မြန်မာ့ငြိမ်းချမ်းရေးနှစ် လို့ သတ်မှတ်ထားတဲ့ ၂၀၁၇ ဟာ အလိုမတူပဲ အကြမ်းဖက် ခံလိုက်ရပြီး သေနတ်သံ ဗုံးသံတွေ နယ်စပ်မျဉ်း တလျောက် နေထိုင်သူတွေရဲ့ ငိုညည်းသံတွေ ခြောက်အိပ်မက်တွေနဲ့ ၂၀၁၈ နှစ်သစ်ကို ကြိုဆိုခဲ့တယ်။
အမေရိကန်နိုင်ငံသား ဖြစ်နေတဲ့ ခင်မင်သူမိတ်ဆွေ တယောက်ကတော့ “ကိုယ်လွတ် မရုန်းစတမ်း ပြောရမယ် ဆိုရင် ကိုယ့် မွေးရပ်မြေအတွက် ပျော်စရာ တကွက်မှ ရှာမတွေ့ဘူး” လို့ ပြောပါတယ်။ ဟုတ်ပါတယ်…၊ ကိုယ့်နိုင်ငံ တနိုင်ငံတည်း ကွက်ကွက်လေး ကြည့်ပြီး ပြောမယ် ဆိုရင်တော့ စိတ်ညစ်ညူးစရာ ပါပဲ။
ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအဆင့်နဲ့ ခြုံကြည့်မယ် ဆိုရင်တော့ မြန်မာက အမေရိကန်ထက်တောင် ပိုပြီး ငြိမ်းချမ်းနေသေးတယ်လို့ Global Peace Index အရ တွေ့ရပါတယ်။ နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှာ မြန်မာကအဆင့် ၁၀၄ ဖြစ်ပြီး အမေရိကန်က ၁၁၄ လောက်မှာ ရှိပါတယ်။
မြန်မာက ပြည်တွင်းစစ်တွေကြောင့် မငြိမ်းချမ်းနိုင်တဲ့ အချိန်မှာ အမေရိကန်က အကြမ်းဖက် ပြဿနာတွေ၊ ပြည်ပစစ်တွေ ရှိနေတာကြောင့် သိပ်မငြိမ်းချမ်းသေးတဲ့ နိုင်ငံတနိုင်ငံ အနေအထားမှာ ရောက်နေခဲ့ပုံပါပဲ။
ကမ္ဘာတဝှမ်းမှာ စစ်ပွဲတွေ ဖြစ်နေတာနဲ့ အမျှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း စဉ်ဆက်မပြတ် လုပ်နေကြရပါတယ်။ တွေ့ဆုံ ဆွေးနွေး အဖြေရှာတဲ့ နည်းကိုသာ ငြိမ်းချမ်းရေးကို ချဉ်းကပ်ဖို့ အသိမ်မွေ့ဆုံး နည်းလမ်းတခု အနေနဲ့ အသုံးများ လာကြပါတယ်။
နော်တာဒိန်း တက္ကသိုလ်က အမေရိကန် ပါမောက္ခ ဂျွန်ပေါလ်လီဒါအာ့ချ် ဟာ တာဂျစ်ကစ္စတန် နိုင်ငံက တက္ကသိုလ်တခုမှာ ပြုလုပ်တဲ့ ပဋ္ဋိပက္ခ အဖြေရှာရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုမှာ တာဂျစ်ကစ္စတန် နိုင်ငံသားတွေ အကြား တွေ့ဆုံဆွေးနွေးခြင်း ကနေ ထွက်ပေါ်လာခဲ့တဲ့ ရလဒ် တခုကို လေ့လာခဲ့ရပါတယ်။ အဲဒီရလဒ်ကို လီဒါအာ့ချ်က စစ်ခေါင်းဆောင်နဲ့ စကားပြောခြင်း ဒဿန (Talking Philosophy with the Warlord) လို့ အမည်ပေးထားပါတယ်။
တာဂျစ်ကစ္စတန် ဆိုတာက အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံဘေးက နိုင်ငံငယ်လေး တခုပါ။ မွတ်စလင် အစွန်းရောက် အဖွဲ့တွေ၊ ကွန်မြူနစ်တွေ၊ လက်နက်ကိုင် ပြည်သူ့စစ် ခေါင်းဆောင်တွေ အကြား ၆ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ တာဂျစ်ကစ္စတန် ပြည်တွင်းစစ်ကို ၁၉၉၇ ခုနှစ်က “မော်စကိုပရိုတိုကိုး” လို့ သိကြတဲ့ ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ်ရေးထိုးပြီး ရပ်ဆိုင်း ခဲ့ပါတယ်။ တာဂျစ်ပြည်တွင်းစစ် အတွင်းမှာ သတင်းထောက် ၄၀ ကျော်နဲ့ ထင်ရှားတဲ့ လူအချို့အသတ်ခံခဲ့ရတယ်။
လူဦးရေ ၆ သန်းလောက်ပဲ ရှိတဲ့ နိုင်ငံငယ်လေးမှာ လူပေါင်း ၆ သောင်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူ၁ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဆိုးရွားလှတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့ နည်းလမ်းဟာ အစ္စလာမ်မစ်ပါတီဝင်တွေ၊ နီယိုကွန်မြူနစ် ပါတီဝင်တွေနဲ့ ပြည်သူ့ စစ်ခေါင်းဆောင်တွေ ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့လို့ ဖြစ်တယ် လို့ လီဒါအာ့ချ် ရဲ့ The Moral Imagination စာအုပ်မှာ ဖတ်ရပါတယ်။
ပြည်တွင်းစစ် ရပ်ဆိုင်းခဲ့တာ အနှစ် ၂၀ ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် အကျည်းတန်လှတဲ့ စစ်ရဲ့ သရုပ်သကန်တွေက ခြောက်လှန့် နေတုန်းပါပဲ။ လူထုအနေနဲ့ ပြည်တွင်းစစ်ကို မမေ့ကြဖို့ တာဂျစ်အစိုးရက အမြဲသတိပေးလေ့ ရှိပါတယ်။ ရွေးကောက်ပွဲ နီးတိုင်း နီးတိုင်း လက်ရှိအစိုးရကို လိုချင်သလား ပြည်တွင်းစစ်ကို ပြန်သွားချင်သလား ဆိုတဲ့ မေးခွန်းနဲ့ လူထုကို မဲဆွယ်လေ့ ရှိပါတယ်။
ပြည်တွင်းစစ် ကာလတုန်းက စစ်ခေါင်းဆောင် တဦးနဲ့ စကားပြောဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး သံတမန် အဖြစ် စေလွှတ်ခြင်း ခံခဲ့ရတဲ့ တာဂျစ်ကစ္စတန် ပါမောက္ခ တယောက်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ် တခုကို နားထောင်ရင်းက စစ်ခေါင်းဆောင်နဲ့ စကားပြောခြင်း ဒဿနကို လီဒါအာ့ချ် တွေ့ရှိခဲ့ပါတယ်။
လက်မရွံ့ လူသတ်သူလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အပြင် ကိုယ့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တယောက်ကိုပါ သတ်ပစ်ခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် တယောက်ကို တွေ့ဖို့ရာ ပါမောက္ခ အဗ္ဗလ်ဒူ အတွက် သိပ်တော့ မလွယ်ကူလှပါဘူး။ ပရော်ဖက်ဆာ အဗ္ဗလ်ဒူက သူတို့ နှစ်ယောက်ရဲ့ စကားပြောခန်းတွေကို လီဒါအာ့ချ် သိအောင် ဂဃနဏ ပြောပြ ခဲ့ပါတယ်။
“ကျနော် ရောက်သွားသွားချင်း ခင်ဗျားလာတာ နောက်ကျတယ်။ ဘုရားရှိခိုးရမယ့် အချိန်ရောက်ပြီ ဆိုပြီး ကျနော်တို့ ၂ ယောက် ဘုရားအတူ ရှိခိုးကြတယ်။ ပြီးတော့ ကွန်မြူနစ်တယောက်က ဘယ်လိုဖြစ်ပြီး ဘုရားရှိခိုးသလဲ လို့ သူက မေးတယ်။”
“ကျနော်က ကွန်မြူနစ် မဟုတ်ဘူး၊ ကျနော့် အဖေကသာ ကွန်မြူနစ်လို့ ပြန်ဖြေလိုက်တယ်”
စစ်ခေါင်းဆောင်နဲ့ ပရော်ဖက်ဆာ အဗ္ဗလ်ဒူ အပြန်အလှန် စကားပြောကြရင်းနဲ့ ဒဿနဗေဒနဲ့ ဘာသာရေး ကျမ်းတွေကို စိတ်ဝင်စားတာ တူတဲ့ အကြောင်း သိလာကြတယ်။
ပရော်ဖက်ဆာ အဗ္ဗလ်ဒူဟာ စစ်ခေါင်းဆောင်ဆီ မကြာမကြာ သွားလည်တယ်။ ကဗျာအကြောင်း စာပေဒဿနတွေ အကြောင်း ပြောကြတယ်။ တဖြည်းဖြည်းနဲ့ စစ်ပွဲတွေရပ်ဖို့ အကြောင်း ပြောတယ်။ တယောက်နဲ့ တယောက်ယုံကြည်မှု အတော်ရလာကာမှ စစ်ခေါင်းဆောင်ကို လက်နက်ချဖို့ အကြောင်း နားချကြည့်တယ်။
“သူက မေးတယ်။ ကျုပ်လက်နက်ချဖို့ မြို့တော်ကို ခင်ဗျားနဲ့ အတူသွားပြီ ဆိုပါတော့။ ကျုပ် လုံခြုံရေးနဲ့ ကျုပ်အသက်ကို ခင်ဗျား အာမခံနိုင်လား တဲ့”
“ပြဿနာက ကျနော်က သူ့လုံခြုံရေးကို အာမမခံနိုင်ဘူး။ ဒါနဲ့ ကျနော်အမှန်အတိုင်းပဲပြောလိုက်တယ်။ ခင်ဗျား လုံခြုံရေး ကိုတော့ ကျနော် အာမ မခံနိုင်ဘူး။ ဒါပေမယ့် ကျနော် ခင်ဗျားနဲ့ အတူတူသွားမယ်။ ခင်ဗျားသေရင် ကျနော်လည်း အသေခံမယ်”
အဲဒီနေ့မှာပဲ စစ်ခေါင်းဆောင်ဟာ အစိုးရနဲ့ တွေ့ဆုံမယ် လို့ ကတိပြုခဲ့ပါတယ်။ သိပ်မကြာခင်မှာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့တော့ “ခင်ဗျားတို့ အစိုးရခေါ်လို့ ကျုပ်လာတာ မဟုတ်ဘူး။ ပရော်ဖက်ဆာ အဗ္ဗလ်ဒူကို လေးစားလို့ ကျုပ်လာတာ” လို့ စစ်ခေါင်းဆောင်က ပြောတယ်။
“အဲဒါ တာဂျစ်တွေ စေ့စပ်ဆွေးနွေးတဲ့ နည်းလမ်းပဲဗျ” လို့ ပရော်ဖက်ဆာအဗ္ဗလ်ဒူက လီဒါအာ့ချ်ကို ပြောပြခဲ့ပါတယ်။
တကယ်တော့ ဒီရလဒ်ဟာ ဒေသတွင်း ပြည်တွင်းက နိုင်ငံရေး အာဏာကြောင့်လည်း မဟုတ်ဘူး။ စစ်ပွဲတွေ ပိုကြီးထွားလာမှာ စိုးတာကြောင့်လည်း မဟုတ်ဘူး။ နိုင်ငံတကာ ဖိအားကြောင့်လို့လည်း ပြောလို့မရဘူး။ ဘာသာရေး အယူအဆတွေနဲ့လည်း မဆိုင်ဘူး။ လူတယောက်နဲ့ တယောက်ကြား ယုံကြည်မှု တည်ဆောက်ခြင်းက တဆင့် ဆုံမှတ်တခုကို ဖျတ်ကနဲ ရောက်သွားပြီး အကြမ်းဖက်မှု ပဋ္ဋိပက္ခ စက်ဝန်းကြီးကို ပြောင်းလဲ ပစ်လိုက်နိုင်တယ် ဆိုတာဟာ လူသားချင်း တွေ့ဆုံ ဆွေးနွေးရာက ရလာတဲ့ ကျင့်ဝတ်နဲ့ ညီညွတ်တဲ့ တွေးခေါ်မျှော်မြင်မှုကြောင့် ဖြစ်တယ် လို့ လီဒါအာ့ချ်က ဖွင့်ဆိုခဲ့ ပါတယ်။
လီဒါအာ့ချ် ဖွင့်ဆိုတဲ့ ငြိမ်းချမ်းရေး တည်ဆောက်သူတွေ ကျင့်သုံးသင့်တဲ့ ကျင့်ဝတ် ၄ မျိုးထဲမှာ ငြိမ်းချမ်းရေးဗိသုကာ တယောက်ဟာ ရန်သူမိတ်ဆွေ မခွဲခြားပဲ ဆက်ဆံနိုင်ရမယ်။ သိမ်မွေ့ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ အားလုံးကို ခြုံငုံ သိမြင် နိုင်အောင် ကြိုးစားပြီး တဖက်သတ် အမြင်ကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်ရှိရမယ်။ ပဋိပက္ခစက်ဝန်းကြီးထဲကို ဝင်လိုက်တာနဲ့ အချိန်မရွေး အန္တရာယ် ကျရောက်လာနိုင်တယ် ဆိုတဲ့ စွန့်စားမှုမျိုးကိုလည်း လက်ခံနိုင်ရမယ်။ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းမှာ အနုပညာနဲ့ သန့်ရှင်းတဲ့ စိတ်ဝိညာဉ် လိုအပ်တယ် စတဲ့ ကျင့်ဝတ်တွေ ပါပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အနေအထားကို မြေပုံပေါ်မှာ ကြည့်လိုက်ရင် အငြိမ်းချမ်းဆုံး နေရာတွေကို အစိမ်းရောင်၊ အလယ်အလတ်က အဝါရောင်နဲ့ မငြိမ်းချမ်းဆုံး နေရာတွေကိုတော့ အနီရောင်နဲ့ ဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။ ကမ္ဘာ့ အနောက်ခြမ်း နိုင်ငံတွေဘက်မှာ အစိမ်းရောင် များများမြင်ရပြီး အရှေ့ခြမ်းမှာတော့ အနီရောင် ခပ်များများ တွေ့မြင်နေရဆဲ ပါပဲ။ မြန်မာပြည်ကတော့ အဝါရောင်အဆင့်မှာပဲ ရှိနေပါသေးတယ်။ မငြိမ်းချမ်းဆုံးနိုင်ငံထဲမှာတော့ ဆီးရီးယားက အဆင့် ၁၆၃ နဲ့ အောက်ဆုံးက နိုင်ငံတခုပေါ့။
သတင်းကောင်း တခုကတော့ အရင်နှစ်တွေကထက် ကမ္ဘာကြီးဟာ ပိုပြီးငြိမ်းချမ်းလာတဲ့ အနေအထားရှိတယ် ဆိုတဲ့ သတင်းပါပဲ။ ပိုပြီး ငြိမ်းချမ်းလာတဲ့ နိုင်ငံပေါင်း ၉၃ နိုင်ငံရှိလာပြီး ငြိမ်းချမ်းမှုလျော့နည်းလာတဲ့နိုင်ငံက ၆၈ နိုင်ငံလောက် ရှိနေသေးတယ် လို့ Global Peace Index မှာ ဖော်ပြထားပါတယ်။
ခေါင်းဆောင်တွေ အချင်းချင်း မကြာခဏ တွေ့ဆုံဆွေးနွေးကြရင်းက ယုံကြည်မှုတွေ တည်ဆောက်လာနိုင်ကြမယ် ဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး မြေပုံကြီးကို အစိမ်းရောင် ခပ်များများ ခြယ်သရမယ့် နေ့တွေ မဝေးတော့ဘူးလို့ မျှော်လင့်ကြရမှာပါပဲ။
(မွန်မွန်မြတ်သည် အမျိုးသမီး ကဗျာဆရာနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး ယခုအခါ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်တွင် Peace Studies ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှု Phd ဘွဲ့အတွက် တက်ရောက်သင်ကြားနေသူဖြစ်သည်။)