုအထိ ထိန်းနိုင်ပေလိမ့်မည်။
ထို့ကြောင့် ၇၁ နှစ်မြောက် ပြည်ထောင်စု နေ့တွင် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် နှင့် စစ်မှန်သော အမျိုးသား စည်းလုံး ညီညွတ်ရေး သဘောထားကို ချပြရန် လိုအပ်နေပေပြီ။
ယခု ဖော်ဆောင်နေသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုမှာ တိုင်းရင်းသားများရော၊ အစိုးရနှင့် တပ်မတော်ကရော မည်မျှ လက်ခံပြီး မည်မျှ တည်ဆောက်နိုင်မည် ဆိုသည်ကို ရိုးရိုးသားသား မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့သာ လိုပါသည်။ တရား သဖြင့် တည်ဆောက်ဖို့သာ လိုပါသည်။
စကားအဖြစ် တည်ဆောက်နေသရွေ့ ထူးခြားသော အပြောင်းအလဲများ ရမည် မဟုတ်ပေ။ အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုသည်မှာ တမျိုးသားလုံး သာတူညီမျှ ခံစားခွင့်၊ အုပ်ချုပ်ခွင့် ရှိရေး ဖြစ်ကြောင်း တိုင်းရင်းသားများရော၊ အာဏာရ ပါတီရော၊ တပ်မတော်ရော၊ လူထု လူတန်းစား၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း အားလုံးရော နားလည်မှသာ ပြည်ထောင်စု စိတ်ဓာတ် အမှန်တကယ် ဖြစ်ထွန်းနိုင်ပေလိမ့်မည်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။